မြင့်မြတ်နယ်မြေ၏ ကြားဝင်စွက်ဖက်မှု
Vol. 11 Ch. 109
ယခုအချိန်တွင် ဖုံးကွယ်ထားရန်အကြောင်းမရှိတော့ပေ။ နင်ထီသည် တိုက်ခိုက်ရန်မဟုတ်ဘဲ ရှန့်ကောင်းယဲ့၏နောက်ကွယ်တွင် ပုန်းအောင်းရန် ပျံသန်းသွား၏။ သူမသည် နောက်ဆုံးအနိုင်ရမည့်သူမှာ မည်သူဖြစ်သည်ကိုသိလောက်အောင် လိမ္မာပါးနပ်သည်။
ခန်းမထဲရှိ ရှယုံကျွင်းကဲ့သို့သော အခြားကျွမ်းကျင်သူများသည်လည်း သူတို့၏ဝိညာဉ်လက်နက်များကို ထုတ်ယူလိုက်ကြပြီး တာအိုနန်းတော်များနှင့် နတ်ဘုရားနန်းတော်များမှာ ခမ်းနားထည်ဝါစွာ ပေါ်ထွက်လာသည်။ ကျယ်ပြောလှသောခန်းမကြီးမှာ အရောင်အသွေးစုံလင်သော အလင်းတန်းများဖြင့် လင်းထိန်သွားလေ၏။
"ဘာဖြစ်တာလဲ။"
လန်ထီသည် ဘာဖြစ်နေမှန်းကို မရိပ်မိသေးပေ။ ယခုအခါ ပရိသတ်အားလုံးက သူမကို ပစ်မှတ်ထားနေကြပြီး သူမယုံကြည်နိုင်သည့် တစ်ဦးတည်းသောသူမှာ ထိုင်ခုံတွင်ထိုင်နေဆဲဖြစ်သော ကျန်းချန်သာရှိတော့သည်။
"အစ်မကြီး... နားကပ်ကိုချွတ်လိုက်တော့။ မင်းရဲ့အထောက်အထားကပေါ်သွားပြီ။ နင်ထီက မင်းကိုသတ်ဖို့ ငါ့ကိုခိုင်းနေတာ။"
သူသည် အမြဲတမ်းရိုးသားသူဖြစ်သည့်အတိုင်း ဖုံးကွယ်ခြင်းမရှိသည့် ရိုးရာဓလေ့ကို ဆက်လက်ထိန်းသိမ်းထားသည်။ ရှန့်ကောင်းယဲ့၏နောက်ကွယ်တွင်ပုန်းနေသော မင်းသမီးနင်ထီသည် ချက်ချင်းပင် ဒေါသတကြီးအော်ဟစ်လိုက်သည်။
"ကျန်းချန်... နင်ငါ့ကိုသစ္စာဖောက်တယ်ပေါ့! နင် တကယ့်ကို သေခြင်းဆိုးနဲ့သေရလိမ့်မယ်"
အစ်ကိုကြီးချန်ကတော့ စိတ်မဆိုးပေ။
"မင်းရဲ့ဆုတောင်းအတွက် ကျေးဇူးတင်ပါတယ်။ ခဏနေရင် ပိုပြီးကြိုးစားပေးပါဦး။"
လန်ထီ အလွန်ဒေါသထွက်သွားသည်။ သူမ၏စစ်မှန်သောရုပ်ရည်ကိုဖော်ထုတ်ရန် နားကပ်များကို ချွတ်လိုက်စဉ် သူမက နင်ထီကို နာကျည်းစွာစိုက်ကြည့်နေသည်။
"နင် သေမှာမကြောက်ဘူးလား။"
ခန်းမထဲရှိ လူပေါင်းများစွာ၏ အကြည့်များအားလုံး ရပ်တန့်သွား၏။ ထိုမျက်နှာမှာ အလွန်လှပလွန်းလှသည်။
အင်မော်တယ်လောကတွင် တည်ရှိနေသင့်သည့်အလှမျိုးမဟုတ်ဘဲ အသက်ရှူရပ်တန့်သွားမတတ် ခံစားရစေသည်။ မင်းသမီးနင်ထီသည် လှပသည်ဆိုသော်လည်း သူမနှင့်ယှဉ်လိုက်လျှင် စာကလေးနှင့် ဟင်္သာငှက်ကဲ့သို့ပင်။
စိတ်ဓာတ်ပျော့ညံ့သော ကျင့်ကြံသူအချို့သည် သူတို့၏လက်နက်များကိုပင် တိတ်တဆိတ် ချလိုက်ကြသည်။
"ဟားဟားဟား..."
