← Chapters

သတ်ချင်ရင် ကိုယ်တိုင်သတ်ကြ

Vol. 11 Ch. 108

သတ်ချင်ရင် ကိုယ်တိုင်သတ်ကြ

Vol. 11 Ch. 108

သူမက ရုတ်တရက်ကြီး ဘာလို့အသနားခံတဲ့ပုံစံမျိုး ဖမ်းနေတာလဲဆိုတာ ကျန်းချန်မသိတာကြောင့် သူမစကားကိုပဲ သံယောင်လိုက်ပေးလိုက်သည်။

"ဟုတ်သားပဲ... ဟုတ်သားပဲ။"

"တကယ်တော့ ကျွန်မက လွန်ခဲ့တဲ့သုံးနှစ်လုံးလုံး အမြဲတမ်းကြောက်လန့်တကြားနေခဲ့ရတာပါ။ ကျွန်မရဲ့ အသက်က ဆံခြည်တစ်မျှင်စာပဲကျန်တော့သလို ခံစားခဲ့ရတာ... အဟင့်... အဟင့်..."

"အဲလိုလား။"

သူကပြောနေရင်းနဲ့ပဲ အခြေအနေကို ချက်ချင်းသဘောပေါက်သွားသည်။

ဒီမင်းသမီးလေးရဲ့နောက်မှာ အစွမ်းထက်တဲ့ အစေခံမလေးတစ်ယောက်ရှိနေတာတောင် သူမ ဘေးကင်းကင်းနဲ့ရှိနေနိုင်တာ ထူးဆန်းတယ်လို့ သူအရင်ကတည်းက တွေးခဲ့ပြီးသားပါ။

အထူးသဖြင့် လန်ထီက နင်ထီနဲ့ပူးပေါင်းမယ်လို့ပြောတုန်းက သူပိုပြီးတော့နားမလည်နိုင်ခဲ့။

အခုတော့ မအံ့ဩတော့ပါဘူး၊ နင်ထီဟာ ပြီးခဲ့တဲ့သုံးနှစ်လုံးလုံး လန်ထီရဲ့ထိန်းချုပ်မှုကို ခံထားရတာဖြစ်မှာပါ...

"ဂိုဏ်းချုပ်ကျန်း... ကျွန်မဘေးမှာ လန်ထီဆိုတဲ့အစေခံတစ်ယောက်ရှိတာ ရှင်သိတယ်မဟုတ်လား။ သူမက ချန်ရှင်းမင်းဆက်ကမဟုတ်ပါဘူး၊ သူမက မိစ္ဆာဂိုဏ်းကလာတဲ့ မိစ္ဆာမတစ်ယောက်ပါ"

တစ်ယောက်က ဝူမျိုးနွယ်ခေါင်းဆောင်လို့ပြောတယ်၊ နောက်တစ်ယောက်က မိစ္ဆာမလို့ပြောတယ်၊ ငါ ဘယ်သူ့ကိုယုံရမှာလဲ...

"ဪ... ကြောက်စရာကြီးပါလား။"

သူက အေးစက်စက်ပဲမှတ်ချက်ပေးလိုက်သည်။

နင်ထီကတော့ ကျန်းချန်နဲ့လန်ထီတို့ အဆက်အသွယ်မရှိသေးဘူးလို့ထင်နေပြီး ဆက်ပြီးငိုယိုကာပြော၏

"အဲဒီမိစ္ဆာမက ကျွန်မတို့ရဲ့ဘိုးဘေးဧကရာဇ်ထက်တောင် ပိုပြီးအစွမ်းထက်တယ်၊ ပြီးတော့ သူမမှာ ရက်စက်တဲ့ကျိန်စာတစ်ခုလည်း ရှိသေးတယ်။"

"သူမရဲ့ ကျိန်စာမိပြီးရင် ကျွန်မရဲ့အသက်က သူမရဲ့လက်ထဲမှာပဲရှိတော့တာ။ သူမခိုင်းတာအကုန်လုပ်ရတဲ့ကျွန်မက သူမရဲ့ကျွန်တစ်ယောက်လိုဖြစ်နေရပြီ..."

