← Chapters

ဒါကလူစကားလား

Vol. 11 Ch. 107

ဒါကလူစကားလား

Vol. 11 Ch. 107

လန်ထီက ထပ်ပြောသည်မှာ

"ဒါပေမဲ့ ဒီမှော်ရတနာသာမရှိတော့ရင် ရှန့်မိသားစုရဲ့ မင်းဆက်ကံကြမ္မာဟာ တစ်ဝက်မကလျော့ကျသွားလိမ့်မယ်။ နောင်မှာ တခြားမျိုးနွယ်စုတွေက အစားထိုးဝင်ရောက်လာတာမျိုးတောင် ဖြစ်နိုင်တယ်။"

"ဒါဆို လေးချောင်းထောက်အိုးကို လုယူတဲ့သူကရော..."

"ဘာဖြစ်မှာလဲ"

"သူတို့က အဲဒီယုံကြည်မှုစွမ်းအားတွေရဲ့ကာကွယ်မှုကို ရရှိလိမ့်မယ်။"

ကျန်းချန်က နောက်ဆက်တွဲစကားကို ဆက်စောင့်နေသော်လည်း လန်ထီ၏အဖြေမှာ ထိုနေရာတင် ရပ်တန့်သွားသည်။

"ဒါပဲလား"

ယုံကြည်မှုစွမ်းအားဆိုတာ ဘာလဲ...

ကျင့်စဉ်ကိုလည်း တိုက်ရိုက်မတိုးတက်စေနိုင်သလို ဝိညာဉ်ကိုလည်း မမြှင့်တင်ပေးနိုင်ချေ။ အိုးကိုယ်တိုင်ကလည်း အဆင့်နိမ့်မှော်ရတနာတစ်ခုသာ။

သူက ရှန့်မျိုးနွယ်ဝင်လည်းမဟုတ်တော့ မင်းဆက်ကံကြမ္မာရဲ့ကောင်းချီးကိုလည်း ရမှာမဟုတ်သလို တိုက်ပွဲမှာလည်း စွမ်းအားအများကြီးရှိမှာမဟုတ်ဘူး။

ခဏခဏအသေခံနေရတဲ့ သူ့လိုလူမျိုးအတွက် အဲဒီကာကွယ်မှုဆိုတာက လုံးဝအပိုပဲ။ ဒီလောက်အထိ ကြိုးစားရမှာတန်ရဲ့လား။

"မင်းက အဲဒီအိုးကိုရဖို့အတွက် နင်ထီရဲ့နံဘေးမှာ ခစားနေခဲ့တာပေါ့လေ။"

"မှန်တယ်။"

"သူကတော်ဝင်မျိုးနွယ်ပဲ၊ မင်းကို ဘယ်လိုလုပ်ကူညီမှာလဲ။"

" အကြောင်းပြချက်ရှိပါတယ်။"

လန်ထီက သက်ပြင်းချလိုက်သည်။

"နှမြောစရာကောင်းတာက သူမကိုယ်တိုင်တောင် လေးချောင်းထောက်အိုးအနားကို ချဉ်းကပ်ခွင့်မရှိဘူး။ ကျွန်မရဲ့အစီအစဉ်က သုံးနှစ်ရှိနေပြီဖြစ်ပေမဲ့ ဘာတိုးတက်မှုမှမရှိဘူး။"

"အဲဒါကြောင့် အခုငါ့ကိုသတိရတာပေါ့။"

"ကျွန်မသတိရတာက ရှင့်နောက်ကစီနီယာ မျက်စိသုံးလုံးကျားကိုပါ။ အဲဒီကျားသာ ဝင်ပါမယ်ဆိုရင် ဒါက အလွန်လွယ်ကူသွားလိမ့်မယ်။"

"ငါက ဘာလို့ မင်းကိုကူညီရမှာလဲ။"

သူတို့ကြားမှာ ဘာသံယောဇဉ်မှမရှိဘဲ ဘာလို့အလကားသက်သက်ကူညီရမှာလဲ။ လန်ထီက လှပနေရင်တောင် မရဘူး။

