ဝံပုလွေဘုရင်အဖြစ် ပြန်လည်မွေးဖွားခြင်း၊ နှင်းလွင်ပြင်ပေါ်မှ ထူးဆန်းသော စွန့်ပစ်ကလေးငယ်များ
Vol. 1 Ch. 1
မြောက်ဘက်နယ်စပ် ထျန်းရှန်တောအုပ်၏ အဆုံးအစမဲ့သော နှင်းလွင်ပြင်ထက်တွင် တိုးဝှေ့တိုက်ခတ်နေသော လေအေးများမှာ ဓားသွာများကဲ့သို့ ထက်ရှနေပြီး နှင်းမှုန်ပေါင်းများစွာ လွင့်စင်နေခဲ့သည်။
နံနက်ခင်း၏ အလင်းရောင်မှာ အေးစက်သော မြူထုကို ဖောက်ထွက်လျက် ဖြူဖွေးစွပ်နေသော နှင်းလွင်ပြင်ပေါ်သို့ ရွှေရောင်ဖျော့ဖျော့ ကျရောက်နေသော်လည်း အအေးဒဏ်ကမူ နည်းနည်းလေးမှ လျော့ကြမသွားချေ။
ထိုတောအုပ်၊ နှင်းလွင်ပြင်အကြားတွင် ဦးချိုရှည်သမင်အုပ်စုမှာ နှင်းထုကြီးကိုဖြတ်ကျော်ကာ သတိထား၍ ရှေ့သို့ ချီတက်နေကြသည်။ အုပ်စုကိုဦးဆောင်သော သမင်ထီးမှာ ခန္ဓာကိုယ်အသန်မာဆုံးဖြစ်ပြီး သစ်မြစ်အိုကြီးများသဏ္ဌာန် တွန့်လိမ်နေသော ဦးချိုများလည်းရှိကာ ခန့်ညားလှ၏။
သို့သော် ထိုတိရစ္ဆာန်၏ မျက်လုံးအစုံ၌မူ ပုံမှန်မဟုတ်သော အရောင်များ တဖျတ်ဖျတ်လက်နေလေသည်။ ၎င်းက စိတ်မတည်မငြိမ်ဖြစ်နေဟန်ရပြီး နှာမှုတ်ထုတ်လိုက်ရာ အဖြူရောင်ရေငွေ့များ ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို စိုးရိမ်တကြီး စစ်ဆေးကြည့်နေခဲ့သည်။
ထိုသမင်က သူ၏ ထက်မြက်လှသော အာရုံခံစားမှုကြောင့် လေထုထဲ၌ စိမ့်ဝင်နေသည့် ရိုးတွင်းခြင်ဆီအထိတိုင် အေးစက်နေသည့် သတ်ဖြတ်ခြင်း အငွေ့အသက်ကို ခပ်သဲ့သဲ့ ခံစားမိနေခြင်း ဖြစ်သည်။
ထိုအချိန် သစ်ကိုင်းခြောက်တစ်ခု ကျိုးသွားသည့် ခပ်တိုးတိုးအသံကို ကြားလိုက်ရသဖြင့် သူ၏ နားရွက်များ ဆတ်ခနဲ လှုပ်ရှားသွားပြီး ဘယ်ဘက်သို့ အမြန်လှည့်ကြည့်လိုက်သည်။
သူ၏အာရုံမှာ ဘယ်ဘက်သို့ ရောက်သွားသည့် ခဏမှာပင် ညာဘက်ရှိ သူသတိမထားမိလိုက်သော နှင်းပုံကြီးမှာ ဝုန်းခနဲ ပေါက်ကွဲထွက်လာပြီး နှင်းများ အရပ်မျက်နှာအနှံ့ လွင့်စင်သွားတော့သည်။
စောင့်ဆိုင်းနေတာ ကြာပြီဖြစ်သည့် ငွေရောင်အဆင်းရှိ သတ္တဝါတစ်ကောင်မှာ သေခြင်းတရားကို သယ်ဆောင်လာသည့် လျှပ်စီးတန်းတစ်ခုအလား ဒုံးကျည်ကဲ့သို့ သမင်အုပ်ထဲ ပြေး၀င်လာခဲ့သည်။ ထိုသတ္တဝါ၏အရှိန်မှာ မြန်လွန်းလှသဖြငိ့ သမင်များအားလုံး အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်ကိုသာ မြင်တွေ့လိုက်ရ၏။
ထက်မြက်သော ဝံပုလွေလက်သည်းများက သေမင်း၏ တံစဉ်အလား တိကျသေသပ်စွာဖြင့် သမင်အုပ်ခေါင်းဆောင်၏ အဓိကအားနည်းချက်ဖြစ်သော လည်ပင်းနေရာကို တိတိကျကျ ကုတ်ခြစ်လိုက်သည်။
ရွှတ်—!