"ဂိုဏ်းချုပ်ကျန်း... ကျေးဇူးပြုပြီး ကျွန်မကိုကယ်ပေးပါ"

သူမက မြေကြီးကို ခေါင်းနဲ့ဆောင့်ပြီး တောင်းပန်လိုက်ရာ မြေပြင်ကကျောက်ခဲလေးတွေပါ လွင့်စင်ကုန်သည်။

အာ...

ကျန်းချန်က မဲ့လိုက်မိသည်။

ဒီမိန်းကလေးရူးနေတာလား... မနာဘူးလား...

ဪ... ဟုတ်သားပဲ... မင်းက တာအိုနန်းတော်အဆင့် ရောက်နေပြီပဲ... နာချင်းနာ မြေပြင်ကပဲနာမှာပေါ့...

"မင်းကို ဘယ်လိုကယ်ပေးရမှာလဲ။"

"အဲဒီကျိန်စာပြယ်ဖို့အတွက် နည်းလမ်းတစ်ခုပဲရှိတယ်၊ အဲဒါက သူမကိုသတ်ပစ်ဖို့ပဲ"

နင်ထီက နီရဲနေတဲ့သူမရဲ့နဖူးကိုမော့လိုက်ပြီး ရက်ရက်စက်စက်ပြောလိုက်သည်။

"ဂိုဏ်းချုပ်ကျန်းက တာအိုနန်းတော်ကျွမ်းကျင်သူခုနစ်ယောက်ကိုတောင် သတ်နိုင်ခဲ့တာပဲ၊ လက်တစ်ချက်ဝှေ့ယမ်းရုံနဲ့ သွေးတမန်စစ်သည်တစ်သောင်းကိုလည်း ရှင်းနိုင်ခဲ့တာ။ ဒီလောက်စွမ်းအားနဲ့ဆိုရင် သူမကိုသတ်ဖို့က ဘာမှခက်ခဲမှာမဟုတ်ပါဘူး"

"အခု ကျွန်မကိုကယ်နိုင်တာ ရှင်တစ်ယောက်ပဲရှိတာပါ၊ ကျေးဇူးပြုပြီး..."

အစ်ကိုကြီးချန်ကတော့ ပြောစရာစကားပါမရှိတော့ပေ။

အပေါ်ယံမှာတော့အသနားခံနေတာ၊ တကယ်တမ်းကျတော့ သူ့ကိုလူသတ်ခိုင်းနေတာပဲ...

ပြဿနာက ငါတို့က ဘာမှလည်းမသက်ဆိုင်ဘဲနဲ့ ငါကဘာလို့ မင်းအတွက်နဲ့ တာအိုနန်းတော်အဆင့် ၈ ကျွမ်းကျင်သူတစ်ယောက်ကို အသက်နဲ့ရင်းပြီးတိုက်ပေးရမှာလဲ။

"မင်းကိုကူညီဖို့က မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး၊ မင်းက ငါ့လူဖြစ်ပေးမယ်ဆိုရင်ပေါ့..."

"ကျွန်မ သဘောတူပါတယ်၊ သေချာပေါက်သဘောတူတာပေါ့"

နင်ထီက သူ့စကားတောင် မဆုံးသေးခင်မှာပဲ အကျယ်ကြီးအော်ပြောလိုက်သည်။

နှမြောစရာကောင်းတာက ကျန်းချန်ကတော့ စနစ်ရဲ့ဒင်ဆိုသည့်အသံကို မကြားရတာပါပဲ။

ဒီမိန်းမတွေက တစ်ယောက်မှယုံလို့မရဘူး။

နင်ထီကတော့ ကိစ္စပြတ်သွားပြီလို့ထင်ပြီး မျက်ရည်တွေကြားကနေ ချက်ချင်းပြုံးလိုက်သည်။

"ဂိုဏ်းချုပ်ကျန်း... ဒါဆိုအတည်ပဲနော်။ မနက်ဖြန်ညကျရင် ကျွန်မတို့ရဲ့ဘိုးဘေးဧကရာဇ်က ရှင့်ကိုဧည့်ခံပွဲလုပ်ပေးလိမ့်မယ်၊ အဲဒီအချိန်ကျရင် ကျွန်မက သူမကိုလှည့်စားပြီးခေါ်လာခဲ့မယ်။"

