← Chapters

ဧကရီနှစ်ပါးလုံး ဝံပုလွေကို ဖခင်အဖြစ် အသိအမှတ်ပြုကြခြင်း

Vol. 1 Ch. 3

ဧကရီနှစ်ပါးလုံး ဝံပုလွေကို ဖခင်အဖြစ် အသိအမှတ်ပြုကြခြင်း

Vol. 1 Ch. 3

ဝံပုလွေမနှစ်ကောင်သည် နာခံမှုအပြည့်ဖြင့် မြေပြင်ပေါ် ဝပ်နေကြပြီး သူမတို့၏ မျက်ဝန်းအစုံတွင် နူးညံ့သိမ်မွေ့မှုနှင့် စူးစမ်းလိုစိတ်တို့ ယှဉ်တွဲနေကာ သူမတို့၏ ဘုရင်က ခေါ်ဆောင်လာသော ထူးဆန်းသည့် လူသားရင်သွေးငယ်နှစ်ဦးအပေါ် မိခင်မေတ္တာအရိပ်အယောင်များပင် သန်းနေကြ၏၊၊

ရှေ့တည့်တည့်၌ရှိနေသော နို့ရည်အရင်းအမြစ်နှင့် လုံးဝနားမလည်နိုင်ဖွယ် ဖြစ်ရပ်များကြောင့် ရှောင်လန်နှင့် ရှောင်ယင်းတို့၏ အတွေးများမှာ အလုပ်မလုပ်နိုင်တော့လောက်အောင်ပင် ဗျာများနေရတော့သည်၊၊

“ဒါက… မဖြစ်နိုင်တာ... တကယ်ပဲ ဒါကိုသောက်ပြီး အသက်ဆက်ရမှာလား... ငါ့ရဲ့ ဧကရီဂုဏ်သိက္ခာတွေတော့...” ရှောင်လန်တစ်ယောက် စိတ်ထဲမှ ငြီးတွားနေမိခဲ့သည်။ သူမ၏ ဧကရီတစ်ပါးဟူသော မာန်မာနကြောင့် ဗီဇအရပင် ငြင်းဆန်လိုစိတ်များ ပြင်းထန်နေခဲ့သည်၊၊

“ငါ အလျော့မပေးနိုင်ဘူး... ဒီသတင်းသာ အပြင်ထွက်သွားရင် မိစ္ဆာအရှင်သခင်တစ်ပါးအနေနဲ့ ငါ့မျက်နှာ ဘယ်နားသွားထားရမှာလဲ... နောင်တစ်ချိန် မိစ္ဆာလောကကို ငါဘယ်လိုဦးဆောင်ရမှာလဲ...” ရှောင်ယင်းသည်လည်း သူမ၏ မျက်နှာငယ်လေးကို ရှုံ့မဲ့လျက် အသည်းအသန် ရုန်းကန်နေရှာသည်၊၊

“ဂလု...”

အချိန်အခါမဟုတ်ဘဲ ရှောင်ယင်း၏ ဗိုက်ထဲမှ အသံကျယ်ကြီး ထွက်ပေါ်လာရာ ဝမ်းနည်းဖွယ်ကောင်းသော်လည်း နေရခက်သည့် အခြေအနေမှာ ချက်ချင်းပင် ပျက်ပြယ်သွားတော့သည်။

လင်းထျန်းလုံသည် မျက်လုံးများကို တင်းတင်းပိတ်ကာ “အသေပဲခံရင်ခံမယ် အရှုံးမပေးဘူး” ဆိုသော အငွေ့အသက်များ ထုတ်လွှတ်နေသည့် ထိုကလေးနှစ်ယောက်ကို ကြည့်ကာ ဝံပုလွေခေါင်းကြီးပေါ်၌ မေးခွန်းသင်္ကေတများ ပေါ်လာသကဲ့သို့ သူခံစားလိုက်ရသည်၊၊ ထို့နောက် သူတစ်ခု တွေးမိသွားသည်... “ဪ... လူသားရင်သွေးတွေက သိပ်နုနယ်တာပဲ၊၊ ချော့မြှူပေးဖို့ လိုနေတာလား... ဒါမှမဟုတ် ကြောက်နေကြတာလား...”