အသားများ စုတ်ပြဲသွားသည့် ထိုအသံမှာ ကြားရသူကို တုန်လှုပ်ချောက်ချားစေကာ ပူနွေးသော သွေးများ စမ်းရေပမာ ပန်းထွက်လာပြီး ဖြူဖွေးသော နှင်းပြင်ပေါ်၌ ရဲရဲနီသွားကာ ပန်းပွင့်ကြီးများအလား ပြန့်ကျဲသွားတော့သည်။
ထို့နောက် တိုက်ခိုက်လိုက်သူ ‘လင်းထျန်းလုံ’ မှာ မြေပြင်ပေါ်သို့ ငြိမ်သက်စွာ ဆင်းသက်လိုက်သည်။ သူက သန်မာထွားကြိုင်းပြီး ပြီးပြည့်စုံလွန်းသော နှင်းဝံပုလွေတစ်ကောင်ပဲဖြစ်၏။
သူ၏ ငွေဖြူရောင် အမွှေးအမျှင်များက နံနက်ခင်းနေရောင်အောက်တွင် လရောင်ကို လွှမ်းခြုံထားသကဲ့သို့ တောက်ပနေခဲ့သည်။
သို့သော် ထိုလှပသော ရုပ်သွင်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်မှာ သူ၏ ရေခဲပြာရောင် မျက်လုံးအစုံပင်။
သူ၏လက်သည်းအောက်တွင် အသက်ဇီဝိန် တဖြည်းဖြည်း ချုပ်ငြိမ်းသွားသော သားကောင်ကို အေးစက်စက် စိုက်ကြည့်နေပုံမှာ ခြောက်ခြားစရာကောင်းလွန်းနေခဲ့သည်။
သူက ကြောက်လန့်တကြား ထွက်ပြေးနေကြသော သမင်အုပ်ကြီးကို လျစ်လျူရှုလျက် ခေါင်းငုံ့ကာ ဓားမြှောင်ကဲ့သို့ ထက်လှသော အစွယ်များဖြင့် သားကောင်၏ အရေခွံကို ခွဲပြီး ဝိညာဉ်စွမ်းအင် ကြွယ်ဝ၊ လတ်ဆတ်သည့် အသားနှင့် သွေးများကို စားသောက်လိုက်တော့သည်။
[ဒင်! အဆင့် 9 ‘ဝိညာဉ်စွမ်းအင်အဆင့်’ မိစ္ဆာသားရဲ ‘ဦးချိုရှည်သမင်’ ကို အောင်မြင်စွာ အမဲလိုက်နိုင်ခဲ့သဖြင့် အတွေ့အကြုံရမှတ်များ ရရှိခဲ့သည်၊ ပင်ကိုစွမ်းရည် [ခွန်အားမြှင့်တင်ခြင်း 'အစိမ်းရောင်' ] ကို ရယူနိုင်ခဲ့သည်၊ စုပ်ယူမည်လား?]
