← Chapters

ဝံပုလွေနက်များ ကျူးကျော်ခြင်း။ ဝံပုလွေဖခင်ကြီး၏ လက်သည်းချက်ဖြင့် အဆုံးအဖြတ်ပေးခြင်း။

Vol. 1 Ch. 7

ဝံပုလွေနက်များ ကျူးကျော်ခြင်း။ ဝံပုလွေဖခင်ကြီး၏ လက်သည်းချက်ဖြင့် အဆုံးအဖြတ်ပေးခြင်း။

Vol. 1 Ch. 7

[ဓားလက်သည်း] ပင်ကိုစွမ်းရည်ကို အောင်အောင်မြင်မြင် စုပ်ယူပြီးနောက် လင်းထျန်းလုံက သူ၏လက်သည်းများအတွင်း စီးဆင်းနေသော တုန်လှုပ်ဖွယ်ရာ ထက်ရှလွန်းသည့် စွမ်းအားကို ခံစားလိုက်ရသည်။

အားမာန်အပြည့်နှင့် ယုံကြည်ချက်များ သူ၏ ရင်တွင်း၌ လှိုင်းတံပိုးထန်လာသော်လည်း သူက မာနကြီးမသွားခဲ့ပေ။

အတိတ်ဘဝက တောတောင်ထဲတွင် ကျင်လည်ခဲ့သော သူ၏ အတွေ့အကြုံများအရ သဘာဝတရားကြီးသည် အမြဲတမ်း မသိနိုင်သော အန္တရာယ်များကို ဖုံးကွယ်ထားတတ်ပြီး ခဏတာ ပေါ့ဆမှုလေးတစ်ခုသည်ပင် ကြီးကြီးမားမား ပေးဆပ်လိုက်ရနိုင်ကြောင်း သူနားလည်ထားသည်။

“ကောင်းပြီ၊ သားကောင်တွေနဲ့ပဲ ငါ့လက်သည်းအသစ်ရဲ့ စွမ်းအားကို စမ်းသပ်ကြည့်ရတာပေါ့၊” မုဆိုးတစ်ဦး၏ အေးစက်စက် စိတ်လှုပ်ရှားမှုများသည် သူ၏ ရေခဲပြာရောင် မျက်ဝန်းများအတွင်း လက်ခနဲ ဖြစ်သွားသည်။

သူသည် နိက်ရှိုင်းသော ဟိန်းဟောက်သံနှင့်အတူ ဝဝလင်လင် စားသောက်ထားသဖြင့် စိတ်ခွန်းအားများတက်ကြွနေသော ဝံပုလွေအုပ်ကို ဦးဆောင်ကာ ငွေရောင် ဒီရေလှိုင်းကြီးသဖွယ် တောနက်ထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။

သူသည် မျိုးနွယ်စုအတွက် ဆောင်းရာသီမှာ ဖူလုံဖို့အရေး ရိက္ခာများကို ပိုမိုစုဆောင်းရန် ရည်ရွယ်ထားသလို အထူးသဖြင့် တစ်နေ့ထက်တစ်နေ့ အစားပိုလာသည့် “ဘွားတော်လေး” နှစ်ယောက်အတွက်လည်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် နှင်းဝံပုလွေနယ်မြေ၏ အချက်အခြာကျသော နေရာရှိ နွေးထွေးသည့် သစ်ပင်အိမ်အတွင်းတွင်မူ။

ရှောင်လန်နှင့် ရှောင်ယင်းတို့မှာ နှစ်ခြိုက်စွာ အိပ်စက်အနားယူနေရာမှ နိုးလာကြပြီး နူးညံ့ထူထဲသော သားရေစောင်၏ အစွန်း၌ ပျင်းရိစွာ လဲလျောင်းနေကြလေသည်။

လေတိုက်တိုင်း လွင့်ခါနေသော မြေခွေးနီသားရေဖြင့် ကာရံထားသည့် လိုက်ကာကြားမှတစ်ဆင့်လာသည့် နေရောင်ခြည်ကြောင့် နွေးထွေးနေကာ ပြင်ပ နှင်းများဖုံးလွှမ်းနေသည့် မြေပြင်ကို စပ်စုလိုစိတ်အပြည့်ဖြင့် ကြည့်နေကြသည်။