"ရှင်က ဧည့်ခံပွဲအတွင်းမှာပဲ သူမကိုသတ်လိုက်ရုံပဲ"

"ဘိုးဘေးဧကရာဇ်ကလည်း ရှင့်ကိုကူညီပေးလိမ့်မယ်၊ မမေ့နဲ့နော်..."

ပြောပြီးတာနဲ့ သူမကအလျင်အမြန်ထွက်သွားတော့သည်။ သူမရဲ့ကျောပြင်ကိုကြည့်ပြီး အစ်ကိုကြီးချန် စိတ်ထဲကနေကဲ့ရဲ့လိုက်သည်။

မိန်းကလေး... မင်းတကယ်ပဲ ငါ့ကို လက်နက်တစ်ခုလို အသုံးချနေတာလား...

သူက ငတုံးမဟုတ်ပေ၊ နင်ထီပြောတဲ့စကားတွေထဲမှာ ဟာကွက်တွေအများကြီးရှိနေ၏။

ရှန့်ကောင်းယဲ့က ဘာလို့ ပြီးခဲ့တဲ့သုံးနှစ်လုံးလုံး လန်ထီကို ကိုယ်တိုင်မသတ်ခဲ့တာလဲ။

ဒီချန်ရှင်းဧကရာဇ်က တာအိုနန်းတော်အဆင့် ၆ ပဲရှိပြီး လန်ထီထက် နှစ်ဆင့်နိမ့်နေပေမဲ့ ဒါက သူ့ရဲ့နယ်မြေလေ၊ သူ လုပ်နိုင်တဲ့နည်းလမ်းတွေရှိမှာပဲ။

ဥပမာအားဖြင့် မဟာအစီအရင်ကို သုံးတာမျိုး၊ ဒါမှမဟုတ် လေးချောင်းထောက်အိုးကို သုံးတာမျိုးပေါ့။

လန်ထီကိုယ်တိုင်ကလည်း အဲဒီကံကြမ္မာမှော်ရတနာကို သူမမနိုင်ဘူးလို့ပြောခဲ့တာပဲ။ အကယ်၍ သူမကနင်ထီကို တကယ်ကယ်ချင်ခဲ့ရင် ပြီးခဲ့တဲ့သုံးနှစ်လုံးလုံးမှာ အခွင့်အရေးတွေအများကြီး ရှိခဲ့တာပဲ၊ ဘာလို့ သူပေါ်လာတဲ့အထိ စောင့်နေရမှာလဲ။

ဒီနေရာမှာ အကြောင်းတစ်ခုခုရှိရမယ်...

ဒီသားအဖတွေက ငါနဲ့လန်ထီကို အသေအလဲတိုက်ခိုင်းပြီး အကုန်လုံးကို တစ်ခါတည်းသိမ်းကျုံးဖမ်းဖို့ ထောင်ချောက်ဆင်နေတာလား...

အစ်ကိုကြီးချန်ကတော့ သူ့ရဲ့ခန့်မှန်းချက်ကမှန်လားမသိပေမဲ့ မနက်ဖြန်ညမှာ ကိုယ်တိုင်သွားကြည့်ဖို့ စီစဉ်လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာပြန်လည်ရှင်သန်ခွင့်သုံးကြိမ်ရှိနေတာပဲ။ သူက လေးချောင်းထောက်အိုးကိုလည်း အမှန်တကယ်စိတ်ဝင်စားနေ၏။

နောက်တစ်နေ့ညနေမှာတော့ တစ်ယောက်ယောက်ကသူ့ကို နန်းတော်ကဧည့်ခံပွဲကို ဖိတ်ကြားဖို့ရောက်လာခဲ့သည်။

