အဆင့်မြင့်ပုခက်၊ငွေရောင်လက်သည်းများ
Vol. 1 Ch. 6
သစ်ပင်အိမ်အတွင်းတွင် နွေးထွေးအေးချမ်းလျက်ရှိပြီး ဆီမီးခွက်မှ ‘မီးစာ’ ဆီများလောင်ကျွမ်းနေသည့် တဖျတ်ဖျတ်အသံသဲ့သဲ့မှလွဲ၍ ပတ်၀န်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
ထိုတည်ငြိမ်သော မီးတောက်ငယ်လေးမှ နူးညံ့သောအလင်းလေးများ ဖြာထွက်နေလျက် မြောက်ပိုင်းနယ်မြေ၏ အအေးဒဏ်ကို မောင်းထုတ်ပေးနေရုံသာမက လူ့လောကသို့ ခေတ္တခဏ ဆင်းသက်လာသည့် နေမင်းငယ်လေးအလား ဖော်ပြ၍မရနိုင်သော လုံခြုံမှုနှင့် စိတ်ပိုင်းဆိုင်ရာ နွေးထွေးမှုကို ပေးစွမ်းနေခဲ့၏။
လေထုထဲတွင် ထင်းရှူးဆီနှင့် သားရဲအဆီတို့၏ သင်းပျံ့ပျံ့ရနံ့လေးက စွဲကျန်နေပြီး ထိုရနံ့မှာ မနှစ်မြို့ဖွယ် ဖြစ်မနေဘဲ ရှေးကာလ၏ ထူးခြားသော နွေးထွေးမှုမျိုးကို ပေးစွမ်းနေလေသည်။
ရှောင်လန်၏ စိတ်ထဲတွင် အတွေးများစွာ ယောက်ယက်ခက်နေပြီး ဖြစ်ပျက်နေသမျှကို လိုက်မီရန် ကြိုးစားနေရသည်။ “ဝံပုလွေဖေဖေ... သူ ဒါတွေကို ဘယ်လို စိတ်ကူးမိတာပါလိမ့်၊ မီးမွှေးတာ၊ ဆီချက်တာ၊ ပြီးတော့ ဒီလို တည်ငြိမ်တဲ့ အလင်းရောင် ရအောင် လုပ်တာတွေ... ဒါက တကယ့်ကို လက်ရာမြောက်တဲ့ ဖန်တီးမှုပဲ... ပြီးတော့ ဟို မြစိမ်းရောင်ဝါး... အဲ့ဒါက ရှားပါးမှန်း သိလို့ သုံးတာလား၊ ဒါမှမဟုတ် တန်ဖိုးကို မသိဘဲ အသုံးတည့်တဲ့ ခွက်တစ်ခုအနေနဲ့ပဲ မြင်တာလား...”
သူမ၏ဘေးမှ ရှောင်ယင်းသည်လည်း စိတ်ထဲတွင် အံ့သြတုန်လှုပ်မှုလှိုင်းလုံးကြီးများ တိုက်ခတ်နေသဖြင့် အတတ်နိုင်ဆုံး ထိန်းချုပ်ထားရသည်။ “ဖြုန်းတီးလိုက်တာ၊ တကယ်ကို ဖြုန်းတီးတာပဲ၊ ဒါပေမဲ့... ငါ့နှလုံးသားထဲမှာ ဘာလို့ နွေးထွေးသလို ခံစားနေရတာလဲ...” ဝိညာဉ်ပစ္စည်းတွေကို တန်ဖိုးမထားဘဲ ပြီးစလွယ်သုံးစွဲနေသည့် လုပ်ရပ်ကိုသာ ခေတ္တဘေးဖယ်ထားလိုက်လျှင် ဝံပုလွေဖေဖေ၏ သူတို့အပေါ် အသေးစိတ် ဂရုစိုက်မှုများမှာ မိစ္ဆာဧကရီတစ်ဦးဖြစ်သည့် သူမပင်လျှင် အပြစ်ရှာစရာ တစ်ကွက်မှ မရှိအောင် စေ့စပ်သေချာလွန်းလှသည်။
“ဖြစ်နိုင်တာက... အင်း…. လောလောဆယ်... ဒါက တကယ်တော့ မဆိုးပါဘူးလေ...” ရှောင်ယင်း တစ်ယောက်တည်း စိတ်ထဲမှ ရေရွတ်နေမိသည်။ သူမ၏ ယခင်ဘဝမှာ အဆုံးမဲ့ တိုက်ပွဲများ၊ သတ်ဖြတ်ခြင်းများ၊ အကွက်ချစီစဉ်မှုများနှင့် အားကြီးသူက အားနည်းသူကို အနိုင်ယူသည့် တောရဲဥပဒေများဖြင့်သာ ပြည့်နှက်နေခဲ့ပြီး သူမ၏ မိစ္ဆာဧကရီ အဆင့်အတန်းမှာလည်း အရိုးပုံပေါ်တွင် တည်ဆောက်ခဲ့ရခြင်း ဖြစ်သည်။