သူမတို့ ပထမဆုံး ပြန်လည်ဝင်စားလာသည့် အချိန်က အချိန်မရွေး သားရဲတစ်ကောင်၏ အစာဖြစ်သွားနိုင်သည်ကို ပြန်တွေးကြည့်ရင်း စိုးရိမ်တုန်လှုပ်မိသွားကြရသည်။

ကံကြမ္မာက ဤမျှ ထူးဆန်းလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ တစ်ရက်ကျော်မျှသာ ကုန်ဆုံးသေးသော်လည်း သူတို့၏ ဘေးကင်းလုံခြုံမှုမှာ အာမခံချက်ရှိနေရုံသာမက အနည်းငယ် ပျင်းရိစရာကောင်းသော ခံစားချက်မျိုးပင် စတင်ခံစားနေရပြီ ဖြစ်သည်။

အတိုချုပ်ပြောရလျှင်—သူတို့ လုပ်စရာမရှိ ဖြစ်နေကြခြင်းပင်။

ရှောင်ယင်းက သူမ၏ သားရေပုခက်အတွင်းရှိ အဖိုးတန် သားမွှေးများကြားတွင် ကပ်ငြိနေသော ဝံပုလွေဖေဖေ၏ ငွေရောင်အမွှေးတစ်ပင်ကို လေ့လာနေမိသည်။ “တစ်ပင်... နှစ်ပင်... အရောင်က တော်တော်လေး ကြည့်လို့လှပြီး ခိုင်ခံ့တာပဲ၊ ငါ့အရင်ဘဝမှာဆိုရင် ဒါကို လက်နက်ပစ္စည်း သွန်းလုပ်ရာမှာ အရန်ပစ္စည်းအနေနဲ့ သုံးလို့ရတယ်” သူမက အမွှေးအမျှင်လေးကို လက်ချောင်းလေးဖြင့် ထိုးဆွရင်း ရေရွတ်နေခဲ့သည်။

ထိုစဉ် သစ်ပင်အိမ်အပြင်ဘက်မှ ပေါ့ပါးသွက်လက်သော ပြေးလွှားသံများနှင့် ဆော့ကစားသံများ ထွက်ပေါ်လာခဲြသည်။ နှင်းလုံးလေးများကဲ့သို့ ၀ကစ်ကစ် နှင်းဝံပုလွေပေါက်လေးများမှာ ကွင်းပြင်ထဲတွင် တစ်ကောင်နှင့်တစ်ကောင် လိုက်တမ်းပြေးတမ်း ကစားနေကြခြင််းဖြစ်သည်။

ဤဖြူစင်ရိုးသားသော မြင်ကွင်းက သူတို့၏ ပျင်းရိဖွယ်ရာ အချိန်များကို သက်ဝင်လှုပ်ရှားစေခဲ့လေသည်။

“ဟေး၊” ရှောင်လန်သည် ရုတ်တရက် မျက်တောင်ခတ်လိုက်ပြီး သူမ၏တံတောင်လေးဖြင့် ဘေးရှိ ရှောင်ယင်းကို အသာအယာ တို့လိုက်သည်။

“ကြည့်စမ်း၊ ဝံပုလွေဖေဖေရဲ့ အုပ်စုက နည်းနည်းတော့ထူးခြားနေတယ်၊ သူတို့ကြည့်ရတာ ဉာဏ်ကောင်းလွန်းမနေဘူးလား၊” သူမက မျက်လုံးဖြင့် အချက်ပြလိုက်သည်။

“ဟိုဝံပုလွေပေါက်လေးတွေကို ကြည့်၊ သူတို့မျက်လုံးထဲက အကြည့်တွေက... နည်းနည်းတော့ ဉာဏ်ရှိနေသလိုပဲ၊ သာမန်တိရစ္ဆာန်တွေနဲ့ လုံးဝမတူဘူး၊”

ဒါကို ကြားလိုက်ရတော့ ရှောင်ယင်းလည်း လိုက်ကာကြားမှ အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ ထိုနှင်းဝံပုလွေလေးများသည်လည်း သစ်ပင်အိမ်ထဲမှ “ခြေနှစ်ချောင်းပါတဲ့ သားရဲပေါက်လေးတွေ” အပေါ် စိတ်၀င်စားနေဟန်ရပြီး အလွန်စပ်စုလိုသည့်ပုံပင်။

