← Chapters

အခန်း (၁၇၇-၁၇၈)

Vol. 9 Ch. 177-178

အခန်း (၁၇၇-၁၇၈)

Vol. 9 Ch. 177-178

အပိုင်း (၁၇၇) စစ်တပ်ဆီက သတင်း

လေပြင်းမုန်တိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကို သယ်ဆောင်လာပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် တဝေါဝေါ တိုက်ခတ်နေလေ၏။

လင်းယွမ်က မိုးရေစက်များကြားတွင် ပျောက်ကွယ်သွားသော အမည်းစက်ကလေးကို စိုက်ကြည့်ရင်း မျက်နှာထား တင်းမာနေသည်။

သူက တစ်ဖက်လူနောက်သို့ စွတ်ရွတ်ပြီး လိုက်မသွားပေ။

သူ၏ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းဖြင့် လင်းနို့အတောင်ပံများကို ထုတ်လုပ်ပြီး ချက်ချင်း လိုက်ဖမ်းနိုင်သည်ကတော့ အမှန်ပင်။

သို့သော် လက်ရှိ ဟန်လုံစင်တာဘက်တွင် လုပ်စရာကိစ္စများစွာ ကျန်ရှိနေသေးသည်။

ထို့အပြင် အဆောက်အအုံနှစ်ခုကြားရှိ ပေ ၁၀၀၀ ခန့် ကွာဝေးသော ရေပြင်အောက်တွင် ရေဘဝဲသတ္တဝါကဲ့သို့သော ဘီလူးကောင်များ ရှိမနေဘူးဟု မည်သူက အာမခံနိုင်မည်နည်း။

မစဉ်းစားမဆင်ခြင်ဘဲ ပျံသန်းသွားခြင်းက အန္တရာယ်များလွန်းလှသည်။

နောက်တစ်ချက်မှာ တစ်ဖက်အဆောက်အအုံထဲတွင် မည်သည့်အရာများ ရှိနေသည်ကို သူ မသိချေ။ အကယ်၍ အသားတောင်ဘီလူးကဲ့သို့သော သန္ဓေပြောင်း သတ္တဝါများ ရှိနေပါက မိမိဘက်က အသင့်မပြင်ဆင်ထားဘဲ သွားရောက်ခြင်းသည် ကိုယ့်ဒုက္ခကိုယ် ရှာသလို ဖြစ်နေလိမ့်မည်။

ကျိုးယဲ့အနေဖြင့် လေဟုန်စီးကာ ထွက်ပြေးသွားရခြင်းမှာ သတ္တိကောင်းလွန်း၍ မဟုတ်ဘဲ လင်းယွမ်က အကျပ်ရိုက်အောင် ဖိအားပေးလိုက်သဖြင့် ချောင်ပိတ်မိကာ မရွေးချယ်ချင်ဘဲ ရွေးချယ်လိုက်ရခြင်းသာ ဖြစ်သည်။

"အထပ် ၄၀ လောက် မြင့်တဲ့နေရာကနေ လေဟုန်စီးပြီး ပေ ၁၀၀၀ ကျော် အကွာအဝေးကို ဖြတ်ကျော်ဖို့ဆိုတာ မလွယ်ဘူး ကျိုးယဲ့တစ်ယောက် ရေထဲ ပြုတ်ကျသွားဖို့ များတယ်"

"အလောတကြီး လုပ်စရာမလိုဘူး ဟန်လုံစင်တာထဲမှာ အသက်ရှင်ကျန်ရစ်သူတွေ အများကြီး ရှိသေးတယ် ရေဒီယိုအသံလွှင့်ဌာန သတင်းအကြောင်းကို ဒီကျိုးယဲ့တစ်ယောက်တည်း သိတာ မဖြစ်နိုင်ဘူး တခြားလူတွေဆီကနေ သတင်းအချက်အလက် စုံစမ်းလို့ ရနိုင်သေးတယ်"

ထိုသို့ တွေးမိလိုက်ပြီးနောက် လင်းယွမ်က လိုက်ဖမ်းမည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီး မျှော်စင်ထိပ်မှ ပြန်လှည့်ထွက်လာခဲ့သည်။

မထွက်ခွာမီ မျှော်စင်ထိပ်ရှိ အဝတ်လှန်းသည့် တန်းများနှင့် ရေပူပေးစက် အစရှိသည်တို့ကို သိမ်းဆည်းလိုက်၏။

မည်သို့ပင်ဆိုစေ ပစ္စည်းသိုလှောင်ခန်းထဲတွင် နေရာလွတ်များ ရှိနေသေးရာ သူ သယ်ဆောင်သွားနိုင်သမျှ ပစ္စည်းအားလုံးကို သိမ်းယူလိုက်ခြင်း ဖြစ်သည်။

ဟန်လုံစင်တာ၏ (၂၆) လွှာသို့ ပြန်ရောက်သောအခါ လင်းယွမ်က လူအုပ်ကြီးနှင့် ပြန်လည် ပေါင်းဆုံလိုက်သည်။

"အစ်ကိုလင်း ဒီလူတွေကို ဘယ်လို စီစဉ်မလဲ"

ကျောက်ခိုင်က ဆုန့်ဝမ်၏ ကုသပေးမှုကြောင့် အရေပြားဒဏ်ရာများ သက်သာလာပြီ ဖြစ်သည်။

ယခုအချိန်တွင် လျှိုဖိန်ဖိန်က တွဲကူပေးထားပြီး လင်းယွမ်ရှိရာသို့ လျှောက်လာကာ မေးမြန်းလိုက်၏။

လင်းယွမ်က ပြန်ဖြေလိုက်သည်။

"ကင်းလှည့်အဖွဲ့တွေရဲ့ လူဦးရေအချိုးအစားအတိုင်း ခွဲဝေပြီး မင်းတို့ပဲ အရင်ထိန်းချုပ်ထားလိုက်... နောက်ပြီး အရင်တုန်းက ဝမ်ဝေတုန်း ဖမ်းခေါ်ထားတဲ့ အမျိုးသမီးတွေကို ငါ့ဆီ ခေါ်လာခဲ့... ငါမေးစရာရှိတယ်"

"ဟုတ်ကဲ့... ဒါနဲ့ အစ်ကိုလင်း ချိုင်ကြည်နဲ့ ဦးလေးမာတို့က ဖောင်သွားရှာကြတယ်... ကျွန်တော်တို့ရဲ့ဖောင် ပျောက်သွားလို့တဲ့"

ကျောက်ခိုင်က ထိုအကြောင်းပြောရင်း မျက်နှာပျက်နေရှာသည်။

ထိုဖောင်သည် သူတို့ ပင်ပင်ပန်းပန်း ပြုလုပ်ထားရသည့်အရာဖြစ်ပြီး နောင်တစ်ချိန် ထိုက်ယန်တောင်သို့ သွားရောက်ရာတွင် အားကိုးရမည့် အရာဖြစ်သည်။

ယခု ဖောင်မရှိတော့လျှင် ဤနေရာ၌ ပိတ်မိနေတော့မည် မဟုတ်ပါလော။

လင်းယွမ်က ပြုံးလိုက်ရင်း...

"ဖောင်က ငါ့ဆီမှာပါ... စိတ်မပူနဲ့ လူတွေကို သေချာ အနားယူခိုင်းလိုက်... အဆိပ်အတောက်တွေ ကုန်စင်သွားတဲ့အထိ စောင့်ပြီးမှ ငါတို့ ခရီးဆက်ကြမယ်... ဒီကြားထဲ အနားယူကြတာပေါ့ စားစရာသောက်စရာတွေကို အမမေကို တာဝန်ယူပြီး ခွဲဝေပေးခိုင်းလိုက်မယ်"

ကျောက်ခိုင်က ထိုစကားကို ကြားသောအခါ ဝမ်းသာအားရ ဖြစ်သွားလေသည်။

"မပျောက်သွားဘူးပေါ့... ဟာ ဝမ်းသာစရာပဲ ဒါဆို ဦးလေးမာနဲ့ ချိုင်ကြည်တို့ကို သွားပြောလိုက်ဦးမယ်"

လင်းယွမ်က ထပ်မံ သတိပေးလိုက်သည်။

"ငါ ခုနက ပြောတဲ့လူတွေကို ခေါ်လာဖို့ မမေ့နဲ့နော်... အရေးကြီးကိစ္စ မေးစရာရှိလို့"

"စိတ်ချပါ ကျွန်တော် သိပါပြီ"

ကျောက်ခိုင်က အလျင်အမြန် ထွက်ခွာသွားပြီးနောက် လင်းယွမ်က ဆုန့်ဝမ်ကို သွားရှာလိုက်သည်။

ဆုန့်ဝမ်မှာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်ရာ နေရာအနှံ့ လျှောက်သွားပြီး လူနာများကို ကူညီကုသပေးနေလေသည်။

လင်းယွမ်ကို မြင်လိုက်သောအခါ သူမက နဖူးပေါ်မှ ချွေးစများကို သုတ်လိုက်ရင်း...

"အစ်ကိုလင်းယွမ် ပြန်လာပြီလား"

လင်းယွမ်က ခေါင်းညိတ်ပြလိုက်ပြီး သူမအား တဘက်တစ်ထည် ကမ်းပေးလိုက်ကာ မေးလိုက်သည်။

"ဘာလို့ သေချာ အနားမယူတာလဲ... နေရောကောင်းရဲ့လား"

ဆုန့်ဝမ်က ရင်ထဲ နွေးထွေးသွားပြီး လှပစွာ ပြုံးပြလိုက်သည်။

"ကျွန်မ ဘာမှမဖြစ်ပါဘူး ရှင်လည်း သိသားပဲ... ကျွန်မရဲ့ အစွမ်းက အပင်တွေကို ထိန်းချုပ်နိုင်ရုံတင်ဟုတ်ဘူး... ဒဏ်ရာတွေကိုပါ ကုသပေးနိုင်တယ်လေ တခြားလူတွေကို ကုသပေးရင် သိပ်မသိသာပေမယ့် ကိုယ့်ကိုယ်ကိုယ် ကုသတာကျတော့ တော်တော် ထိရောက်တယ်"

လင်းယွမ်က ရယ်မောလိုက်ရင်း...

"ဒါပေမဲ့ အရမ်းကြီး မပင်ပန်းစေနဲ့... ဒီအဆိပ်တွေက အသက်အန္တရာယ် မရှိဘူး... အချိန်တစ်ခုကြာရင် ခန္ဓာကိုယ်က အလိုလို ဖြေဖျောက်သွားလိမ့်မယ်... သိပ်ပြီး အားစိုက်နေစရာ မလိုဘူး"

ဆုန့်ဝမ်က ခေါင်းညိတ်လိုက်ပြီး...

"အင်းပါ ကျွန်မက ဒီတိုင်းနေရင် ပျင်းစရာကောင်းလို့ ကူညီပေးနေတာပါ... နောက်ပြီး အစွမ်းတွေက လေ့ကျင့်ခန်းလုပ်သလိုပဲ ခဏခဏ သုံးပေးရင် တိုးတက်လာတယ်လို့ ခံစားရတယ်"

"ဒီတိုက်ပွဲပြီးသွားတော့ ကျွန်မခန္ဓာကိုယ်ထဲက အစွမ်းတွေ ပိုတိုးလာသလိုပဲ... ထိန်းချုပ်ရတာလည်း ပိုပြီး လွယ်ကူလာတယ်"

လင်းယွမ်က သဘောကျစွာ ရယ်မောလိုက်သည်။

"အဲဒါ အမှန်ပဲ... ပြေးတာနဲ့ တူတူပဲလေ... စပြေးခါစမှာတော့ မောတာပေါ့... ကြာလာပြီး အသားကျသွားရင် ပိုပြီး သန်မာလာတာပဲ"

ဆုန့်ဝမ်က ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်ပြီး...