[ခွန်အားမြှင့်တင်ခြင်း ‘အစိမ်းရောင်’]- ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုကို အနည်းငယ် တိုးမြင့်စေနိုင်သည်။
အေးစက်စက် စနစ်၏ အသံမှာ သူ၏စိတ်ထဲတွင် မြည်ဟည်းသွားခဲ့သည်။
“အစိမ်းရောင် ပင်ကိုစွမ်းရည်လား...” လင်းထျန်းလုံ၏ စိတ်ထဲတွင် သဘာဝအလျောက် မေးခွန်းထုတ်မှုတစ်ခု ဖြစ်ပေါ်သွားသော်လည်း သူ၏ လှုပ်ရှားမှုများမှာတော့ ရပ်တန့်မသွားပေ။
သူသည် ယခင်ဘဝက တောတောင်အတွင်းစွန့်စားရခြင်းနှင့် နှင်းလျှောစီးခြင်းကို အရူးအမူး ဝါသနာပါသူဖြစ်ပြီး လူသူမနီးသော အရပ်များတွင် တောရိုင်းတိရစ္ဆာန်တို့၏ သဘာဝကို လေ့လာမှတ်တမ်းတင်ရသည်ကို စွဲလန်းခဲ့သူဖြစ်သည်။ “တိရစ္ဆာန်ကမ္ဘာ” ဆိုသည်မှာ သူအတွက် ဘယ်တော့မှ မရိုးနိုင်သော လေ့လာရေးခရီးစဉ်တစ်ခုပင်။
သို့သော်သို့သော် သူ၏နောက်ဆုံးခရီးစဉ်တွင် အယ်လ်တိုင်းတောင်တန်း၌ ဆိုးရွားသော ရာသီဥတုနှင့် ကြုံတွေ့ခဲ့ရပြီး အသက်အန္တရာယ်နှင့် ကြုံခဲ့ရသည်။
သူမျက်လုံးပြန်ဖွင့်လိုက်ချိန်တွင်ေတာ့ သူသည် မြောက်ဘက်တောအုပ်ရှိ နှင်းဝံပုလွေအုပ်စု၏ အရှင်သခင် ဖြစ်နေခဲ့ပြီး အသက်ရှင်သန်ဖို့ရာအတွက် အားကိုးရမည့် [ပင်ကိုစွမ်းရည်လုယူခြင်း စနစ်] လည်း သူနှင့်အတူ နိုးထလာခဲ့သည်။
မိစ္ဆာသားရဲများကို အမဲလိုက်သတ်ဖြတ်ခြင်းဖြင့် သူတို့၏ ပင်ကိုစွမ်းရည်များကို လုယူကာ မိမိကိုယ်ကို သန်မာအောင်လုပ်နိုင်သလို ဆင့်ကဲပြောင်းလဲမှုအတွက် အရင်းအမြစ်အဖြစ်လည်း အသုံးပြုနိုင်လေသည်။ ပင်ကိုယ်စွမ်းရည်များကို အစိမ်း၊ အဖြူ၊ ခရမ်း၊ ရွှေနှင့် အနီဟူ၍ အရောင်အဆင့်ဆင့်ခွဲထားလေသည်။
ယခုရသည့်[ခွန်အားမြှင့်တင်ခြင်း] မှာ အနိမ့်ဆုံး အစိမ်းရောင်အဆင့်သာ ဖြစ်သော်လည်း နည်းနည်းချင်း စုဆောင်းခြင်းသည်ကသာ အင်အားကြီးမားရန် လမ်းစတစ်ခုပင် ဖြစ်သည်ဟုတွေးကာ သူက စိတ်ထဲမှနေ၍ “စုပ်ယူမယ်” ဟု ပြောလိုက်သည်။
ခပ်နွေးနွေး စွမ်းအင်စီးကြောင်းတစ်ခုမှာ သူ၏ အကြော၊ အရိုးများထဲသို့ ချက်ချင်း စီးဝင်သွားပြီး ကြွက်သားများအတွင်း ပေါင်းစပ်သွားကာ သိသိသာသာ အင်အားတိုးလာတာကို ခံစားလိုက်ရသည်။ သူက သူ၏လက်သည်းများကို အသာအယာ လှုပ်ရှားကြည့်ကာ တိုးတက်လာသော ခွန်အားကို စစ်ဆေးကြည့်ဖို့ပြင်လိုက်သည်။
သူ၏ ငွေဖြူရောင် လည်ဆံမွေးများပေါ်မှ နွေးထွေးသော သွေးစက်များကို ခါထုတ်လိုက်သည်။ ထို့နောက် အပြာရောင် စနစ်မျက်နှာပြင်တစ်ခုမှာ သူ၏ အာရုံထဲတွင် ပေါ်လာတော့သည်။
