← Chapters

အခန်း (၅၀၀၁-၅၀၀၅)

Vol. 253 Ch. 5001-5005

အခန်း (၅၀၀၁-၅၀၀၅)

Vol. 253 Ch. 5001-5005

Chapter 5001

လုယွီသည် သူ၏ရှေ့မှ နတ်ဘုရားမနှင့် သူ့အကြားမှ အပြန်အလှန်ဆက်ဆံမှုကို မှတ်မိနေသည်။ ဤသည်မှာ ထိုက်ချန်ဧကရာဇ်၏ မှတ်ဉာဏ်ပင်။

သို့ရာတွင် လုယွီသည် ကျိုးထျန်းယင် မဟုတ်ချေ။ သူသည် သူ၏အတိတ်ဘဝနှင့် ဇစ်မြစ်ကို လက်ခံပြီးဖြစ်သော်လည်း ဤဘဝကို ဖျောက်ဖျက်ခွင့်ပြုမည် မဟုတ်ပေ။

သူ ပြောခဲ့သည့်အတိုင်း ကျိုးထျန်းယင်သည် ကျိုးထျန်းယင်သာဖြစ်ပြီး သူ လုယွီ မဟုတ်ချေ။

"မင်း ငါ့ကို စကားပြောနေတာလား..."

လုယွီသည် နတ်ဘုရားမဟန်ယွဲ့ကို ကြည့်ပြီးသူ၏မျက်လုံးများအတွင်းတွင် အေးစက်စက်အလင်းရောင်တစ်တန်း ဖြတ်ပြေးသွားသည်။

ထိုအချိန်အခိုက်အတန့်တွင် ကြီးမားကျယ်ပြန့်ပြီး အားကောင်းကာ စူးရှသော အရှိန်အဝါတစ်ရပ် ပွင့်အံ့ထွက်လာသည်။

ကံကြမ္မာရွှေရောင်နဂါးသည် မိုးကောင်းကင်ယံသို့ ပျံသန်းသွားပြီး နတ်ဘုရားမဟန်ယွဲ့ကိုကြည့်ကာ ဟိန်းဟောက်လိုက်သည်။ ဤအချိန်အခိုက်အတန့်တွင် လောကကြီးတခွင်လုံး တုန်ခါသွားသည်။ ဤသည်မှာ လောကကြီးအတွင်းရှိ သက်ရှိများအားလုံးသည် လုယွီ၏ရှေ့တွင် အညံ့ခံကြတော့မည့်အလားပင်။

ကြောက်မက်ဖွယ် ဖိအားတစ်ရပ်သည် ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားကာ သက်ရှိများအားလုံး၏အရှင်သခင် ဒေါသထွက်နေသည့်အလားပင်။

လူများအားလုံးသည် ဆိုးရွားသော အခြေအနေတွင် ရှိနေပေ၏။ သူတို့၏ခန္ဓာကိုယ်များပေါ်မှ ဖိအားသည် အဆရာပေါင်းများစွာ တိုးလာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ ဤသည်မှာ သူတို့ကို ဒူးမထောက်ဘဲ မနေနိုင်အောင် ပြုလုပ်နေသည်။ လူအများသည် လုယွီကို ထိတ်လန့်ကြောက်ရွံ့နေကြသည်။

"နင်.."

နတ်ဘုရားမဟန်ယွဲ့သည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားပြီး သူမ၏မျက်နှာ ဖြူဖျော့သွားသည်။

ယခင်တော်ဝင်ကြင်ယာတော်များအားလုံး၏ မျက်နှာအမူအယာများ တပြိုင်နက်တည်း ပျက်ယွင်းသွားပေ၏။

သူမတို့သည် အတိတ်က ထိုက်ချမ်ဧကရာဇ်ကို မြင်တွေ့နေရသည့်အလားပင်။ လုယွီ၏အသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ပြီး နောက်ထပ်အချိန်တခဏတွင် ကောင်းကင်ယံမှ ကြယ်များကိုပင် ဆွတ်ခူးနိုင်သည့်အလား ဖြစ်နေသည်။

တော်ဝင်ကြင်ယာတော်များသည်လည်း ဒူးထောက်အရိုအသေပြုလိုစိတ်များ ရုတ်တရက် ပေါက်ဖွားလာသည်။ ဤသည်မှာ ပုရွက်ဆိတ်များက ကျားသစ်တစ်ကောင်ကို မြင်တွေ့ရသည်နှင့် တူညီနေကာ သူမတို့သည် မကြောက်ရွံ့ဘဲ မနေနိုင်တော့ချေ။

"ကျင့်ဝတ်မဲ့လိုက်တာ....အရှင်ဧကရာဇ်က ရှေ့မှာရှိနေတာကို မြင်နေတာတောင် မင်းတို့အားလုံးက ရှေ့ထွက်ပြီး အရိုအသေမပြုကြသေးဘူးလား"

ကျိုးကောင်းက ရုတ်တရက် အသံကုန်အော်လိုက်သည်။

ကြင်ယာတော်များအားလုံးထံတွင် စိတ်ခံစားချက်များ ရှုပ်ထွေးနေသည်။ အထူးသဖြင့် ကွယ်လွန်သူဧကရာဇ်၏ အနီးကပ်မိန်းမစိုး ကျိုးကောင်းကို မြင်တွေ့ချိန်တွင် သူမတို့သည် ပို၍ပင် စိတ်ရှုပ်ထွေးလာကြ။ ယခုချိန်၌ ကျိုးကောင်းသည် လုယွီကဲ့သို့ လူစိမ်းတစ်ယောက်ကို နဂါးပလ္လင်ပေါ်သို့ တက်ရန် ထောက်ခံနေသည်။ ဤသည်မှာ အနည်းငယ် မယုံကြည်နိုင်ဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။

ကျိုးကောင်းသည် ရုတ်တရက် ရှေ့သို့ခြေတစ်လှမ်းတိုးပြီး အော်ဟစ်လိုက်၏။

"တော်ဝင်ကြင်ယာတော်တွေအားလုံး ရှေ့ထွက်ပြီး ဂါရဝပြုကြစမ်း....မင်းတို့က နန်းတော်ကနေ ထွက်သွားပြီးသား ဖြစ်နေရင်တောင် နန်းတွင်းစည်းကမ်းတွေကို မမေ့ကြနဲ့...."

ကွယ်လွန်သူဧကရာဇ်၏ ကြင်ယာတော်များအားလုံး နေရာတွင်ပင် ကြက်သေသေသွားကြသည်။

သူမတို့သည် ကျိုးထျန်းယင်၏ အရှိန်အဝါကို သိသာထင်ရှားစွာ ခံစားမိသည်။

သို့ရာတွင် နဂါးပလ္လင်ပေါ်တွင် ထိုင်နေသူမှာ သူမတို့နှင့် မရင်းနှီးသော လူငယ်တစ်ယောက်သာ ဖြစ်သည်။

မီဖေးသည် နဂါးပလ္လင်ပေါ်တွင် ရစ်ခွေနေသော ရွှေရောင်နဂါးနှင့် လုယွီတို့ကို ကြည့်ပြီး သူမ၏စိတ်အတွင်းတွင် ရုတ်တရက် ဇဝေဇဝါဖြစ်သွားသည်။

လွန်ခဲ့သော အတိတ်တွင် ကွယ်လွန်သူဧကရာဇ်သည်လည်း ဤကဲ့သို့ ခန့်ညားထည်ဝါခဲ့ပေ၏။

"ဟူး..."