"ကျွန်မလည်း အရမ်းတော်ပါလားဆိုပြီး ပထမဆုံးအကြိမ် ခံစားမိတာ... အလှအပကိုသုံးပြီး လူတွေကို ဖျော်ဖြေစရာ မလိုတော့ဘူးပေါ့"

သူမသည် ယခင်က ရုပ်ချောသည့် တိုက်ရိုက်ထုတ်လွှင့်သူ တစ်ယောက်ဖြစ်ပြီး အလှအပကို အသုံးချကာ ဆုကြေးငွေများ ရှာဖွေခဲ့ရသူ ဖြစ်သည်။

သို့သော် ယခုအခါ သူမသည် ကိုယ်ပိုင်အရည်အချင်းကို အားကိုးနေပြီ ဖြစ်သည်။

သူမသည် ယခုလက်ရှိ သူမ၏ဘဝကို အလွန်နှစ်သက်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ကာ သန်မာသည့် လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေပြီ ဖြစ်သည်။

လင်းယွမ် သူမကို စတင်သင်ကြားပေးခဲ့စဉ်ကလိုပင် သူမသည် ဤကမ္ဘာပျက်ကပ်ကြီးနှင့် လိုက်လျောညီထွေ နေထိုင်တတ်လာခဲ့ပြီး ကိုယ့်အားကိုယ်ကိုးကာ တိုက်ပွဲဝင်နိုင်ရုံသာမက အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်ပြီး ရန်သူများကိုပါ အနိုင်ယူနိုင်ခဲ့လေပြီ။

လင်းယွမ်ကလည်း ပြုံးလိုက်ပြီး မျက်ဝန်းထဲတွင် လေးစားအားကျမှုများ ပြည့်နှက်နေသည်။

သူမကို အားနွဲ့သည့် တိုက်ရိုက်ထုတ်လွှင့်သူ ကောင်မလေးဘဝ၊ အစာရေစာ လာရောက် တောင်းရမ်းရသည့် ဘဝမှနေ၍ ယခုကဲ့သို့ အဆင့်ထိ ရောက်လာအောင် တစ်ဆင့်ချင်း တက်လှမ်းလာသည်ကို သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည် မဟုတ်ပါလော။

"ဒါပေမဲ့ နင့်ရဲ့ အလှအပက ပိုပြီး စွမ်းအားကြီးတယ်လို့ ငါ ထင်တာပဲ"

ဆုန့်ဝမ်က ချက်ချင်း ကြောင်အသွားပြီး လင်းယွမ်ကို အံ့သြတကြီး မော့ကြည့်လိုက်သည်။

"ရှင်"

ထို့နောက် လင်းယွမ် သူမကို ချီးကျူးနေမှန်း သဘောပေါက်သွားလေသည်။

ချက်ချင်းပင် သူမ၏ ဖြူဝင်းလှပသော မျက်နှာလေးမှာ ရဲခနဲ ဖြစ်သွား၏။

"ဘယ်... ဘယ်ကလာ တကယ်လို့ ကျွန်မက တကယ် လှတယ်ဆိုရင်... အရင်တုန်းက ရှင် ဘာလို့ စားစရာ မပေးခဲ့တာလဲ"

လင်းယွမ်က ရယ်လိုက်ပြီး...

"အခု လက်ရှိ နင်က အဲဒီတုန်းကထက် ပိုမလှဘူးလား"

ဆုန့်ဝမ်က ထပ်မံ ကြောင်အသွားပြန်သည်။ ထိုစကား၏ နက်ရှိုင်းသော အဓိပ္ပာယ်ကို သေချာ စဉ်းစားကြည့်လိုက်သည်။

တဖြည်းဖြည်းနှင့် နားလည်သွားသောအခါ သူမက ခေါင်းညိတ်လိုက်ရင်း...

"ဟုတ်တယ်နော် အခုလက်ရှိ ကျွန်မကို ကျွန်မလည်းနင် ဘယ်တုံးကနဲ့မှ မတူအောင် သဘောကျတယ်"

လင်းယွမ်က အသာပြုံးလိုက်သည်။

"အနာဂတ်မှာ မင်းက ပိုပြီးတော့တောင် တော်လာဦးမှာ"

"အင်း ကျွန်မကတော့ ရှင်နဲ့... ရှင်တို့ အားလုံးနဲ့အတူ အမြဲတမ်း အတူတူ ရှိနေချင်ရုံပါပဲ"

သူမ၏ မျက်နှာလေးမှာ ပန်းရောင်သမ်းနေပြီး "ရှင်နဲ့" ဟု ပြောမည့် စကားလုံးနေရာတွင် သိသိသာသာ ရပ်တန့်သွားသည်။

ဒါသည် သူမ၏ အပွင့်လင်းဆုံးသော ဝန်ခံစကား ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

လင်းယွမ်က သူမ၏ ဆိုလိုရင်းကို နားလည်သဖြင့် ဘေးဘီဝဲယာကို ကြည့်လိုက်ရာ မည်သူမျှ သတိမထားမိသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး သူမ၏ နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ထိုက်ယန်တောင် ရောက်ရင် ငါတို့အတွက် အိမ်သစ်တစ်လုံး ရလာမှာပါ"

ဆုန့်ဝမ်မှာ နားထဲသို့ လေနွေးနွေးလေး ဝင်ရောက်လာသည်ကို ခံစားလိုက်ရပြီး ယားကျိကျိနှင့် နွေးထွေးသွားလေသည်။

သူမ မျက်နှာလေး ရဲခနဲ ဖြစ်သွားသော်လည်း သတ္တိရှိရှိ မော့ကြည့်ကာ သူ့ကို မျက်လုံးချင်း ဆုံကြည့်လိုက်သည်။

မျက်ဝန်းထဲတွင် မျှော်လင့်ချက်များနှင့် ပျော်ရွှင်မှုများ ပြည့်နှက်နေလေ၏။

နှစ်ယောက်သား စကားကို ဝေ့ဝိုက် ပြောဆိုခဲ့ကြသော်လည်း တစ်ယောက်နှင့်တစ်ယောက်၏ ခံစားချက်ကို နားလည်နေကြပြီ ဖြစ်သည်။

"ဝမ်ဝမ် ဝမ်ဝမ် ဒီဘက် ခဏလာပါဦး... ဒီဦးလေးကြီး အန်ပြန်ပြီ"

အဝေးတစ်နေရာမှ လူနာများကို ကူကြည့်ပေးနေသော လျှိုဖိန်ဖိန်က ရုတ်တရက် ဆုန့်ဝမ်ကို လှမ်းအော်လိုက်သည်။

ဆုန့်ဝမ်လည်း ချက်ချင်းပင် လင်းယွမ်ဘက် လှည့်ကာ...

"အဲဒါဆို... ကျွန်မ ဟိုဘက် ခဏ သွားကြည့်လိုက်ဦးမယ်"

လင်းယွမ်က ခေါင်းညိတ်ပြလိုက်ပြီး...

"သွားပါ" ဟု ပြောလိုက်သည်။

သူမ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် လင်းယွမ်က ပတ်ဝန်းကျင်ကို တစ်ချက် လှည့်ပတ် ကြည့်ရှုလိုက်သည်။ လူအုပ်ကြီးထဲတွင် အသက်ကြီးသူ အချို့မှာ အဆိပ်ဒဏ်ကို ကောင်းကောင်း မခံနိုင်ကြသဖြင့် အော့အန်နေကြဆဲ ဖြစ်သည်။

သို့သော် လူငယ်အများစုကတော့ ခံနိုင်ရည်ရှိကြပြီး ကြမ်းပြင်ပေါ်တွင် အားအင်ကုန်ခမ်းစွာဖြင့် လှဲလျောင်း အနားယူနေကြသည်။

လင်းယွမ် လှည့်ကြည့်နေစဉ် ဆိုင်ခန်းတစ်ခုအတွင်း ရန်မေ၊ တုံယန်နှင့် တုံကျဲတို့ လှဲလျောင်း အနားယူနေသည်ကို တွေ့လိုက်ရသည်။

လင်းယွမ်က ချက်ချင်း လျှောက်သွားလိုက်ပြီး ပစ္စည်းသိုလှောင်ခန်းထဲမှ ရေနွေးတစ်အိုး ထုတ်လိုက်သည်။

"အမမေ နေထိုင်မကောင်းတာ ရှိသေးလား"

ရန်မေရှေ့သို့ ရောက်သောအခါ သူမအတွက် ရေတစ်ခွက် ငှဲ့ပေးလိုက်သည်။

ရန်မေက လင်းယွမ်ကို မြင်သောအခါ မျက်နှာတွင် နူးညံ့သိမ်မွေ့မှုများ ပေါ်လာပြီး ခေါင်းခါပြလိုက်သည်။

"အမ ဘာမှမဖြစ်ပါဘူး အားမရှိတာလောက်ပါပဲ... ကျန်တဲ့လူတွေရော အဆင်ပြေကြရဲ့လား"

လင်းယွမ်က ရယ်မောလိုက်ရင်း...

"ကိုယ့်ကိုယ်ကိုယ်တောင် ဒီလိုဖြစ်နေတာ... တခြားလူတွေကို စိတ်ပူနေသေးတယ်ပေါ့"

ရန်မေက နူးညံ့စွာ ပြုံးလိုက်ပြီး...

"အမက အဆင်ပြေပါတယ် အမ အစိုးရိမ်ဆုံးက မောင်လေးပါပဲ... မောင်လေးရော နေမကောင်းဖြစ်သေးလား"

လင်းယွမ်က ပြုံးလိုက်ပြီး...

"ကျွန်တော်က အဆိပ်မှ မမိတာ ဘာဖြစ်ရမှာလဲ... ရော့ ရေနွေးလေး သောက်လိုက်ဦး"

ဘေးနားရှိ တုံယန်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း အားကျနေမိသည်။ အစ်ကိုလင်းသာ သူမအပေါ် ဤမျှ ကောင်းမွန်လျှင် ဘယ်လောက် ကောင်းလိုက်မလဲဟု တွေးမိရှာသည်။

ထို့နောက် ရန်မေ၏ ထွားကြိုင်းလှသော ရင်သားများကို မော့ကြည့်မိပြီးနောက် စိတ်ထဲတွင် အားငယ်သွားမိပြန်သည်။

သူမ၏ ရင်သားများမှာလည်း မသေးငယ်လှပေ၊ အနည်းဆုံး စီ-ကပ် ခန့် ရှိမည်ဟု ခန့်မှန်းရသော်လည်း ရန်မေနှင့် ယှဉ်လိုက်လျှင်တော့ အများကြီး ကွာခြားနေသေးသည်။

ရန်မေက တုံယန်၏ ပုံစံမမှန်သည်ကို သတိထားမိလိုက်သဖြင့် လက်ထဲမှ ရေခွက်ကို သူမထံ ကမ်းပေးလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

"မောင်လေး... ဒီတစ်ခေါက် ယန်ယန်လေးက အမဘေးမှာ စောင့်ရှောက်ပေးလို့သာပေါ့ သူ့ကို ကျေးဇူးတင်ရမယ်"

တုံယန်မှာ အံ့သြဝမ်းသာ ဖြစ်သွားပြီး ရေခွက်ကို လက်နှစ်ဖက်ဖြင့် အလျင်အမြန် လှမ်းယူလိုက်ကာ...

"မ... မဟုတ်တာပဲ ကျွန်မ အစွမ်းက သိပ်အသုံးမဝင်ပါဘူး... တိုက်ခိုက်နိုင်စွမ်းလည်း မရှိတော့ အမမေကို အဖော်ပြုပေးရုံလောက်ပဲ တတ်နိုင်တာပါ"

လင်းယွမ်က သူမကို ပြုံးပြလိုက်ပြီး...

"အရေးကြီးတဲ့ အချိန်မှာ အဖော်ပြုပေးတာက ဘာနဲ့မှ မလဲနိုင်ဘူး... တုံယန် ကျေးဇူးတင်ပါတယ်"

"အမမေက ငါ့အတွက် အရေးအကြီးဆုံးလူပဲ... အဲဒီအချိန်တုန်းက ငါမရှိခိုက် နင်က သူ့ဘေးမှာ ရှိပေးခဲ့တာ ငါ့ကို အများကြီး ကူညီရာ ရောက်ပါတယ်"

တုံယန်မှာ ဝမ်းသာသွားသော်လည်း စိတ်ထဲတွင် အနည်းငယ် ခံစားလိုက်ရသည်။

"အရေးအကြီးဆုံးလူတဲ့လား..."

"ဒါဆို ငါ့အတွက် အခွင့်အရေး လုံးဝ မရှိတော့ဘူးပေါ့..."

သူမ တစ်ယောက်တည်း ငေးငိုင်နေစဉ် တုံကျဲက သူမကို တံတောင်နှင့် အသာတို့လိုက်ပြီး...