[အမည် - လင်းထျန်းလုံ]
[မျိုးနွယ် - နှင်းဝံပုလွေ (မိုးပြာငွေသွေးမျိုးဆက်)]
[အဆင့် - အဆင့် 11 (ထူးချွန်အဆင့်)]
[ပါရမီ၊ကိုယ်ပိုင်စွမ်းရည်များ -
[မိုးပြာငွေသွေးမျိုးဆက် (အဖြူ)]
[အရှိန်မြှင့်တင်ခြင်း (အစိမ်း)]
[ခွန်အားမြှင့်တင်ခြင်း (အစိမ်း)]
[စွမ်းရည်များ - [ဝံပုလွေလက်သည်းရိုက်ချက် (အစိမ်း)]
[လမင်း မြည်ကြွေးသံ (အဖြူ)]
“မိုးပြာငွေသွေးမျိုးဆက်... ဒါက ဒီခန္ဓာကိုယ်ရဲ့ ဖုံးကွယ်နေတဲ့ အလားအလာပဲ၊ စနစ်ပွင့်လာပြီးမှ ပေါ်လာတာ၊ ဒါပေမဲ့ ငါ့ရဲ့ အခုအင်အားက အခုကမ္ဘာကြီးမှာ အရှင်သခင်ဖြစ်ဖို့ရာ မလုံလောက်သေးဘူး၊ ဝေးသေးတယ်” လင်းထျန်းလုံ၏ ရေခဲပြာ မျက်လုံးများထဲတွင် လေးနက်မှုများ လျှပ်ခနဲ ပေါ်လာခဲ့သည်။ “ဒီကမ္ဘာရဲ့ စည်းမျဉ်းက ရိုးရှင်းပြီး ရက်စက်တယ်၊ အားကြီးသူက အားနည်းသူကို အနိုင်ကျင့်စားသုံးတာပဲ၊ ငါ့ရဲ့ ဝံပုလွေအုပ်စုကို ကာကွယ်ဖို့နဲ့ အသက်ရှင်ဖို့အတွက် ငါ ပိုပြီး မြန်မြန်ဆန်ဆန် သန်မာလာမှရမယ်”
ထိုစဉ်မှာပင်—
လေလမ်းကြောင်း ပြောင်းလဲတိုက်ခတ်လာသည်နှင့်အတူ သူ၏ထက်မြက်သော အကြားအာရုံထဲသို့ တောနက်ကြီး၏ သဘာဝနှင့် လုံးဝမအပ်စပ်သော ခပ်သဲ့သဲ့ အသံတစ်ခု စီးဝင်လာခဲ့သည်။
“အူဝဲ... အူဝဲ...”
“ဒါ... ကလေးငိုသံလား၊ တစ်ယောက်တည်းတောင် မဟုတ်ဘူး၊ နှစ်ယောက်လား”
လင်းထျန်းလုံမှာ ခေါင်းကို ဆတ်ခနဲ မော့လိုက်ပြီး မယုံကြည်နိုင်သော အမူအရာဖြင့် အသံလာရာသို့ ကြည့်လိုက်မိသည်။ ဤနေရာမှာ လူနေထိုင်ရာ အရပ်နှင့် အလွန်ဝေးကွာလှသည့်အပြင် အလွန်အေးစက်ပြီး အန္တရာယ်များလွန်းသော တျန်းရှန်းတောအုပ် အနက်ပိုင်းဖြစ်၏။ ဤနေရာသို့ လူသား၊ မွေးကင်းစကလေးငယ်များ ရောက်ရှိလာဖို့ရာ မဖြစ်နိုင်သလောက်ပင်။
သူ နှာခေါင်းရှုံ့ကြည့်လိုက်ရာ သွေးညှီနံ့၊ နှင်း အငွေ့အသက်နှင့် ထင်းရှူးနံ့များအကြားမှ အလွန်သန့်စင်သော... လူသားရနံ့ကို ချက်ချင်း ရလိုက်သည်။
သူ၏ ရေခဲပြာရောင် မျက်လုံးများမှာ ချက်ချင်း စူးရှသွားပြီး အောက်အရပ်ရှိ နှင်းလျှောစောက် တစ်နေရာသို့ အာရုံစိုက်လိုက်သည်။
သိပ်မဝေးလှသော နေရာတွင် သေသေချာချာရစ်ပတ်ထားသော အထုပ်နှစ်ထုပ်မှာ နှင်းပြင်ပေါ်၌ ဘေးချင်းယှဉ်လျက် ရှိနေခဲ့ပြီး ပတ်ဝန်းကျင်နှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။
ဘယ်ဘက်ရှိ အထုပ်ထဲမှ ရွှေရောင်ဆံပင်ကောက်ကောက်လေးများရှိသည့် ကလေးငယ်မှာ သူ၏အဖော်ကို မကျေမနပ်ဖြင့် လက်သီးလေးများ ယမ်းပြနေပြီး သူ၏ မြစိမ်းရောင် မျက်လုံးကြီးများမှာလည်း နာကျည်းမှုများဖြင့် ပြည့်နှက်နေကာ တတွတ်တွတ် အော်ဟစ်နေသည်။