သို့သော် ယခုအခိုက်အတန့်တွင် သူမ အဆုံးထိတိုင် လက်ခံယုံကြည်ခဲ့သော သံမဏိစည်းမျဉ်းများမှာ ပထမဆုံးအကြိမ်အဖြစ် ဝေဝါးစပြုလာခဲ့ပြီ ဖြစ်သည်။
နှင်းဝံပုလွေဘုရင်ထံမှ တိုက်ရိုက်ဆန်ကာ စင်ကြယ်လွန်းသော အတုအယောင်ကင်းသည့် ဂရုစိုက်မှုများက သူမ ယခင်က တခါမျှ မခံစားဖူးသည့် ထူးခြားသော ငြိမ်းချမ်းမှုကို ပေးစွမ်းနေခဲ့သည်။
“ဝူး—~”
လင်းထျန်းလုံသည် သူတို့ဘေးတွင် လှဲလျောင်းနေပြီး အလွန်တိုးညင်းပြီး ညင်သာသော အသံလေး ပြုလုပ်နေခဲ့သည်။
၎င်းမှာ ဝံပုလွေတစ်ကောင်၏ အူသံနှင့်မတူဘဲ ကြောင်ကြီးတစ်ကောင် ကျေနပ်အားရစွာ အသံပေးနေသည့်နှင့် ပိုတူနေကာ နှင်းတောထဲတွင် သီးသန့်သီဆိုနေသည့် အိပ်ရာ၀င်သီချင်းတစ်ပုဒ်အလား တည်ငြိမ်ခြင်းစွမ်းအားများ ကိန်းအောင်းနေလေသည်။
ထိုအသံမှာ ရှောင်လန်၏ နောက်ဆုံးကျန်ရှိနေသော စိုးရိမ်မှုများကို ထူးဆန်းစွာဘဲ ဖယ်ရှားပေးခဲ့ပြီး ရှောင်ယင်းကိုလည်း အပြည့်အဝ စိတ်လျှော့ထားနိုင်စေခဲ့သည်။ “ဒီဂရုစိုက်မှုက အစစ်အမှန်ပဲ...” ဟူသော အတွေးမှာ ကလေးငယ်နှစ်ဦးလုံး၏ စိတ်ထဲတွင် တစ်ပြိုင်နက်တည်း ပေါ်လာခဲ့တော့သည်။
မကြာမီမှာပင် ထိုလုံခြုံမှုကို ခံစားရင်း ကလေးငယ်နှစ်ဦးမှာ အသက်ရှူသံများ စည်းချက်ကြလာကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြလေသည်။ လင်းထျန်းလုံသည်လည်း သူ၏ ကြီးမားသော ငွေရောင်ခန္ဓာကိုယ်ကြီးကို အရာအားလုံးကို ကာကွယ်ပေးနိုင်သည့် နွေးထွေးသော တံတိုင်းကြီးတစ်ခုအလား ပြုလုပ်၍ မျက်လုံးများကို မှိတ်ထားလိုက်သည်။
ညနေမိုးချုပ်။
“ဂလု... ဂလု...”
“ယီး... ယား...”
ဗိုက်ဆာသဖြင့် မြည်လာသော အသံများနှင့်အတူ အနည်းငယ် စိတ်ပျက်အားငယ်စွာ ညည်းညူနေသံများကြောင့် လင်းထျန်းလုံမှာ အိပ်ပျော်နေရာမှ နိုးလာခဲ့သည်။
သူ၏ ရေခဲပြာရောင်မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ အိပ်ရာနိုးခါစဖြစ်သဖြင့် မျက်လုံးမပွင့်တပွင့်ဖြစ်နေကာ လက်ဖြင့်ပွတ်သပ်နေသော ကလေးငယ်နှစ်ဦးကို မြင်လိုက်ရသည်။
အကြောင်းရင်းကို မသိရသော်လည်း ထိုကလေးငယ်နှစ်ဦးကို ကြည့်နေစဉ် သူတို့၏ ကြည်လင်သော မျက်ဝန်းများထဲ၌... ရှက်ရွံ့မှုနှင့် အိုးတိုးအန်းတန်းဖြစ်မှု အစအနလေးများကို လင်းထျန်းလုံ တွေ့လိုက်ရသည်။
“ဟင်...”
လင်းထျန်းလုံတစ်ယောက် နှာခေါင်း အနည်းငယ် လှုပ်သွားခဲ့သည်။ လေထုထဲတွင် ဝံပုလွေနို့ရည်၊ သားရေအနံ့တို့နှင့် မတူဘဲ ထူးခြားသည့် အနံ့ပါးပါးလေးတစ်ခုကို သူချက်ချင်း သတိပြုမိလိုက်သည်။
“ဒုက္ခပဲ...”
“ဒါဆို... ရေတံခါးတွေ ပွင့်သွားပြီပေါ့...”