"အမ အမရဲ့ အစွမ်းက အသုံးဝင်တယ်လို့ ကျွန်တော် ထင်တယ်နော်... အမသာ လူတွေကို မျက်စိမှိတ်ဖို့ အော်မပြောလိုက်ရင် အမဆုန့်ဝမ်ရဲ့ နေကြာပန်းအလင်းရောင်ကြောင့် တခြားလူတွေလည်း ထိခိုက်ကုန်မှာလေ"

တုံယန် သတိဝင်လာပြီး ပြန်ပြောလိုက်သည်။

"အဲဒါက ဘာများ ကူညီတာမို့လို့လဲ"

သို့သော် လင်းယွမ်က လေးလေးနက်နက် ပြောလိုက်သည်။

"တုံယန် ဘယ်အစွမ်းမှ အသုံးမဝင်ဘူးဆိုတာ မရှိဘူး... ကုဖုန်းကို ကြည့်ပါလား အစတုန်းက လူတိုင်းက သူ့ကို ဆေးလိပ်သောက်ပြီး စတိုင်ထုတ်တဲ့ကောင်၊ ဆေးလိပ်မီးခိုးကွင်း မှုတ်ထုတ်ရုံလောက်ပဲ တတ်တဲ့ကောင်လို့ ထင်ခဲ့ကြတာလေ... အခု သူ့ကို ကြည့်လိုက်ဦး"

"သူ့ရဲ့ မီးခိုးတွေက အားသာချက်ရှိတဲ့ နယ်မြေတစ်ခု ဖန်တီးပေးနိုင်တယ်... အခုဆိုရင် စိတ်စွမ်းအင်နဲ့ ထောက်လှမ်းတာကိုတောင် အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်နေပြီ... ဒီအစွမ်းတွေက အရေးကြီးတယ်"

"နင့်ရဲ့ စိတ်ချင်းဆက်သွယ်နိုင်တဲ့ အစွမ်းကလည်း အဖွဲ့လိုက် တိုက်ပွဲတွေမှာ အလားတူ အရေးပါတယ်... ကောင်းကောင်း အသုံးချတတ်ရင် နင်က အဖွဲ့ရဲ့ အဓိက လူ ဖြစ်လာလိမ့်မယ်"

"ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အထင်မသေးနဲ့... ကိုယ့်ရဲ့ အစွမ်းအကြောင်းကို သေချာ လေ့လာပါ"

တုံယန်က အပြုံးတစ်ခု ပေါ်လာပြီး...

"ကျွန်မ... ကျွန်မက အဲဒီလောက် အသုံးဝင်တာလား"

"အင်းပေါ့"

တုံယန် စိတ်ထဲတွင် ပျော်ရွှင်သွားပြီး ခေါင်းကို ဆက်တိုက် ညိတ်လိုက်သည်။

"အစ်ကိုလင်း စိတ်ချပါ ကျွန်မရဲ့ အစွမ်းအကြောင်းကို သေချာ ပြန်လေ့လာပါ့မယ်"

သူတို့ စကားပြောနေကြစဉ် တင်းယန်က အမျိုးသမီးအချို့ကို ခေါ်ဆောင်ကာ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

အခန်းထဲသို့ ဝင်လာသည်နှင့် သူမက ရန်မေကို နှုတ်ဆက်လိုက်ပြီးနောက် လင်းယွမ်ကို ကြည့်ကာ ပြောလိုက်သည်။

"လင်းယွမ် ဒီလူတွေက ဝမ်ဝေတုန်း ဖမ်းချုပ်ထားတဲ့ မိန်းကလေးတွေပဲ... ရှင် မေးစရာရှိရင် မေးလို့ရပြီ"

လင်းယွမ်က လှမ်းကြည့်လိုက်ရာ ထိုအမျိုးသမီးများမှာ ရုပ်ရည်သန့်ပြန့်ပြီး ခန္ဓာကိုယ် အချိုးအစား ပြေပြစ်သူများ ဖြစ်ကြသည်။

အသက်အရွယ်မှာ ဆယ်ကျော်သက်မှ သုံးဆယ်ကျော်အရွယ်အထိ ပါဝင်သည်။

ဝမ်ဝေတုန်း၏ အကြိုက်က တော်တော် ကျယ်ပြန့်သည်ဟု ဆိုရမည်။ မည်သည့် အသက်အရွယ်မဆို ကြိုက်နှစ်သက်ပုံရသည်။

လင်းယွမ်က သူတို့ကို အကဲခတ်ကြည့်လိုက်ရာ အချို့မှာ ကြောက်ရွံ့နေကြပြီး ခေါင်းငုံ့ကာ လင်းယွမ်ကို မကြည့်ရဲကြပေ။

အချို့ သတ္တိရှိသူများကမူ လင်းယွမ်ကို မော့ကြည့်ကြပြီး မျက်နှာတွင် စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်များ တွေ့ရသည်။

ဤကဲ့သို့သော အမျိုးသမီးမျိုးသည် ဝမ်ဝေတုန်းက သိမ်းပိုက်လိုက်သည့်အခါ ဝမ်းနည်းကြေကွဲခြင်း မရှိဘဲ ဂုဏ်ယူစရာဟုပင် ထင်မှတ်တတ်ကြသည်။

လင်းယွမ်က ဂရုမစိုက်ပေ။ ဒါသည် သူတို့၏ ရှင်သန်ရပ်တည်ရေး နည်းလမ်းတစ်ခုသာ ဖြစ်သည်။

လူမဆန်သည့် ယုတ်မာမှုများ မလုပ်ခဲ့သရွေ့၊ သန္ဓေပြောင်း လူသားများကို ဖားယားပြီး ပိုကောင်းသည့် ဘဝကို လိုချင်ရုံ သက်သက်ဆိုလျှင် အပြစ်ရှိသည်ဟု မဆိုနိုင်ပေ။

လင်းယွမ်က သူတို့ကို ပြောလိုက်သည်။

"မကြောက်ကြပါနဲ့ ခင်ဗျားတို့ကို ခေါ်လိုက်တာက ကိစ္စတစ်ခု မေးစရာရှိလို့ပါ... ဘယ်သူမဆို သိတဲ့လူ ရှိရင်၊ ဒါမှမဟုတ် သဲလွန်စ ပေးနိုင်ရင် ဆုချပါမယ်"

ထိုသို့ပြောရင်း သူက ထောင့်တစ်နေရာမှ ခေါက်ဆွဲခြောက်ဖာတစ်ဖာကို ထုတ်ယူလိုက်ကာ...

"ဒါက ဆုကြေးပဲ" ဟု ပြောလိုက်သည်။

အမျိုးသမီးအများစု၏ မျက်လုံးများ အရောင်တောက်သွားကြပြီး ကြောက်ရွံ့နေသူများပင် ခေါင်းမော့ကာ ကြည့်လာကြသည်။

စိတ်လှုပ်ရှားနေပုံရသည့် အသက် (၃၀) ခန့် အမျိုးသမီးတစ်ဦးက ပထမဆုံး စတင် ပြောဆိုလိုက်သည်။

"ဆရာလင်း မေးချင်တာရှိရင် မေးပါ... ကျွန်မ သိတာဆိုရင် အကုန်ပြောပြပါ့မယ်"

သူမက ထိုသို့ပြောရင်း ရင်သားကို ကော့ပေးလိုက်သည်။

သူမ၏ ရင်သားမှာ မသေးလှသော်လည်း ယခု ဆိုင်ခန်းထဲတွင် ရှိနေသော ရန်မေ၊ တင်းယန်တို့နှင့် ယှဉ်လိုက်လျှင် အပြတ်အသတ် ရှုံးနိမ့်နေသည်။

တင်းယန်၏ မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင် ဖြတ်ပြေးသွားပြီး ခပ်မဲ့မဲ့ ပြုံးကာ ပြောလိုက်သည်။

"လုပ်မနေနဲ့... နင်မြှူဆွယ်နေလည်း အလကားပဲ"

ထိုအမျိုးသမီးမှာ လန့်သွားပြီး ရင်သားကို ပြန်သိမ်းလိုက်ကာ နှုတ်ခမ်းကို တလှုပ်လှုပ်နှင့် ဘာမှ ဆက်မပြောရဲတော့ပေ။

လင်းယွမ်က မေးလိုက်သည်။

"ဝမ်ဝေတုန်းက ခင်ဗျားတို့ကို အစိုးရဘက်က သတင်းတွေ ဘာတွေ ပြောပြဖူးတာ ရှိလား"

အမျိုးသမီးများ အားလုံး ခေါင်းမော့လာကြပြီး အသက် (၂၀) ကျော်အရွယ် အမျိုးသမီးတစ်ဦးက လက်ထောင်လိုက်သည်။

"ကျွန်မ သိတယ် ကျွန်မ သိတယ်"

"ကျွန်မလည်း သိတယ် ကျွန်မလည်း သိတယ်" အသက် (၃၀) ကျော် အမျိုးသမီးကလည်း အလုအယက် အော်ပြောလိုက်သည်။

လင်းယွမ်က "အရင်ဆုံး လက်ထောင်တဲ့လူ ပြောပါ" ဟု ခွင့်ပြုလိုက်သည်။

အသက် (၂၀) ကျော် အမျိုးသမီးက အလျင်အမြန် ပြောလိုက်သည်။

"ကွမ်ဖူခရိုင်ဘက်မှာ အစိုးရဘက်က သင်္ဘောကျင်းစခန်းတစ်ခု ဆောက်လုပ်နေတယ်လို့ ကြားဖူးတယ်... အသက်ရှင်ကျန်ရစ်သူတွေကို အဲဒီကို ဖိတ်ခေါ်နေတယ်တဲ့"

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး ခေါက်ဆွဲခြောက်ဖာကို ဖောက်ကာ ခေါက်ဆွဲခြောက် နှစ်ထုပ် ပစ်ပေးလိုက်သည်။

ထိုအမျိုးသမီးက ခေါက်ဆွဲခြောက်ကို အမိအရ ဖမ်းယူလိုက်ပြီး ကျေးဇူးတင်လွန်းသဖြင့် ဒူးထောက်ချလိုက်သည်။

"ကျေးဇူး... ကျေးဇူးတင်ပါတယ် ဆရာလင်း"

လင်းယွမ်က လက်ကာပြလိုက်ပြီး...

"ထပါ ကျွန်တော့်ဆီမှာ ဒီလိုမျိုးတွေ လုပ်စရာမလိုဘူး... တခြားလူတွေရော ဖြည့်စွက်ပြောစရာ ရှိသေးလား... သဲလွန်စလေးပဲဖြစ်ဖြစ် ရပါတယ်"

ယခုတစ်ကြိမ်တွင် အသက် (၃၀) ကျော်အရွယ် အမျိုးသမီးက ချက်ချင်း အော်ပြောလိုက်သည်။

"ကျွန်မ... ကျွန်မမှာ သဲလွန်စ ရှိတယ်"

လင်းယွမ်က သူမကို ကြည့်လိုက်ပြီး "ပြောပါ" ဟု ဆိုလိုက်သည်။

"ကွမ်ဖူဘက်အကြောင်း ကျွန်မ သိတယ်... ကျွန်မအိမ်ကို မဖျက်သိမ်းခင်တုန်းက အဲဒီဘက်မှာ နေခဲ့တာ... အဲဒီမှာ စစ်စခန်းတစ်ခု ရှိတယ်... ပြီးတော့ စစ်ဘက်ဆိုင်ရာ လေယာဉ်ကွင်းအသေးစားလေးလည်း ရှိတယ်"

"ကွမ်ဖူခရိုင်၊ ကျန့်ကျွင်းလမ်းဘက်မှာလေ... ကျွန်မ အရင် အဲဒီမှာ နေတုန်းက... တောင်ခြေနားမှာ စစ်သားတွေ ပြေးပြီး လေ့ကျင့်ခန်း လုပ်နေကြတာ မကြာခဏ တွေ့ရတယ်"

လင်းယွမ် မျက်ခုံးပင့်သွားသည်။ ကွမ်ဖူခရိုင် စစ်စခန်းအကြောင်း သူလည်း ကြားဖူးသည်။

အဓိကမှာ ထိုနေရာ၌ စစ်ဘက်ဆိုင်ရာ လေယာဉ်ကွင်းတစ်ခု ရှိနေသောကြောင့် ဖြစ်သည်။ မိန်တုဥယျာဉ်သည် ကွမ်ဖူလေဆိပ်၏ လေကြောင်းလိုင်းပေါ်တွင် ရှိနေသဖြင့် လေယာဉ်သံ ဆူညံမှုကို မကြာခဏ ခံစားခဲ့ရဖူးသည်။

ထိုစဉ်က မြို့တော်ဝန်ကို စာပို့ပြီး လူအများအပြား တိုင်ကြားခဲ့ဖူးသော်လည်း အရာမထင်ခဲ့ပေ။

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး သူမကို ခေါက်ဆွဲခြောက် နှစ်ထုပ် ပစ်ပေးလိုက်သည်။

"ဒီသတင်းက အသုံးဝင်တယ်... နောက်ထပ်ရော ရှိသေးလား"

ကျန်သည့် အမျိုးသမီးများမှာ စိတ်လှုပ်ရှားနေကြသော်လည်း ရုတ်တရက် သဲလွန်စအသစ်ကို စဉ်းစား၍ မရ ဖြစ်နေကြသည်။

ရုတ်တရက် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးက တစ်စုံတစ်ခုကို သတိရသွားပြီး လက်ထောင်လိုက်သည်။

"ကျွန်မ သိတယ်... ကျွန်မ သဲလွန်စတစ်ခု သိတယ်"

"ပြောကြည့်ပါ"

