လေးချောင်းထောက်အိုး
Vol. 11 Ch. 106
အစိမ်းရောင်ဝတ်အစေခံမလေး၏ စိတ်အခြေအနေမှာ တစ်ဖြည်းဖြည်း ပိုမိုရှုပ်ထွေးလာသည်။ မူလက သူမသည် မျက်စိသုံးလုံးကျားနှင့်ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ချက်ဖြင့် ကျန်းချန်ကိုကာကွယ်ပေးရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ ကျန်းချန်ကိုအသေမခံနိုင်ပေ။
သို့သော် တဖြည်းဖြည်းနှင့် သူမ၏စိတ်နေစိတ်ထားမှာ အနည်းငယ်ပြောင်းလဲသွားခဲ့သည်။ ဤလူ၏ပါရမီမှာ တကယ်ပင်ကြောက်စရာကောင်းလှသည်။
သူမကိုပင် မနာလိုစိတ် အနည်းငယ်ဖြစ်ပေါ်စေသည်။ သူက မည်သည့်အရာကိုမှ နားလည်သဘောပေါက်ရန် မလိုသလော။
ဝိညာဉ်အဆင့်တက်ရန် မလိုဘူးလား။ သူမ၏မျက်နှာအမူအရာမှာ အမျိုးမျိုးပြောင်းလဲနေခဲ့သည်။
နောက်ဆုံးတွင်တော့ သူမသည်ခါးသက်သက်ပြုံးရင်း ခေါင်းခါလိုက်သည်။
"ထားလိုက်ပါတော့လေ... ဒီလောကမှာ ပါရမီရှင်တွေက မရေမတွက်နိုင်အောင်ရှိတာပဲ။ ငါ့ထက်သာတဲ့သူတိုင်းကို လိုက်ပြီးနှိမ်ချဖို့ပဲ တွေးနေမယ်ဆိုရင် ငါ့ရဲ့အမြင်တွေက ကျဉ်းမြောင်းသွားလိမ့်မယ်။"
စိတ်ကိုတည်ငြိမ်အောင်ထားပြီးနောက် ကျန်းချန်၏ဆက်တိုက်အဆင့်တက်နေမှုကို အေးအေးဆေးဆေးပင် ထိုင်ကြည့်နေတော့သည်။ နောက်ဆုံးတွင်ကျန်းချန်သည် အဖိုးတန်ဆေးလုံးငါးလုံးကို တစ်ပြိုင်တည်းပင်သောက်လိုက်သည်။
ဆေးလုံး ၂၁ လုံးကို လုံးဝချေဖျက်ပြီးသောအခါ သူ၏အဆင့်မှာ ကောင်းကင်ကောင်းကင်ကံကြမ္မာအဆင့် ၉ ထိပ်ဆုံး၌ တည်ငြိမ်သွား၏။ တာအိုနန်းတော်အဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
ထိုအခါမှသာ သူသည် ကျင့်ကြံမှုကိုရပ်တန့်ပြီး မတ်တပ်ရပ်လိုက်သည်။
"ကျင့်စဉ်အဆင့်တွေ အများကြီးတက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်"
ခေါင်းလှည့်ကြည့်လိုက်သည့်အခါ အစ်ကိုကြီးချန် လန့်ဖြန့်သွား၏။
"ဟား... နတ်သမီးလေးပါလား"
သူ့နောက်ကအမျိုးသမီးမှာ အရင်ကအတိုင်း အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားဆဲဖြစ်သော်လည်း သူမ၏မျက်နှာနှင့် အရှိန်အဝါမှာ လုံးဝပြောင်းလဲသွားခဲ့၏။ သူမ၏ ခရမ်းရောင်ရင့်ရင့် မျက်လုံးများမှာ ကြည်လင်အေးစက်သော ညကောင်းကင်ယံကဲ့သို့ဖြစ်ပြီး လူများကိုအလွန်ဝေးကွာသောခံစားချက်မျိုး ပေးစွမ်းသည်။
ဖြူဖွေးနုနယ်သော သူမ၏မျက်နှာမှာ ဖန်ဆင်းရှင်၏ အကောင်းဆုံးလက်ရာတစ်ခုကဲ့သို့ဖြစ်ပြီး အပြစ်ဆိုဖွယ်ရာမရှိအောင် ပြည့်စုံလွန်း၏။ ကျန်းချန်ကဲ့သို့ အရာရာကို လွယ်လွယ်တွေးတတ်သူပင်လျှင် သူမထံမှအကြည့်လွှဲရန် ခက်ခဲနေသည်။
ညလေညင်းတွင် လှုပ်ခတ်နေသောသူမ၏ဆံပင်ရှည်များမှာ သက်ဝင်လှပနေပြီး နတ်သူငယ်လေးများ သီချင်းဆိုနေသကဲ့သို့ပင်။
ယခင်က ကျန်းချန်မြင်ဖူးသမျှထဲတွင်အလှဆုံးမှာ ကျိလင်းဟန်ဖြစ်သည်။ သူမ၏ နုနယ်ချောမောသောအလှနှင့်ယှဉ်လျှင် ယခုမြင်နေရသော အမျိုးသမီး၏အလှမှာ မြင့်မြတ်ပြီး ဤလောကနှင့်မဆိုင်သယောင် ထင်မှတ်ရသည်။
"ကျွန်မပါ"
"ကျွန်မနာမည်က လန်ထီ"
ရင်းနှီးနေသောအသံကို ပြန်ကြားလိုက်ရမှ ကျန်းချန်မှာ သူမကိုမှတ်မိသွားတော့သည်။
အံ့ဩစရာပဲ... ဒီလောက်လှတဲ့သူက အစိမ်းရောင်ဝတ်အစေခံမလေး ဖြစ်နေတာလား...