“တော်သေးတာပေါ့၊ ငါ ကြိုပြင်ထားလို့...” သူ စိတ်ထဲမှ ကြုံးဝါးလိုက်ရင်း ကိုယ့်ကိုကိုယ်ဂုဏ်ယူသလို ခံစားလိုက်ရသည်။ သူက လက်ရှိတွင် ဝံပုလွေလက်သည်းများကြောင့် နည်းပညာအဆင့်မြင့် အနှီးများကို မပြုလုပ်နိုင်သော်လည်း ယခင်ဘဝမှ တောတွင်းရှင်သန်ရေး ဗဟုသုတများနှင့် ကလေးထိန်းကျောင်းခြင်း အတွေ့အကြုံများအရ ကလေးငယ်များကို သန့်ရှင်းခြောက်သွေ့စွာ ထားရှိရန်မှာ မည်မျှ အရေးကြီးကြောင်း သူကောင်းကောင်း သိထားသည်။
မွန်းလွဲပိုင်းက မီးဖိုခဲ့ခြင်းမှာ ဆီချက်ရန်နှင့် အအေးဒဏ်ကာကွယ်ရန်အတွက်သာ မဟုတ်ဘဲ မီးကြွင်းမီးကျန် အပူရှိန်ကို အသုံးပြု၍ ဝိညာဉ်သားရဲငယ်လေးများ၏ နူးညံ့သော သားရေများကို အခြောက်ခံထားရန်အတွက်လည်း ဖြစ်သည်။
“ရှင်က ဒါကိုပါ သိနေတာလား...” အံ့သြမှု၊ ရှက်ရွံ့မှုတို့ ရောယှက်နေသည့် ရှောင်လန်နှင့် ရှောင်ယင်းတို့၏ အကြည့်များအောက်တွင် လင်းထျန်းလုံက စတင် လှုပ်ရှားတော့သည်။
သူ၏ ထူထဲနူးညံ့သော ခြေဖဝါးများကို အသုံးပြု၍ ကလေးငယ်နှစ်ဦးကို တန်ဖိုးကြီးရတနာများအလား တစ်ဦးပြီးတစ်ဦး အလွန်နူးညံ့စွာ မလိုက်ပြီးနောက် တိုးညင်းစွာ ဟိန်းလိုက်လေသည်။
ထိုအခါ အုပ်စုထဲမှ အလိုက်သိဆုံးနှင့် တာဝန်အကျေဆုံးဖြစ်သော မူလဝံပုလွေမ နှစ်ကောင်မှာ ချက်ချင်းပင် အထဲသို့ ပြေးဝင်လာခဲ့သည်။
သူတို့သည် ကြိုတင် ညွှန်ကြားခြင်း ခံထားရသည့်အတိုင်း စိုစွတ်နေသော အနှီးဟောင်းများကို ဖယ်ရှားပြီး သန့်ရှင်းခြောက်သွေ့သော သားရေအသစ်များဖြင့် ကျွမ်းကျင်စွာ လဲလှယ်ပေးလိုက်လေသည်။
ရှောင်လန်နှင့် ရှောင်ယင်းတို့မှာ ပထမတွင် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေသော်လည်း “နေပါစေတော့... ဝံပုလွေဖေဖေက ဝံပုလွေပဲလေ၊ သူ့မျက်လုံးထဲမှာ ငါတို့က သန့်ရှင်းရေးလုပ်ပေးဖို့ လိုတဲ့ ဝံပုလွေပေါက်လေးတွေလို့ပဲ မြင်မှာပါ... ရှက်နေစရာ မလိုပါဘူး...” ဟု ကိုယ့်ကိုယ်ကိုယ် ပြန်လည်နှစ်သိမ့်လိုက်ကြသည်။
သို့သော် သူတို့ကို ပို၍ အံ့သြသွားစေမည့်အရာမှာ နောက်မှ ရောက်လာခြင်း ဖြစ်သည်။
အခြေခံသန့်ရှင်းရေးအချို့ လုပ်ပြီးယုံဖြင့် လင်းထျန်းလုံက ရပ်မသွားချေ။ မွန်းလွဲပိုင်းက သူကိုယ်တိုင် အထူးတလည် အပူပေးကာ ပြုလုပ်ထားသည့် တိမ်တိုက်ကဲ့သို့ ဖြူဖွေးနူးညံ့နေသော သိုးသားရေအချို့ကို ယူဆောင်လာပြီး အောက်ခြေတွင် ခံထားပေးလိုက်သည်။
နောက်ဆုံးအဆင့်အနေနှင့် ထိတွေ့လိုက်လျှင် ပိုးသားကဲ့သို့ နူးညံ့ချောမွေ့ပြီး အေးမြသော ခံစားမှုကို ပေးစွမ်းနိုင်သည့် အမည်မသိ သားရဲသားရေတစ်လွှာကိုပါ အပေါ်မှ ခင်းပေးလိုက်ပြန်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သာမန်အနှီးလေးမှာ သူ၏ လက်ရာမြောက် ကျွမ်းကျင်မှုကြောင့် နွေးထွေးခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းမွန်သော “အဆင့်မြင့်ပုခက်” တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
သူမတို့ဝံပုလွေဖေဖေ၏ စေ့စပ်သေချာလွန်းလှသော လုပ်ဆောင်ချက်များကို ကြည့်ရင်း ရှောင်လန်နှင့် ရှောင်ယင်းတို့မှာ ပါးစပ်အဟောင်းသားနှင့် အံ့သြနေမိကြလေသည်။
“ဝံပုလွေဖေဖေက... ဒါတွေကို တကယ်ပဲ စဉ်းစားထားတာလား၊ ဒီလောက်အထိလည်း ကြိုတင်ပြင်ဆင်ထားတယ်လား...”