"အရင်တုန်းက ကျွန်မတို့ ဟန်လုံစင်တာထဲမှာ အစွမ်းတစ်ခု ပိုင်ဆိုင်တဲ့သူ ရှိတယ်လို့ ကြားဖူးတယ်... အဲဒီလူက လျှပ်စစ်ပစ္စည်း အမျိုးမျိုးကို ပြုပြင်နိုင်တယ်တဲ့... ဒီသတင်းကလည်း အဲဒီလူဆီကနေ ထွက်လာတာပဲ... နောက်ပိုင်းမှ ဝမ်ဝေတုန်းက သူ့ကို ဖမ်းပြီး စစ်ဆေးမေးမြန်းရင်း ပေါ်လာတာ"

လင်းယွမ် မျက်လုံးများ စူးရှသွားပြီး ချက်ချင်းပင် သူမကို ခေါက်ဆွဲခြောက် နှစ်ထုပ် ပေးလိုက်ကာ ထပ်မေးလိုက်သည်။

"အဲဒီလူရဲ့ အစွမ်းက ဘာလဲ"

"အာ... ကျွန်မ မသိဘူး... လျှပ်စစ်ပစ္စည်းတချို့ကို ပြုပြင်နိုင်တယ်ဆိုတာလောက်ပဲ သိတာ... ရေဒီယိုတွေ ဘာတွေဆို သူ ပြင်တတ်တယ်"

"ကျွန်မ သိတယ်... ကျွန်မ သိတယ်" နောက်ထပ် အမျိုးသမီးတစ်ဦးက ရုတ်တရက် အော်ပြောလိုက်သည်။

"ပြော"

"အဲဒီလူရဲ့ အစွမ်းက ပြုပြင်တာ မဟုတ်ဘူး ဓါတ်ရောင်ခြည်တဲ့... ပစ္စည်းတစ်ခုရဲ့ မူလလုပ်ဆောင်ချက်ကို အားဖြည့်ပေးနိုင်တာ... ဝမ်ဝေတုန်း ပြောတာကို ကျွန်မ ကြားဖူးတယ် အဲဒီလူက သူ့စကား နားမထောင်ဘူးတဲ့... အစွမ်းက မဆိုးပေမယ့် တိုက်ခိုက်နိုင်စွမ်း မရှိဘူး... အကူအနေနဲ့ပဲ သုံးလို့ရတယ်တဲ့"

"နောက်ပိုင်းမှာ အဲဒီလူကို မန်နေဂျာချင်က ခေါ်ထုတ်သွားတယ်လို့ ကြားတယ်... ဒီဘက်ကို ထွက်ပြေးလာတာ ဖြစ်မယ်"

လင်းယွမ် အံ့သြသွားပြီးနောက် တစ်စုံတစ်ခုကို သတိရသွားကာ ဘေးနားရှိ တုံယန်နှင့် ရန်မေကို လှမ်းကြည့်လိုက်သည်။

တုံယန်က ချက်ချင်း ပြောလိုက်သည်။

"ဝမ်ဖန်း ဆိုတဲ့ အမျိုးသမီးကို ပြောတာလား... သူ့ရဲ့ အစွမ်းက ဓါတ်ရောင်ခြည်လေ... ယွီရှင်းယီရဲ့ အဆိပ်ကို ဓါတ်ရောင်ခြည်နဲ့ အားဖြည့်ပေးနိုင်တာလေ"

"ဟုတ်တယ်... ဟုတ်တယ်... အဲဒါ ဝမ်ဖန်းပဲ... ဝမ်ဖန်းပဲ" ထိုအမျိုးသမီးက အလျင်အမြန် ဝင်ပြောလိုက်သည်။

လင်းယွမ်က သူမကို ခေါက်ဆွဲခြောက် နှစ်ထုပ် ပေးလိုက်သည်။

ကျန်သည့် အမျိုးသမီးများက ခေါင်းခြောက်မတတ် စဉ်းစားကြပြီး အသေးအဖွဲ သဲလွန်စများကို ရှာဖွေကြသော်လည်း ထိုအရာများက တန်ဖိုးမရှိတော့ပေ။

လင်းယွမ်က သူတို့ကို ရေသန့်တစ်ဘူးစီ ပေးလိုက်ပြီး မေးမြန်းခြင်းကို အဆုံးသတ်လိုက်သည်။

"တင်းယန် သူတို့ကို ပြန်ခိုင်းလိုက်တော့ စားစရာတွေကို သေချာ ဝှက်ထားဖို့ မှာလိုက်ဦး"

တင်းယန်က ခေါင်းညိတ်လိုက်ပြီး ထိုအမျိုးသမီးများကို ပြန်လွှတ်လိုက်သည်။

လင်းယွမ်က ဆိုင်ခန်းထဲရှိ ကုလားထိုင်ပေါ်တွင် ထိုင်ကာ မျက်မှောင်ကြုတ်ပြီး စဉ်းစားနေလေ၏။

သူ မိန်တုဥယျာဉ်တွင် နေထိုင်စဉ်က ရေဒီယိုလှိုင်းများ ရှာဖွေရန်နှင့် အစိုးရသတင်းများကို နားထောင်ရန်အတွက် လူများကို မကြာခဏ ခိုင်းစေခဲ့ဖူးသည်။

သို့သော် အပြင်ဘက်တွင် မုန်တိုင်းတိုက်ခတ်နေခြင်းကြောင့်လား၊ အခြား အကြောင်းရင်းများကြောင့်လား မသိရသော်လည်း ရေဒီယိုထဲတွင် ဆူညံသံများသာ ကြားရပြီး အသံလွှင့်ဌာန လှိုင်းများကို တစ်ခါမှ မဖမ်းယူနိုင်ခဲ့ပေ။

"မုန်တိုင်းကြောင့် အပြင်ဘက်က လှိုင်းတွေ အနှောင့်အယှက် ဖြစ်ပြီး မိန်တုဥယျာဉ်မှာ ရေဒီယိုလိုင်း မမိတာများလား"

"ဒီဘက် ဟန်လုံစင်တာက အရမ်းမြင့်လို့ မိန်တုဥယျာဉ်ထက် လိုင်းပိုမိပြီး အချက်ပြလှိုင်းကို ဖမ်းယူနိုင်တာလား"

လင်းယွမ် စိတ်ထဲတွင် သံသယများ ဖြစ်ပေါ်လာပြီး ချက်ချင်းပင် ရေဒီယိုတစ်လုံးကို ထုတ်ယူလိုက်သည်။

သို့သော် ရေဒီယိုတွင် ဓါတ်ခဲမပါသဖြင့် လင်းယွမ် မျက်မှောင်ကြုတ်သွားသည်။

ထိုစဉ် တစ်စုံတစ်ခုကို သတိရသွားပြီး တုံယန်ဘေးနားရှိ တုံကျဲကို ကြည့်ကာ လက်ယပ်ခေါ်လိုက်သည်။

"တုံကျဲ ဒီကိုလာဦး"

"ကိုကြီးလင်းယွမ်"

တုံကျဲက အလျင်အမြန် ပြေးလာရာ လင်းယွမ်က ရေဒီယိုကို ကမ်းပေးလိုက်သည်။

"ဒါလေးကို အားသွင်းပေးပါဦး... ဒီနေရာမှာ လိုင်းမိမမိ စမ်းကြည့်ချင်လို့"

"ဟုတ်ကဲ့"

တုံကျဲက သူ့အစွမ်းကို အသုံးပြုပြီး ရေဒီယိုကို လျှပ်စစ်ဓါတ်အား ချက်ချင်း သွင်းပေးလိုက်သည်။

ရေဒီယိုထဲမှ ဂျစ်... ဂျစ်... ဟူသော အသံများ ချက်ချင်း ထွက်ပေါ်လာသည်။

တုံယန်နှင့် ရန်မေတို့လည်း ဘေးနားတွင် ဆွေးနွေးနေကြသည်။

"မောင်လေး ဒီသတင်းက အမှန်ဖြစ်နိုင်မလား... ကွမ်ဖူဘက်မှာ တကယ်ပဲ စစ်တပ်ကလူတွေ ရှိနေတာလား"

တုံယန်ကလည်း ဝင်ပြောသည်။

"တကယ်သာဆိုရင် စစ်တပ်က ဘာလို့ ကယ်ဆယ်ရေးအဖွဲ့တွေ မလွှတ်တာလဲ"

ရန်မေက မနေနိုင်ဘဲ...

"အပြင်မှာ အန္တရာယ်များလွန်းလို့ ဖြစ်နေမလား... သူတို့လည်း စစ်စခန်းကနေ မထွက်နိုင်ကြတာလား"

"ဒါပေမဲ့ အဲဒီလိုဆိုရင် သူတို့ အသံလွှင့်ပြီး ကြေညာနေတာ ဘာအသုံးဝင်မှာလဲ... ရေထဲက အန္တရာယ်တွေကို သူတို့တောင် မဖြေရှင်းနိုင်ရင် သာမန်ပြည်သူတွေက ဘယ်လိုလုပ် အဝေးကြီးကနေ စစ်စခန်းဆီ ရောက်အောင်သွားပြီး သူတို့ဆောက်တဲ့ သင်္ဘောကျင်းကို ရှာတွေ့နိုင်မှာလဲ"

"အဲဒါတော့..."

ရန်မေလည်း ပြောစရာစကား ပျောက်သွားသည်။ ဤကိစ္စတွင် ယုတ္တိမရှိသည်များ ပါဝင်နေသည်။

လင်းယွမ်က စဉ်းစားလိုက်ပြီး...

"စစ်တပ်က ကယ်ဆယ်ရေး စလုပ်နေပြီ ဖြစ်လောက်တယ်... ဒါပေမဲ့ လောလောဆယ် သူတို့အနီးအနားက ပြည်သူတွေကိုပဲ အရင်ကယ်နေတာ ဖြစ်မယ်... ကျွန်တော်တို့က ကွမ်ဖူခရိုင်နဲ့ ခရိုင်ချင်း ခြားနေတော့ ကယ်ဆယ်ရေးအဖွဲ့က ဒီဘက်ကို ယာယီ မရောက်သေးတာလည်း ဖြစ်နိုင်တယ်"

သူ ထိုသို့ ပြောလိုက်သောအခါ ရန်မေနှင့် တုံယန်တို့က ဖြစ်နိုင်သည်ဟု ယူဆသွားကြသည်။

နှစ်ဦးသား၏ မျက်နှာပေါ်တွင် စိတ်အားတက်ကြွမှုများ ပေါ်လွင်လာသည်။

တုံယန်က ပြောလိုက်သည်။

"စစ်တပ်သာ အင်အားအတောင့်အတင်း ကျန်သေးတယ်ဆိုရင် သိပ်ကောင်းတာပေါ့... ပြည်သူတွေအတွက် မျှော်လင့်ချက် ရှိသေးတယ်"

ရန်မေကလည်း မနေနိုင်ဘဲ ပြောလိုက်သည်။

"သူတို့ တည်ဆောက်တဲ့ သင်္ဘောကျင်းစခန်းက... ဘယ်လိုပုံစံမျိုး ဖြစ်မလဲ မသိဘူးနော်"

လင်းယွမ်က သတိပေးလိုက်သည်။

"စစ်တပ်က အသံလွှင့်တဲ့ ကိစ္စကို လောလောဆယ် လျှို့ဝှက်ထားကြပါဦး... ငါတို့မှာ ကွမ်ဖူကို သွားနိုင်တဲ့ အရည်အချင်း မရှိသေးဘူး... ဒီသတင်းက လူတွေကို စိတ်လှုပ်ရှားပြီး ပရမ်းပတာ ဖြစ်ကုန်အောင်ပဲ လုပ်လိမ့်မယ်"

"ထိုက်ယန်တောင် ရောက်လို့ လှေသင်္ဘော ရှာတွေ့ရင် ကွမ်ဖူဘက်ကို နယ်ကျော်ပြီး သွားကြည့်လို့ ရရင်ရလိမ့်မယ်... လောလောဆယ် အရေးကြီးဆုံးကတော့ အသက်ရှင်သန်ဖို့နဲ့ ခြေချစရာ နေရာတစ်ခု ရှာဖို့ပဲ"

တုံယန်နှင့် ရန်မေတို့လည်း စိတ်အေးသွားကြပြီး ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။

ထိုအချိန်တွင် တင်းယန် ပြန်ရောက်လာပြီး စိတ်လှုပ်ရှားနေသော ပုံစံဖြင့် မေးလိုက်သည်။

"လင်းယွမ် ဒီကိစ္စက တကယ်လို့ ထင်လား"

လင်းယွမ်က ခေါင်းခါလိုက်ပြီး...

"ငါတို့လည်း အဲဒီအကြောင်း ဆွေးနွေးနေကြတာ... အမှန် ဟုတ်မဟုတ် ငါတို့ဘာသာ အဲဒီလှိုင်းကို ဖမ်းလို့ ရမရ စမ်းကြည့်ရင် သိရမှာပေါ့"

ဆက်ရန်...