နင်ထီ ရုတ်တရက်ရယ်မောလိုက်သည်။ ထိုရယ်သံမှာ ရွှင်လန်းပြီး ကျေနပ်အားရသည့်အသံရှိ၏။
"နင်က အဲဒီကျိန်စာနဲ့ ငါ့ကိုခြိမ်းခြောက်နိုင်ဦးမယ်လို့ မျှော်လင့်နေတုန်းလား။"
"ကံမကောင်းစွာပဲ..."
"အဲဒါက ပျက်ပြယ်သွားပြီ"
"အခုတော့ နင်ဘယ်လိုနိမိတ်ဆိုးနဲ့ ကြုံရမလဲဆိုတာကိုပဲ စဉ်းစားထားလိုက်တော့"
နောက်ဆုံးတွင် သူမရှေ့ကလူထံ ဒူးထောက်ရန်မလိုတော့ပေ။
"တကယ်တော့ ပြီးခဲ့တဲ့သုံးနှစ်လုံးလုံး နင်သင်ကြားပေးခဲ့တာတွေအတွက် ငါကျေးဇူးတင်ရဦးမယ်။ နင်မရှိရင် ငါတာအိုနန်းတော်အဆင့်ကို ဒီလောက်လွယ်လွယ်နဲ့ ရောက်မှာမဟုတ်ဘူး။"
"ခစ်ခစ်..."
"ဒါကြောင့် ငါအာမခံတယ်၊ နင်သေသွားရင်တောင် နင့်ကိုအေးအေးချမ်းချမ်းမနေစေရဘူး။"
သူမသည် အချိန်အတော်ကြာအောင် အောင့်အည်းထားခဲ့ရ၍ ဖြစ်နိုင်သည်၊ သူမ၏စကားလုံးများထဲတွင် မုန်းတီးမှုများမှာ အထင်အသားပေါ်လွင်နေသည်။ လန်ထီ၏ မျက်နှာအမူအရာမှာ နောက်ဆုံးတွင် အနည်းငယ်ပြောင်းလဲသွားသည်။
"နင် ဘယ်လိုလုပ်လိုက်တာလဲ။"
သူမ၏ကျိန်စာမပြီးနောက် စကားပြောနိုင်၊ စာရေးနိုင်သော်လည်း ကျိန်စာနှင့် ပတ်သက်သည့် စကားလုံးတစ်လုံးကို ဖော်ပြလိုက်သည်နှင့် ကျိန်စာက ချက်ချင်းအသက်ဝင်ကာ နေရာမှာတင် သေဆုံးသွားမည်ဖြစ်သည်။
၎င်းသည် ရှန့်ကောင်းယဲ့က ပြီးခဲ့သည့်သုံးနှစ်လုံးလုံး ဘာမှမသိဘဲနေခဲ့သည့် အကြောင်းရင်းဖြစ်သည်။ နင်ထီက မည်သူ့ကိုမှ ပြောပြ၍မရသောကြောင့် သူမသိခဲ့ပေ။
မြင့်မားသောစင်မြင့်ပေါ်ရှိ ဧကရာဇ်သည် ကျန်းချန်ကိုစိုက်ကြည့်နေသည်။
"မင်းကတကယ်ပဲ ကောင်းကွက်ကိုမမြင်တတ်တဲ့သူပဲ။"
"ပြောစမ်း... အဲဒီညက နဂါးဝိညာဉ်မဟာအစီအရင်ကို မင်းဘယ်လိုအသက်သွင်းလိုက်တာလဲ။"
ဒါက သူ့နှလုံးသားထဲက ဆူးတစ်ချောင်းဖြစ်နေပြီး ဒါကိုမသိရမချင်း သူစိတ်မအေးနိုင်ပေ။ ကျန်းချန်က ထိုနေ့က မဟာအစီအရင်ကို အသက်သွင်းပြီးနောက် သူသည် မြေအောက်နန်းတော်သို့ သွားရောက်ကာ သေသေချာချာ ပြန်စစ်ဆေးခဲ့သော်လည်း အမှားအယွင်းတစ်ခုမှမတွေ့ခဲ့ရပေ။ မဟာအစီအရင်မှာ ပုံမှန်အတိုင်းဖြစ်ပြီး ပြုပြင်မွမ်းမံထားသည့်အရိပ်အယောင်လည်း မရှိပေ။
"မင်းသာ ငါ့ကိုပြောပြမယ်ဆိုရင် မင်းရဲ့အသက်ကိုချမ်းသာပေးမယ်။"
ကျန်းချန်ကတော့ ဤကဲ့သို့သော အဓိပ္ပာယ်မရှိသည့်စကားကို မယုံကြည်မှာသေချာသည်။ ထို့အပြင် ၎င်းကို သူမလိုအပ်ပေ။