"ဟားဟားဟား... ဒါက ဂိုဏ်းချုပ်ကျန်းလား။"

"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ နတ်သားတစ်ပါးလိုရုပ်ရည်မျိုးနဲ့ ထူးကဲတဲ့အရှိန်အဝါရှိတာပဲ။ နာမည်နဲ့ လိုက်ဖက်ပါပေတယ်"

သူတို့က ရန်သူတွေဆိုတာသေချာနေပေမဲ့ ကျန်းချန်ကတော့ ရှန့်ကောင်းယဲ့ရဲ့ ပုံသေချီးကျူးစကားတွေကို လက်ခံလိုက်သည်။

"ဧကရာဇ်မင်းမြတ်ဖြစ်ရတာနဲ့တန်ပါတယ်၊ မျက်စိကလည်းစူးရှလိုက်တာ။ ဒီဂိုဏ်းချုပ်ရဲ့ ထူးခြားတဲ့အရည်အချင်းတွေကို တစ်ချက်ကြည့်ရုံနဲ့မြင်နိုင်တာပဲ"

"ချီးကျူးပါတယ်... ချီးကျူးပါတယ်"

ခန်းမထဲရှိ ချန်ရှင်းမင်းဆက်၏ကျွမ်းကျင်သူအားလုံး ပါးစပ်တွေတွန့်ကုန်ကြသည်။

အစ်ကိုကြီးရာ... မင်းက ဧကရာဇ်ကိုချီးကျူးနေတာလား၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ကြွားနေတာလား...

ရှန့်ကောင်းယဲ့ကလည်း သူက ဒီလိုလူမျိုးဖြစ်နေလိမ့်မယ်လို့ မထင်ထားတာကြောင့် အတွေ့အကြုံရှိတဲ့ ဒီဧကရာဇ်ကြီးတောင် သူ့ရဲ့မျက်နှာအမူအရာကို မနည်းထိန်းလိုက်ရသည်။

"လာပါ... လာပါ... ထိုင်ကြပါဦး"

နေရာကတော့ သေသေချာချာစီစဉ်ထားပုံရပြီး မင်းသမီးနင်ထီက ကျန်းချန်ရဲ့ဘေးမှာထိုင်ရသည်။

သူမ၏နောက်တွင် အစေခံမလေးနှစ်ယောက်ရပ်နေပြီး တစ်ယောက်မှာ လန်ထီဖြစ်သည်။ ဒီအမျိုးသမီးက သူမရဲ့နားကပ်တွေကိုပြန်ဝတ်ထားပြီး အရင်က အစိမ်းရောင်ဝတ်အစေခံမလေး ပုံစံအတိုင်းရှိနေဆဲပင်။

ဧည့်ခံပွဲကမကြာမီစတင်၏။ အရာအားလုံးက ပုံမှန်အတိုင်းသွားနေသည်။ စားပွဲသောက်ပွဲတွေနှင့် ရယ်မောသံတွေ ပျံ့နှံ့နေသည်။ ကောင်းကင်ကောင်းကင်ကံကြမ္မာအဆင့်နဲ့ တာအိုနန်းတော်အဆင့် ကျွမ်းကျင်သူတွေက ခွက်ချင်းတိုက်ရင်း စကားတွေပြောကြပြီး သူကလည်းအေးအေးဆေးဆေးပဲနေလိုက်သည်။

မင်းတို့တွေ ဒီဟုန်မန်ဧည့်ခံပွဲ (ထောင်ချောက်ဆင်ထားသောဧည့်ခံပွဲ) ကို ဘယ်အချိန်ကျမှစမှာလဲ...