သူတို့သည် ခေါင်းလေးများ စောင်းကာ အတွင်းသို့ ချောင်းကြည့်နေကြလေသည်။ သူတို့တွင် ကြည်လင်သော ရေခဲပြာရောင် မျက်ဝန်းများရှိသော်လည်း ပင်ကိုသဘာ၀အရ ရိုင်းစိုင်းကြမ်းကြုတ်ခြင်းအပြင် စပ်စုလိုခြင်း၊ မေးခွန်းထုတ်ခြင်းနှင့် အတုယူတတ်သော အရိပ်အယောင်များ မျက်သူငယ်အိမ်အတွင်းတွင် လက်ခနဲ ဖြစ်နေသည်ကို တွေ့ရသည်။

အနည်းငယ် ပိုရဲတင်းသော ဝံပုလွေပေါက်လေးတစ်ကောင်က စပ်စုလိုစိတ်ကြောင့် သစ်ပင်အိမ်အဝင်ဝသို့ ခြေဖျားထောက်ကာ ချဉ်းကပ်ရန် ကြိုးစားလာခဲ့သည်။

သို့သော် အမြဲနိုးနိုးကြားကြားရှိနေသော ဝံပုလွေအမတစ်ကောင်က ညည်းတွားသံ နိမ့်နိမ့်လေးပြုကာ သူ၏ နှာခေါင်းဖြင့် အသာအယာ တွန်းဖယ်လိုက်လေသည်။

ဝံပုလွေပေါက်လေးမှာ အားငယ်စွာဖြင့် အမြီးနန့်ကာ ပြန်ပြေးသွားသော်လည်း နောက်ဆုံးတစ်ခေါက် လှည့်ကြည့်ရန် မမေ့ခဲ့ပေ။

ရှောင်လန်နှင့် ရှောင်ယင်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူမတို့နှစ်ဦးစလုံး၏ မျက်လုံးများထဲတွင် အံ့ဩမှုများကို မြင်တွေ့လိုက်ရသည်။

“ဒီနှင်းဝံပုလွေတွေ... သူတို့ရဲ့ ဉာဏ်ရည်အဆင့်အတန်းက သာမန်သားရဲတွေထက် ကျော်လွန်နေတာ သေချာတယ်၊” ရှောင်လန် ရင်ထဲ၌ တုန်လှုပ်သွားရသည်။ “သူတို့က... အခြေခံ လူမှုဖွဲ့စည်းပုံကို သင်ယူနိုင်စွမ်းရှိတဲ့ ရှေးဟောင်မျိုးနွယ်စုတစ်ခုနဲ့ ပိုတူနေသလိုပဲ၊ ဝံပုလွေဖေဖေက ဒီလိုဖြစ်အောင် ဘယ်လိုများ လုပ်ထားတာပါလိမ့်၊”

ထိုအချိန်မှာ ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“အာဝူးးးး - ။”

နယ်မြေအစွန်းရှိ အမြင့်ပိုင်းမှ စောင့်ကြည့်နေသော ဝံပုလွေအမတစ်ကောင်သည် အလွန်စူးရှပြီး အရေးကြီးသော သတိပေးဟိန်းဟောက်သံတစ်ချက် ထုတ်လွှင့်လာခဲ့သည်။

ထိုအသံသည် မွန်းလွဲပိုင်း၏ တိတ်ဆိတ်မှုကို ဖြတ်သန်း ပျံ့လွင့်သွားပြီး သာမန် ဆက်သွယ်ပြောဆိုသော အသံမျိုးနှင့် လုံးဝမတူဘဲ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အန္တရာယ် အချက်ပြသံမျိုး ဖြစ်နေခဲ့သည်။

“ဘာဖြစ်တာလဲ၊” ဧကရီနှစ်ပါးမှာ မျက်လုံးများ တစ်ပြိုင်နက် ကျုံ့သွားကြပြီး မကောင်းသော နိမိတ်တစ်ခု သူမတို့၏ စိတ်ကိုရစ်ပတ်သွားလေသည်။