မီဖေးက သက်ပြင်းရှည်ကြီးတစ်ချက်ရှိုက်ပြီး ဦးညွှတ်အရိုအသေပြုလိုက်သည်။

"အရှင်ဧကရာဇ်ကို အရိုအသေပြုပါတယ်.."

မီဖေးက ဦးဆောင်လိုက်သဖြင့် တခြားကြင်ယာတော်များလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ နောက်ဆုံးတွင် လုယွီကို ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။

"အရှင်ဧကရာဇ်ကို အရိုအသေပြုပါတယ်..."

နတ်ရားမဟန်ယွဲ့၏မျက်နှာပေါ်တွင် မကျေနပ်သော အမူအယာတစ်ရပ် ထင်ဟပ်နေသော်လည်း နောက်ဆုံးတွင် ကြီးမားသော ဧကရာဇ်အရှိန်အဝါကို မတွန်းလှန်နိုင်တော့သဖြင့် သူမ၏မာနကြီးသောခေါင်းကို ငုံ့ကာဦးညွှတ်လိုက်သည်။

လူတိုင်းသည် ဤမြင်ကွင်းကြောင့် အံ့အားသင့်သွားပေ၏။ ယခင်ဧကရာဇ်၏ကြင်ယာတော်များသည် အလွန်မာနကြီးသော်လည်း ယခုချိန်၌ သူမတို့သည် လုယွီ၏ရှေ့တွင် ခေါင်ငုံခဲ့ကြသည်။

လုယွီသည် နဂါးပလ္လင်ပေါ်တွင် ထိုင်နေပြီး ကြောက်မက်ဖွယ် ချီစွမ်းအားတစ်ရပ်ကို ထုတ်လွှတ်ထားသည်။ သူ၏မျက်လုံးများသည် လောကရှိ အရာအားလုံးကို ထွင်းဖောက်မြင်နိုင်သည့်အလားပင်။ မည်သည့် ဖုံးကွယ်နည်းစနစ်မျိုးဖြစ်စေ လုယွီ၏ရှေ့တွင် အသုံးဝင်မည်မဟုတ်ချေ။

"အတိတ်က လေပြေလိုပါပဲ... ကျိုးထျန်းယင်က အတိတ်က တည်ရှိမှုတစ်ခု ဖြစ်သွားခဲ့ပြီ...မင်းတို့အားလုံး ခေါင်းမာနေဖို့ မလိုတော့ဘူး"

လုယွီက သက်ပြင်းတစ်ချက်ရှိုက်ပြီး ပြောဆိုလိုက်သည်။

တော်ဝင်ကြင်ယာတော်များ၏ မျက်နှာများပေါ်တွင် ဝမ်းနည်းမှုအရိပ်အယောင်တစ်ရပ် ထွက်ပေါ်လာသည်။

နတ်ဘုရားမဟန်ယွဲ့၏ခန္ဓာကိုယ်သည် တုန်ခါသွားပြီး သူမသည် ချစ်ရသူကို ဆုံးရှုံးသွားသော မိန်းကလေးငယ်တစ်ယောက်အလား ငိုကြွေးလိုက်၏။

"လုယွီ... ကွယ်လွန်သူဧကရာဇ်ရဲ့ စွမ်းအားအမျှင်တန်းက ဘာဖြစ်သွားတာလဲ"

မီဖေးက မေးမြန်းသည်။

လုယွီသည် မီဖေးကို ကြည့်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်၏။

"ကျန်းမီ... မင်းက ငါ့ကို မေးခွန်းထုတ်နေတာလား"

ဘုန်း....

အချိန်တခဏအတွင်းတွင် မီဖေးသည် သူမ၏ရှေ့တွင် ဝဲဂယက်တစ်ခု ထွက်ပေါ်လာသည့်အလား ခံစားလိုက်ရသည်။

သူမသည် အဆင့်မြင့်နတ်ဘုရားတစ်ပါး ဖြစ်သော်လည်း ဤဝဲဂယက်အတွင်း၌ ရှိနေချိန်တွင် ချောက်နက်ကြီးအတွင်းသို့ ကျသွားသည့်အလား ခံစားလိုက်ရသည်။ သူမ၏ခေါင်း လေးလံပြီး ခြေထောက်များပျော့ခွေ့လာကာ ပြင်းပြင်းထန်ထန် မူးဝေသွားသည်။

နောက်တစ်အချိန်တခဏတွင် မီဖေးသည် မူးဝေနေရာမှ အသိဝင်လာပေ၏။ သူမ၏ နဖူးပြင်ပေါ်တွင် ချွေးစေးတစ်လွှာ စိမ့်ထွက်နေသည်။

Chapter 5002

"ကျိုးထျန်းယင် သေသွားပြီ... ခုနက စွမ်းအားအမျှင်တန်းက ကံကြမ္မာရွှေရောင်နဂါးကနေ ထွက်ပေါ်လာတဲ့ ဖိအားပဲ"

လုယွီသည် မီဖေး၏မေးခွန်းကို မဖြေဘဲ ယခင်ဧကရာဇ်နှင့် ကြင်ယာတော်များအကြားရှိ ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။

ဤသည်မှာ သူ၏အတိတ်ဘဝက ကံကြမ္မာဖြစ်သော်လည်း လုယွီသည် အလွန်အကျွံ မပါဝင်လိုချေ။ အကြောင်းအရင်းမှာ ထိုခံစားချက်များသည် သူနှင့်မသက်ဆိုင်သောကြောင့်ပင်။

ကျိုးကောင်းသည် ဤကိစ္စကို နားလည်သဘောပေါက်သဖြင့် ယခင်ဧကရာဇ်ကြင်ယာတော်များနှင့်အတူ ထွက်ခွာသွားသည်။

ဤအချိန်တွင် မိုးကောင်းကင်ယံသည် ကြည်လင်နေပြီး တိမ်မည်းများ လွင့်ပြယ်သွားပေ၏။ မိုးသည်းထန်စွာရွာပြီးနောက် လေထုအတွင်းတွင် လတ်ဆတ်သောလေပြည်အေးများဖြင့် ပြည့်နှက်နေသည်။

အရာရှိများသည် စကြာဝဠာနန်းတော်သို့ ဝင်ရောက်လာပြီး လုယွီကို တွေ့ဆုံကြသည်။

ဤအချိန်အခိုက်အတန့်တွင် ထိုအရာရှိများသည် ယခင်က မည်သည့်အဆင့်အတန်း ရှိခဲ့သည်ဖြစ်စေ အတိတ်တွင် မည်သို့သော အစွမ်းအစများပင် ရှိခဲ့သည်ဖြစ်စေ လုယွီကို မထီမဲ့မြင် မပြုဝံ့ချေ။

ယခင်တော်ဝင်ကြင်ယာတော်များအနက်မှ တစ်ဦးချင်းစီသည် လောကကြီးကို တုန်လှုပ်စေခဲ့သော နာမည်ကျော်ကြားသည့် တည်ရှိမှုကြီးများပင်။ သို့ရာတွင် ထိုကဲ့သို့သော တည်ရှိမှုကြီးများကို လုယွီက အနိုင်ယူခဲ့သည်။

ထိုထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ တခြားမည့်အရာ ရှိနိုင်အုံးမည်နည်း။

"ဧကရာဇ်က နာမကျမ်းဖြစ်နေတာကြောင့် အင်ပါယာရဲ့အရေးကို ယာယီကိုင်တွယ်နိုင်မှာ မဟုတ်ဘူးလို့ ပြင်ပလောကကို ထုတ်ပြန်ကြေငြာလိုက်စမ်း.... ဒီနေ့ကစပြီး အရာရှိတွေအားလုံးက ကြိုးစားလုပ်ဆောင်ပြီးတော့ တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ရမယ်"

လုယွီ၏အသံသည် စကြာဝဠာခန်းမဆောင်အတွင်းတွင် ပဲ့တင်ထပ်သွားသည်။

"အမိန့်တော်အတိုင်းပါ..."