"ဟေး... မင်းက ငါ့အသက်ကို ချမ်းသာပေးချင်တယ်ဆိုမှတော့ ငါက ပိုပြီးမပြောပြချင်တော့ဘူး။"
"မင်း ပြောပြလာမှာပါ။"
ရှန့်ကောင်းယဲ့က လက်ခုပ်တီးလိုက်ရာ အဖြူရောင်ဝတ်လူငယ်နှစ်ဦးသည် နောက်ကွယ်မှ ဖြည်းညင်းစွာ ထွက်လာကြသည်။ ပထမဆုံးမြင်လိုက်ရသည့်အခါ ဤနှစ်ဦးမှာသာမန်ဟု ထင်ရသော်လည်း ဤခန်းမထဲတွင် ရပ်နေသည့်အခါ သူတို့သည် ရှန့်ကောင်းယဲ့၏ကိုယ်စား ဤနေရာ၏ သခင်ဖြစ်လာသကဲ့သို့ ထင်မှတ်ရသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ ဖော်မပြနိုင်သော ထူးဆန်းသည့် အရှိန်အဝါများဖြင့် ဝန်းရံနေသည်။
"ယွီလျန်၊ ဟန်ဟွာယွမ်... နင်တို့လား"
လန်ထီသည် ဤနှစ်ဦးကိုမြင်လိုက်ရသောအခါ သူမ၏မျက်နှာအမူအရာမှာ ချက်ချင်းပင် တည်ကြည်သွားတော့သည်။ ၎င်းအပြင် မမေ့နိုင်သောနာကျည်းမှုများလည်း ရှိနေသည်။
"လန်ထီ... အခုတော့ ငါ့ရဲ့ကျိန်စာဘယ်လို ပျက်ပြယ်သွားသလဲဆိုတာ သိပြီမဟုတ်လား။"
နင်ထီသည် သူမ၏ ဖြူလွလွလည်တိုင်လေးကို ဝင့်ကြွားစွာမော့လိုက်သည်
"မြင့်မြတ်သားတော်နှစ်ပါးရှေ့မှာတော့ နင့်ရဲ့အတတ်ပညာလေးက ဘာမှမဟုတ်တော့ဘူး"
လန်ထီက မထီမဲ့မြင်ပြုံးလိုက်သည်။
"အသံမဲ့မြင့်မြတ်နယ်မြေက အမှိုက်နှစ်ယောက်နဲ့တင် ငါ့ရဲ့ကျိန်စာကိုဖြေနိုင်ဖို့ အရည်အချင်း မရှိပါဘူး။"
ထိုနှစ်ဦးစကားမပြောမီ ရှယုံကျွင်းက ခုန်ထွက်လာပြီး အော်ဟစ်လိုက်သည်။
"ရိုင်းလှချည်းလား... နင့်လိုမိစ္ဆာမက တာအိုနန်းတော်အဆင့် ၈ ပဲ ရှိတာ။ မြင့်မြတ်သားတော် နှစ်ပါးစလုံးက တာအိုနန်းတော်အဆင့် ၉ တွေ၊ နင်က ဘာအရည်အချင်းနဲ့ သူတို့ကို အထင်သေးရတာလဲ။"
"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ။"
"တကယ်ကို ရယ်စရာကောင်းလိုက်တာ"
မျှော်လင့်ထားသည့်အတိုင်းပင် သူတို့၏အဆင့်အတန်းမှာ ပြီးခဲ့သည့်အကြိမ်က ကျွမ်းကျင်သူခုနစ်ဦးနှင့် မယှဉ်နိုင်ပေ၊ အမှိုက်စကားများကိုသာ ပြောနိုင်ကြသည်။
အစ်ကိုကြီးချန် စိတ်ထဲကကဲ့ရဲ့နေစဉ်မှာပင် လန်ထီ၏အရေးပေါ် ဝိညာဉ်အသံပို့လွှတ်မှုမှာ သူ၏ ဝိညာဉ်ပင်လယ်ထဲတွင် ပေါ်လာသည်။
"ကျန်းချန်... သူတို့က ရှင့်ကိုလည်း လွှတ်ပေးမှာမဟုတ်ဘူး။ ကျွန်မတို့နှစ်ယောက်လုံး အသတ်ခံရလိမ့်မယ်။"
"စီနီယာ မျက်စိသုံးလုံးကျားကို ခေါ်နိုင်မယ့်နည်းလမ်း ရှင့်မှာရှိလား။"
ဒီအခြေအနေအထိ ရောက်နေတာတောင် မင်းကအဲဒီကျားကိုပဲ စဉ်းစားနေတုန်းလား...