အပိုင်း (၁၇၈) ရေအောက်ဧရိယာကို ရှင်းလင်းခြင်း

"ရှာတွေ့ရင်တောင် ငါတို့ ဒီကနေ သွားဖို့က မလွယ်လှဘူး... ကွမ်ဖူက ဒီနေရာနဲ့ နီးတာမဟုတ်ဘူး... နယ်မြေတစ်ခုတောင် ခြားနေသေးတာ"

တင်းယန်က စိတ်လှုပ်ရှားနေရာမှ တဖြည်းဖြည်း တည်ငြိမ်သွားကာ ခေါင်းညိတ်လိုက်သည်။

"ရှင်ပြောတာ ဟုတ်တယ်... ကွမ်ဖူက ဒီနေရာနဲ့ အရမ်းဝေးလွန်းတယ်"

"လှေရှိရင်တောင် ကွမ်ဖူကို သွားဖို့ဆိုတာ နယ်မြေဖြတ်ကျော်ရဦးမှာ... ရေထဲမှာ သန္ဓေပြောင်း သတ္တဝါတွေကလည်း များသထက် များလာပြီဆိုတော့ တကယ် အန္တရာယ်များတယ်"

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး...

"သတင်းအချက်အလက် အရင် စုဆောင်းကြတာပေါ့... အပြင်‌လောကနဲ့ ဆက်သွယ်လို့ ရမရ အရင်ကြည့်မယ်... ပြီးမှ နည်းလမ်းရှာကြတာပေါ့... လောလောဆယ် အရေးကြီးတာက ထိုက်ယန်တောင်ကို အရင်သွားပြီး ခြေချစရာနေရာ ရှာဖို့ပဲ"

တင်းယန်ကလည်း ချက်ချင်း ခေါင်းညိတ်ထောက်ခံလိုက်သည်။

"အခုနကပဲ အဲ့ဒီ မိန်းမတွေကို ကျွန်မ ပြောထားလိုက်တယ်... လူတွေ စိတ်မငြိမ်မသက် ဖြစ်ကုန်မှာစိုးလို့ ဒီကိစ္စကို အပြင်လူတွေကို လျှောက်မပြောဖို့ မှာထားတယ်"

လင်းယွမ်က "အင်း" ဟု ထူးလိုက်ကာ...

"နင် လုပ်တာ မှန်တယ်... ဒီသတင်းကို ယာယီ ပိတ်ထားလိုက်"

သူတို့ စကားပြောနေစဉ်မှာပင် တုံကျဲက ရေဒီယို လှိုင်းဖမ်းခလုတ်ကို အကြိမ်ကြိမ် လှည့်ပတ် ချိန်ညှိနေသော်လည်း ရေဒီယိုထဲမှ တရှဲရှဲ မြည်သံများမှလွဲ၍ မည်သည့် အသံလှိုင်း အချက်ပြမှုကိုမျှ မကြားရပေ။

"ကိုကြီးလင်းယွမ်... လိုင်းရှာလို့ မရဘူး"

လင်းယွမ်က မျက်မှောင်ကြုတ်လျက် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက်...

"ကြည့်ရတာ ဝမ်ဖန်းရဲ့ ဓါတ်ရောင်ခြည် အစွမ်းက တကယ် သက်ရောက်မှု ရှိနေပုံပဲ... သာမန် ရေဒီယိုတွေက ငါတို့ဘက်ခြမ်းမှာ စစ်တပ် အသံလိုင်းဆိုတာကို လုံးဝ ဖမ်းလို့မရနိုင်ဘူး ဖြစ်နေတယ်"

"ဒါဆို ဘယ်လိုလုပ်မလဲ" တင်းယန်က မေးလိုက်မိသည်။

လင်းယွမ်က ခေါင်းခါလိုက်ပြီး...

"လောလောဆယ်တော့ နည်းလမ်းမရှိသေးဘူး... ရာသီဥတုနဲ့လည်း ဆိုင်မယ်လို့ ငါ ထင်တယ်... နောက်မှ တောင်ပေါ်ရောက်ရင် တောင်ထိပ်ကနေ လိုင်း ဖမ်းလို့ရမရ ထပ်စမ်းကြည့်ကြတာပေါ့"

"အဲ့ဒီလိုပဲ လုပ်ရတော့မှာပဲ"

လူတိုင်း၏ စိတ်လှုပ်ရှား ပူပန်မှုများမှာ အေးစက်သွားကြပြီး စိတ်ခံစားချက်များလည်း တည်ငြိမ်သွားကြသည်။

လင်းယွမ်က လူများနှင့် စကားအနည်းငယ် ထပ်ပြောပြီးနောက် ရေဒီယိုကို တုံကျဲထံ၌သာ ထားခဲ့လိုက်သည်။ အားနေလျှင် ရှာကြည့်ရန်နှင့် မတော်တဆ တစ်ခုခု ဖမ်းမိနိုင်ကြောင်း မှာကြားခဲ့သည်။

ထို့နောက် လင်းယွမ်က နေရာမှ ထလိုက်ပြီး...

"လူတွေ အနားယူနေတုန်း အောက်ထပ် ဆင်းကြည့်လိုက်ဦးမယ်"

သူက (၂၆) လွှာမှ တစ်ဆင့် ရေကြီးနေသော နေရာသို့ ဆင်းလာခဲ့သည်။

ဤနေရာသည် သူနှင့် ကုဖုန်းတို့နှစ်ယောက် တက်လာခဲ့သည့် အထပ်ဖြစ်ပြီး ယခုအခါ ရေမျက်နှာပြင်သည် အနည်းငယ် ထပ်တက်လာခဲ့ပြီ ဖြစ်သည်။

လင်းယွမ်က ယခုတစ်ကြိမ်တွင် မီးသတ်လှေကားမှတစ်ဆင့် ရေထဲသို့ တိုးဝင်သွားလိုက်သည်။

ရေထဲသို့ ရောက်သည်နှင့် သူ၏ အစွမ်းကို ချက်ချင်း ထုတ်သုံးလိုက်သည်။

အပူစီးကြောင်းတစ်ခုက နှလုံးသားဆီမှ နားရွက်နောက်ဘက်သို့ စီးဆင်းသွားပြီး သူ၏ နားရွက်နောက်တွင် ရေအောက် အသက်ရှူနိုင်သော ပါးဟက်များ ဖြစ်ပေါ်လာလေသည်။

ခေတ္တမျှ အသားကျအောင် နေလိုက်ပြီးနောက် လင်းယွမ်က စိတ်စွမ်းအင်ကို ဖြန့်ကျက်လိုက်သလို မျက်လုံးများတွင်လည်း အကာအကွယ် အမြှေးပါးများ ဖြစ်ပေါ်လာသည်။

အောက်ဘက်သို့ ဆင်းလေ ရေအောက်အခြေအနေက ပိုမို မှောင်မိုက်လေ ဖြစ်သည်။

နေရာအနှံ့ ရေထဲတွင် မျောပါနေသော အရာဝတ္ထုများကို တွေ့နေရပြီး သိပ်သည်းဆများသော ပစ္စည်းများမှာမူ စင်္ကြံလမ်းများပေါ်၌ အနည်ထိုင်နေကြသည်။

ရေစိမ်ထားသည့် ပစ္စည်း အများစုမှာ သုံးမရတော့ပေ။

လေလုံပိတ်ထားသော သို့မဟုတ် လေလုံအောင် ထုပ်ပိုးထားသော ပစ္စည်းအချို့ကိုသာ လင်းယွမ်က ပစ္စည်းသိုလှောင်ခန်းထဲသို့ ထည့်လိုက်သည်။

အောက်ဘက် အထပ်အနည်းငယ်သည် သာမန် အဝတ်အထည်နှင့် ဦးထုပ်ဆိုင်များ ဖြစ်ပြီး ခရုခွံများ၊ ကဏန်းများနှင့် သန္ဓေပြောင်း ငါးငယ်လေး အများအပြားက ဈေးဝယ်စင်တာထဲတွင် သွားလာကူးခတ်နေကြသည်။

အဝတ်အထည် ဆိုသည်မှာ ရေစိုသွားလျှင်ပင် အချိန်မကြာသေးပါက ပြန်ဝတ်၍ ရနိုင်သေးသည်။

ဒီအထပ်အနည်းငယ်သည် ယခုရက်ပိုင်းမှ ရေမြုပ်သွားခြင်း ဖြစ်သဖြင့် အဝတ်အထည် အရည်အသွေးများမှာ ကောင်းမွန်နေဆဲ ဖြစ်သည်။

လင်းယွမ်က အကုန်လုံးကို ပစ္စည်းသိုလှောင်ခန်းထဲ သိမ်းထည့်လိုက်သည်။

သို့သော် ထပ်မံ နိမ့်ဆင်းသွားသော အထပ်များတွင်မူ ဆိုင်အများစုမှ အဝတ်အစားများမှာ အရောင်ကျွတ်လုနီးပါး ရေစိမ်ခံထားရပြီး ရေမြုပ်သည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း သိသာလှသည်။

ဤအဝတ်အစားများကို ဝတ်၍ရနိုင်သေးသော်လည်း အသစ်လောက်တော့ ကြည့်ကောင်းမည် မဟုတ်တော့ပေ။

သို့သော် လင်းယွမ်က ဇီဇာကြောင်မနေဘဲ အကုန်လုံး သိမ်းယူလိုက်သည်။

နောင်တွင် စက်မှုလုပ်ငန်းများ ပြန်လည် မထူထောင်နိုင်သေးခင် စပ်ကြား၌ အဝတ်အထည် ထုတ်လုပ်မည့် ကုန်ကြမ်းများ ပြတ်လပ်သွားနိုင်သဖြင့် ဤအရာများသည်လည်း တန်ဖိုးရှိလာနိုင်ပေသည်။

နောက်ထပ် အထပ်အနည်းငယ် ဆင်းလိုက်သောအခါ ရေဖိအား ပြောင်းလဲမှုကို ခံစားလိုက်ရသဖြင့် လင်းယွမ်က အစွမ်းကို အသုံးပြုကာ ခန္ဓာကိုယ် အတွင်းကလီစာများ၏ ဖိအားကို ပြုပြင်ပြောင်းလဲပြီး ရေအောက်တွင် နေနိုင်အောင် ညှိယူလိုက်သည်။

"ဟော... ဒီအထပ်က မိတ်ကပ် အလှကုန် ဧရိယာပဲ"

လင်းယွမ်က ပတ်ဝန်းကျင်ရှိ မျိုးစုံလှသော အလှကုန်များကို ကြည့်ရင်း ပြုံးလိုက်မိသည်။

ဒီပစ္စည်းတွေက ငတ်မွတ်နေတဲ့ အချိန်မျိုးမှာ ဘယ်သူမှ ဂရုစိုက်ကြမည် မဟုတ်။

သို့သော် စားဝတ်နေရေး ပြေလည်သွားသည်နှင့် အဝတ်အစားတွေ၊ အလှကုန်တွေက သေချာပေါက် ဈေးကွက်ဝင်လာမယ့် အရာတွေ ဖြစ်လာလိမ့်မည်။

အထူးသဖြင့် အမျိုးသမီးတွေအတွက်ပင်... အနာဂတ်က အစွမ်းရှိသူတွေရဲ့ ကမ္ဘာ၊ အင်အားကသာ အရာရာဖြစ်သည်။

"မိန်းမတွေကသာ အစွမ်းမနိုးထခဲ့ရင် အလှအပနဲ့ လူတွေကို ဖျော်ဖြေရတဲ့ ဘဝမျိုးကို ရောက်သွားဖို့ အခွင့်အလမ်း များတယ်"

"အဲ့ဒီအချိန်ကျရင် အလှကုန်တွေနဲ့ လှပတဲ့ အဝတ်အစားတွေက မရှိမဖြစ် လုယက်ဝယ်ယူရတဲ့ ပစ္စည်းတွေ ဖြစ်လာလိမ့်မယ်"

လင်းယွမ်က ဒိုင်အာ ဟု အမည်ရသော ဆိုင်တစ်ဆိုင်ထဲသို့ ဝင်လိုက်သည်။ အမှန်အတိုင်း ပြောရရင် သူက အလှကုန် တံဆိပ်တွေ ဘာတွေ သိပ်နားမလည်ချေ။

အလှကုန် တော်တော်များများက အင်္ဂလိပ်လိုတွေ ရေးထားသဖြင့် ဘာက ဘာမှန်းကို မသိပေ။

သာမန် ဝန်ထမ်းတစ်ယောက် အနေဖြင့် ရသည့်လစာကို အိမ်လခ ပေးနေရ‌သောကြောင့် ယခုလို ပစ္စည်းမျိုးတွေအကြောင်း သိဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်သေး။