အရင်ကတော့ သူမကကြည့်ကောင်းရုံသာရှိပြီး ဤမျှအထိ ရင်သပ်ရှုမောဖွယ်မရှိခဲ့...
ယခုမူ သူမဘယ်နေရာကိုသွားသွား လူတိုင်း၏အာရုံစိုက်မှုကိုရရှိမည်မှာ သေချာသည်။
သူမသည် အထူးပြုလုပ်ထားသော နားကပ်များကိုအသုံးပြုပြီး ရုပ်ဖျက်ထားခြင်းဖြစ်ကြောင်း သူအစကတည်းက သိထားသော်လည်း ဤပြောင်းလဲမှုကတော့ လွန်လွန်းသည်။
"ကျွန်မကိုယ်ကျွန်မ မိတ်ဆက်ပါရစေ၊ ကျွန်မက အင်မော်တယ်အကြွင်းအကျန်မျိုးနွယ်စုရဲ့ ဝူမျိုးနွယ်က လက်ရှိမျိုးနွယ်စုခေါင်းဆောင်ပါ။"
ကျန်းချန်၏ပါရမီက သူမကိုစိတ်လှုပ်ရှားစေခဲ့၍ ဖြစ်နိုင်သည်။ သို့မဟုတ် ကျန်းချန်သည် စောစောက ဝိုင်းရံတိုက်ခိုက်မှုကို အသက်ရှင်ကျော်ဖြတ်နိုင်ခဲ့ခြင်းက သူ၏ကံကြမ္မာမည်မျှနက်ရှိုင်းကြောင်း သက်သေပြလိုက်၍လည်း ဖြစ်နိုင်သည်။
လန်ထီသည် နောက်ဆုံးတွင် သူမမည်သူမည်ဝါဖြစ်ကြောင်းထုတ်ဖော်ရန် ဆုံးဖြတ်လိုက်သည်။
နှမြောစရာကောင်းသည်မှာ အစ်ကိုကြီးချန် ဇဝေဇဝါဖြစ်နေခြင်းပင်။
"အင်မော်တယ်အကြွင်းအကျန်မျိုးနွယ်စုဆိုတာဘာလဲ။ ဝူမျိုးနွယ်ဆိုတာကရော ဘာလဲ။"
"ရှင်က အင်မော်တယ်အကြွင်းအကျန်မျိုးနွယ်စုအကြောင်းကိုတောင် မကြားဖူးဘူးလား။"
သူမက အနည်းငယ်စိတ်ပျက်သွားပုံရသည်။ ဤမျိုးနွယ်စုမှာ အလွန်ကျော်ကြားသင့်သည် မဟုတ်ပါလား။
"အင်မော်တယ်အကြွင်းအကျန်မျိုးနွယ်စုဆိုတာက အင်မော်တယ်တွေရဲ့ အဆက်အနွယ်တွေပါ။"
ဤသို့ပြောပြီးနောက် ကျန်းချန်၏အံ့ဩသွားမည့်မျက်နှာကို သူမစောင့်ကြည့်နေသည်။ သို့သော် သူမ စိတ်ပျက်သွားရသည်မှာ အစ်ကိုကြီးချန်က ခေါင်းညိတ်ရုံသာညိတ်လိုက်၏။
"ဪ... ဟုတ်လား။"
အင်မော်တယ်တွေအကြောင်း ကြားရတာတောင် သူ့မှာ ထူးထူးခြားခြားတုံ့ပြန်မှုမရှိပေ။ လန်ထီ သူ့ကို မေးချင်စိတ်ပေါက်သွားသည်။
ရှင်က ဟန်ဆောင်တာ ဘယ်လောက်တောင်တော်တာလဲ...