အရာရှိများအားလုံးသည် ရိုသေလေးစားသောမျက်နှာအမူအယာများဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြ၏။

လုယွီက ဆက်လက်၍ ပြောဆိုသည်။

"တော်ဝင်နန်းတွင်းက အင်အားနည်းနေပြီးတော့ အမတ်နေရာ တစ်ဝက်လောက် လစ်လပ်နေတယ်... ကွမ်လုအမတ်ချန်ကျင်းက အရာရှိခန့်အပ်ရေးအမတ်ကြီးအဖြစ် တာဝန်ယူပြီးတော့ အလယ်အလတ်နဲ့ အဆင့်နိမ့်အရာရှိတွေကို အမြန်ဆုံးရွေးချယ်ပြီး တော်ဝင်နန်းတွင်းကို အမြန်ဆုံး လည်ပတ်နိုင်အောင် လုပ်ရမယ်..."

ဤစကားကိုကြားချိန်တွင် လူအများ အံ့အားသင့်သွားကြသည်။

အချိန်အတော်ကြာပြီးမှ သူတို့သည် ချန်ကျင်း မည်သူမည်ဝါဖြစ်သည်ကို သတိရသွားပေ၏။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ ကျောင်းအုပ်ကြီး မဟာကွန်ဖြူးရှပ်ပညာရှင် ချန်ကျင်း...

ကွမ်လုအမတ်ဘွဲ့သည် အသုံးမဝင်သော အရပ်ဘက်ဘွဲ့ထူးတစ်ခုပင်။ များသောအားဖြင့် ဤဘွဲ့ထူးကို အငြိမ်းစားယူပြီးသော အရာရှိများကိုသာ ပေးအပ်လေ့ရှိသည်။

"အရာရှိခန့်အပ်ရေးအမတ်ကြီးက ဘယ်အင်အားစုနဲ့မှ မပတ်သက်ရဘူး...ချန်ကျင်းက ဒီနှစ်တွေအတွင်းမှာ ကျောင်းတော်မှာပဲ စာသင်နေခဲ့တာ... သူက ဒီရာထူးနေရာအတွက် သင့်တော်တဲ့လူပဲ"

လက်ရှိနေရာတွင် ရှိနေသော အမတ်များသည် တုံးအသူများ မဟုတ်ချေ။ အချိန်တခဏကြာခန့် အံ့အားသင့်ပြီးနောက် သူတို့သည် ဤကိစ္စကို အလျင်အမြန် နားလည်သွားကြသည်။

ထို့ပြင် ချန်ကျင်းသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ မဝင်မီ နန်းတွင်း၌ တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ သူသည် လူသစ်တစ်ယောက် မဟုတ်ချေ။

လုယွီ၏ စီစဉ်မှုသည် အလွန်ကောင်းမွန်သည်ဟု ဆိုနိုင်ပေ၏။

အရာရှိရာထူးများတွင် လစ်လပ်နေရာ များစွာရှိနေရခြင်းမှာ ယခင်က ရှမိသားစုဝင်များသည် တာယွီနန်းတွင်း၏ နေရာတိုင်းကို သိမ်းပိုက်ထားပြီး ရုံးတော်အသီးသီးရှိ အရာရှိအမြောက်အများသည် ရှမိသားစုနှင့် ဆက်စပ်နေသောကြောင့်ပင်။

လုယွီ ရောက်ရှိလာပြီးနောက် ဤရှမိသားစုဝင်အရာရှိများသည် ပြတ်ပြတ်သားသား ထွက်ပြေးသွားကြပြီး တော်ဝင်မြို့တော်တွင် ရှုပ်ထွေးမှုများစွာ ချန်ထားခဲ့သည်။

"ကျွန်တော်မျိုး လီစစ်က အရှင်ဧကရာဇ်ကို အရိုအသေပြုပါတယ်...."

ဤအချိန်အခိုက်အတန့်တွင် စကြာဝဠာခန်းမ၏ ဝင်ပေါက်ရှေ့သို့ လူငယ်အရာရှိတစ်ဦးက ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာသည်။

သာမန်အခြေအနေတွင် စကြာဝဠာခန်းမသည် နန်းတွင်းအစည်းအဝေးအတွက် အရေးကြီးသောနေရာဖြစ်သည်။ နန်းတွင်းအရာရှိများပင်လျှင် သင့်လျော်သော အကြောင်းအရာမရှိဘဲ ဝင်ခွင့်မရချေ။

သို့ရာတွင် ယခုချိန်၌ တော်ဝင်နန်းတွင်းသည် မငြိမ်မသက်ဖြစ်နေပြီး လူတိုင်း၏စိတ်အာရုံသည် လုယွီထံတွင်သာ ရှိနေပေ၏။ ထို့ကြောင့် ဤလူငယ်အရာရှိ၏ရောက်ရှိလာမှုကို မည်သူမျှ သတိမပြုမိချေ။

သူသည် တရားစီရင်ရေးရုံးတော်၏ အမတ်ကြီးလီစစ်ပင်။

လူအများသည် အံ့အားသင့်သောမျက်နှာများဖြင့် လီစစ်ကို ကြည့်လိုက်ကြသည်။ သူတို့သည် ဤအချိန်တွင် လီစစ် မည်သည်ကြောင့် ထွက်ပေါ်လာသည်ကို နားမလည်ကြချေ။

လုယွီသည် လီစစ်ကိုကြည့်ပြီး မသိမသာ ခေါင်းညိတ်ပြလိုက်၏။

လီစစ်သည် နားလည်သဘောပေါက်သွားပြီး ကျယ်လောင်စွာ ပြောဆိုလိုက်သည်။

"ဒီအရာရှိက ထွက်ပြေးဖို့ ကြိုးစားနေတဲ့ အရာရှိတွေအားလုံးကို ဖမ်းဆီးပြီးပါပြီ... သူတို့ထဲမှာ ကျန်းကျွင်းချန်းက အသက်နဲ့လဲပြီး ပြန်တိုက်ခိုက်ချင်တာကြောင့် ဒီလက်အောက်ငယ်သားက နေရာမှာတင် သတ်ပစ်လိုက်ပါတယ်..."

"ဒါ့ပြင် ရှမိသားစုရဲ့ ကျန်ရစ်သူတွေအားလုံးကို ဒီအရာရှိက ဖမ်းဆီပြီးပါပြီ...သူတို့ကို အခု တရားစီရင်ရေးရုံးတော်ရဲ့ အကျဉ်းထောင်ထဲမှာ ချုပ်နှောင်ထားပါတယ်...အရှင်ဧကရာဇ်က ဆုံးဖြတ်ပေးတော်မူပါ...."

ထိုစကားကိုကြားချိန်တွင်....