အစ်ကိုကြီးချန်က မိန်းကလေးတွေနောက် တကောက်ကောက်လိုက်တဲ့ ငကြောင်မဟုတ်ဘူးလေ။ လန်ထီကလည်း ဒီသဘောတရားကို နားလည်သည်။

"ရှင်သာ ကျွန်မကိုကူညီမယ်ဆိုရင် ရှင်လိုချင်တဲ့အခြေအနေကို ပြောနိုင်ပါတယ်။"

"တကယ်လား။"

အစ်ကိုကြီးချန် မျက်ခုံးပင့်သွားပြီး အတော်လေးအရှက်ကင်းမဲ့တဲ့အပြုံးမျိုး ပြုံးလိုက်သည်။

"ဘယ်လိုအခြေအနေမျိုးမဆို ပြောလို့ရတာလား။"

လန်ထီ၏ ကြည်လင်သောမျက်ဝန်းများမှာ ပြတ်သားမှုများဖြင့် ပြည့်နှက်နေသည်။ ဒီ လေးချောင်းထောက်အိုးက သူမအတွက် အလွန်အရေးကြီးပုံရသည်။

"ကျွန်မလုပ်နိုင်သရွေ့ပေါ့။"

"ကောင်းပြီ... မင်းက ငါ့လူဖြစ်ပေးမယ်လို့သဘောတူရင် ငါသေချာပေါက်ကူညီမယ်။"

ဒီအမျိုးသမီးကကြည့်ရတာ အသက်သိပ်မကြီးသေးဘူး။ ဒါပေမဲ့ သူမရဲ့အစွမ်းက တာအိုနန်းတော်အဆင့် ၈ ကို ရောက်နေပြီ။

ပြောစရာမလိုအောင်ပဲ သူမရဲ့ပါရမီက ကောင်းကင်ကိုတုန်လှုပ်စေမယ့်အဆင့်မှာ ရှိတယ်။ သူမရဲ့အစွမ်းနဲ့ ပါရမီအရဆိုရင် စနစ်ကသတ်မှတ်တဲ့ဈေးနှုန်းက အရမ်းမြင့်မှာသေချာတယ်။

သူမသာ ကျိလင်းဟန်နဲ့ လင်းနင်တို့လို သူ့လူဖြစ်လာမယ်ဆိုရင် အမှတ်ဘယ်လောက်တောင် ရလိုက်မလဲ...

၈ သန်းလား... ၁၀ သန်းလား... သန်း ၂၀ လား...

အစ်ကိုကြီးချန် သွားရည်တောင်ကျချင်သွားပြီ။

"ရှင်..."

လန်ထီ ရင်ခုန်သံတွေမြန်ကုန်သည်။

ဘယ်အမျိုးသမီးမဆို အမျိုးသားတစ်ယောက်ဆီက ငါ့လူဖြစ်ပေးပါဆိုတဲ့စကားကို ကြားလိုက်ရင် ပထမဆုံးတွေးမိတာက ဇနီးဖြစ်ဖို့၊ ဆိုလိုတာက လက်ထပ်ဖို့ပဲမဟုတ်လား။

တစ်ကြိမ်လောက်ကူညီပေးရုံနဲ့ သူမကိုယ်သူမပုံအောပေးရမယ်တဲ့လား။ ဒီလူကတော့ လွန်လွန်းပြီ။

"ရှင်က အခွင့်အရေးသမားပဲ"

"သဘောမတူဘူးလား။"

ကျန်းချန် ပုခုံးတွန့်ပြလိုက်သည်။

"ဒါဆိုလည်း ထားလိုက်တော့လေ၊ နှုတ်ဆက်ပါတယ်"

သူ တကယ်ထွက်သွားတော့မယ့်ပုံကိုမြင်တော့ လန်ထီအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။

"ခဏစောင့်ဦး"

သူမ အံကြိတ်လိုက်၏။ ဒီမုန်းစရာကောင်းတဲ့လူကို မြေကြီးပေါ် လှဲချပြီး မျက်နှာကို အချက်တစ်သောင်းလောက် တက်နင်းချင်စိတ်ပေါက်သွားသည်။

"ရှင်ပြောတာကို ကျွန်မသဘောတူတယ်။"