“ဒါ... ဒါက တကယ်ကို ဂရုစိုက်တတ်လွန်းတာပဲ၊ သူက တကယ်ရော ဝံပုလွေတစ်ကောင် ဟုတ်ရဲ့လား...”
သူမတို့မှာ ဝိညာဉ်စွမ်းအင်များ ပါဝင်သော ဝံပုလွေနို့ကို သောက်နေရသဖြင့် အစာငတ်မည်ကို မစိုးရိမ်ရသော်လည်း ဤအရွယ် ကလေးငယ်များအတွက် စားသောက်ရန်ထက် ပိုသော လိုအပ်ချက်များ ရှိနေသည် မဟုတ်ပါလား။
မူလက သူမတို့အနေဖြင့် ရက်စက်ကြမ်းကြုတ်ကာ ဖရိုဖရဲဆန်သော ဘဝကို ဖြတ်သန်းရမည်ဟု ထင်ထားခဲ့သော်လည်း ယခု ဝံပုလွေဖေဖေမှာ အစွမ်းထက်ပြီး ဉာဏ်ကောင်းရုံသာမက ကလေးထိန်းကျောင်းရာတွင်လည်း အလွန်ပင် စေ့စပ်သေချာလွန်းနေခဲ့သည်။ ၎င်းမှာ သူမတို့၏ “သားရဲ” တစ်ကောင်အပေါ် ထားရှိသည့် အမြင်ကို လုံးဝ ရိုက်ချိုးလိုက်ခြင်းပင်။
ကလေးငယ်နှစ်ဦးမှာ ထို “အဆင့်မြင့်ပုခက်” ၏ သက်တောင့်သက်သာရှိမှုတွင် နစ်မြောနေစဉ် လင်းထျန်းလုံမှာတော့ သူ၏ လုပ်ငန်းဆောင်တာများကို ဆက်လက်လုပ်ဆောင်နေလေသည်။
“အာဝူး..”
အူသံပြီးနောက် ဝံပုလွေမနှစ်ကောင်မှာ ကလေးငယ်များ၏ ဘေးတစ်ဖက်တစ်ချက်တွင် ချက်ချင်း လှဲလျောင်းလိုက်ပြီး တာဝန်ကျ နို့တိုက်မိခင်များအလား အဆင်သင့် ရှိနေကြသည်။
လင်းထျန်းလုံက သစ်ပင်အိမ်၏ အပြင်ဘက်သို့ လှည့်ကြည့်လိုက်ပြီး သူ၏ ရေခဲပြာရောင် မျက်ဝန်းများမှာလည်း မီးရောင်အောက်တွင် ပိုမိုစူးရှနက်ရှိုင်းလာခဲ့သည်။
“ဒီကလေးနှစ်ယောက်ရဲ့ စားသောက်နိုင်စွမ်းက ပိုပိုပြီး တိုးလာနေပြီ၊ အုပ်စုထဲက ဝံပုလွေမ နည်းနည်းနဲ့တင်ဆို ကြာလာရင်နို့ရည်က လောက်မှာမဟုတ်တော့ဘူး” လင်ထျန်းလုံတစ်ယောက် အတွေးနက်နေပြီး လေးလံသော တာဝန်ဝတ္တရားများကို ထမ်းပိုးထားရသလို ခံစားနေရသည်။
“ငါ ကြိုတင်စီစဉ်ထားမှ ဖြစ်မယ်၊ အရည်အသွေးမြင့်တဲ့ နို့ရည်တွေရနိုင်မယ့် အရင်းအမြစ်သစ်တစ်ခုကို ရှာရမယ်... ဖြစ်နိုင်တာက... အနားမှာရှိတဲ့ နို့ထွက်တဲ့ ဝံပုလွေမဟုတ်တဲ့ ဝိညာဉ်သားရဲကြီးတွေကို ရှာကြည့်ရမလား...”