လူများအားလုံး၏မျက်လုံးများအတွင်း၌ ချက်ချင်းဆိုသလိုပင် စိတ်အားထက်သန်မှုများ ထင်ဟပ်လာသည်။

ရှမိသားစုနှင့် စာရင်းရှင်းရမည့်အချိန်သို့ ရောက်ရှိလာလေပြီ။

ယခုချိန်၌ သူတို့ ကောင်းမွန်စွာ ဆောင်ရွက်နိုင်လျှင် အသစ်နန်းတက်လာမည့် ဧကရာဇ်၏ရှေ့တွင် ပုံရိပ်ကောင်းတစ်ခု ဖန်တီးနိုင်မည်မှာ သေချာပေါက်ပင်။

"အရှင်ဧကရာဇ်...မကောင်းမှုကို အမြစ်ပြတ်ဖယ်ရှားတဲ့အနေနဲ့ ရှမိသားစုဝင်တွေကို ကွပ်မျက်သင့်ပါတယ်...သူတို့အရင်က လုပ်ခဲ့တဲ့ မကောင်းမှုတွေက ချရေးလို့တောင် မကုန်အောင် များပြားပါတယ်...သူတို့ကို အကြိမ်တစ်ထောင် ကွပ်မျက်ရင်တောင် မလွန်ပါဘူး...."

"အရှင်ဧကရာဇ်....ဒီရှမိသားစုဝင်တွေကို တခြားသူတွေအတွက် သတိပေးတဲ့အနေနဲ့ အပြစ်ပေးတော်မူပါ..."

အမတ်အားလုံးသည် ရှမိသားစုကို တစ်ယောက်ပြီးတစ်ယောက် ပြစ်တင်ဝေဖန်ကြပြီး သူတို့၏စကားများသည် ပြင်းထန်ပေ၏။

သူတို့အနက် ကွန်ဖြူးရှပ်ဂိုဏ်းဝင် အမတ်များသည် အပြင်းထန်ဆုံး ပြစ်တင်ဝေဖန်ကြသည်။

ရှရှင်းချွမ်သည် ကျမ်းစာများကို မီးရှို့ပြီး ကွန်ဖြူးရှပ်ပညာရှင်များကို ဖိနှိပ်ခဲ့ကာ ကွန်ဖြူးရှပ်ဂိုဏ်းကို အကြီးမားဆုံး ထိုးနှက်ချက်ပေးခဲ့သည်။ ယခု လက်စားချေရမည့်အချိန်ဖြစ်လေရာ ထိုကဲ့သို့သော အခွင့်အရေးကောင်းကို သူတို့သည် မည်သည်ကြောင့် အလွတ်ပေးနိုင်မည်နည်း။

လုယွီက မှတ်ချက်မပေးဘဲ လီစစ်ကို ကြည့်လိုက်သည်ေ။

"တရားစီရင်ရေးရုံးတော်က ဒီလူတွေကို ဘယ်လိုအရေးယူဖို့ ကြံရွယ်ထားလဲ"

Chapter 5003

လီစစ်က တည်ကြည်လေးနက်သော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။

"တာယွီရဲ့ ဥပဒေအတိုင်း အပြစ်ပေးမယ်.. ပြစ်မှုကျူးလွန်တဲ့သူတွေကို အပြစ်ပေးပြီး ပြစ်မှုမကျူးလွန်တဲ့သူတွေကို လွှတ်ပေးမယ်"

ဘာ...

အရာရှိများအားလုံးသည် အံ့အားသင့်စွာဖြင့် လီစစ်ကို ကြည့်လိုက်ကြ၏။

လုယွီနှင့် ရှမိသားစုအကြားတွင် သွေးကြွေးရှိသည်ကို လူတိုင်း သိထားကြသည်။ လုယွီ သာမန်ကျင့်ကြံသူတစ်ဦး ဖြစ်နေစဥ်၌ ရှမိသားစုသည် သူ့ကို ပြင်းပြင်းထန်ထန် ဖိနှိပ်ခဲ့သည်။

ဤအချိန်တွင် အတုံးအဆုံးအမတ်ပင်လျှင် မည်ကဲ့သို လုပ်ဆောင်ရမည်ကို သိရှိသည်။ ရှမိသားစုကို မည်သို့မျှ ကာကွယ်နိုင်မည် မဟုတ်ချေ။ ယခုချိန်၌ မှန်ကန်သောရွေးချယ်မှုမှာ ရှမိသားစုကို ဆန့်ကျင်ပြီး သူတို့အားလုံးကို အကျဥ်းချထားခြင်းပင်။

လီစစ်ကမူ ဥပဒေအတိုင်း လိုက်နာလိုသည်။ ဤသည်မှာ လုံးလုံးလျားလျားမဖြစ်နိုင်သော အတွေးအမြင်ပင်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ... သူက လူငယ်တစ်ယောက်ပဲ...အရာရှိလောကရဲ့ စည်းကမ်းတွေကို လုံးဝနားမလည်ဘူး...."

တချို့လူများက အေးစက်စွာ လှောင်ပြောင်သရော်လိုက်ကြသည်။

လုအဖွဲ့အစည်း၏ခေါင်းဆောင်ဖြစ်သော လီစစ်သည် လူအများ၏သတိပြုခြင်းကို ခံရသည်မှာ သဘာဝကျသော ကိစ္စတစ်ရပ်ပင်။

အတိတ်က ရှမိသားစု၏ ဖိနှိပ်မှုအောက်တွင် လုအဖွဲ့အစည်းသည် အမြဲတစေ အားနည်းသောအနေအထားတွင် ရှိခဲ့ပြီး လီစစ်ကို တခြားလူများက တန်ဖိုးထားခြင်းမရှိပေ။

သို့ရာတွင် ယခု လုယွီ နန်းတက်လာချိန်၌ လီစစ်သည် လုယွီ၏အတန်းဖော်နှင့် လုအဖွဲ့အစည်း၏ခေါင်းဆောင်တစ်ဦးအနေဖြင့် လူတိုင်း၏အာရုံစိုက်ခြင်းခံရသူ ဖြစ်လာသည်။

လူအများစုသည် လီစစ်ကို ကံဆိုးစေလိုကြပြီး ထိုမှတစ်ဆင့် သူတို့ အထက်သို့ တက်လှမ်းရန်အတွက် အခွင့်အရေးကိုရှာဖွေနိုင်ရန် မျှော်လင့်ကြသည်။

လုယွီက မေးမြန်းလိုက်၏။

"မင်း ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲဆိုတာ ငါ့ကို အသေးစိတ်ပြောစမ်း"

လီစစ်သည် ဤအတွက် ကြိုတင်ပြင်ဆင်ထားပုံဖြင့် တည်ငြိမ်စွာ တုံ့ပြန်အဖြေပေးသည်။

"ပထမဆုံး အကျဉ်းသားတွေကို အတန်းအစားသုံးခုခွဲမယ်...."

"ကျန်းကျင်းချွမ်နဲ့ဟွမ်ကျိချန်တို့လို လူတွေက အကျိုးအမြတ်အတွက် အင်ပါယာကိုရောင်းစားပြီး အာဏာနဲ့စည်းစိမ်အတွက် ကြံစည်ကြတယ်.... သူတို့က ရွံဖို့အကောင်းဆုံးဖြစ်ပြီးတော့ သူတို့ရဲ့အပြစ်တွေက အရမ်းဆိုးရွားတယ်... တာယွီရဲ့ ဥပဒေအရ သူတို့ကို သေဒဏ်ပေးသင့်တယ်..."