လေးချောင်းထောက်အိုးက သူမအတွက် အလွန်အရေးကြီးလွန်းသည်။ ယုံကြည်မှုစွမ်းအားရဲ့ ကာကွယ်မှုမပါဘဲ သူမရဲ့ တစ်သက်တာရည်မှန်းချက်ကို မအောင်မြင်နိုင်ဘူး။ အစ်ကိုကြီးချန်က အံ့ဩပြီး ပြန်လှည့်ကြည့်၏။

"တကယ်လား။"

ဒါက အမှတ်တွေအများကြီးပဲလေ။

"ဟုတ်တယ်"

လန်ထီက ခေါင်းညိတ်လိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်သည်။

ပြန်စဉ်းစားကြည့်တော့လည်း ဒီလူရဲ့ရုပ်ရည်နဲ့ ပါရမီက သူမတစ်သက်မှာ တစ်ခါမှမမြင်ဖူးတဲ့ အဆင့်မှာ ရှိနေတာပဲ။ အင်မော်တယ်အကြွင်းအကျန်မျိုးနွယ်စုထဲက တခြားမျိုးနွယ်စုတွေရဲ့ လူငယ်ပါရမီရှင်တွေထဲမှာတောင် ဒီလောက်ထူးဆန်းတဲ့သူမရှိဘူး။

ဘာအချစ်မှ မရှိရင်တောင် ခေတ္တခဏ လက်ထပ်လိုက်ရတာက သူမအတွက် အရှုံးမရှိပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် နောက်ပိုင်းမှာ အစီအစဉ်အောင်မြင်သွားရင် သူမက ဒီအောက်လောကမှာ ရှိတော့မှာ မဟုတ်ဘူးလေ။ အမှတ်တရတစ်ခုလို့ပဲ သဘောထားလိုက်တော့မယ်။

သူမကတော့ တွေးပြီးသွားပြီ၊ ဒါပေမဲ့ ကျန်းချန်ကတော့ စိတ်မကောင်းဖြစ်သွားရသည်။ မင်းက ငါနဲ့အတူရှိဖို့ သဘောတူပြီးပြီပဲ၊ ဘာလို့ စနစ်က ဘာအသံမှမထွက်သေးတာလဲ။ ဒင်ဆိုတဲ့အသံမထွက်ရင် ငါ့လူမဖြစ်သေးဘူးလေ။

ဒီမိန်းမ... သူက ငါ့ကိုစကားလုံးလေးတွေနဲ့ လှည့်စားနိုင်မယ်ထင်နေတာလား...

ရိုင်းလိုက်လေ...

"မင်းမှာ တကယ့်ကို စိတ်ရင်းမရှိဘူးပဲ။ ဟန်ဆောင်ကောင်းပြီး ကောက်ကျစ်တဲ့မိန်းမ"

သူက အမှတ်တွေအများကြီးရတော့မယ်ဆိုပြီး မျှော်လင့်ချက်တွေအပြည့်ဖြစ်နေတာ၊ အခုတော့ စိတ်ပျက်သွားရတဲ့အတွက် သူ့နှလုံးသားလေးတောင် နာကျင်သွားရပြီ။

"လွန်လွန်းတယ်"

လန်ထီမှာတော့ အနည်းငယ်စိတ်လှုပ်ရှားနေတာကနေ သူပြောတဲ့စကားကြောင့် မှင်သက်သွားရသည်။

"ရှင် ဘာကိုဆိုလိုတာလဲ။"

သူမရဲ့ လှပတဲ့မျက်နှာလေးက ချက်ချင်းပင်အေးစက်သွားတော့သည်။

လက်ထပ်ဖို့ဆိုတဲ့ အလွန်အကျွံ အခြေအနေကိုတောင် သဘောတူပြီးပြီပဲ၊ ရှင့်ကို ဘာထပ်လုပ်ပေးရဦးမှာလဲ...

အမျိုးသမီးတစ်ယောက်အတွက် ဒီလိုဆုံးဖြတ်ချက်ချဖို့က ဘယ်လောက်အရေးကြီးပြီး ခက်ခဲလဲဆိုတာ ရှင်သိရဲ့လား...

အခုတော့ ရှင်က ကျွန်မကို ဟန်ဆောင်တယ်လို့ပြောရုံတင်မက ကောက်ကျစ်တယ်လို့ပါ ပြောနေတာလား...