ထိုညတွင် လင်းထျန်းလုံမှာ ကလေးငယ်နှစ်ဦးကို စောင့်ရှောက်ရင်း ဝံပုလွေအုပ်စု၏ အနာဂတ်ကျွေးမွေးဖို့အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို စိတ်ကူးပုံဖော်နေခဲ့သည်။
နောက်တစ်နေ့ အရုဏ်တက်ချိန် အေးစက်စက်အလင်းတန်းလေးများ ကျရောက်လာသောအခါ လင်းထျန်းလုံမှာ တိတ်တဆိတ် နိုးထလာခဲ့သည်။
အိပ်ပျော်နေသော ကလေးငယ်များကို နှိုးမိသွားသလိုဖြစ်မည်ဆိုးသောကြောင့် သူ၏ လှုပ်ရှားမှုများမှာ အလွန်ပင် ညင်သာနေခဲ့သည်။
ယခု အစာရှာရန်နှင့် အနာဂတ်အတွက် အမဲလိုက်ရန် အချိန်ရောက်ပြီ ဖြစ်သည်။
ဆီမီးခွက်၏ အလင်းရောင်မှိန်မှိန်အောက်တွင် သူသည် အနှီးထဲမှ ကလေးငယ်များကို နောက်ဆုံးတစ်ချက် ကြည့်လိုက်လေသည်။ သူမတို့မှာ နွေးထွေးသော သားရေများကြားတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေပြီး ပါးပြင်လေးများမှာ နီမြန်းလျက် နှုတ်ခမ်းဖျားတွင်လည်း မသိစိတ်မှ ပြုံးရိပ်သန်းနေကြသည်။
သူက ဝံပုလွေလက်သည်းထိပ်လေးဖြင့် သားရေအစွန်းကို အသာအယာလေး ဆွဲမလိုက်ကာ ကလေးငယ်များကို ပိုလုံခြုံသွားအောင် ခြုံပေးလိုက်သည်။ ထို့နောက်မှ သူသည် သစ်ပင်အိမ်အပြင်ဘက်သို့ ငွေရောင်အရိပ်တစ်ခုအလား တိတ်ဆိတ်စွာ ထွက်ခွာသွားတော့သည်။
“အူး—~”
သူထွက်သွားပြီးနောက် သစ်ပင်အိမ်အတွင်းရှိ ရှောင်လန်နှင့် ရှောင်ယင်းတို့မှာ မျက်လုံးများကို ပြိုင်တူဖွင့်လိုက်ကြသည်။ သူတို့မှာ ဝံပုလွေဖေဖေ၏ အလွန်သေးငယ်သော လှုပ်ရှားမှုလေးကြောင့် နိုးနေခဲ့ခြင်း ဖြစ်သည်။
“ဝံပုလွေဖေဖေ အမဲလိုက်သွားပြီလား...” ဟု ရှောင်လန်က တိုးညင်းစွာ ရေရွတ်လိုက်ပြီးနောက် အလွန်အမင်း စိတ်ချရသော ပတ်ဝန်းကျင်ကြောင့် ပြန်လည်အိပ်ပျော်သွားပြန်သည်။
အစွမ်းထက်လွန်းပြီး ဤမျှ စေ့စပ်သေချာသော အစောင့်အရှောက်ရှိနေသဖြင့် သူမသည် ယခင်ကထက် ပိုလုံခြုံသည်ဟု ခံစားနေရသည်။
တစ်ဖက်တွင်မူ ရှောင်ယင်းက အသာအယာ လှုပ်ခတ်နေသော သားရေလိုက်ကာကို ကြည့်ရင်း ပို၍ စိတ်လှုပ်ရှားနေမိသည်။ “တစ်ချိန်က ငါ မိစ္ဆာဘုရင်မတစ်ဦးအနေနဲ့ သောင်းနဲ့ချီတဲ့ သတ္တဝါတွေကို စိုးမိုးခဲ့ဖူးပေမဲ့ ဒီလိုမျိုး ဘာစိုးရိမ်စိတ်မှ မရှိဘဲ အေးအေးချမ်းချမ်း မနေခဲ့ရဖူးဘူး... အမြဲတမ်း သတိဝီရိယနဲ့ အကွက်ချစီစဉ်နေခဲ့ရတာ... အခု နှင်းဝံပုလွေဘုရင်ရဲ့ မွေးစားတာကို ခံရမှပဲ... ‘အိမ်’ ဆိုတဲ့ အဓိပ္ပာယ်ကို နားလည်လာတော့တယ်...” သူမစိတ်ထဲတွေးရင်း နှုတ်ခမ်းထောင့်တွင် ချိုမြိန်သော အပြုံးလေးတစ်ခု ပေါ်လာခဲ့သည်။
ထိုထူးခြားသော အေးချမ်းလုံခြုံမှုနှင့်အတူ သူမသည်လည်း ကွေးကွေးလေး လှဲလျောင်းရင်း အိပ်ပျော်သွားတော့သည်။
ထျန်ရှန်း တောနက်ကြီးအတွင်းတွင် အေးစက်သော လေပြင်းမှာ ဓားတစ်စင်းအလား တိုက်ခတ်နေပြီး တိတ်ဆိတ်ခြောက်ကပ်နေသော နှင်းပြင်ကြီးကို ဖြတ်ကျော်နေသည်။