"ဒုတိယတန်းစား အကျဉ်းသားတွေက သူတို့ရဲ့ရာထူးကို မှီခိုပြီးတော့ အရည်အချင်းနဲ့အကျင့်သီလမရှိဘဲ စည်းစိမ်ဥစ္စာကို မတရားစုဆောင်းပြီး အင်ပါယာရဲ့အကျိုးစီးပွားကို လောဘတက်ကြတယ်....ဒီလူတွေကို နယ်နှင်ဒဏ်ပေးသင့်ပြီးတော့ ပြစ်မှုရဲ့ပြင်းထန်မှုအပေါ်မူတည်ပြီး ပြစ်ဒဏ်အလေးအပေါ့ကို ဆုံးဖြတ်သင့်တယ်..."

"တတိယတန်းစားအကျဉ်းသားတွေက အပြစ်ရှိပေမယ့် အရမ်းမဆိုးရွားတဲ့လူတွေပဲ... သူတို့ရဲ့ ပြစ်မှုတွေအလိုက် ယာယီအကျဉ်းချထားရင် သူတို့ နောင်တရသွားလိမ့်မယ်... သူတို့ရဲ့ပြစ်ဒဏ်ကုန်ဆုံးပြီးရင် သူတို့ကို လွှတ်ပေးရမယ်"

အမတ်တစ်ဦးက အေးစက်စက်လေသံဖြင့် အော်ငေါက်လေသည်။

"အရာရှိ....မင်း ပြောသလိုဆိုရင် အပြစ်မရှိတဲ့ ရှမိသားစုဝင်တွေလည်း ရှိနေနိုင်တယ်...သူတို့ကိုကျတော့ မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ..."

"အပြစ်မရှိတဲ့သူတွေကို ချက်ချင်းလွှတ်ပေးမယ်.... အုပ်ချုပ်ရေးအဖွဲ့က စုံစမ်းစစ်ဆေးနေတဲ့ ရက်ပိုင်းအတွင်းမှာ သူတို့ကို ချုပ်နှောင်ထားလို့ ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုတွေအတွက် လျော်ကြေးပေးရမယ်... သူတို့မှာ အပြစ်မရှိတာ သေချာတာနဲ့ ချက်ချင်းလွှတ်ပေးရမယ်"

လီစစ်၏အသံသည် ကျယ်လောင်ပြီး တည်ကြည်ပြတ်သားပေ၏။

ထိုအမတ်က သရော်တော်တော် ပြောဆိုသည်။

"ဟမ့်... အရင်တုန်းက ရှမိသားစုက တော်ဝင်နန်းတွင်းရဲ့ နေရာတိုင်းမှာရှိပြီးတော့ ဘယ်သူမှ သူတို့ရဲ့အမိန့်ကို မလိုက်နာဘဲ မနေရဲဘူး... အခု ရှမိသားစု ကျဆုံးပြီး ဧကရာဇ်သစ် နန်းတက်လာတာတောင် မင်းက ဒီလို အဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောရဲသေးတယ်...ဧကရာဇ်ရဲ့အမိန့်ကို မနာခံရုံနဲ့တင် ဒါက ကြီးလေးတဲ့ပြစ်မှုပဲ...ငါ့အထင်တော့ ရှမိသားစုဝင်အားလုံးကို သေဒဏ်ပေးသင့်တယ်....တစ်ယောက်မှ အရှင်မထားသင့်ဘူး"

တခြားအရာရှိတစ်ဦးသည်လည်း ရှေ့သို့ထွက်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ရှမိသားစုရဲ့ပြစ်မှုတွေကို လူတိုင်းသိတယ်... အတိတ်က စည်းကမ်းတွေအရ ဒီလိုမိသားစုကို အမြစ်ပြတ်သုတ်သင်ရမယ်...ဒီလောကမှာ ရှမိသားစုရဲ့တည်ရှိမှုကို လုံးဝခွင့်မပြုနိုင်ဘူး"

"အမှန်ပဲ...အမြစ်ဖြတ်သုတ်သင်ရမယ်..."

"ရှမိသားစုရဲ့စည်းစိမ်က တော်ဝင်မိသားစုထက်တောင် ကျော်လွန်နေတယ်...ဒါက သစ္စာဖောက်မှုပဲ.... ဒီရှမိသားစုဝင်တွေကို ဆက်ပြီးအသက်ရှင်ခွင့် လုံးဝမပေးနိုင်ဘူး"

ပတ်ဝန်းကျင်ရှိ အမတ်များအားလုံး တုံ့ပြန်လိုက်ကြသည်။

ဤလူများသည် ယခင်က တော်ဝင်နန်းတွင်း၌ ရှမိသားစု၏ ဖိနှိပ်ခြင်းကို ခံခဲ့ရလေ၏။

ယခုချိန်တွင် ရှမိသားစု၏အာဏာ ကျဆုံးသွားပြီး သူတို့သည် အခြေအနေကို ပြန်လည်ထိန်းချုပ်နိုင်ချိန်၌ ရှမိသားစုကို အပြစ်ပေးရန် အစွမ်းကုန်ကြိုးစားကြမည်မှာ သဘာဝကျသော ကိစ္စပင်။

လီစစ်က ကျယ်လောင်သောအသံဖြင့် ပြောဆိုသည်။

"ရှမိသားစုက မတရားရယူထားတဲ့ စည်းစိမ်ဥစ္စာတွေကိုတော့ ပြန်ပြီးသိမ်းဆည်းရမယ်... ဒါပေမဲ့ ရှမိသားစုဝင်တွေထဲမှာ အပြစ်ကင်းစင်သူတွေ ရှိနေသရွေ့ သူတို့ကို ဆက်ပြီးအသက်ရှင်ခွင့် ပေးရမယ်"

အရာရှိတစ်ဦးက လှောင်ပြောင်လိုက်သည်။

"ဟမ့်...ငါတို့က မကောင်းမှုကို ဖယ်ရှားဖို့ အစွမ်းကုန်လုပ်ခဲ့တယ်...ရှမိသားစုဝင်အားလုံးကို မသတ်ရင် သူတို့ ဘယ်အချိန်ပြန်ပေါ်လာမလဲဆိုတာ ဘယ်သူ သိမှာလဲ..."

လီစစ်က ထိုအရာရှိကို ကြည့်လိုက်၏။

"ရှမိသားစုက အခုထိ မျိုးဆက်တွေ ပွားများလာတာ...မိသားစုခွဲတွေမှာတောင် လူပေါင်းသန်းနဲ့ချီပြီးရှိတယ်..."