“ငတုံး... နံပါတ်တစ်... ဒါတွေအားလုံး နင့်ကြောင့်ဖြစ်တာ... နင်သာ မရှုပ်ရင် ငါတို့ ဘယ်လိုလုပ် ဒီလိုနေရာမျိုး ရောက်လာမလဲ”
ညာဘက်ရှိ အထုပ်ထဲမှ ထူးခြားသော ခရမ်းရောင်ဆံပင်နုနုလေးများဖြင့် ကလေးငယ်မှာမူ မျက်လုံးကို တဆုံးလှန်ကြည့်လျက် ဘယ်ဘက်ရှိကလေးငယ်၏စကားကို လျစ်လျူရှုထားဟန်ပြလိုက်သည်။
ထို့နောက် သူ၏ နှာခေါင်းလေးကို အသာရှုံ့လိုက်ပြီး အလားတူပင် ပြန်လည် အော်ဟစ်လိုက်သည်။ ဘေးမှကြည့်နေသူများအနေဖြင့် ဘာပြောမှန်း မသိရသော်လည်း သူ၏ အမူအရာမှာမူ အထင်သေးမှုများဖြင့် ပြည့်နှက်နေမှန်းထင်ရှား၏။
“ဟွန်း... အသိဉာဏ်မဲ့လိုက်တာ... ငါ့လို အရှင်တစ်ယောက်က ဘာလို့ နင့်ကို ရှင်းပြနေရမှာလဲ”
သူတို့နှစ်ဦးမှာ ယခင်ဘဝက မဟာစစ်ပွဲကြီးအတွင်း ကျဆုံးပြီး ဝိညာဉ်ကူးပြောင်းကာ ပြန်လည်မွေးဖွားလာကြသော ဧကရီ ‘ရှောင်လန်’ နှင့် မိစ္ဆာဘုရင် ‘ရှောင်ယင်း’ တို့ပဲဖြစ်ကြသည်။
ထိုနှစ်ယောက်မှာ သူတို့၏ လက်ရှိ အခြေအနေဆိုးအတွက် တစ်ဦးကိုတစ်ဦး အပြစ်တင်ရင်း မပီမသ ကလေးဘာသာစကားဖြင့် အပြန်အလှန် ရန်ဖြစ်နေကြစဉ်... ကြီးမားပြီး အေးစက်လှသော တောရိုင်းတိရစ္ဆာန် အငွေ့အသက်တစ်ခု ရုတ်တရက် ချဉ်းကပ်လာတော့သည်။
ပြင်းထန်လွန်းသော ဖိအားကြီးမှာ သူတို့ကို ချက်ချင်း လွှမ်းမိုးသွားခဲ့လေသည်။
သူတို့နှစ်ဦးစလုံး ကိုယ်လေးများ တောင့်တင်းသွားကြပြီး တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။
ထိုနေရာရှိ နှင်းဖုံးနေသော ထင်းရှူးပင်၏ အရိပ်အောက်တွင် နှစ်ပေါင်းသောင်းချီ အေးခဲနေသော ကျောက်မျက်များကဲ့သို့ ကြီးမားပြီး အေးစက်သော ဝံပုလွေမျက်လုံးအစုံမှာ သူတို့ကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်။ ထိုအကြည့်ထဲတွင် သားရဲတစ်ကောင်၏ စူးစမ်းလိုမှုနှင့် အရာရာကို လျစ်လျူရှုမှုများ ပါဝင်နေ၏။
သေခြင်းတရား အန္တရာယ်မှာ ရေခဲရေဖြင့် သူတို့၏ ဝိညာဉ်များပေါ်သို့ လောင်းချလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
အတွင်းရေး အငြင်းပွားမှုများနှင့် ရန်ငြိုးများမှာ ခဏချင်း ပျောက်ကွယ်သွားတော့သည်။ အသက်ရှင်လိုသည့် ဗီဇအရ သူတို့နှစ်ဦးမှာ တစ်ပြိုင်နက်တည်းပင် လက်ကလေးများကို ဆန့်ထုတ်ကာ အချင်းချင်း တင်းကျပ်စွာ ဖက်တွယ်လိုက်ကြပြီး၊ ထို့နောက်….