သူသည် ဝံပုလွေဘုရင်တစ်ပါး၏ ရက်စက်ကြမ်းကြုတ်မှုမှန်သမျှကို ထိန်းချုပ်ကာ လည်ချောင်းထဲမှ နူးညံ့သော အသံကို ထုတ်ဖော်လိုက်သည်၊၊

ထို့နောက် သူ၏ ချွန်ထက်သော လက်သည်းများကို သိမ်းဆည်းလိုက်ပြီး နူးညံ့သော ခြေဖဝါးအိအိကြီးများဖြင့် ကလေးနှစ်ယောက်ကို ဝံပုလွေမများဆီသို့ အသာအယာ တွန်းပို့ပေးလိုက်၏၊၊

ဤ “ဖခင်မေတ္တာ” အပြည့်ပါသော လုပ်ရပ်ကြောင့် ဧကရီနှစ်ပါး၏ မျက်လုံးများထဲတွင် အလွန်ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်သွားရသည်။

“...ဒါ... ဒါက တကယ့်ကို အရှက်သိက္ခာမဲ့လွန်းတယ်...” ရှောင်လန်တစ်ယောက် ဆွံ့အသွားရသည်၊၊

“...လုံးဝကို မဖြစ်သင့်တာ...” ရှောင်ယင်း ဒေါသထွက်နေသော်လည်း ရှေ့မှ နို့နံ့သင်းသင်းလေးကိုတော့ မျက်တောင်မခတ်တမ်း ကြည့်နေမိသည်၊၊

“ဒီအနံ့က... အတော်လေး... မွှေးနေသလိုပဲ...”

ဆာလောင်မှုသည် ဒီရေကဲ့သို့ တိုးဝင်လာပြီး ရင်သွေးငယ်တစ်ဦး၏ ဗီဇက သူမတို့၏ စိတ်ဓာတ်ကြံ့ခိုင်မှုကို တိုက်စားလာတော့သည်၊၊

ပို၍ စိတ်လှုပ်ရှားစရာကောင်းသည်မှာ လင်းထျန်းလုံ၏ မျက်ဝန်းပြာကြီးများက သူတို့အနီးတွင်ရှိနေပြီး နှာခေါင်းမှ နွေးထွေးသော အသက်ရှူသံများက ကလေးငယ်နှစ်ဦး၏ ထုပ်ပိုးထားသော အဝတ်စပေါ်သို့ ကျရောက်နေခြင်းပင်၊၊

ထိုအငွေ့အသက်များထဲတွင် ငြင်းဆန်၍မရသော... မျှော်လင့်ချက်များ ပါဝင်နေသည့်ဟန်ပင်။

ရှောင်လန်မှာ နှုတ်ဆိတ်သွားခဲ့သည်၊၊ ရှောင်ယင်း၏ စိတ်ထဲတွင်လည်း အသည်းအသန် တိုက်ပွဲဖြစ်နေခဲ့၏၊၊ တစ်စက္ကန့် မပြည့်မှီမှာပင် သူမတို့နှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြသည်၊၊

“...ထားလိုက်ပါတော့... ပညာရှိဆိုတာ အခြေအနေကို ကြည့်ပြီး လိုက်လျောညီထွေ နေတတ်ရမယ်... အသက်ရှင်မှ တစ်ခုခုလုပ်လို့ရမှာ...” ရှောင်လန်က မိမိကိုယ်ကို နှစ်သိမ့်ကာ နောက်ဆုံးတော့ လက်နက်ချလိုက်သည်၊၊

“...ဟင်း... ဒါက ခေတ္တခဏပဲ... အသက်ရှင်ဖို့အတွက်ပဲ... ငါ့ရဲ့ ကျင့်စဉ်တွေ ပြန်ရလာတဲ့နေ့ကျမှ မင်းနဲ့စာရင်းရှင်းမယ်...” ရှောင်ယင်းကလည်း ဆင်ခြေပေးကာ လက်ခံလိုက်တော့သည်၊၊