"အင်မော်တယ်တွေက ဒီလောကမှာမပေါ်လာသင့်ဘူး၊ သူတို့ရဲ့စွမ်းအားက ဒီကမ္ဘာရဲ့အကန့်အသတ်ကို ကျော်လွန်နေတယ်။ အင်မော်တယ်တွေရှေ့မှာ သူတော်စင်တွေတောင်အားနည်းလွန်းပြီး လူဦးရေများတာကလည်း အဓိပ္ပာယ်မရှိဘူး။ ဒါကြောင့် ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဉ်းတွေက သူတို့ကို အင်မော်တယ်လောကဆီကနေ ဒီအောက်လောကကို ဆင်းလာခွင့်မပြုဘူး၊ အဲဒါက အောက်လောကရဲ့ဟန်ချက်ကို ပျက်ပြားစေလို့ပဲ။"
အစ်ကိုကြီးချန် နားလည်ကြောင်းပြလိုက်သည်။ ဤကဲ့သို့သောအကြောင်းအရာကို မစဉ်းစားဘဲနှင့်ပင် သူသိသည်။
အင်မော်တယ်လောကမှာ အင်မော်တယ်တွေအပြည့်ရှိတာပဲ၊ သူတို့သာ စိတ်ကြိုက်ဆင်းလာလို့ရမယ်ဆိုရင် သာမန်ကျင့်ကြံသူတွေ ရှင်သန်နိုင်စရာနေရာ ဘယ်မှာရှိတော့မှာလဲ။
လန်ထီက အင်မော်တယ်တွေရဲ့စွမ်းအားကို သူနားလည်သွားအောင် ပြောပြခြင်းဖြစ်သော်လည်း ဤလူကတော့ ခေါင်းညိတ်ရုံသာလုပ်နေပြီး အမူအရာက အလွန်တည်ငြိမ်နေသည်။ သူက ကြောက်နေပုံလည်းမရပေ။
သူမက ဆက်ပြောပြသည်။
"ဒါပေမဲ့ အရာရာမှာ ခြွင်းချက်တော့ရှိတာပေါ့။ ဟိုးရှေးရှေးတုန်းက မတော်တဆမှုတစ်ခုကြောင့် အင်မော်တယ်ကိုးပါးက အောက်လောကကိုဆင်းသက်လာခဲ့ကြတယ်။"
"ပြီးတော့ကော။"
"သူတို့က အင်မော်တယ်လောကကို ပြန်တက်ချင်ခဲ့ကြပေမဲ့ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားကြလို့ အောက်လောကမှာခဏနားပြီး ကုသခဲ့ကြရတယ်။ အဲဒီကာလအတွင်းမှာပဲ သူတို့က အောက်လောကမှာ အဆက်အနွယ်တွေကိုချန်ထားခဲ့ကြတာ။"
"ဒီအဆက်အနွယ်တွေက အင်မော်တယ်အကြွင်းအကျန်မျိုးနွယ်စုပေါ့လေ။"
"မှန်တယ်၊ အင်မော်တယ်အကြွင်းအကျန်မျိုးနွယ်စုဆိုတာ အဲဒီအင်မော်တယ်ကိုးပါးရဲ့ အဆက်အနွယ်တွေပဲ။ မျိုးနွယ်စုကိုးခုခွဲထားပြီး အခုတော့ နယ်ပယ်အသီးသီးမှာပျံ့နှံ့နေကြတယ်။ ဝူမျိုးနွယ်ကတော့ အဲဒီထဲကတစ်ခုဖြစ်ပြီး ဝိညာဉ်တစ်ထောင်နယ်မြေမှာ ရှိနေတာ။"
"ကျန်တဲ့မျိုးနွယ်စုရှစ်ခုက ဘာတွေလဲ။"
"မိုးကြိုးမျိုးနွယ်၊ အဆိပ်မျိုးနွယ်၊ ပုံရိပ်ယောင်မျိုးနွယ်၊ မီးမျိုးနွယ်၊ စစ်မျိုးနွယ်၊ ပန်းချီမျိုးနွယ်၊ နှလုံးသားမျိုးနွယ်နဲ့ အစားအစာမျိုးနွယ်တို့ပဲ။"
ကျန်းချန်သည် ပထမမျိုးနွယ်စုငါးခုကိုတော့ နားလည်နိုင်သည်။ နောက်ဆုံးသုံးခုကိုတော့ သူနားမလည်ပေ။
"ပန်းချီမျိုးနွယ်က ဘာလုပ်တာလဲ။ အင်မော်တယ်မျိုးနွယ်က အနုပညာရှင်တွေကို မွေးထုတ်ချင်တာလား။ ပြီးတော့ အစားအစာမျိုးနွယ်ဆိုတာကကော ဘယ်သူပိုစားနိုင်လဲ ပြိုင်နေကြတာလား။ ငတ်ကြီးကျတဲ့အဖွဲ့ပေါ့လေ... ဟားဟားဟား..."