"မင်းက ဒီလူတွေအားလုံးကို သတ်ပစ်ဖို့ ကြံစည်နေတာလား"

Chapter 5004

ထိုအရာရှိက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏မျက်လုံးများအတွင်းတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။

"ဒါဆိုရင်လည်း သူတို့အားလုံးကို သတ်ပစ်”

လီစစ်သည် ဆက်၍မငြင်းခုံတော့ဘဲ လုယွီဘက်သို့ လှည့်ကြည့်လိုက်သည်။

အရာရှိတချို့လည်း သတိဝင်လာပြီး လုယွီကို ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။

သူတို့ မည်သို့ပင် ငြင်းခုံကြစေကာမူ နောက်ဆုံးဆုံးဖြတ်ချက်သည် လုယွီ၏လက်အတွင်းတွင်သာ ရှိပေ၏။

လုယွီသည် အခြေအနေကို စိတ်အတွင်းမှ လေ့လာနေခဲ့သည်။ ဤလူများ၏ ငြင်းခုံမှုများမှ သူသည် အရာရှိတချို့၏အကျင့်စရိုက်ကို တဖြည်းဖြည်း ရှင်းလင်းစွာ မြင်လာသည်။

ရှမိသားစုကို အမြစ်ပြတ်သုတ်သင်ရန် ထောက်ခံနေသော လူများအနက်မှ အများစုသည်သည် လုယွီကို လက်စားချေရန် ကူညီလိုခြင်း မဟုတ်ဘဲ ရှမိသားစု၏ ပိုင်ဆိုင်မှုများကို သိမ်းပိုက်လိုခြင်းပင်။

ရှမိသားစုသည် နှစ်ပေါင်းများစွာကြာအောင် လုပ်ငန်းအမြောက်အများကို လက်ဝါးကြီးအုပ်ထားပြီး တုန်လှုပ်ဖွယ်ရာ ကြွယ်ဝချမ်းသာမှုကို ပိုင်ဆိုင်ခဲ့သည်။

သူတို့ရှေ့မှ ဤမျှကြီးမားသော ကြွယ်ဝချမ်းသာမှုသည် လူအများအပြား၏လိုချင်တပ်မက်မှုကို ဆွဲဆောင်နိုင်သည်မှာ သဘာဝကျသော ကိစ္စပင်။

ဤအရာရှိများ၏ နောက်ကွယ်တွင် မိသားစုများက ရှိနေကြသည်။ သူတို့သည် လက်ရှိတွင် စကြာဝဠာခန်းမဆောင်အတွင်း၌ အဆုံးမရှိ ငြင်းခုံနေကြသော်လည်း လက်တွေ့တွင်မူ သူတို့၏နောက်ကွယ်မှ မိသားစုများ၏ အကျိုးစီးပွားအတွက် တိုက်ပွဲဝင်နေကြခြင်း ဖြစ်သည်။

"ထိုက်ချမ်နန်းသက်ကိုးနှစ်မှာ ကွယ်လွန်သူဧကရာဇ်က တာယွီရဲ့ အမြစ်ပြတ်သုတ်သင်မှုနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေကို ဖျက်သိမ်းခဲ့တယ်....ဒါ့ပြင် ရှမိသားစုက မိသားစုကြီးတစ်စုပဲ...လူယုတ်မာအနည်းစုကြောင့်နဲ့တော့ လူသန်းပေါင်းများစွာကို သူတို့နဲ့အတူ သေခွင့်မပြုနိုင်ဘူး"

လုယွီက လီစစ်ကိုကြည့်ပြီး ပြောဆိုလိုက်၏။

"တရားစီရင်ရုံးတော်က တာယွီရဲ့ ဥပဒေအတိုင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ရမယ်... လူကောင်းတစ်ယောက်ကို မစွပ်စွဲနဲ့.. လူဆိုးတစ်ယောက်ကိုလည်း မလွှတ်ပေးနဲ့"

"အရှင့်ရဲ့အမိန့်ကို နာခံပါ့မယ်"

လီစစ်က ဒူးထောက်ပြီး အမိန့်ကို လက်ခံလိုက်သည်။

ငြင်းခုံနေသော အရာရှိများအားလုံး အံ့အားသင့်သွားကြသည်။

သူတို့သည် အမှားတစ်ခုကို လျင်မြန်စွာ သဘောပေါက်သွားကြသည်။ လီစစ် ထွက်ပေါ်လာသည်မှာ အချိန်ကိုက်ပင်။

ဤသည်မှာ ကြိုတင်စီစဉ်ထားသည့်အလား တိုက်ဆိုင်လွန်းနေသည်။

"လီစစ်ကို အရှင်ဧကရာဇ်ကိုယ်တိုင် လွှတ်လိုက်တာများလား"

လူအများစုထံတွင် ဤအတွေးမျိုး ရုတ်တရက် ထွက်ပေါ်လာသည်။

လက်ရှိနေရာတွင် ရှိနေသော လူများအနက် မည်သူမျှ မမိုက်မဲချေ။ ထို့ပြင် ဤရာထူးသို့ တက်လှမ်းနိုင်သောသူများသည် အလွန်ဥာဏ်ရည်ထက်မြက်သူများ ဖြစ်ပေ၏။

"စကားတစ်ခွန်းချင်း လုပ်ရပ်တစ်ခုချင်းက ဥပဒေနဲ့အညီပဲ... အရှင်ဧကရာဇ်က... အရေးကြီးတဲ့ ဥပဒေပညာရှင်တစ်ယောက်ကို နေရာပေးတော့မယ်.."

ကွန်ဖြူးရှပ်ဂိုဏ်းမှ ကျင့်ကြံသူများသည် မိဘများဆုံးပါးသွားသည့်အလား သူတို့၏မျက်နှာများ ဖြူဖျော့သွားကြသည်။

လွန်ခဲ့သော အချိန်ကာကများအတွင်းတွင် ကွန်ဖြူးရှပ်ဂိုဏ်းသည် နန်းတွင်း၏အရေးကိစ္စများ၌ အမြဲတစေ လက်ဝါးကြီးအုပ်ထားခဲ့သည်။

ကွန်ဖြူးရှပ်ဂိုဏ်းနှင့် ယှဉ်ပြိုင်နိုင်သော တစ်ခုတည်းသောအင်အားစုမှာ စစ်ဘက်ပညာရှင်များပင်။ သို့ရာတွင် စစ်ဘက်ပညာရှင်အများစုသည် စစ်တပ်တွင် နေထိုင်ပြီး လေ့ကျင့်နေကြသဖြင့် အုပ်ချုပ်ရေးကိစ္စများတွင် ကွန်ဖြူးရှပ်ပညာရှင်များလောက် မထူးချွန်ကြချေ။

မည်သူမျှ မမျှော်လင့်ထားသည်မှာ လုယွီသည် စာပေသူတော်စင်၏ တပည့်တစ်ဦးဖြစ်သည့်တိုင် သူ၏ဓားကို ကွန်ဖြူးရှပ်ဂိုဏ်းထံသို့ ဦးတည်လိမ့်မည်ကိုပင်။

လီစစ်သည် စည်းမျဥ်းဥပဒေဂိုဏ်း၏ တပည့်ဖြစ်ပေ၏။

သူသာ အာဏာရလာလျှင် အနာဂတ်တွင် ကျောင်းတော်သားပညာရှင်များ၏ အဆင့်အတန်းသည် မည်သို့ဖြစ်သွားမည်နည်း....

"စုန့်ချင်းဟူ...ချိုင်လုံရှင်း..လုကျင်းရှန့်..."

လုယွီက နာမည်သုံးခုကို အော်ခေါ်လိုက်သည်။

"ကျွန်တော်မျိုးတို့ ရှိပါတယ်..."