ငါက ဒီမှာအတော်ဆုံးလူသတ်သမားဆိုတာကို မင်းမမြင်တတ်ဘူးလား...
"ငါ မခေါ်နိုင်ဘူး၊ ဘာလုပ်ရမလဲ။"
သူသည် နောက်ပြောင်ချင်စိတ်ပေါက်လာပြီး အလွန်ကြောက်လန့်နေသောအသံဖြင့် ပြန်လည်ပို့လွှတ်လိုက်၏။ လန်ထီသည် တစ်ဖက်မှလူအုပ်ကြီးကိုကြည့်လိုက်ရာ သူမ၏မျက်နှာမှာ တည်ငြိမ်နေသော်လည်း အသံပို့လွှတ်မှုတွင် စိတ်ပျက်မှုများရှိနေသည်။
"ရှင်ကတော့ တကယ်ငတုံးပဲ၊ အခွင့်အရေးကောင်းကြီးကို ဖြုန်းတီးပစ်ခဲ့တာပဲ။ မိစ္ဆာဘုရင်တစ်ပါးကိုတောင် ပါအောင်မခေါ်လာဘူးလား"
"ဟုတ်ကဲ့... ဟုတ်ကဲ့... ဟုတ်ကဲ့... ဒါဆို နောက်ထပ်ဘာလုပ်ကြမလဲ မိန်းကလေး။"
"အခုရှိတဲ့ တစ်ခုတည်းသောနည်းလမ်းကတော့ အတူတူပူးပေါင်းပြီး ဖောက်ထွက်ဖို့ပဲ။ ဟိုနှစ်ယောက်ကို ကျွန်မတာဝန်ယူမယ်၊ ရှင့်ရဲ့အဓိကရန်သူတွေကတော့ ရှန့်ကောင်းယဲ့နဲ့ ကျန်တဲ့သူတွေပဲ။"
ဒီလောက်တောင် စိတ်ဓာတ်ကောင်းတာလား...
တစ်ဖက်က အင်အားအကြီးဆုံး တာအိုနန်းတော်အဆင့် ၉ ကျွမ်းကျင်သူ နှစ်ယောက်ကို သူမက တာဝန်ယူမယ်တဲ့လား...
"အားနာစရာပဲ..."
အစ်ကိုကြီးချန်သည် သူမ၏စိတ်စေတနာကို အသိအမှတ်ပြုလိုက်ရသည်။ လန်ထီက ဆက်ပြောသည်
"ဒါပေမဲ့ ရှင်လည်းသတိထားရမယ်၊ အဲဒီနှစ်ယောက်မှာ စကားလုံးကျိန်စာတွေရှိတယ်။"
"သူတို့ကလည်း ကျိန်စာတွေသိတာလား၊ သူတို့ကလည်း မင်းတို့အင်မော်တယ်အကြွင်းအကျန်မျိုးနွယ်စုရဲ့ ဝူမျိုးနွယ်ကပဲလား။"
"မဟုတ်ဘူး..."
ထိုအချိန်တွင် အသံမဲ့မြင့်မြတ်နယ်မြေမှ မြင့်မြတ်သားတော်နှစ်ပါးအနက် တစ်ဦးက ဖြည်းညင်းစွာ ပြောလိုက်သည်။
"သူမ ပြောတာမှန်တယ်။"
ဤရိုးရှင်းသော စကားငါးလုံးမှာ အမှန်တရားကဲ့သို့ပင်ဖြစ်ပြီး လူတိုင်းမှာ ချက်ချင်းယုံကြည်သွား၏။ ကျန်းချန်ပင်လျှင် ထူးဆန်းသော ခံစားချက်တစ်ခုရလိုက်သည်၊ လန်ထီ နောက်ထပ်ပြောသမျှသည် မှန်ကန်လိမ့်မည်ဟု ထင်မှတ်ရသည်။
ချီးတဲ့မှ... ဒါက ဘာမှော်အတတ်လဲ၊ ဒီလောက်တောင် စွမ်းတာလား...