ရည်းစားက အလှကုန် ဝယ်ချင်တယ် ပြောလျှင်ပင် ပိုက်ဆံလွှဲပေးလိုက်ရုံ အလုပ်ပဲ သူ လုပ်တတ်သည်။

ဒါကြောင့် သူက အလှကုန်အကြောင်း လုံးဝ နားမလည်ချေ။

"ဒါပေမဲ့ ကိစ္စမရှိဘူး... အရင်က လက်လှမ်းမမှီနိုင်ခဲ့တဲ့ အလှကုန်တွေ အခု လက်တစ်ကမ်းမှာ လိုချင်သလောက် ယူလို့ရနေပြီပဲ"

ပြခန်းစင်တွေပေါ်မှာရော ကြမ်းပြင်ပေါ်မှာပါ ပြန့်ကျဲနေတဲ့ ရေမွှေးတွေ၊ နှုတ်ခမ်းနီတွေ၊ မျက်နှာလိမ်းရည်တွေ အစုံအလင်ကို သူ့ စိတ်ကြိုက် ပစ္စည်းသိုလှောင်ခန်းထဲ ထည့်လိုက်သည်။

ဤဆိုင်အပြင် ဘေးနားက ဗာဘယ်ရီ တို့ ဝိုင်အက်စ်အယ် တို့ ဘာတို့ညာတို့လည်း ရှိသေးသည်။

သူက တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် မွှေနှောက်ပြီး လေလုံပိတ်ထားသည့် အလှကုန် မှန်သမျှ အကုန် သိမ်းယူလိုက်သည်။

ထိုအထပ်ကို ရှင်းလင်းပြီးနောက် အချိန် နာရီဝက်ကျော် ကြာသွားခဲ့သည်။

အချိန်အများစုက ပစ္စည်း သိမ်းဆည်းရာတွင် ကုန်ဆုံးသွားခြင်း ဖြစ်သည်။

"အရင်တုန်းက ဈေးဝယ်ထွက်ရင် ပင်ပန်းတယ်လို့ ထင်ခဲ့တာ... အခု ပိုက်ဆံမပေးရဘဲ ဈေးဝယ်တာတောင် ဒီလောက် မောရမယ်လို့ မထင်ထားဘူး"

လင်းယွမ်က ညည်းတွားလိုက်ရင်း စိတ်ကို ပြန်လည် စုစည်းကာ အောက်ထပ်သို့ ဆက်ဆင်းလာခဲ့သည်။

အောက်ဘက် တစ်ထပ်လုံးကတော့ ရွှေဆိုင်တွေချည်းဖြစ်သည်။

ကျိုးထိုင် တို့ လောင်ဖုံရှင်း တို့လို နာမည်ကြီး တံဆိပ်ဆိုင်တွေ အများကြီးရှိပြီး ပြခန်းစင်တွေထဲ၌ ရွှေလက်ဝတ်ရတနာ အများအပြားက ရေထဲမှာ စိမ်လျက်သား ဘယ်သူမှ စိတ်ဝင်စားသူ မရှိ ဖြစ်နေသည်။

လင်းယွမ်၏ ပင်ပန်းနွမ်းနယ်နေသော စိတ်အခြေအနေသည် ချက်ချင်း တက်ကြွ လန်းဆန်းသွားသည်။

ယောက်ျားတွေက ရွှေဆိုလျှင် အရိုးထဲကနေကို ကြိုက်ကြပုံ ရသည်။

သူက ချက်ချင်းပင် ရှင်းလင်းရေး စတင်တော့သည်။ ရွှေအမြောက်အမြားကို စနစ်၏ ပစ္စည်းသိုလှောင်ခန်းထဲသို့ ထည့်လိုက်သည်။

"ဒီပစ္စည်းတွေက ဘယ်လို ပြောရမလဲ... ရေလွှမ်းမိုးတဲ့ ကမ္ဘာပျက်ခေတ် ရောက်နေပြီဆိုတော့ ပိုက်ဆံတွေက စက္ကူစုတ်တွေလို ဖြစ်ကုန်ပြီ"

"ဒါပေမဲ့ ရှေးလူကြီးတွေ ပြောကြသလို 'ခေတ်ပျက်ရင် ရွှေ၊ ခေတ်ကောင်းရင် ရှေးဟောင်းပစ္စည်း' ဆိုတာ ရှိတယ်မလား"

"နောင်လာမယ့် ခေတ်မှာ ရွှေက မာကျောတဲ့ ငွေကြေးအဖြစ် ဆက်ရှိနေဦးမှာပဲ"

"ရွှေက သံချေးမတက်သလို မော်လီကျူး ဖွဲ့စည်းပုံလည်း တည်ငြိမ်လို့ သုတေသန လုပ်ငန်းတွေမှာပဲ ဖြစ်ဖြစ်၊ တခြား ကဏ္ဍတွေမှာပဲ ဖြစ်ဖြစ် အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေမှာပဲ"

"ဒါမျိုးက ရှေးပဝေသဏီ ကတည်းက အစားထိုးမရနိုင်တဲ့ စည်းစိမ်ဥစ္စာပဲလေ"

လင်းယွမ် ခန့်မှန်းကြည့်သလောက်ဆို လူတွေ စားဝတ်နေရေး ပြေလည်သွားပြီး ကုန်သွယ်မှု ပြန်လုပ်ချင်ကြပြီ ဆိုလျှင် ကုန်ပစ္စည်း တန်ဖိုးကို တိုင်းတာမည့် ကြားခံပစ္စည်း တစ်ခုခုတော့ ရှာရပေမည်။

ထိုအခါကျလျှင် ရွှေက ငွေကြေး ယူနစ်တစ်ခု ပြန်ဖြစ်လာဦး‌ပေမည်။

ဤအထပ်က ရွှေတွေကို သိမ်းကျုံးယူပြီးနောက် လင်းယွမ်က ပြုံးဖြီးနေသော မျက်နှာဖြင့် ဒီတစ်ခေါက် ရရှိမှုအပေါ် အလွန် ကျေနပ်နေသည်။

သူက ပြတင်းပေါက်နား လျှောက်သွားပြီး အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

ရေထဲတွင် အရာအားလုံး မှောင်မိုက်နေပြီး ဤနေရာက (၆) ထပ်လောက် ရှိမည့် နေရာဖြစ်သည်။

သူ၏ စိတ်စွမ်းအင်က ရေအောက်ကြမ်းပြင်အထိ ထောက်လှမ်းနိုင်နေပြီ ဖြစ်သည်။

ဟိုဘက်က ကွန်ကရစ်လမ်းမပေါ်တွင် နုန်းမြေတွေ အများကြီး ပုံထပ်နေပြီး အမှောင်ထုထဲမှ ဧရာမ သတ္တဝါကြီးတွေ၏ အရိပ်မည်းတွေက တရိပ်ရိပ် ဖြတ်သန်းသွားလာနေကြသည်။

ရေစီးကြောင်းတွေ လှုပ်ရှားနေသည့်ကြားတွင် ရေညှိ ရေမှော်ပင်ကြီးတွေက ရေစီးအတိုင်း ယိမ်းနွဲ့နေသည်ကို တွေ့ရသည်။

ဝိုးတဝါး မြင်ကွင်းထဲတွင် မားမားမတ်မတ် ရပ်နေကြသော လမ်းမီးတိုင်တွေကိုလည်း မြင်နေရသည်။

ဤနေရာက ပင်လယ်နက်လို ပတ်ဝန်းကျင်မျိုး ဖြစ်တည်နေပြီ ဖြစ်သည်။

"အဲ့ဒီ မှောင်မည်းနေတဲ့ ရေမှော်တောထဲမှာ သန္ဓေပြောင်း သတ္တဝါကြီးတွေ ဘယ်လောက်တောင် ပုန်းခိုနေမလဲ မသိဘူး"

လင်းယွမ်က စိတ်စွမ်းအင်ကို ပြန်သိမ်းလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ရေအောက်ကြမ်းပြင်ကို ဆက်လက် မထောက်လှမ်းတော့ပေ။

ထိုနေရာက လူသားတွေ သွားလာခွင့် မရှိသည့် နေရာလို ဖြစ်နေပြီး လောလောဆယ် သူ အလွယ်တကူ မသွားသင့်သေးသော နေရာတစ်ခုဖြစ်သည်။

သူက အောက်ဘက်သို့ ဆက်လက် ငုပ်လျှိုး ဆင်းသက်သွားသည်။

အောက်ဘက် သုံးထပ်လုံးက ကုန်တိုက်‌တွေချည်း ဖြစ်သည်။

သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ စားစရာတွေ အကုန်လုံး ရှင်းလင်းခံထားရခြင်းပင်။

ရေကြီးကာစ အချိန်တုန်းက ဝမ်ဝေတုန်းနှင့် လူတစ်စုက ငြိမ်မနေဘဲ ဒီက ပစ္စည်းတွေကို ဦးဆုံး သယ်ထုတ်သွားခဲ့ကြသည်မှာ ထင်ရှားသည်။

သိမ်းဆည်းရ ခက်ခဲတဲ့ ပစ္စည်းအချို့လောက်သာ ကျန်ခဲ့ပြီး ယခုတော့ ထိုအရာတွေကလည်း ရေစိမ်ခံရပြီး ပုပ်သိုးကုန်ပြီ။

ခေါင်းလျှော်ရည်၊ အဝတ်လျှော်ရည်၊ သွားတိုက်ဆေး၊ သွားပွတ်တံ စတဲ့ လူသုံးကုန် ပစ္စည်းတွေတော့ စင်ပေါ်မှာ ကျန်နေသေးသည်။

လင်းယွမ်က ချက်ချင်းပင် မွှေနှောက် ရှာဖွေရေးကို စတင်လိုက်ပြီး ပစ္စည်းတွေကို လျင်မြန်စွာ သိမ်းဆည်းလိုက်သည်။

ကုန်တိုက် (၃) ထပ်လုံး ပတ်ကြည့်ပြီးနောက် လတ်ဆတ်သော အသားငါး တန်းတွေမှာတော့ ဘာမှ သုံးရတာ မရှိတော့ပေ။

လင်းယွမ်က လက်လျှော့လိုက်ပြီး နောက်တစ်ထပ်သို့ တန်းဆင်းလာခဲ့သည်။

အောက်ဆုံးမရောက်ခင် တစ်ထပ်ကတော့ အားကစားပစ္စည်း ဆိုင်တွေဖြစ်ပြီး ဘောလုံး၊ ဘတ်စကက်ဘော စသည့် အားကစား ပစ္စည်းများ ရှိနေသည်။

လင်းယွမ်က အားနာမနေဘဲ အကုန် သိမ်းယူလိုက်သည်။

ပထမထပ်မှာတော့ ကားအရောင်းပြခန်းတွေ ရှိနေပြီး ပြသထားသော ကားအများအပြား ရှိနေသည်။

ဘီဝိုင်ဒီ တို့၊ ဟွာဝေး တို့၊ နိယို တို့၊ ရှောင်မီ တို့...