နောက်တစ်ခဏတွင်... တစ်ချိန်က မျိုးနွယ်စုအားလုံး၏ ထိပ်သီးတွင် ရပ်တည်ခဲ့ဖူးသော အမျိုးသမီးနှစ်ဦးက ရှုပ်ထွေးမှု၊ ဝမ်းနည်းမှုနှင့် အနည်းငယ်သော မျှော်လင့်ချက်တို့ဖြင့် ကလေးငယ်များ၏ဗီဇအတိုင်း နို့အရင်းအမြစ်ရှိရာသို့ အသာအယာ ခေါင်းငုံ့သွားကြလေသည်၊၊

အနည်းငယ် ညှီနံ့စွဲနေသော်လည်း နွေးထွေးပြီး ဆွဲဆောင်မှုရှိသော နို့ရည်များက လည်ချောင်းထဲသို့ စီးဝင်သွားလေသည်၊၊

ဝိညာဉ်စွမ်းအင်များ ပါဝင်နေသော ထိုနို့ရည်များ သူမတို့ဗိုက်ထဲသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် အေးစိမ့်မှုနှင့် ဆာလောင်မှုများကို မောင်းထုတ်လိုက်တော့သည်။

“ဟင်...” ရှောင်လန်က နို့စို့နေရင်းမှ ရုတ်တရက်လှုပ်ရှားမှု ရပ်တန့်သွားသည်၊၊

“အွန်း...” ရှောင်ယင်းလည်း မျက်လုံးများ ပြူးသွားလေသည်၊၊

သူမတို့နှစ်ဦးလု၏ မျက်ဝန်းများထဲတွင် မယုံကြည်နိုင်မှုများ တစ်ပြိုင်နက်တည်း ဖြတ်ပြေးသွားခဲ့သည်။

“ဒီနို့ရည်ထဲမှာ... တကယ်ပဲ သန့်စင်တဲ့ ဝိညာဉ်စွမ်းအင်တွေ ပါနေတာလား...” ရှောင်လန် ထိတ်လန့်သွားရလေသည်၊၊

“အားနည်းပေမဲ့ အရည်အသွေးကတော့ အတော်မြင့်တာပဲ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...” ရှောင်ယင်း၏ စိတ်ထဲတွင်လည်း လှိုင်းတံပိုးများ ထန်သွားရတော့သည်၊၊

ဤနှင်းဝံပုလွေအုပ်စု၏ ဇစ်မြစ်က ဘယ်ကလာသည်ကို သူမတို့စ‌တင် တွေးတောနေကြလေတော့သည်။

အစောပိုင်းက ငြင်းဆန်လိုစိတ်များအားလုံး ထိုအံ့အားသင့်ဖွယ် တွေ့ရှိမှုနှင့်အတူ ပျောက်ကွယ်သွားရတော့သည်၊၊

“ဒါက... တော်တော်လေး အရသာရှိတာပဲ...” သူမတို့နှစ်ဦးလုံး စိတ်ထဲတွင် တစ်ပြိုင်တည်း တွေးလိုက်မိကြ၏၊၊

လင်းထျန်းလုံသည် ကလေးနှစ်ယောက်လုံး အငမ်းမရ နို့စို့နေသည်ကို မြင်သောအခါမှ သက်ပြင်းချနိုင်တော့သည်၊၊ “သူတို့ရဲ့ ဗိုက်က တော်တော်ဆံ့ပုံပဲ... နို့တိုက်ဖို့အတွက် ဝံပုလွေမတွေကို အလှည့်ကျ စီစဉ်ပေးရမယ် ထင်တယ်... ကလေးထိန်းရတာ တကယ်ကို ပညာသားပါတဲ့ အလုပ်ပဲ...”