"ငါတို့က နင့်ရဲ့ကျိန်စာကိုမဖြေနိုင်ပေမဲ့ ငါတို့ဆရာကတော့ ဖြေနိုင်တယ်။"
"ငါတို့မထွက်လာခင်မှာ သူကငါ့ကို မြင့်မြတ် ကျိန်စာဖြေအဆောင် ပေးလိုက်တာ။"
ပြီးခဲ့သည့်နှစ်ရက်အတွင်း နင်ထီ၏ကျိန်စာ ပျက်ပြယ်သွားသည်ကို သူမသတိမထားမိခဲ့သည့်အကြောင်းကို နောက်ဆုံးတွင် နားလည်သွားသည်။ သူတော်စင်အဆင့်ကျွမ်းကျင်သူတစ်ဦးက ကြားဝင်ခဲ့ခြင်းဖြစ်နေ၏။
"နင်တို့ အသံမဲ့မြင့်မြတ်နယ်မြေက တကယ်ကိုဇွဲကောင်းတာပဲ"
ဟန်ဟွာယွမ်က ခေါင်းကိုအနည်းငယ် ခါယမ်းလိုက်သည်
"ဝူမျိုးနွယ်ဆိုတာ အတိတ်ကအရာဖြစ်သွားပြီဆိုတာ နင်သိသင့်ပါတယ်။ ငါတို့ဆရာက နင့်ကို အလွန်လေးစားတယ်။ နင်သာသဘောတူမယ်ဆိုရင် အခု သူ့ရဲ့တပည့်ဖြစ်ဖို့ နောက်မကျသေးပါဘူး။"
"ဟမ့်..."
"သူကငါ့ကို တပည့်အဖြစ်လက်ခံချင်တာလား။"
လန်ထီက လှောင်ပြောင်လိုက်သော်လည်း ဝိညာဉ်အသံကို တိတ်တဆိတ်ပြန်ပို့လိုက်သည်။
"ကျွန်မ တိုက်ခိုက်တော့မယ်၊ ရှင်က နဂါးဝိညာဉ်မဟာအစီအရင်ကို အသက်သွင်းနိုင်တုန်းပဲ မဟုတ်လား..."
အစ်ကိုကြီးချန်ကတော့ ပြောချင်နေသည်...
အစ်မကြီး... မင်း တိုက်ခိုက်စရာမလိုပါဘူး၊ ဒီအတိုင်းကြည့်နေရုံပဲ။ မင်း ငါ့အသတ်ခံရတာကို ကြည့်နေရုံနဲ့ အခြေအနေကို ချက်ချင်ပြောင်းလဲပစ်နိုင်တယ်လေ...
သို့သော် သူပြန်မဖြေနိုင်မီမှာပင် ထိုအမျိုးသမီးသည် ရုတ်တရက် တိုက်ပွဲစလေတော့သည်။ ဓားရှည်တစ်လက်သည် မြင့်မြတ်သားတော်နှစ်ပါးဆီသို့ တည့်တည့်ဦးတည်သွား၏။
"ဧကရာဇ်ကိုကာကွယ်ကြ"
တာအိုနန်းတော် ကျွမ်းကျင်သူအများအပြားသည် သူတို့၏တာအိုနန်းတော်များကို အမြန်အသက်သွင်းကာ တိုက်ခိုက်ကြသည်။ သို့သော် သူတို့၏တာအိုနန်းတော်များ စွမ်းအားမထုတ်နိုင်မီမှာပင် လန်ထီက လှည့်ကြည့်လိုက်၏။
ခရမ်းရောင် မျက်လုံးများသည် ရှေးဟောင်းရေအိုင်ကြီးတစ်ခုကဲ့သို့ပင်၊ တစ်ချက်ကြည့်လိုက်ရုံသာ...
နောက်တစ်ခဏတွင် ရှယုံကျွင်းနှင့် ရန်ကျဲတို့မှာ မိုးကြိုးပစ်ခံရသကဲ့သို့ဖြစ်သွားပြီး သူတို့၏မျက်နှာများမှာ တစ်ပြိုင်တည်း ဖြူဖျော့သွားတော့သည်။