"ငါဘာကိုဆိုလိုတာလဲ ဟုတ်လား။"

ကျန်းချန် နှာခေါင်းရှုံ့လိုက်သည်။

"ငါက မင်းကိုသတိပေးနေတာ၊ ငါ့ကို ငတုံးတစ်ယောက်လိုလာမဆက်ဆံနဲ့။"

"ရှင်... သွားသေလိုက်တော့"

လန်ထီက ဒေါသထွက်ပြီး ခြေဆောင့်ကာထွက်သွားတော့သည်။

ဒီလိုနှင့် သူတို့နှစ်ယောက်ဟာ မပျော်မရွှင်ဘဲလမ်းခွဲလိုက်ကြ၏။ လမ်းခွဲပြီးတာနဲ့ အစ်ကိုကြီးချန်က စတင်စီစဉ်တော့သည်။

လေးချောင်းထောက်အိုးနဲ့ပတ်သက်ပြီးတော့ သူကဒါပဲလားလို့ ပါးစပ်ကပြောခဲ့ပေမဲ့ စိတ်ထဲမှာတော့ တကယ်လိုချင်နေတာပါ။ အဲဒါက မှော်ရတနာတစ်ခုပဲလေ။

သူ့မှာ အဲဒီအဆင့်ရှိတဲ့ရတနာမရှိသေးချေ။ သူကိုယ်တိုင်မသုံးရင်တောင် တပည့်တွေကိုပေးလို့ရသလို အမှတ်တွေနဲ့လည်း လဲလို့ရတာပဲ။

နှမြောစရာကောင်းတာက စောစောက အိုးဘယ်မှာရှိလဲဆိုတာကို သေသေချာချာမမေးလိုက်ရဘူး...

ဒါမှမဟုတ် မျက်စိသုံးလုံးကျားကို တကယ်ပဲခေါ်လိုက်ရမလား... သူ့အစွမ်းနဲ့ဆိုရင် ဝိညာဉ်အာရုံနဲ့ ရှာလိုက်တာနဲ့ တွေ့မှာပဲ...

မဟုတ်သေးဘူး...

အဲဒီကြွားလွန်းတဲ့ ကျားကြီးရဲ့မျက်နှာကို မြင်ယောင်လိုက်တာနဲ့ အဲဒီအတွေးကို ချက်ချင်း ဖျောက်ပစ်လိုက်သည်။

"ဒီနေ့ ငါကျန်းချန် ရထားတဲ့အောင်မြင်မှုတွေအားလုံးက ငါ့ရဲ့ကိုယ်ပိုင်ကြိုးစားအားထုတ်မှုကြောင့်ပဲ။ ငါ ဘယ်သူ့ကိုမှ အားမကိုးခဲ့ဘူး" (စနစ်ကို အားကိုးပြီးလိမ်တာကို ကြိုးစားအားထုတ်မှုလို့ သတ်မှတ်နိုင်ရင်ပေါ့လေ)

... ...

ထိပ်တန်းကျွမ်းကျင်သူခုနစ်ဦးနဲ့ သွေးတမန်စစ်သည်တစ်သောင်းကို သတ်ဖြတ်လိုက်တာက ချန်ရှင်းမင်းဆက်တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ တစ်ခဏအတွင်းမှာပဲ ကျန်းချန်ဆိုတဲ့နာမည်က လူအများကြားမှာ ရေပန်းစားသွား၏။ တစ်နည်းအားဖြင့်ပြောရရင် နာမည်ကြီးပြီးကြွားချင်တဲ့ သူ့ရဲ့ဆန္ဒ ပြည့်ဝသွားပြီပေါ့။

လောကကြီးက ဒီလိုပဲ... ထူးဆန်းတယ်...

အရင်က သူကလူငယ်မျိုးနွယ်စုတွေကိုသတ်တုန်းက မိသားစုတွေရဲ့ဝိုင်းရံတိုက်ခိုက်မှုကိုခံရပြီး အပြစ်သားလို့သတ်မှတ်ခံခဲ့ရတယ်...