လန်ထီမှာ အံကြိတ်ပြီး သူ့ကိုကန်ပစ်ချင်စိတ် ပေါက်သွားသည်။
"လောကမှာ တာအိုလမ်းစဉ်တွေ ထောင်သောင်းချီရှိတာပဲ၊ ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဉ်းတွေနဲ့ ကိုက်ညီနေသရွေ့ အကုန်လုံးကအင်မော်တယ်ဖြစ်နိုင်တယ်။ ရှင်က ဒါကိုတောင်မသိဘူးလား။"
အကယ်၍ ကျန်းချန်၏ပါရမီကို သူမမြင်ခဲ့ရခြင်းမရှိလျှင် သူသည် ကျင့်ကြံခြင်းလောကထဲသို့ အခုမှရောက်လာသည့်လူသစ်ဟု သံသယဝင်မိမှာသေချာသည်။ သူမေးသင့်တာက အဲဒီအင်မော်တယ်ကိုးပါး ဘယ်ရောက်သွားသလဲဆိုတာ မဟုတ်ဘူးလား။
"အဲဒီအင်မော်တယ်ကိုးပါးက အောက်လောကမှာ နှစ်တစ်ရာလောက်ပဲနေခဲ့ပြီး တစ်ယောက်ပြီးတစ်ယောက် အင်မော်တယ်လောကကို ပြန်သွားကြပြီ။ အင်မော်တယ်လောကနဲ့ အောက်လောကကြားမှာ အတားအဆီးရှိနေလို့ သူတို့ထပ်ပြီးဆင်းလာလို့ မရတော့ဘူး။ အဲဒီအချိန်ကစပြီး ဒီလောကမှာ အင်မော်တယ်တွေမရှိတော့ဘူး။ အင်မော်တယ်အကြွင်းအကျန်မျိုးနွယ်စုကလည်း မျိုးနွယ်စုကိုးခုအဖြစ် ကွဲထွက်သွားခဲ့တာ..."
ကျန်းချန်ကတော့ သူမကိုပြန်ပြောချင်နေသည်။
မိန်းကလေး... မင်း မှားနေပြီ... အနည်းဆုံးတော့ အင်မော်တယ်အရှင်သခင်လို့ ကိုယ့်ကိုယ်ကိုယ်ကြွားနေတဲ့ လက်ပါးစေတစ်ယောက် ငါ့ဂိုဏ်းမှာရှိတယ်ဟ...
အဲဒီအတားအဆီးဆိုတာကလည်း မင်းထင်သလောက်တော့မလန်းပါဘူး၊ ဟာကွက်တွေ ရှိပါသေးတယ်။
"မင်းရဲ့ နောက်ကြောင်းတွေကို ငါ့ကိုပြောပြနေတာက မင်းရဲ့ဝှက်ဖဲတွေကို ထုတ်ပြနေတာလား။"
"မှန်တယ်၊ ရှင်က စီနီယာ မျက်စိသုံးလုံးကျားကို တိုက်ခိုက်ခိုင်းပြီး ကျွန်မကို ချန်ရှင်းမင်းဆက်ရဲ့ လေးချောင်းထောက်အိုးကိုရအောင် ကူညီပေးစေချင်တယ်။"
ကျန်းချန်ကတော့ ချက်ချင်းသဘောတူမည်မဟုတ်။ သူက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"မင်းရဲ့စွမ်းအားနဲ့ ရတနာတွေကိုလုယူမယ်ဆိုရင် ချန်ရှင်းမင်းဆက်မှာ မင်းကိုတားနိုင်တဲ့သူမရှိဘူးမဟုတ်လား။"
လန်ထီက ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
"လေးချောင်းထောက်အိုးဆိုတာက ယုံကြည်မှုအပေါ်အခြေခံတဲ့ မှော်ရတနာတစ်ခုပါ။ ဒီရတနာရှိနေရင် ရှန့်ကောင်းယဲ့က မင်းဆက်တစ်ခုလုံးရဲ့ကံကြမ္မာကောင်းတွေကို ရရှိနိုင်တယ်၊ ကျွန်မ သူ့ကိုမနိုင်ဘူး။"