“ဝါး—ဝါး.....”
ကြောက်လန့်တကြား အော်ဟစ်လိုက်သော ကလေးငိုသံနှစ်ခုမှာ တောအုပ်၏ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တော့သည်။
“ဝံပုလွေ... ဒါက ကြီးမားတဲ့ မိစ္ဆာဝံပုလွေကြီးပဲ”
“ပြီးတော့... ဒီအငွေ့အသက်က... သာမန်သားရဲတွေထက် အများကြီး သာတယ်၊ ဒါက ထူးချွန်အဆင့် မိစ္ဆာသားရဲလား” ဤခံစားချက်ကြောင့် တစ်ချိန်က ထိပ်ဆုံးမှာ ရပ်တည်ခဲ့ဖူးသော ဧကရီနှစ်ပါး၏ ဝိညာဉ်များပင် တုန်လှုပ်သွားရသည်။
သူတို့ ရရှိထားသော မှတ်ဉာဏ် အကြွင်းအကျန်များအရ ဤကမ္ဘာ၏ မိစ္ဆာသားရဲအဆင့်များကို ခုနစ်ဆင့် ခွဲထားသည်။ ၎င်းတို့မှာ ဝိညာဉ်စွမ်းအင်အဆင့်၊ ထူးချွန်အဆင့် ၊ ပါရမီရှင်အဆင့်၊ ဘုရင်အဆင့် ၊ ဧကရာဇ်အဆင့်၊ ဒဏ္ဍာရီအဆင့် နှင့် အမြင့်မြတ်ဆုံး မိစ္ဆာအင်ပါယာအဆင့်တို့ ဖြစ်ကြသည်။
ယခုအချိန် ယခုနေရာမှာ ဝိညာဉ်စွမ်းအင်များ စတင်နိုးထကာစသာ ရှိသေးပြီး အလုံးစုံ နိုးထရန် အချိန်လိုသေးသဖြင့် ဝိညာဉ်စွမ်းအင်အဆင့် သားရဲများပင် ရှားပါးနေသင့်သည်။ သို့သော် သူတို့ရှေ့မှ ငွေရောင်ဝံပုလွေကြီးမှာမူ ထူးချွန်အဆင့် ဖိအားများကို ထုတ်လွှတ်နေခဲ့သည်
ထိုဖြစ်ရပ်က လုံးဝ ယုတ္တိမရှိချေ။
သို့သော် ထိုဝံပုလွေကြီးမှာ သူတို့ကို ချက်ချင်း ခုန်အုပ်၍ ကိုက်ဖြတ်ခြင်း မပြုပေ။ သူက ထိုနေရာမှာပင် ရပ်လျက် နက်ရှိုင်းပြီး အေးစက်သော ပြာလဲ့လဲ့မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
သူ၏အကြည့်မှာ လူသားတစ်ယောက်ကဲ့သို့ စူးစမ်းဆင်ခြင်နေပုံပင် ရလေသည်။
ထိုဝံပုလွေမှာ လင်းထျန်းလုံပင် ဖြစ်သည်။ သူက နှင်းပြင်ပေါ်၌ တုန်ရီနေကြသော ကလေးငယ်နှစ်ဦးကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။
ဝံပုလွေခန္ဓာကိုယ်ထဲရှိ ပုန်းကွယ်နေသော လူသားဝိညာဉ်မှာ အနည်းငယ် လှုပ်ခတ်သွားခဲ့၏။
“ဟူး... အစွန့်ပစ်ခံ ဒုက္ခသည်လေး နှစ်ယောက်ပါလား”
သူက ဖြေးဖြေးခြင်း ရှေ့သို့ တိုးလာရာ သူ၏ ကြီးမားထွားကြိုင်းသော ခန္ဓာကိုယ်အရိပ်ကြီးမှာ ကလေးငယ်လေးနှစ်ဦးကို လုံးဝ ဖုံးလွှမ်းသွားတော့သည်။