ဒါပေမဲ့ အခုသူက လူတွေအများကြီးကို ထပ်သတ်လိုက်တဲ့အခါမှာတော့ ဘယ်သူမှသူ့နောက်ကိုလိုက်မလာရဲကြတော့ဘူး...

ဧကရာဇ်ရှန့်ကောင်းယဲ့က ထိုကျွမ်းကျင်သူခုနစ်ဦးကို သတ်နိုင်တာက ဘာကိုဆိုလိုသလဲဆိုတာ ကောင်းကောင်းသိသည်။

သူကညတွင်းချင်းပဲ ကျန်းချန်အတွက် အရင်ကထက် ပိုမိုခမ်းနားထည်ဝါတဲ့ နန်းဆောင်အသစ်တစ်ခုကို စီစဉ်ပေးလိုက်၏။ နန်းဆောင်ပျက်စီးသွားတဲ့ မင်းသမီးနင်ထီလည်း အတူတူပြောင်းလာခဲ့ပြီး သူတို့တစ်မိုးအောက်မှာ ပြန်နေရပြန်သည်။

သုံးရက်အကြာ တစ်ညမှာတော့ ဒီမင်းသမီးလေးက သူ့ဆီကိုတိတ်တဆိတ်ရောက်လာခဲ့သည်။

"ဂိုဏ်းချုပ်ကျန်း... ဒီမိန်းကလေးကို ကယ်တင်ပေးပါဦး..."

သူမက ဝင်လာတာနဲ့ ဒူးထောက်ချလိုက်ပြီး အသည်းယားစရာကောင်းအောင် ငိုယိုတော့သည်။

အစ်ကိုကြီးချန် လန့်သွား၏။

ဘာတွေဖြစ်နေတာလဲ...

အရင်က နင်ထီက ဒီမင်းသမီး၊ ဒီမင်းသမီးနဲ့ မြင့်မြတ်တဲ့ပုံစံ ဖမ်းနေတာ... အခုလိုပုံစံမျိုး သူတစ်ခါမှ မမြင်ဖူးဘူး...

"ထပြီး စကားပြောပါဦး။"

"မရဘူး... ဂိုဏ်းချုပ်ကျန်း ကျွန်မကိုမကယ်ဘူးဆိုရင် ကျွန်မမထဘူး"

နင်ထီက တကယ့်ကိုကလေးဆန်ဆန် ချွဲနွဲ့နေတော့သည်။ သူမရဲ့ လှပတဲ့ရုပ်ရည်နဲ့ မျက်ရည်ဝဲနေတဲ့ မျက်လုံးတွေကိုမြင်ရင် ဘယ်သူမှငြင်းဆန်နိုင်မှာမဟုတ်။

နှမြောစရာကောင်းတာက ကျန်းချန်က ပိုလှတဲ့လန်ထီကို မြင်ဖူးထားတာပဲ။ ပြီးတော့သူ့အိမ်မှာလည်း သူမထက်မနိမ့်တဲ့ ကျိလင်းဟန် ရှိနေသေးတယ်လေ။

"ကောင်းပြီလေ... မင်းမထချင်ဘူးဆိုရင်လည်း ငါမတိုက်တွန်းတော့ပါဘူး။"

သူမကိုထူပေးဖို့ အရင်ကစဉ်းစားထားပေမဲ့ အခုတော့ပြန်ထိုင်လိုက်သည်။ မြေကြီးပေါ်မှာ ဒူးထောက်နေတဲ့ နင်ထီကြောင်သွားရသည်။

ဒီကောင်က တကယ်ပဲလူလား... ဒါက လူပြောရမယ့်စကားလား...

ဒါပေမဲ့ အခုမှထလိုက်ရင်လည်း မကောင်းတော့ဘူးလေ၊ ဒူးထောက်ထားရပြီဆိုတော့ ဆက်ပြီးသရုပ်ဆောင်ရုံသာ...

"အဟင့်... အဟင့်... ကျွန်မကမင်းသမီးတစ်ပါးဆိုတော့ ဂိုဏ်းချုပ်ကျန်းက ကျွန်မလိုချင်တာအကုန်ရနေပြီး ဘာပူပန်စရာမှမရှိဘူးလို့ ထင်နေတာမဟုတ်လား။"

All Chapters