လင်းယွမ်က စဉ်းစားလိုက်ပြီး ကားတွေ အကုန်လုံးကို ပစ္စည်းသိုလှောင်ခန်းထဲ ထည့်လိုက်သည်။

တစ်နေ့ကျလျှင် ထိုကားတွေထဲက အစိတ်အပိုင်းတွေကို သုံးချင် သုံးရနိုင်သည်။

အဆောက်အအုံ တစ်ခုလုံး ရှင်းလင်းပြီးချိန်တွင် သူ့စိတ်စွမ်းအင်တွေလည်း ကုန်ခါနီး ဖြစ်နေပြီ။

လင်းယွမ်က အမြန် ပြန်တက်လာခဲ့သည်။

ရေမျက်နှာပြင်ပေါ် ပြန်ရောက်သည့် အချိန်မှာတော့ နေ့တစ်ဝက်လောက် ကုန်ဆုံးသွားပြီဆိုတာကို သူ သတိထားမိလိုက်သည်။

(၂၆) လွှာသို့ ပြန်ရောက်သောအခါ ကြမ်းပြင်ပေါ်တွင် လှဲလျောင်း အနားယူနေကြသော အိမ်ပိုင်ရှင် အများအပြားမှာ လှုပ်ရှားသွားလာနိုင်စ ပြုလာပြီကို တွေ့လိုက်ရသည်။

သို့သော် ခွန်အား အပြည့်အဝ ပြန်မပြည့်သေးသဖြင့် ဟန်လုံစင်တာမှ အသက်ရှင် ကျန်ရစ်သူများက မိန်တုဥယျာဉ်မှ အိမ်ပိုင်ရှင်များကို လိုလိုလားလား ကူညီပေးနေကြသည်။

ကြည့်ရသည်မှာ ဟန်လုံစင်တာမှ အသက်ရှင် ကျန်ရစ်သူတွေက မိန်တုဥယျာဉ် အဖွဲ့အစည်းထဲ ဝင်ဆံ့ဖို့ ကြိုးစားနေကြပုံ ရသည်။

မိန်တုဥယျာဉ်မှ လူများကလည်း ဒီလူတွေအပေါ် အငြိုးအတေး သိပ်မရှိကြပေ။ ဒီလူတွေကလည်း ဝမ်ဝေတုန်း အဖွဲ့ရဲ့ ဖိနှိပ်ခြင်း ခံရတဲ့ သာမန်လူတွေပဲ ဆိုတာကို ကင်းလှည့်ခေါင်းဆောင်တွေဆီကနေ သိထားကြပြီးသားလေ။

မိမိတို့အဖွဲ့ထဲ ဝင်ဆံ့ချင်သဖြင့် သတိထား ဆက်ဆံနေကြသည့် ဟန်လုံစင်တာက လူတွေကို ကြည့်ရင်း အားလုံးက ကိုယ့်အတိတ်ကို ပြန်မြင်ယောင်မိသလို ခံစားလိုက်ကြရသည်။

တူညီသော ဘဝကံကြမ္မာကို ခံစားခဲ့ရသူချင်း ဖြစ်သဖြင့် ဒီသနားစရာ လူတွေကို လက်ခံဖို့ရာ မခက်ခဲလှပေ။

ကင်းလှည့်ခေါင်းဆောင် အသီးသီးက ရန်မေ ဆီမှ ဆန်၊ သန္ဓေပြောင်း ငါးခြောက်၊ ခေါက်ဆွဲခြောက် စသည့် စားနပ်ရိက္ခာများကို ထုတ်ယူကာ သူတို့အဖွဲ့ရှိ အိမ်ပိုင်ရှင်များကို ဝေငှပေးလိုက်သည်။

အိမ်ပိုင်ရှင်များက ဟန်လုံစင်တာမှ လူများ၏ အကူအညီဖြင့် ထိုနေရာမှာပင် ထမင်းဟင်း ချက်ပြုတ်ကြသည်။

ခဏအတွင်းမှာပင် တိုက်တစ်တိုက်လုံး စည်ကား သက်ဝင်သွားပြီး သန္ဓေပြောင်း နေကြာပန်း၏ နွေးထွေးသော အလင်းရောင် အောက်တွင် ဤမြင်ကွင်းသည် အလွန်အမင်း ကြည်နူးစရာကောင်းပြီး ငြိမ်းချမ်းနေလေသည်။

ဟန်လုံစင်တာမှ လူအများအပြားသည် မီးခိုးတလူလူ ထွက်နေသော မီးဖိုများကို ကြည့်ရင်း၊ မိန်တုဥယျာဉ်မှ လူများ စကားပြော ရယ်မောနေသံများကို နားထောင်ရင်း ရေမကြီးခင် အချိန်က ဘဝကို ပြန်ရောက်သွားသလိုမျိုး မိန်းမော တွေဝေသွားကြသည်။

လူအချင်းချင်း ထိုကဲ့သို့အေးအေးချမ်းချမ်း ဆက်ဆံ ပြောဆိုရသည့် အခြေအနေမျိုးက သူတို့ အမျှော်လင့်ဆုံး အရာ ဖြစ်ခဲ့တာ မည်မျှပင် ကြာသွားပြီနည်း။

ဝမ်ဝေတုန်း အုပ်ချုပ်တုန်းက လူတိုင်း ထိတ်လန့် ကြောက်ရွံ့စွာ နေခဲ့ရသည်။

ယောက်ျားတွေဆိုလျှင် စကားတစ်ခွန်း မှားပြောမိသည်နှင့် လုံခြုံရေးအဖွဲ့က လူတွေ၏ ရိုက်နှက်တာကို ခံရတတ်သည်။

မိန်းမတွေဆိုလျှင် တစ်ယောက်တည်း အပြင်ထွက်ဖို့တောင် ကြောက်ရပြီး အချိန်မရွေး လူစိမ်းတွေက လူပြတ်တဲ့ နေရာ ဆွဲခေါ်ပြီး မုဒိမ်းကျင့်တာ ခံရနိုင်သည်။

ယခုလိုမျိုး လူစိမ်းတွေ အများကြီး ရှေ့မှာ စကားပြော ရယ်မော နေရတာမျိုး...

ဒါက ခြောက်လလောက် ဝေးကွာနေခဲ့တဲ့ အရာတစ်ခုပင်။

စိတ်ဓာတ် နုနယ်သော မိန်းကလေး အချို့က မျက်နှာအုပ်ကာ ရုတ်တရက် ငိုချလိုက်ကြသည်။

တစ်ယောက် ငိုသည်နှင့် ကျန်သည့် မိန်းမတွေပါ လိုက်ငိုကြသည်။

ဟန်လုံစင်တာမှ အမျိုးသားများလည်း မျက်ရည် ဝဲကုန်ကြသည်။

ထမင်းချက်နေသော ဟွမ်ဟန်က ဘေးနားမှ ကောင်မလေး ငိုနေသည်ကို မြင်တော့ အလျင်အမြန်ပင်...

"ဟေး... ဟေး... ဘာလို့ အကောင်းကြီးကနေ ငိုရတာလဲ"

ထိုကောင်မလေးက အသက် သိပ်မကြီးသေး၊ ၁၈ နှစ် ၁၉ နှစ် ဝန်းကျင်လောက်သာ ရှိဦးမည်။ ကျောင်းတက်ရမည့် အရွယ်တွင် ကျောင်းထွက်ပြီး စားသောက်ဆိုင်တွင် လာလုပ်နေရသူ ဖြစ်သည်။

တိုက်ထဲမှာ ပိတ်မိနေရင်း လူမဆန်သည့် နှိပ်စက်မှုတွေကို ကြုံခဲ့ရပြီး နုနယ်သော စိတ်နှလုံးသားလေးက ယခုလို နွေးထွေးသော အခြေအနေကို မြင်လိုက်ရ‌သဖြင့် ဝမ်းနည်းဝမ်းသာ ဖြစ်ပြီး အော်ဟစ် ငိုကြွေးလိုက်မိခြင်း ဖြစ်သည်။

ဟွမ်ဟန်က နှစ်သိမ့်ပေးလိုက်သော်လည်း ကောင်မလေးက ထွက်ပေါက်တစ်ခု ရှာတွေ့သွားသလို ဟွမ်ဟန်ကို ဖက်ပြီး ရှိုက်ကြီးတငင် ငိုတော့သည်။

ဟွမ်ဟန်လည်း ဘာလုပ်ရမှန်း မသိ ဖြစ်သွားပြီး ဘေးနားရှိ သက်လတ်ပိုင်း အမျိုးသမီးကြီး တစ်ဦးကို လှမ်းကြည့်လိုက်သည်။

ထို အမျိုးသမီးကြီးကလည်း မျက်ရည် သုတ်လိုက်ရင်း...

"ခေါင်းဆောင်ဟွမ်... သူ ငိုပါစေရှင်... ကျွန်မတို့ လူတွေက ရှင်တို့လို လူကောင်းတွေနဲ့ မတွေ့ရတာ ကြာလွန်းလို့ပါ"

ဟွမ်ဟန် ခဏတာ တိတ်ဆိတ်သွားသည်။ သူမလည်း ဒီလူတွေရဲ့ စိတ်ကို နားလည်ပါသည်။

အစတုန်းက တိုက် (၇၆) တွင် သူမအိမ်ထဲ ပိတ်မိနေတုန်းကဆိုလျှင် နေ့တိုင်း အပြင်က တံခါး လာဆောင့်ကန်တဲ့ အသံတွေကို ကြားနေရသည်။

ရွှေစပါးအုံးမြွေကသာ ထွက်ပြီး ခြောက်လှန့်မပေးခဲ့လျှင် သူမဘဝ ဘယ်လို ဆိုးရွားတဲ့ အဆုံးသတ်နဲ့ ပြီးသွားမလဲဆိုတာ တွေးတောင် မတွေးရဲ‌ပေ။

လင်းယွမ်က လျှိုအားလုံ ကို သတ်၊ ဝမ်ကျဲ တို့လို လူယုတ်မာတွေကို ရှင်းပစ်ပြီး တိုက် (၇၆) တစ်ခုလုံးကို ထိန်းချုပ်လိုက်မှ ငြိမ်းချမ်းမှုနှင့် စနစ်တကျ ရှိမှု၏ တန်ဖိုးကို တကယ် နားလည်လိုက်ရခြင်းပင်။

ဒါကို တွေးမိတော့ သူမက ပတ်ဝန်းကျင်ကို မော့ကြည့်လိုက်ရာ အခုလေးတင် ပြန်ရောက်လာသည့် လင်းယွမ်ကို လှမ်းမြင်လိုက်ရသဖြင့် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

"တကယ်တော့ ရှင်တို့ တကယ် ကျေးဇူးတင်ရမှာက သူ့ကိုပါ"

အမျိုးသမီးကြီးနှင့် စားပွဲထိုး ကောင်မလေးက အလန့်တကြား မော့ကြည့်လိုက်ပြီး ဟွမ်ဟန် ကြည့်ရာသို့ လိုက်ကြည့်လိုက်ကြသည်။

"သူက ဘယ်သူလဲ"

"အစ်ကိုလင်း... လင်းယွမ်လေ" ဟွမ်ဟန်က ပြောလိုက်သည်။

သူမ၏ မျက်နှာထားတွင် လေးစားမှုနှင့် အားကျမှုများ ရောယှက်နေသည်။

"သူသာ မရှိရင် ကျွန်မရော ဒီက လူတွေ အကုန်လုံးရော ရှင်တို့ထက်တောင် ပိုဆိုးတဲ့ ဘဝ ရောက်သွားနိုင်တယ်"

"ရှင်တို့က ဟန်လုံစင်တာမှာ စားစရာတွေ အများကြီး ရှိသေးတယ်... ကျွန်မတို့ အဲ့ဒီတုန်းက တကယ်ကို ရိက္ခာပြတ်လပ်ပြီး လူဆိုးတွေရဲ့ အနိုင်ကျင့် သတ်ဖြတ်တာကို အချိန်မရွေး ခံရနိုင်တဲ့ အနေအထား"

"အစ်ကိုလင်းယွမ်... သူက ကျွန်မတို့ကို အဲ့ဒီ ဒုက္ခတွင်းထဲကနေ ကယ်ထုတ်ပေးခဲ့တာ"

"ကျွန်မ ဘယ်တော့မှ မမေ့ဘူး... အဲ့ဒီနေ့က သူ ကျွန်မ အခန်းတံခါး လာခေါက်တုန်းက ကျွန်မ ကြောက်နေတာကို မြင်ပြီး နှစ်သိမ့်ပေးခဲ့တာ... အဲ့ဒါ ခြိမ်းခြောက်တာ မဟုတ်ဘူး၊ ဂရုစိုက်တာပဲ"

ဟွမ်ဟန်က ပြုံးရင်း အတိတ်ကို ပြန်တွေးမိတော့ အရာအားလုံး ပြောင်းလဲသွားပြီ ဖြစ်ကြောင်း၊ အချိန်တွေ အများကြီး ကုန်ဆုံးသွားသလို ခံစားလိုက်ရသည်။

ဘေးနားရှိ ဝူယင်းနှင့် ဝမ်အန်း တို့လည်း အတိတ်ကို ပြန်တွေးမိပြီး လွမ်းဆွတ်သွားကြသည်။

အရင်က ဘဝနှင့် ယခု လက်ရှိဘဝကို နှိုင်းယှဉ်ကြည့်လိုက်လျှင် တကယ့်ကို ကွာခြားလွန်းလှသည်။

ဒီလို မြင်ကွင်းမျိုးက မိန်တုဥယျာဉ်နှင့် ဟန်လုံစင်တာက လူတွေကြားမှာ နေရာအနှံ့ ပေါ်ပေါက်လာသည်။

မသိမသာပင် လင်းယွမ်၏ ပုံရိပ်သည် ဟန်လုံစင်တာမှ အသက်ရှင် ကျန်ရစ်သူများ၏ စိတ်ထဲတွင် မြင့်မားလာခဲ့သည်။

သူ၏ ဂုဏ်သတင်းသည်လည်း မိန်တုဥယျာဉ် အိမ်ပိုင်ရှင်များ၏ ချီးကျူးပြောဆိုမှုများကြားတွင် ပိုမို ကြီးမားလာလေသည်။

လင်းယွမ်ကတော့ ဒါတွေကို ဂရုမစိုက်ဘဲ လူအုပ်ကို ရှောင်ကွင်းကာ ရန်မေတို့ ရှိရာ ဆိုင်ခန်းဆီသို့ ပြန်လာခဲ့သည်။