"မှော်ရတနာလား။ အဲဒါက ဘာအဆင့်လဲ။"
အစ်ကိုကြီးချန် စိတ်ဝင်စားသွားသည်။
သူ့တွင် ရတနာလက်နက်တွေရှိသော်လည်း မှော်ရတနာတစ်ခုမှမရှိ။ မှော်ရတနာများသည် လက်နက်များနှင့် ဝတ်စုံများကဲ့သို့မဟုတ်ဘဲ လက်နက်သွန်းလုပ်သူများက သွန်းလုပ်၍မရနိုင်ပေ။
၎င်းတို့တွင် ဝိညာဉ်များကိုချုပ်နှောင်ခြင်း၊ တောင်နှင့် ပင်လယ်များကို ရွှေ့ပြောင်းခြင်း၊ ဖမ်းဆီးနှိမ်နင်းခြင်းစသည့် ထူးကဲသောစွမ်းပကားများ ရှိတတ်ကြသည်။ သာမန်လူတစ်ယောက်ရရှိခဲ့လျှင်ပင် မယုံနိုင်လောက်သောစွမ်းအားကို ထုတ်ဖော်နိုင်သည်။
"လေးချောင်းထောက်အိုးကတော့ အဆင့်နိမ့်မှော်ရတနာလို့ပဲ သတ်မှတ်လို့ရပါတယ်။"
လန်ထီသည် သူမ၏အစိမ်းရောင်ဆံနွယ်စလေးကို နားနောက်သို့သပ်လိုက်ရင်း မြေပြင်ကိုငုံ့ကြည့်လိုက်သည်။
"မင်းဆက်တွေက ဂိုဏ်းတွေနဲ့မတူဘူး၊ သူတို့က လူသားလောကက သန်းပေါင်းများစွာသော လူတွေကို အုပ်ချုပ်နေကြတာ။ သူတို့ တည်ထောင်တဲ့နေ့ကစပြီး ကြီးမားတဲ့ယုံကြည်မှုစွမ်းအားတွေ ပေါ်လာခဲ့တယ်။ ရှန့်မိသားစုရဲ့ ဘိုးဘေးတွေက ဘယ်ကနေ နည်းလမ်းရခဲ့သလဲမသိဘူး၊ လေးချောင်းထောက်အိုးကိုသွန်းလုပ်ပြီး အဲဒီမမြင်နိုင်တဲ့ ယုံကြည်မှုစွမ်းအားတွေကို အိုးထဲကို စုစည်းခဲ့ကြတယ်။"
"အချိန်ကြာလာတာနဲ့အမျှ ဒီအိုးက တဖြည်းဖြည်းနဲ့ မှော်ရတနာဖြစ်လာခဲ့တာ။ ဒီအရာက သဘာဝအတိုင်း နှိမ်နင်းနိုင်တဲ့စွမ်းအားရှိသလို မင်းဆက်ရဲ့ကံကြမ္မာကိုလည်း ကာကွယ်ပေးနိုင်တယ်။ ဒါက ရှန့်မိသားစု နှစ်ပေါင်းသန်းချီ တည်တံ့နေရခြင်းရဲ့ အုတ်မြစ်ပဲ။"
သူမ၏ ရှင်းပြချက်ကြောင့် ကျန်းချန်မှာ အနည်းငယ်ဆွံ့အသွားရသည်။
"အကယ်၍ လေးချောင်းထောက်အိုးကို ယူသွားလိုက်ရင် ချန်ရှင်းမင်းဆက်ကလူတွေ ဘာဖြစ်သွားမလဲ။"
သူသည် ဂိုဏ်းများစွာကိုဖျက်ဆီးခဲ့သော်လည်း သူနှင့်လုံးဝမသက်ဆိုင်သော လူသားတွေကိုတော့ ဒုက္ခမပေးချင်ပေ။
"ဘာမှမဖြစ်ပါဘူး၊ ဒီအိုးက သူတို့ရဲ့ယုံကြည်မှုကို မင်းဆက်ရဲ့ကံကြမ္မာနဲ့ သွယ်ဝိုက်ပြီးချည်နှောင်ထားတာပါ၊ အဲဒီအစား သူတို့ကိုချုပ်နှောင်ထားသလို ဖြစ်နေတာ။"