ထိုစဉ် လေတိုက်ခတ်လာကာ လိုက်ကာကို ထပ်မံလွင့်ခါသွားစေပြီး အပြင်ဘက်မှ အေးစက်စက် လေထုနှင့်အတူ... အခြားဝံပုလွေအုပ်စုဆီမှ ထူးဆန်းသော ညှီစို့စို့ အနံ့တစ်ခုကို ရလိုက်လေသည်။

ဤတစ်ကြိမ်တွင်မူ သူတို့ ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရသည်—သစ်ပင်အိမ်နှင့် မလှမ်းမကမ်းရှိ တောအုပ်အစွန်း၌ မည်းမှောင်နေသော အရိပ်များ ပေါ်လာခဲ့လေသည်။ ၎င်းတို့သည် အနက်ရောင် သန်းနေသော မီးခိုးရောင် အမွေးများရှိပြီး နှင်းဝံပုလွေများထက် ပိန်လှီသော်လည်း မျက်လုံးများမှာ ပို၍ ရက်စက်ကြမ်းကြုတ်ပုံရသည်။

အကောင်ရေလည်း အလွန်များပြားပြီး အရွယ်ရောက်ပြီးသော သန်မာသည့် အနက်ရောင်ဝံပုလွေ (၃၀) ထက်မနည်း ရှိနေလေသည်။ သူတို့သည် ဝံပုလွေအသိုက်၏ အချက်အခြာနေရာကို တဖြည်းဖြည်း ဝိုင်းရံပိတ်ဆို့လာကြပြီး သူတို့၏ အေးစက်စက် မျက်လုံးများထဲတွင် ကျူးကျော်လိုစိတ်နှင့် ဆာလောင်ငတ်မွတ်မှုများ သိသိသာသာ ထင်ဟပ်နေခဲ့သည်။

ရှောင်လန်နှင့် ရှောင်ယင်းတို့၏ နှလုံးသားများ ချက်ချင်းပင် အောက်ခြေထိ ပြုတ်ကျသွားပြီး ကျောရိုးတစ်လျှောက် အေးစိမ့်သွားလေသည်။ “မကောင်းတော့ဘူး၊ ကျူးကျော်မှုပဲ၊”

ယခုလို ရက်စက်ကြမ်းကြုတ်ပြီး သွေးနံ့များဖုံးလွှမ်းနေသည့် အနက်ရောင်ဝံပုလွေအုပ်စုထဲမှာ ဝံပုလွေ ဖေဖေလိုမျိုး ကရုဏာထားတတ်တဲ့ ဝံပုလွေဘုရင် ရှိလိမ့်မယ်လို့ သူတို့ မမျှော်လင့်ထားကြပေ။

သူတို့၏ အရေအတွက်နှင့် ဖွဲ့စည်းပုံကို ကြည့်ရုံဖြင့် ဝံပုလွေပေါက်လေးများနှင့်အတူ သူတို့ပါ အကိုက်ခံရရန် ရာနှူန်းအပြည့်ပင်။

“အာဝူးး - ။”

ကျန်ရှိနေသော မျှော်လင့်ချက်ပါးပါးလေးကို အပြတ်အသတ် ချေမှုန်းလိုက်သကဲ့သို့ အနက်ရောင်ဝံပုလွေအုပ်စု၏ နောက်ဘက်မှ သတ်ဖြတ်လိုစိတ် ပြင်းပြနေသော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာခဲ့သည်။

တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည့်အသံနှင့်အတူ ပိန်လှီသော်လည်း ကြွက်သားများက ကျစ်လစ်နေပြီး အစွယ်များ ထွက်နေသော အနက်ရောင်ဝံပုလွေ တစ်ဒါဇင်ကျော်မှာ သရဲတစ္ဆေများကဲ့သို့ အရိပ်ထဲမှ ထွက်ပေါ်လာခဲ့သည်။ သူတို့သည် ဤကျူးကျော်စစ်တပ်ထဲမှ အဓိက အကောင်များပဲ ဖြစ်လေသည်။