လင်းထျန်းလုံသည် သူ၏ သစ္စာရှိ ဝံပုလွေအုပ်စုကို ဦးဆောင်လျက် နှင်းပြင်ပေါ်တွင် ငွေရောင်အလင်းတန်းများအလား အလျင်အမြန် ဖြတ်သန်းသွားလာနေခဲ့သည်။
ငွေဖြူရောင် လည်ဆံမွေးများမှာ အရုဏ်ဦးအလင်းအောက်တွင် သံမဏိရောင်အလား တဖျတ်ဖျတ် တောက်ပနေပြီး ကြွက်သားတိုင်းမှာ စနစ်တကျ လှုပ်ရှားနေကာ အရှိန်အဟုန်ပြင်းပြင်းဖြင့် ပြေးလွှားနေခဲ့သည်။
သူ၏ ရေခဲပြာရောင် မျက်လုံးများမှာလည်း ပတ်ဝန်းကျင်ကို အဆက်မပြတ် စစ်ဆေးနေခဲ့သည်။
ယခင်ဘဝတုန်းက သတ္တဝါများ၏ အလေ့အထကို သိရှိထားသဖြင့် သူသည် အမဲလိုက်ရာတွင် ဗျူဟာကျကျစီစဉ် နေရာချထားတတ်လေသည်။ ဝံပုလွေအုပ်စုမှာ သူ၏ စိတ်စွမ်းအင်ဖြင့် ညွှန်ကြားမှုအောက်တွင် တိတ်တဆိတ် လူစုခွဲလိုက်ပြီး ဘေးမှမြင်ရသူအဖို့ ရည်ရွယ်ချက်မရှိသယောင် ထင်ရသော်လည်း တကယ်တမ်းတွင်မူ သားကောင်များ မလွတ်စေရန် ဖြန့်ကျက်လိုက်သည့် မမြင်နိုင်သော ပိုက်ကွန်ကြီးတစ်ခုပင်။
ရုတ်တရက် မြောက်လေတိုက်ခတ်ရာ အရပ်မှ မြေခွေးတစ်ကောင်၏ ထူးခြားသော အနံ့ဆိုးနှင့်အတူ အလွန်ပါးလွှာ ဝိညာဉ်စွမ်းအင် လှုပ်ခတ်မှုကို သူအာရုံခံလိုက်မိသည်။
လင်းထျန်းလုံ၏ မျက်လုံးများမှာ ချက်ချင်းပင် ကျဉ်းမြောင်းသွားပြီး မျက်စံများက ဒေါင်လိုက်ဖြစ်သွားခဲ့သည်။
“ဒီအနံ့က... နှင်းမြေခွေးအကြီးစားပဲ... ဒါပေမဲ့ ဝိညာဉ်စွမ်းအင်က... တစ်ခုခု မှားနေတယ်... သူက မျိုးဗီဇပြောင်းလဲနေတဲ့ အကောင်လား...”
ရွှပ်!
သူ၏ အမဲလိုက်ဗီဇက ခန္ဓာကိုယ်ကို ချက်ချင်း ထိန်းချုပ်လိုက်လေသည်။ မည်သည့် တွန့်ဆုတ်မှုမျိုးမှမရှိဘဲ သူ၏ သန်မာသောနောက်ခြေထောက်များဖြင့် အားအပြည့် ကန်ထွက် ပြေးလွှားလာရာ နှင်းပြင်ပေါ်မှ နှင်းမှုန်များမှာ မြူခိုးများအလား လွင့်စင်နေတော့သည်။ [အရှိန်မြှင့်တင်ခြင်း] ပင်ကိုစွမ်းရည်၏ အကူအညီဖြင့် သူသည် ငွေရောင်လျှပ်စီးတစ်ခုအလား အရုဏ်ဦးအလင်းကို ဖြတ်ကျော်ကာ ရှေ့သို့ ပြေးထွက်သွားတော့သည်။
အချိန်အနည်းကြာ ပြေးလွှားလာပီးနောက် သားကောင်ကို မြင်လိုက်ရသည်။
၎င်းမှာ သာမန်ထက် အဆမဆန် ကြီးမားနေသော နှင်းမြေခွေးကြီး တစ်ကောင်ပဲဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်မှာ နွားလားဥသဘတစ်ကောင်အလား သန်မာပြီး ကြွက်သားများမှာလည်း ဖောင်းကားနေလေသည်။
အထူးသဖြင့် ထိုမြေခွေး၏ ရှေ့ခြေထောက်နှစ်ဖက်မှာ ပုံမှန်ထက် ပိုမိုထွားကျိုင်းနေပြီး လက်သည်းများမှာလည်း ထူးခြားသော သံမဏိအသွင်ဆောင်နေကာ အေးစက်စက်နှင်းပြင်ပေါ်တွင် တောက်ပနေခဲ့သည်။
“ဟား... တကယ် မျိုးဗီဇပြောင်း အကောင်ပဲ၊ တိုက်ခိုက်ရေးဘက်မှာ အားသန်တဲ့အကောင်မျိုးပဲ...” လင်းထျန်းလုံသည် ထိုသားရဲ၏ အရွယ်အစားကိုကြည့်ရင်း ခဏတာ အံ့သြသွားပြီးနောက် စိတ်ထဲတွင် ဝမ်းသာအားရ ဖြစ်သွားလေသည်။
“မနေ့က မျိုးဗီဇပြောင်း သမင်ကြီးဆီကနေ [ခွန်အားမြှင့်တင်ခြင်း] ရခဲ့တာဆိုတော့... အခု ဒီလို တိုက်ခိုက်ရတာ ဝါသနာပါပုံရတဲ့ ကောင်ဆီကနေရော ဘာရမလဲဆိုတာ ရင်ခုန်စရာပဲ”
“ဝူး—!”