ရှောင်လန်နှင့် ရှောင်ရင်းတို့မှာ သမင်သွေးများ ပေကျံနေဆဲဖြစ်သော ကြောက်မက်ဖွယ် ဝံပုလွေမျက်နှာကြီး တဖြည်းဖြည်း နီးကပ်လာသည်ကို ကြည့်ပြီး ငိုရန်ပင် မေ့သွားကြသည်။
သူတို့မှာ မျက်လုံးလေးများ ပြူးကာ ပါးစပ်လေးများ ဟလျက် စိတ်ပျက်အားငယ်စွာဖြင့်သာ စိုက်ကြည့်နေမိတော့သည်။
“သွားပြီ... ပြန်မွေးဖွားလာကာရှိသေးတယ်... ဝံပုလွေရဲ့ နံနက်စာ ဖြစ်ရတော့မှာလား”
“ငါ... ငါ့လို အရှင်က တကယ်ပဲ ဝံပုလွေဗိုက်ထဲ ရောက်ရတော့မှာလား”
သို့သော် သူတို့ထင်သကဲ့သို့ ကိုက်ဖြတ်စားသောက်ခြင်းကို မခံရခဲ့ချေ။ ဝံပုလွေကြီးမှာ သူ၏ဦးခေါင်းကို အလွန်ဂရုတစိုက် နှိမ့်ချလိုက်ပြီး သူ၏ ရှေ့ဘက်ရှိ ချွန်ထက်သော အစွယ်ကြီးများဖြင့် ကလေးပတ်တီးအထုပ်၏ အနားသတ်ကို အသာအယာ ကိုက်လိုက်သည်။ အင်အားမှာ တိကျလွန်းလှသဖြင့် အတွင်းမှ နုနယ်သော ကလေးလေးများကို အနည်းငယ်မျှပင် မထိခိုက်စေပေ။
ထို့နောက် “အထုပ်” နှစ်ခုလုံးကို အေးစက်သော နှင်းပြင်ပေါ်မှ အသာအယာ မလိုက်သည်။
ရှောင်လန်တို့၏ မြင်ကွင်းမှာ ရုတ်တရက် မြင့်တက်သွားပြီး နားထဲတွင် လေတိုးသံများသဲ့သဲ့သာ ကြားလိုက်ရသည်။
တစ်ချိန်က လောကကြီးကို အမိန့်ပေးခဲ့သော ဧကရီနှစ်ပါးမှာ ယခုမူ မိခင်ကြောင်မကြီးမှ ခေါ်ဆောင်သွားခြင်း ခံရသော ကြောင်ပေါက်လေးများအလား ဖြစ်နေလေတော့သည်။
သူတို့၏ ခန္ဓာကိုယ်များမှာ တောင့်တင်းနေပြီး အနည်းငယ်မျှပင် မလှုပ်ရဲကြဘဲ တစ်ဦးကိုတစ်ဦး တုန်လှုပ်စွာ ကြည့်နေခဲ့ကြသည်။
နှစ်ဦးလုံး၏ မျက်လုံးများထဲတွင် ကြောက်လန့်မှု၊ ဇဝေဇဝါဖြစ်မှုနှင့်... မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေခဲ့၏။
လင်းထျန်းလုံက ဤမထင်မှတ်ထားသော “ဆုလာဒ်” ကို ပါးစပ်ဖြင့် ခဲလျက် ဝံပုလွေအုပ်စု၏ ဂူရှိရာသို့ မှန်မှန်နှင့် မြန်မြန်ဆန်ဆန် လျှောက်လှမ်းသွားတော့သည်။
ဖြူဖွေးသော နှင်းပြင်ထက်တွင် ကြီးမားသော ဝံပုလွေခြေရာများသာ ကျန်ရစ်ခဲ့ပြီး ကြောက်လန့်တကြား အော်ဟစ်နေသော ကလေးငယ်များ၏ ငိုသံမှာလည်း လေထဲ၌ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။