သူတို့သုံးဦးသည် အရာရှိများကြားမှ ထွက်လာကာ အရာရှိများ၏ ကျင့်ဝတ်အတိုင်း အရိုအသေပြုလိုက်ကြသည်။

အတိတ်က သူတို့သည် ဘေးချင်းယှဉ်၍ တိုက်ပွဲဝင်ခဲ့ကြသည်။

သို့ရာတွင် လုယွီသည် နဂါးပလ္လင်ပေါ်တွင် ထိုင်ပြီးနောက် သူတို့၏အဆင့်အတန်းများသည် ကွဲပြားခြားနားသွားပေ၏။

ဤသည်မှာ ယခုချိန်မှစ၍ ဧကရာဇ်နှင့် အမတ်များကြားမှ တွေ့ဆုံမှုသာ ဖြစ်ပေလိမ့်မည်။

"မင်းတို့တစ်ဦးချင်းစီက မင်းတို့ရဲ့စစ်တပ်ကိုဦးဆောင်ပြီးတော့ တော်ဝင်မြို့တော်ကို ကာကွယ်ပြီး ပြည်သူတွေအတွက် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရမယ်"

"အမိန့်တော်အတိုင်းပါ..."

"ဘဏ္ဍာရေးအမတ်ကြီးနဲ့ တော်ဝင်မြို့တော်ဝန်... မြို့ထဲက ကောက်ပဲသီးနှံဈေးနှုန်းတွေကို စုံစမ်းဖို့ လူလွှတ်ပါ... အာဏာပိုင်တွေက ကြားဝင်ဆောင်ရွက်ပြီး ဈေးနှုန်းတည်ငြိမ်အောင် လုပ်ရမယ်..."

"စစ်ရေးဌာနက ကျဆုံးသွားတဲ့ စစ်သည်တော်တွေအတွက် လျော်ကြေးအစီအစဉ်တစ်ခုကို ပြင်ဆင်ပေးရမယ်.ထန်ယွီစစ်ပွဲမှာ ကျဆုံးခဲ့တဲ့ စစ်သားအားလုံးရဲ့နာမည်တွေကို စတင်ပြီး စုဆောင်းကြစမ်း"

...

ထို့နောက် လုယွီသည် အသေးစိတ်စီစဉ်မှုများစွာကို ပြုလုပ်ခဲ့သည်။

တော်ဝင်မြို့တော်သည် စစ်ပွဲ၏ မငြိမ်မသက်မှုများကြောင့် ထိခိုက်ခဲ့ပြီး ပြန်လည်နလန်ထူရန် အလွန်လိုအပ်နေသည်။

ကံကောင်းစွာဖြင့် လုယွီသည် အတိတ်တွင် ထိပ်သီးကျောင်းတော်သားတစ်ဦး ဖြစ်ခဲ့လေ၏။

သူသည် အင်အားသီးသန့်ကိုသာ အသုံးပြုတတ်ပြီး တခြားမည်သည့်အရာကိုမျှမသိသော စစ်သည်တော်တစ်ယောက် မဟုတ်ချေ။

လုယွီ၏စီစဉ်မှုအောက်တွင် အမိန့်များ တစ်ခုပြီးတစ်ခု ထုတ်ပြန်ခဲ့သည်။

နန်းတွင်းညီလာခံသည် ခြောက်နာရီကြာမြင့်ပြီးမှ ပြီးဆုံးခဲ့လေ၏။

ထို့နောက် လုယွီသည် နန်းတွင်းညီလာခံကို ရပ်နားလိုက်သော်လည်း နန်းတော်အတွင်းသို့ ပြောင်းရွှေ့နေထိုင်ခြင်းမရှိဘဲ နေရာမှထကာ ထွက်ခွာသွားသည်။

ဤအချိန်အခိုက်အတန့်တွင် နန်းတော်အတွင်း၌ ဧကရီနှင့် ကျိုးမိသားစုများ ရှိနေသေးသည်။ ထိုကြောင့် သူ ထိုနေရာ၌ နေထိုင်ရန်မှာ မသင့်တော်သေးချေ။

Chapter 5005

သို့ရာတွင် လုယွီသည် ကျိုးမိသားစုကို မောင်းထုတ်ခြင်းမပြုဘဲ သူတို့ကို နန်းတော်အတွင်းတွင် ဆက်နေခွင့်ပြုခဲ့သည်။

ဤကိစ္စအတွက် လုယွီသည် လျှူကျင်းကို အထူးသီးသန့်ခေါ်ယူကာ ဤကိစ္စကို အပြည့်အဝ ကိုင်တွယ်ခွင့်ပြုခဲ့သည်။

"စိတ်မပူပါနဲ့ အရှင်ဧကရာဇ်...ကျွန်တော်မျိုး ပြန်ရောက်ရင် နန်းတော်ထဲက ကောင်စုတ်လေးတွေကို သတိပေးလိုက်ပါ့မယ်....ဒီလူတွေက တခြားသူတွေကို မထီမဲ့မြင်ပြုပြီး ယန်မင်းသားရဲ့မိသားစုကို စော်ကားရဲရင် ကျွန်တော်မျိုးက သူတို့ကို ပထမဆုံး သတ်ပစ်မှာပါ..."

လျှူကျင်းသည် သူ၏ရင်ဘတ်ကိုပုတ်ကာ ရက်စက်ကြမ်းကြုတ်သောလေသံဖြင့် ပြောဆိုလိုက်သည်။

သူသည် ကျိုးယွမ်ယန်ကို ဧကရာဇ်ဟုမခေါ်တော့ဘဲ "ယန်မင်းသား" ဟု ခေါ်လိုက်သည်။

ထိုအချိန်က ထိုက်ချမ်ဧကရာဇ် ထီးနန်းစိုးစံနေစဥ်တွင် ကျိုးယွမ်ယန်ကို ယန်မင်းသားဟု ဘွဲ့အမည်ပေးခဲ့လေ၏။

လုယွီသည် ခေါင်းညိတ်ပြပြီး စကားတစ်ခွန်းမျှမပြောဘဲ နောက်သို့လှည့်ကာ နန်းတော်မှ ထွက်ခွာသွားသည်။

...

မိုးကောင်းကင်ယံသည် တဖြည်းဖြည်း မှောင်စပျိုးလာပြီး နေမင်းကြီး အနောက်ဘက်သို့ ဝင်သွားသည်။ ညအမှောင်သည် တော်ဝင်မြို့တော်ကို တဖန်ပြန်၍ လွှမ်းခြုံသွားပေ၏။

မြောက်ပိုင်းပျံလွှားငှက်ကုန်းမြေ၏ အလယ်ဗဟိုရှိ မြင့်မားသောတောင်ပေါ်တွင် အဆောက်အအုံများရှိနေကာ မီးများဖြင့် လင်းထိန်နေသည်။ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကို ဤနေရာတွင် တည်ဆောက်ထားသည်။

လုယွီ ထိပ်သီးကျောင်းတော်သား ဖြစ်လာစဥ်မှစ၍ ကျောက်စိမ်းဆေးမီဖိုကျောင်းတော်၏ နိမ့်ပါးလာမှုသည် ပျောက်ကွယ်သွားခဲ့လေ၏။ ဤကျောင်းတော်သည် ကျောင်းတော်ငါးကျောင်း၏ ထိပ်ဆုံးနေရာသို့ ရောက်ရှိလာသည်။ ထို့ပြင် ကျောင်းတော်၏အဆင့်အတန်းသည် တော်ဝင်ကျောင်းတော်ထက်ပင် အနည်းငယ်ပို၍မြင့်မားကာ တာယွီ၏ နံပါတ်တစ်ကျောင်းတော်ဖြစ်လာမည့် အရိပ်အယောင်များ ပြသနေသည်။