နောက်တစ်စက္ကန့်တွင် ပတ်ဝန်းကျင်၌ တိတ်ဆိတ်စွာ ဝိုင်းရံထားသော နှင်းဝံပုလွေများမှာ ရုတ်တရက် အသီးသီး ခုန်အုပ်လိုက်ကြသည်။ သူတို့မှာ အရပ်မျက်နှာအနှံ့မှ ငွေရောင်လှိုင်းလုံးကြီးများအလား မျိုးဗီဇပြောင်း နှင်းမြေခွေးကြီးဆီသို့ ကြောက်ရွံ့ခြင်းမရှိ တိုးဝင်သွားကြသည်။
ထို နှင်းမြေခွေး ဝိညာဉ်သားရဲမှာ အလွန် စွမ်းအားကြီးမားပြီး ကြမ်းတမ်းလေသည်။ နှင်းမြေခွေးက ဝံပုလွေအုပ်စု၏ တိုက်ခိုက်မှုကြောင့် တစ်စက်လေးမှ တွန့်ဆုတ်မနေပဲ ဟိန်းဟောက်၍ နောက်ခြေနှစ်ဖက်ဖြင့် ထောက်ကာ မတ်တပ်ရပ်လိုက်သည်။
ထိုနောက် ပုံမှန်မဟုတ်သော ရှေ့ခြေနှစ်ဖက်မှာ ကြီးမားသော လွှသွားကြီးများအလား လေထုကို ဖြတ်သန်းလျက် အားပြင်းပြင်းဖြင့် ဝံပုလွေအုပ်ထံ တိုး၀င်သွားလေသည်။
ဂျုန်... ဘုန်း...
အသံကျယ်ကြီးတစ်သံနှင့်အတူ လူတစ်ကိုယ်စာဝန်းကျင်ရှိ ထင်းရှူးပင်ကြီးတစ်ပင်မှာ ထိုမြေခွေး၏ လက်သည်းချက်ဖြင့် ဒိန်ခဲကို လှီးလိုက်သကဲ့သို့ ပြတ်ထွက်ကာ လဲကျသွားသည်။
“လက်သည်းရဲ့အားက ကြောက်စရာပဲ၊ တကယ့် အဖျက်စွမ်းအားမျိုးပဲ...” လင်းထျန်းလုံမှာ ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားခြင်းမရှိသည့်အပြင် မျက်လုံးများင် ပိုတောက်ပလာခဲ့သည်။
“အခုအချိန်ပဲ”
နှင်းမြေခွေး၏ စွမ်းအင်များကုန်ခမ်းသွားပြီး ပြန်မဖြည့်နိုင်သေးသည့် အခိုက်အတန့်လေးတွင် သူသည် မြေပြင်ကို ကန်၍ ခုန်တက်လာခဲ့သည်။
သူ၏ သွယ်လျသော ခန္ဓာကိုယ်ကြီးမှာ တင်းနေအောင် ဆွဲထားသည့် ငွေရောင်လေးတစ်စင်းအလား လေထဲတွင် ကွေးကောက် ခုန်ပျံနေပြီး သူ၏ အရှိန်မှာ သာမြန်မျက်စိဖြင့်ကြည့်လျှင် ဝေဝါးသွားသည့်အထိကို မြန်ဆန်လှသည်။
သူကအနားရောက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းပြီး တိကျသော အစွယ်များမှာ သေမင်း၏ နှုတ်ဆက်အနမ်းအလား နှင်းမြေခွေး၏ လည်ပင်းရှိ အရေးကြီးဆုံး သွေးကြောမကြီးကို ချက်ချင်း ထိုးစိုက်လိုက်တော့သည်။
“အာဝူးးး”
ပြင်းထန်သော ကိုက်အားကြောင့် လည်ပင်းရိုးများ ကျိုးသွားသည့် အသံနှင့်အတူ ထိုအစွမ်းထက်သော ထူးချွန်အဆင့်နီးပါးရှိ ဝိညာဉ်သားရဲ - ‘ဓားလက်သည်းနှင်းမြေခွေး’ မှာ အသက်ပျောက်၍ နှင်းပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။
[စနစ်အသိပေးချက်: အဆင့် (၁၂) (ထူးချွန်အဆင့်) ဝိညာဉ်သားရဲ ‘ဓားလက်သည်းနှင်းမြေခွေး’ ကို အောင်မြင်စွာ အမဲလိုက်နိုင်ခဲ့သည်၊ အတွေ့အကြုံရမှတ်များ ရရှိခဲ့သည်၊ ပင်ကိုစွမ်းရည် ဓားလက်သည်း (အဖြူရောင်) ကျဆင်းလာခဲ့သည်၊ စုပ်ယူမည်လား...]