ခဏအကြာမှာတော့ စားပွဲတွေကိုရှင်းလိုက်ပြီး ခန်းမအလယ်မှာ သီချင်းဆိုကပြပွဲစတင်လာ၏။ ရောက်နေတဲ့သူတွေကတော့ ဒီလိုဖျော်ဖြေပွဲမျိုးတွေကို နေသားကျနေပေမဲ့ အစ်ကိုကြီးချန်ကတော့ ထူးထူးခြားခြား အလေးအနက်ထားပြီးကြည့်နေသည်။

ဒီကပြပွဲက သူ့ရဲ့ရုပ်သေးအကအဖွဲ့ထက် ပိုပြီးစတိုင်လ်ကျနေတာသိသာသည်။ ပြန်ရောက်ရင် လူအိုကြီးမော့ကို အဆင့်မြှင့်ခိုင်းရဦးမည်။

"နင်ထီ... မင်းရဲ့အစေခံတွေကလည်း ဝိညာဉ်အခြေတည်အဆင့်တွေပဲလို့ ငါကြားထားတယ်။ သူတို့ကိုလည်းစင်ပေါ်မှာ ဓားအက ကပြခိုင်းလိုက်ပါလား။"

ရှန့်ကောင်းယဲ့၏အဆိုပြုချက်ကို မည်သူမှမကန့်ကွက်ကြ။

"ဒါက..."

နင်ထီက သူမရဲ့နောက်ကလူတွေကို အခက်တွေ့နေတဲ့ပုံစံနဲ့ လှည့်ကြည့်လိုက်သည်။ လန်ထီက သူမကို လက်ခံတဲ့အဖြေပေးလိုက်ပုံရပြီး နောက်ဆုံးတွင် ပြုံးလိုက်၏။

"ရပါတယ် ခမည်းတော်။"

ထို့နောက် လန်ထီနှင့် နောက်ထပ်အစေခံမလေးတစ်ယောက်က စင်ပေါ်မှာ ဓားအက ကပြဖို့ ရောက်လာခဲ့ကြသည်။ သူမရဲ့ အလေးအနက်ထားပြီး ကနေတဲ့ပုံစံကိုကြည့်ပြီး ကျန်းချန်ရယ်ချင်သွားသည်။

ဒီမိန်းမက ဒီညက သူမကိုသတ်ဖို့စီစဉ်ထားတဲ့ ဂိမ်းတစ်ခုဆိုတာတောင်မသိဘဲ ပုံမှန်အစေခံတစ်ယောက်လို သရုပ်ဆောင်နေတုန်းပဲ...

ခဏလောက်ကပြပြီးတဲ့နောက်မှာတော့ ပရိသတ်တွေဆီကချီးကျူးသံတွေ ထွက်ပေါ်လာသည်။

ရှန့်ကောင်းယဲ့က အခွင့်အရေးယူပြီးအကြံပြုလိုက်သည်မှာ

"ဂိုဏ်းချုပ်ကျန်းက ဓားပညာမှာကျွမ်းကျင်တယ်လို့ ကြားထားတယ်။ ဒီအစေခံမလေးနှစ်ယောက်ကို သင်ကြားပေးပါဦးလား။"

သူ ထိုသို့ပြောလိုက်သည်နှင့် နင်ထီ၏ပုံစံက စိုးရိမ်တကြီးဖြစ်သွားသည်။ ဒါက သူတို့ ကျန်းချန်အတွက် ဖန်တီးပေးထားတဲ့ အခွင့်အရေးဖြစ်၏။ အခု လန်ထီက ဘာကာကွယ်မှုမှမရှိဘဲ သာမန်ဖျော်ဖြေပွဲတစ်ခုဟု ထင်နေသည်။

ကျန်းချန် ကပြနေရင်း သူမကိုသတ်လိုက်မည်ဆိုလျှင် ၎င်းသည် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်တာထက် များစွာပိုလွယ်သွားလိမ့်မည်။

ကျန်တဲ့လူတွေကလည်း ဝိုင်းပြီးအော်ဟစ်အားပေးကြသည်။

"ဂိုဏ်းချုပ်ကျန်းရဲ့ဓားပညာကို မြင်ချင်နေတာကြာပါပြီ။"

"ဂိုဏ်းချုပ်ကျန်းက ဒီအစေခံမလေးနှစ်ယောက်ကို အထင်မသေးလောက်ပါဘူးနော်။"