ရန်မေ၏ ခန္ဓာကိုယ်သည် အပြည့်အဝ ပြန်လည် သက်သာလာပြီ ဖြစ်သည်။

သူမကလည်း သန္ဓေပြောင်း အစွမ်း ရရှိထားသူ ဖြစ်သဖြင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုက သာမန်လူထက် သာလွန်ကာ အဆိပ်အတောက် ဖြေရှင်းနိုင်စွမ်းကလည်း သာမန်လူထက် ပိုမြန်သည်။

"မောင်လေး... ပြန်ရောက်ပြီလား... ဗိုက်ဆာနေပြီလား... အမ ထမင်းချက်ထားတယ်"

ပြောရင်းဆိုရင်းနှင့် သူမက လင်းယွမ်ကို ဆိုင်ခန်းထဲ ဆွဲခေါ်သွားသည်။

စားပွဲပေါ်တွင် ဟင်းပွဲအချို့ ပြင်ဆင်ထားသည်ကို တွေ့လိုက်ရသည်။ ငါးချဉ်ဟင်း၊ ဝက်ပေါင်ခြောက် ကြက်ဥကြော်၊ မြေပဲလှော် နှင့် မှိုသုပ် တို့ ဖြစ်သည်။

ထမင်းကလည်း ပူပူနွေးနွေး။

လင်းယွမ် အံ့သြသွားပြီးမှ တုံကျဲက ထမင်းပေါင်းအိုးကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ လျှပ်စစ်ဓာတ်အား ပေးနေသည်ကို သတိထားမိလိုက်သည်။

ဘေးနားက လျှပ်စစ်မီးဖိုကလည်း အခုမှ အလုပ်လုပ်တာ ရပ်သွားပုံရပြီး အငွေ့တထောင်းထောင်း ထနေသည်။

ကြည့်ရတာ ဒီကောင်လေးကို ဓာတ်အားပေးစက် အဖြစ် သုံးလိုက်ပုံ ရသည်။

"တုံကျဲ... လာ ထမင်းစားရအောင်... မင်း ပင်ပန်းသွားပြီ... ဒါနဲ့ ငါးချဉ်ဟင်းက ဘယ်လို လုပ်လိုက်တာလဲ"

လင်းယွမ်က ရယ်မောရင်း မေးလိုက်သည်။

ရန်မေကလည်း ရယ်လိုက်ပြီး...

"အရင်က (၂၄) လွှာမှာ တွေ့ထားတဲ့ ရှားပါး ကွမ်တုံ ငရုတ်ကောင်းတွေ အများကြီး ရှိတယ်လေ... အရင်တုန်းက ငါးကင်တွေ၊ ငါးနီချက်တွေချည်း စားနေရတော့ မောင်လေး ရိုးအီနေမှာစိုးလို့ ဒီ ငါးချဉ်ဟင်းလေး ချက်လိုက်တာ... မြည်းကြည့်ပါဦး"

လင်းယွမ်က ပြုံးလိုက်ပြီး...

"အမ ချက်တဲ့ ထမင်းဟင်းက မစားကြည့်ဘဲနဲ့တောင် သိတယ်... သေချာပေါက် ကောင်းမှာ"

ရန်မေ မျက်လုံးလေးတွေက လခြမ်းကွေးလေးတွေ ဖြစ်သွားအောင် ရယ်မောလိုက်သည်။

သူမက တုံယန်၊ တုံကျဲ၊ တင်းယန်၊ ကျောက်ခိုင်၊ လျှိုဖိန်ဖိန် တို့ကိုပါ အတူ လာစားရန် ခေါ်လိုက်သည်။

ကျောက်ခိုင်က အားနာချင်ယောင် ဆောင်နေသေးသဖြင့် လင်းယွမ်က တဲ့တိုးပင် ပြောလိုက်သည်။

"ဒေါက်တာရန်၊ ရှီဟိုင်ကျူးနဲ့ ကုဖုန်း တို့ကိုပါ သွားခေါ်ချေ"

ထိုအခါမှ ကျောက်ခိုင်လည်း အားမနာတော့ဘဲ လူသွားခေါ်တော့သည်။

ဒီတစ်ခေါက် ထမင်းစားပွဲတွင် ဦးလေးမာနှင့် ချိုင်ကြည် တို့ မပါဝင်ပေ။

တစ်ချက်က သူတို့ ခန္ဓာကိုယ် အားနည်းနေသေးပြီး အပြည့်အဝ ပြန်မကောင်းသေးသဖြင့် အစာပျော့ပျော့သာ စားနိုင်သည်။

နောက်တစ်ချက်က အခု ဒီမှာ ရှိနေတဲ့လူတွေက ဒီကိစ္စမှာ အဓိက စွမ်းဆောင်ခဲ့သူတွေ ဖြစ်သည်။

ဒီထမင်းပွဲက အားလုံးကို ဂုဏ်ပြုသည့် သဘောလည်း ပါသည်။

"အစ်ကိုလင်းယွမ်... ကျောက်ခိုင် ပြောတာတော့ သစ်ဖောင် ရှိသေးတယ်ဆို"

ထမင်းဝိုင်းတွင် ရန်ဆန်းမင်က ထမင်းတစ်လုပ် စားလိုက်ပြီး အရေးအကြီးဆုံး မေးခွန်းကို မေးလိုက်သည်။

လင်းယွမ်က ခေါင်းညိတ်ပြီး ပြုံးလိုက်သည်။

"ရှိသေးတယ်... ကျွန်တော် ပြန်လာတုန်းက သစ်ဖောင် ဘာမှ မဖြစ်တာ တွေ့လို့ ဝှက်ထားခဲ့လိုက်တယ်"

ရန်ဆန်းမင် သက်ပြင်းချလိုက်နိုင်ပြီး မျက်နှာတွင် အပြုံးများ ပြည့်နှက်သွားသည်။

"ရှိသေးတယ်ဆို တော်သေးတာပေါ့... တော်သေးတာပေါ့... မဟုတ်ရင် ငါတို့ နောက်ထပ် သစ်ဖောင် တစ်စင်း လုပ်ဖို့ အားကုန်ခံရဦးမယ်"

"အသစ်ပြန်လုပ်တော့လည်း ဘာဖြစ်လဲဗျာ" ရှီဟိုင်ကျူးက ဝင်ပြောလိုက်သည်။

ရန်ဆန်းမင်က စိတ်ပျက်လက်ပျက်ဖြင့်...

"ခင်ဗျားက သစ်ဖောင်လုပ်တာ လွယ်တယ် ထင်နေလား... ပြီးတော့ ကြားထဲမှာ အချိန်တွေ ဘယ်လောက် ပုပ်မလဲ ခင်ဗျား သိလား"

"အခု ရေမျက်နှာပြင် အနေအထားနဲ့ဆိုရင် ရေထဲမှာ ပေ ၄၀ လောက်ရှိမယ့် ဧရာမ ရေဘဝဲကြီးတွေတောင် ရှိနေပြီ... နောက်ပိုင်း ရေကြီးလာတာနဲ့အမျှ ဘယ်လို သတ္တဝါဆန်းတွေ ပေါ်လာဦးမလဲ ဘယ်သူသိမှာလဲ... ကျုပ်တို့ ဘယ်လို ရင်ဆိုင်မလဲ"

ရန်ဆန်းမင်က အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်သည်။ နောက်ပိုင်းကျရင် ရေထဲက သန္ဓေပြောင်း သတ္တဝါတွေ ပိုကြမ်းလာမယ်ဆိုတာ သူ ကောင်းကောင်း သိသည်။

တိုက်ထဲမှာ ဆက်နေရင် သေချာပေါက် လမ်းဆုံးပဲ။

ပိုမြင့်တဲ့ တောင်ပေါ်ကို သွားမှ ဖြစ်မည်။

ရှီဟိုင်ကျူးက အဲ့ဒီလောက်ကြီး တွေးမထားဘဲ ပါးစပ်ထဲ ရှိရာ ပြောလိုက်သည်။

"အစ်ကိုလင်းယွမ် ရှိနေမှတော့ ရေဘဝဲကြီး ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ဂရုစိုက်စရာ လိုလို့လား... ဟုတ်တယ်မလား အစ်ကိုလင်းယွမ်"

လင်းယွမ်က ရယ်မောလိုက်ပြီး...

"ဒေါက်တာရန် ပြောတာ မှန်တယ်... ကျွန်တော်တို့ ထိုက်ယန်တောင်ကို စောစော ရောက်နိုင်လေ ကောင်းလေပဲ"

"တစ်ချက်က ရေကြီးတဲ့အထဲမှာ သန္ဓေပြောင်း သတ္တဝါတွေ ပိုကြမ်းလာမှာရယ်... နောက်တစ်ချက်က ထိုက်ယန်တောင်ဘက်မှာ နေရာလွတ် သိပ်ကျန်‌တော့မယ် မထင်ဘူး"

"စောစောသွားရင် နေရာရနိုင်ချေ ရှိသေးတယ်... ပြိုင်ဆိုင်မှု သိပ်မပြင်းထန်လောက်သေးဘူး"

ရန်ဆန်းမင်က ခေါင်းတငြိမ့်ငြိမ့် လုပ်နေသည်။

"အစ်ကိုလင်းယွမ် ပြောတာ မှန်တယ်... အဲ့ဒီအချက်ကလည်း အရေးကြီးတယ်... ထိုက်ယန်တောင်က သိပ်မြင့်တဲ့ တောင် မဟုတ်ဘူး... တိတိကျကျ ပြောရရင် ကုန်းမြင့်မို့မို့လောက်ပဲ ရှိတာ... နေစရာ နေရာက အကန့်အသတ် ရှိတယ်"

"ထိုက်ယန်တောင်ဘက်ကို ကျွန်တော် ရောက်ဖူးတယ်... အဲ့ဒီနားမှာ လုံးချင်းအိမ်ရာတွေနဲ့ တခြား ရပ်ကွက်တွေ ရှိတယ်... လူဦးရေ သိပ်မထူထပ်ပေမယ့် လူတော့ တော်တော်များမှာပဲ... ပြီးတော့ တောင်ခြေနားက ဒေသခံ ရွာသားတွေလည်း ရှိသေးတယ်"

"အဲ့ဒီလူတွေ အစောထဲက တောင်ပေါ် တက်ပြီး နေရာကောင်းတွေ ဦးထားကြလောက်ပြီ"

"ငါတို့ စောစော သွားနိုင်လေ ကောင်းလေပဲ"

တင်းယန် နှင့် တခြားလူများလည်း ခေါင်းညိတ် ထောက်ခံကြသည်။

လင်းယွမ်က ပြုံးလိုက်ပြီး...

"မနက်ဖြန်ကျရင် လူတွေ ကျန်းမာရေး အခြေအနေ ဘယ်လိုလဲ ကြည့်ကြတာပေါ့... အဲ့ဒီကျရင် ဦးလေးမာနဲ့ ချိုင်ကြည် ကို သစ်ဖောင် သွားစစ်ခိုင်းလိုက်မယ်... ပြဿနာ မရှိရင် အမြန်ဆုံး ခရီးဆက်ကြတာပေါ့"

"ကောင်းပြီ... ဒါဆိုရင် ကျွန်တော်တို့ ရှေ့ဆက်မယ့် ခရီးလမ်း ဖြောင့်ဖြူးပါစေဆိုပြီး ခွက်ချင်းတိုက်လိုက်ကြရအောင်"

ကျောက်ခိုင်က သူ့နောက်ကျောဘက်မှ ဘီယာ ပုလင်းအချို့ ထုတ်ယူလိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။

တင်းယန် အံ့သြ ဝမ်းသာသွားပြီး "နင် ဘီယာတွေ ဘယ်က ရတာလဲ" ဟု မေးလိုက်သည်။

ကျောက်ခိုင်က ရယ်လျက်...

"အောက်ထပ်က စားသောက်ဆိုင်တွေမှာ တွေ့လို့ ကျွန်တော့် အစွမ်းနဲ့ အအေးခံထားတာ... လာ... သောက်ကြည့်ကြ"

ရှီဟိုင်ကျူးက စိတ်လှုပ်ရှားစွာဖြင့်...

"မထင်ထားဘူးကွာ... ဒီလိုအချိန်မှာ ဘီယာ သောက်ရလိမ့်မယ်လို့... ကျောက်ခိုင် ရေ... မင်းရဲ့ ရေခဲအစွမ်းက တကယ် အသုံးဝင်တာပဲ... သောက်ရတာ ရှယ်ပဲကွ"

လူအားလုံး ရယ်မောလိုက်ကြပြီး ထမင်းဝိုင်းလေးက ပျော်ရွှင် ကြည်နူးစရာ အတိ ပြီးဆုံးသွားလေသည်။

ဆက်ရန်...

All Chapters