ဒုတိယနှစ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ စာသင်ခန်းများအတွင်းတွင် ညဘက်၌ စာကြိုးစားနေသော ကျောင်းတော်သားများ မရေမတွက်နိုင်အောင် ရှိနေသည်။ သူတို့သည် အနည်းငယ်မျှပင် ပေါ့ဆခြင်းမရှိချေ။

ကျောင်းတော်သားများသည် မြင့်မားသော ကျင့်ကြံရေးမျှော်စင်သို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားကြပြီး ညလုံးပေါက် ကြိုးစားကျင့်ကြံကြသည်။

သူတို့၏ လူငယ်မျက်နှာများပေါ်တွင် စိတ်အားထက်သန်မှုဖြင့် ပြည့်နှက်နေပြီး ပြင်းထန်သော ကျင့်ကြံမှုတွင် သူတို့ကိုယ်သူတို့ နှစ်မြှုပ်ထားကြသည်။

လက်ရှိတွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ ဝင်ခွင့်သည် ယခင်ထက်ပို၍ တင်းကြပ်လာပေ၏။ လေးလတစ်ကြိမ်နီးပါး စာမေးပွဲတစ်ခု ရှိသည်။ စာမေးပွဲကျရှုံးသော တပည့်အားလုံးကို ကျောင်းတော်မှ ချက်ချင်းမောင်းထုတ်သည်။ ဤှသည်မှာ ကျောင်းတော်သားတိုင်း၏ ခေါင်းထက်တွင် ရစ်ဝဲနေသော ဓားတစ်လက်နှင့်တူညီပေ၏။ ထိုကိစ္စသည် လူတိုင်းကို ကြိုးစားကျင့်ကြံရန်နှင့် အနားမယူရန် တွန်းအားပေးနေသည်။

လုယွီသည် ဤလန်းဆန်းတက်ကြွသော လူငယ်မျက်နှာများကို ကြည့်ကာ စိတ်လှုပ်ရှားစွာ သက်ပြင်းရှိုက်လိုက်သည်။ တစ်ချိန်က သူသည်လည်း ဤလူများကဲ့သို့ ဤကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တွင် ကျင့်ကြံကာ အောင်မြင်မှုများ ရရှိခဲ့သည်။

လုယွီ၏ရောက်ရှိလာမှုကို မည်သူမျှ သတိမပြုမိချေ။

ညဉ့်နက်သန်းခေါင်ယံတွင် သူသည် သူ၏ယခင်ခြံဝန်းသို့ ရောက်ရှိလာသည်။ ဤနေရာကို သန့်ရှင်းသပ်ရပ်စွာ ရှင်းလင်းထားသည်အား သူ တွေ့လိုက်ရသည်။ ကုတင်၊ စားပွဲနှင့် စာအုပ်စင်တို့သည် လုယွီ ထွက်ခွာသွားစဉ်ကအတိုင်း ရှိနေပေ၏။ ဤနေရာကို သန့်ရှင်းရေးလုပ်ရန် လူများ မကြာခဏ လာရောက်သည်မှာ သိသာထင်ရှားသည်။

ကုတင်ဘေးတွင် တဖန်ပြန်ထိုင်ရင်း လုယွီသည် ဘဝတစ်ခု ကုန်လွန်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် အိပ်မက်တစ်ခု မက်ခဲ့သည့်အလားပင်။

သူ သတိပြန်ဝင်လာချိန်၌ သူ၏အတွေးများကို တဖန်ပြန်၍ စုစည်းလိုက်သည်။ အမှန်အားဖြင့် လုယွီသည် အတိတ်တွင် အသေးစိတ်အချက်အလက်များစွာကို သူ လျစ်လျူရှုခဲ့မိကြောင်း တွေ့ရှိခဲ့သည်။

ပထမဆုံးအနေဖြင့် သူ့ထံတွင် တာအိုသခင်စိတ်ဝိညာဉ် ရှိနေသည့်တိုင် သူသည် ထိုက်ချမ်ဧကရာဇ်၏စိတ်ဝိညာဉ်ကို မည်သည်ကြောင့် ဝါးမြိုနိုင်မည်နည်း။

လုယွီသည် သူ မတော်တဆလုပ်ခဲ့မိသည်ဟု အမြဲတစေ ခံစားခဲ့ရသည်။

သို့ရာတွင် ဤလောကရှိ အရာအားလုံးတွင် အကြောင်းပြချက်တစ်ခု ရှိသည်။ ကျိုးထျန်းယင် အုပ်စိုးသူအရှင်၏စိတ်ဝိညာဉ်ကို ဝါးမြိုရန် ယခင်ကတည်းက အစပြုလုပ်ဆောင်ခဲ့ခြင်းပင်။ ထိုကိစ္စသာ မရှိပါက သူသည် ထိုက်ချမ်ဧကရာဇ်၏စိတ်ဝိညာဥ်ကို မည်သည်ကြောင့် ဤမျှလွယ်ကူစွာ ဝါးမြိုနိုင်မည်နည်း။

ထို့ပြင် လုယွီသည် ပြန်လည်မွေးဖွားပြီးနောက် သူသည် အောက်ဘုံတွင် အောင်မြင်မှုတချို့ရရှိခဲ့သော ပါရမီရှင်တစ်ဦးသာ ဖြစ်သည်။

ထိုကဲ့သို့သော ပါရမီရှင်တစ်ဦးသည် အောက်ဘုံတွင် ထူးခြားသောတည်ရှိမှုတစ်ခုဟု ယူဆနိုင်သော်လည်း သမုဒ္ဒရာကဲ့သို့ ကြီးမားကျယ်ပြန့်သော လောကကြီးအတွင်းတွင်မူ ဤသည်မှာ ကိစ္စကြီးတစ်ခု မဟုတ်ချေ။

စာပေသူတော်စင်ရီဟန်သည် အေးစက်သော စရိုက်ရှိကာ သူသည် တော်ဝင်ဆရာသခင်သုံးဦးအနက်မှ တစ်ဦးဖြစ်ပြီး သာမန်လောကကို ကျော်လွန်သော တည်ရှိမှုတစ်ခုပင်။

ထိုကဲ့သို့သော ထိပ်သီးတည်ရှိမှုကြီးတစ်ဦးသည် နန်းတွင်းမှ အတွင်းဝန်ချုပ် ဖူကျစ်ရွှယ်ကို အောက်ဘုံသို့စေလွှတ်ကာ သူ့ကို တပည့်အဖြစ် လက်ခံခဲ့သည်။

ဤအရာအားလုံးသည် တိုက်ဆိုင်မှုသက်သက်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ ကြိုတင်စီစဉ်မှုများ ရှိနှင့်ပြီးသား ဖြစ်သည်။

"ဒါဆို ငါ့ဘဝက တခြားတစ်ယောက်က စီစဉ်ပေးခဲ့တာလား..."

လုယွီ၏လက်ချောင်းထိပ်တွင် ရွှေရောင်မီးတောက်တစ်ခု လူးလွန့်နေသည်။

ဤဝိုးတဝါးခံစားချက်သည် အချိန်တခဏ ကြာမြင့်ပြီးနောက် လွင့်ပြယ်သွားပြီး မကြာမီမှာပင် လုယွီသည် တည်ငြိမ်သွားလေ၏။

Thank For Reading.

All Chapters