ကလေးအနှီးထုတ်ထဲတွင်မူ ဧကရီနှစ်ပါးက “ဝိညာဉ်နို့ရည်” ကို သောက်ရင်း အကြည့်ချင်း စကားပြောနေကြပြန်သည်၊၊

“ယီယား... (ရှောင်လန်... ဒဒီဝံပုလွေအုပ်က တစ်ခုခုတော့ ထူးခြားနေပြီ...)” ရှောင်ယင်းက မျက်လုံးဖြင့်အချက်ပြကာ စိတ်ထဲမှ အော်ဟစ်လိုက်သည်၊၊

“ယီယီ... (အပိုတွေ ပြောမနေနဲ့... သာမန်ဝံပုလွေနို့မှာ ဝိညာဉ်စွမ်းအင် ဘယ်ပါမလဲ... ဒီဝံပုလွေဘုရင်က ရိုးရိုးဝံပုလွေဘုရင် မဟုတ်တာတော့ သေချာတယ်...)” ရှောင်လန်၏ အကြည့်က ပို၍တည်ငြိမ်နေခဲ့သည်၊၊

ဗိုက်ပြည့်သွားသောအခါ အိပ်ချင်စိတ်ကလည်း တပြိုင်နက်တည်း ၀င်ရောက်လာခဲ့သည်၊၊ ရှောင်ယင်းက ကျေနပ်စွာဖြင့် လေချဥ်တစ်ခါတက်လိုက်မိသည်။

“ဂစ်တ်...”

ထို့နောက် သူမရှက်သွားပြီး တစ်ကိုယ်လုံး တောင့်တင်းသွားလေသည်၊၊ “ငါ့နှယ်... အရှက်ကွဲလိုက်တာ… ဟင်”

ထိုအချိန်တွင် နူးညံ့လှသော ဝံပုလွေခြေဖဝါးကြီးက သူမကို အသာအယာ မလိုက်သည်၊၊ လင်းထျန်းလုံသည် သူမ နို့ရည်သီးနေမည်ကို စိုးရိမ်သဖြင့် လူသားများ ကလေးကျောပုတ်ပေးသကဲ့သို့ အလွန်သတိထားကာ အသာအယာ ပုတ်ပေးနေခဲ့၏၊၊

သူ၏ လှုပ်ရှားမှုများက အလွန်သိမ်မွေ့ပြီး အပြည့်အ၀ အာရုံစိုက်ထားမှန်း သိသာသည်၊၊

သူ၏ မျက်ဝန်းပြာကြီးများထဲတွင် သူမ၏ ပုံရိပ်ငယ်လေး ထင်ဟပ်နေပြီး စစ်မှန်သော ဂရုစိုက်မှုများဖြင့် ပြည့်နှက်နေခဲ့သည်၊၊

ရှောင်ယင်းက သူမ၏ရှေ့မှ ဝံပုလွေခေါင်းကြီးကို ငေးကြည့်နေမိသည်၊၊ ပုံမှန်အတိုင်းဆို ရက်စက်ကြမ်းကြုတ်နေရမည့် သားရဲမျက်လုံးများထဲတွင် ယခုမူ နူးညံ့မှုများသာ အစားထိုးဝင်ရောက်နေခဲ့၏၊၊

တစ်ခါမှ မခံစားဖူးသော နွေးထွေးမှုတစ်ခုက သူမ တစ်ကိုယ်လုံး လွှမ်းခြုံသွားခဲ့သည်၊၊ အတိတ်ဘဝ မိစ္ဆာလောကတွင် ရှင်သန်ခဲ့စဉ်က သူမကို မည်သူကမှ ဂရုမစိုက်ခဲ့ဖူးချေ၊၊ သူမ၏ စရိုက်အရ မကျေနပ်လျှင် တိုက်ခိုက်ပြီး အနိုင်ရယူခဲ့ရခြင်းသာ။

“သူက... ငါ့ကို တကယ် စိတ်ပူပေးနေတာလား...”

သူမ၏ တင်းမာနေသော စိတ်ဓာတ်များမှာ အလိုလို ပျော့ပျောင်းသွားပြီး အိပ်စက်ခြင်း အခြေအနေထဲသို့ ကျရောက်သွားစဉ် စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်မိသည်...

“ယီယား... (ဒီမွေးစားအဖေက... မဆိုးပါဘူး… ငါလက်ခံလိုက်ပြီ...)”

All Chapters