"ဒီအစေခံမလေးတွေက ဂိုဏ်းချုပ်ကျန်းဆီက လမ်းညွှန်မှုရမှာဆိုတော့ တကယ့်ကိုကံကောင်းတာပဲ။"

အစ်ကိုကြီးချန်ကတော့ စိတ်ထဲကနေခနဲ့နေလိုက်သည်။

နောက်ထပ်အားပေးအားမြှောက်တစ်ဖွဲ့ပါလား

သူတို့က အပေါ်ယံတွင် သူ့ကိုမြှောက်ပင့်နေသော်ငြား သူ့ကိုလူသတ်ဖို့လက်နက်တစ်ခုလို အသုံးချနေကြ၏။

သူ့ကိုမျောက်တစ်ကောင်လို ကစားနေကြတာ၊ သူတို့ကိုယ်သူတို့ ဘယ်လောက်တောင် တော်တယ်လို့ ထင်နေကြလဲ...

"ဘာဓားအကလဲ... အဓိပ္ပာယ်မရှိလိုက်တာ၊ ငါစိတ်မဝင်စားဘူး"

သူက မျက်တောင်လေးခတ်ပြီး မထီမဲ့မြင်ပြောလိုက်သည်။

ခန်းမတစ်ခုလုံး ရုတ်တရက်တိတ်ဆိတ်သွားရပြီး စင်ပေါ်တွင်ကပြနေသည့် အမျိုးသမီးနှစ်ယောက်ပါ ရပ်တန့်သွားသည်။ လူတိုင်းမှင်သက်သွားကြပြီး အလွန်အမင်းအံ့ဩသွား၏။

ယခုလိုပွဲလမ်းသဘင်မှာဆိုလျှင် ဘယ်လောက်ပဲရန်ငြိုးရှိရှိ အပေါ်ယံမှာတော့ ယဉ်ကျေးမှုကိုထိန်းသိမ်းကြရ၏။ မည်သူက သူ့လိုမျိုး ရိုင်းစိုင်းသည့်စကားကိုသုံးမှာလဲ။

"ဂိုဏ်းချုပ်ကျန်း... ဒါကဘာကိုဆိုလိုတာလဲ။"

ရှန့်ကောင်းယဲ့က မျက်နှာပျက်ပျက်နဲ့ မတ်တပ်ရပ်လိုက်သည်။

မင်းသမီးနင်ထီရဲ့ မျက်လုံးတွေကတော့ စိတ်ပျက်မှုနဲ့ ဝမ်းနည်းမှုတွေပြည့်နှက်နေသည်

"ဂိုဏ်းချုပ်ကျန်း... ရှင်က ဒီလောက်ကလေးတောင် မျက်နှာသာမပေးနိုင်ဘူးလား။"

ကျန်တဲ့လူတွေကလည်း ဝိုင်းပြောကြသည်။

"ဟုတ်ပါတယ်... ဂိုဏ်းချုပ်ကျန်း၊ ဒါက ဓားအက ကပြတာပဲလေ၊ ဘာလို့ ဒီလောက်အထိ တုံ့ပြန်နေရတာလဲ။"

"ဂိုဏ်းချုပ်ကျန်း... ရှင်က..."

အစ်ကိုကြီးချန် ပြုံးလိုက်ပြီး သူတို့ရဲ့စကားတွေကို ဖြတ်ပြောလိုက်သည်။

"မင်းတို့တွေ လန်ထီကိုသတ်ချင်ရင် ကိုယ်တိုင်သတ်ကြ၊ ငါ့ကိုအားမကိုးနဲ့။"

သူ့ရဲ့စကားလည်းဆုံးရော... လန်ထီရဲ့မျက်လုံးတွေက ချက်ချင်းပင် လူသတ်ချင်စိတ်တွေ ပြည့်နှက်သွားပြီး ပရိသတ်တွေကိုဝေ့ကြည့်လိုက်တော့သည်။

All Chapters