[ဓားလက်သည်း (အဖြူရောင်)]: လက်သည်းများဖြင့် ကုတ်ခြစ်တိုက်ခိုက်ရာတွင် ထက်ရှမှုနှင့် အကာအကွယ်များကို ဖောက်ထွက်နိုင်စွမ်းကို သိသိသာသာ မြှင့်တင်ပေးနိုင်သည်။
“အဖြူရောင် ပင်ကိုစွမ်းရည်ပဲ၊ ပြီးတော့ တိုက်ခိုက်ရေးကို တိုက်ရိုက်မြှင့်တင်ပေးန်ုင်တယ်...” အချက်အလက်များကို စစ်ဆေးကြည့်ပြီးနောက် လင်းထျန်းလုံမှာ အလွန်အမင်း ဝမ်းသာသွားပြီး “စုပ်ယူမယ်...” ဟု စိတ်ထဲမှ ချက်ချင်းပြောလိုက်သည်။
နှင်းမြေခွေး၏ အလောင်းမှ စူးရှထက်မြက်သော စွမ်းအင်အချို့ ထွက်ပေါ်လာပြီး အခြားသူများ မမြင်နိုင်သည့် အလင်းတန်းအဖြစ် ပြောင်းလဲကာ လင်းထျန်းလုံ၏ ဝံပုလွေလက်သည်းများအတွင်းသို့ စီးဝင်သွားသည်။
သူ၏ လက်ထိပ်များ အထူးသဖြင့် လက်သည်းထိပ်များတွင် ပူနွေးနေကာ တစ်စစ်စစ်ဖြစ်နေပြီး စွမ်းအင်များစွာက သူ၏ လက်သည်းများကို အသစ်ပြန်လည် ပုံဖော်ထုဆစ်ပေးနေသကဲ့သို့ ခံစားလိုက်ရသည်။
ခဏအကြာတွင် ထိုထူးခြားသော ခံစားမှုများအားလုံး ပျောက်ကွယ်သွားလေသည်။
လင်းထျန်းလုံမှာ စူးစမ်းလိုစိတ်ဖြင့် သူ၏ ခြေထောက် မြှောက်လိုက်ပြီး အားအနည်းငယ်ကို လက်သည်းထိပ်များဆီသို့ ပို့လွှတ်လိုက်သည်နှင့်…..
“ရွှပ်—!”
လေထုကို ဖြတ်သန်းသွားသည့် အလွန်စူးရှသော အသံတစ်ခု ထွက်ပေါ်လာခဲဲ့လေသည်။ သူအားပင် သိပ်မစိုက်လိုက်ဘဲ ဘေးနားကို အသာအယာလေး ဝှေ့ယမ်းလိုက်ရုံသာ ရှိသေးသော်လည်း အချင်းဝက်ခန့်ရှိ သစ်ပင်အိုကြီးတစ်ပင်မှာ မမြင်နိုင်သော နတ်ဘုရားဓားတစ်စင်းဖြင့် လှီးဖြတ်လိုက်သကဲ့သို့ ပြတ်တောက်သွားပြီး သစ်ပင်၏ အပေါ်ပိုင်းမှာ မြေပြင်ပေါ်သို့ ပြိုလဲကျသွားခဲ့သည်။
ဖြတ်ထားသော နေရာမှာလည်း မှန်တစ်ချပ်အလား ချောမွေ့နေပြီး အရုဏ်ဦးအလင်းကိုပင် ရောင်ပြန်ဟပ်နေလေသည်။
“ဟားဟား…. ငါတော့ ထီပေါက်ပြီဟေ့...” သူ၏ လက်သည်းများမှာ ယခင်ကထက် ပိုရှည်လာပြီး ငွေရောင်တလက်လက် တောက်ပနေသည်ကို ကြည့်ရင်း လင်းထျန်းလုံ၏ ရေခဲပြာရောင် မျက်လုံးများထဲတွင် မထိန်းနိုင်မချုပ်နိုင် ပျော်ရွှင်မှုများဖြင့် ပြည့်လျှံသွားခဲ့သည်။ သူ၏တိုက်ခိုက်ရေးစွမ်းအားမှာ အရင်ကထက် အဆပေါင်းများစွာ သာလွန်သွားခဲ့ပြီပဲဖြစ်လေသည်။