အမှန်စင်စစ် ဤအနက်ရောင်ဝံပုလွေများ၏ အရွယ်အစားမှာ လင်းထျန်းလုံနှင့် မယှဉ်နိုင်သော်လည်း လက်ရှိတွင် အသိုက်ကို စောင့်ရှောက်နေသော နှင်းဝံပုလွေများမှာ အထီး (၂) ကောင်နှင့် အမ (၉) ကောင်သာ ရှိပြီး ကျန်သည်မှာ တိုက်ခိုက်နိုင်စွမ်း မရှိသော ဝံပုလွေပေါက်လေးများသာ ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ ဗိုက်ဆာမွတ်သိပ်နေသော အနက်ရောင်ဝံပုလွေ အကောင်ရေ (၅၀) ကျော် ရှိနေခဲ့သည်။

အင်အားချင်းမှာ အဆမတန် ကွာခြားလွန်းနေခဲ့ကာ မည်သို့ပင် ကြည့်စေကာမူ ၎င်းသည် ပုရွက်ဆိတ်က ရထားလုံးကို တားဆီးရန် ကြိုးစားနေသကဲ့သို့ပင်။

“သေစမ်း၊” ရှောင်ယင်းက သူမ၏ စိတ်ထဲမှ ဆဲရေးလိုက်မိသည်။ “ငါ့ရဲ့ ခမ်းနားလှတဲ့ ပြန်လည်ဝင်စားခြင်း စီမံကိန်းကြီးက ဒီအစုတ်ပလုတ် သစ်ပင်အိမ်ထဲမှာတင် မစတင်ရသေးခင် အရှက်တကွဲ နိဂုံးချုပ်သွားတော့မှာလား၊ ဒါက အရမ်းကို အောက်ကျနောက်ကျနိုင်လွန်းတယ်၊”

ဒါကို ကြားလိုက်ရတော့ ရှောင်လန်တစ်ယောက် နှုတ်ခမ်း အနည်းငယ် တွန့်သွားလေသည်။ “နင်မင်္ဂလာရှိတဲ့ စကားလေး ဘာလေး ပြောလို့မရဘူးလား၊”

သို့သော် သူမ၏ နုနယ်သော မျက်နှာလေးမှာလည်း ဖြူဖျော့နေပြီ ဖြစ်သည်။ လက်ရှိ အခြေအနေမှာ သေတွင်းထဲသို့ ကျရောက်နေခြင်း ဖြစ်ကြောင်း သူမ ၀န်မခံလို့မရပေ။

ကျန်ရှိနေသော နှင်းဝံပုလွေများအနေဖြင့် ဝံပုလွေများကဲ့သို့... ရက်စက်သော ကျူးကျော်သူများကို တားဆီးနိုင်မည် မဟုတ်ပေ။

ထိုအရေးကြီးသော အချိန်တွင်။

“အာ၀ူးးး အာဝူးး- ။”

တောနက်ထဲမှ အလွန်ကျယ်လောင်ပြီး ဒေါသထွက်နေကာ အေးစက်စက် အရှိန်အဝါများ ပြည့်နှက်နေသော ဝံပုလွေဟိန်းဟောက်သံကြီးတစ်ခု မိုးခြိမ်းသံကဲ့သို့ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

လင်းထျန်းလုံ၏ ထူးခြားသော အေးစက်စက် အရှိန်အဝါ ပါဝင်နေသော ထိုဟိန်းဟောက်သံသည် ကောင်းကင်ကို ခွင်းကာ အဝေးမှနေ၍ တိုး၀င်လာခဲ့သည်။

“ဒါက... ဝံပုလွေဖေဖေ ပြန်လာတာပဲ၊” ရှောင်လန်တစ်ယောက် ရေနစ်နေချိန် ဘောကွင်းတွေ့လိုက်ရသကဲ့သို့ အလွန်အမင်း ဝမ်းသာသွားခဲ့သည်။

“ငါတို့ လွတ်ပြီ၊ ဝံပုလွေဖေဖေ မြန်မြန်လာပါ၊ မြန်မြန်လာပြီး သူတို့ကို ပညာပေးလိုက်” ရှောင်ယင်းမှာ အလွန်စိတ်လှုပ်ရှားသွားပြီး သူမ၏ လက်သီးငယ်လေးများကိုပင် ဝှေ့ယမ်းနေခဲ့သည်ာ

သို့သော် ချက်ချင်းပင် ရှောင်လန်၏ တည်ငြိမ်ပြီး ဝေဖန်ပိုင်းခြားတတ်သော စွမ်းရည်က ခါးသီးသော အမှန်တရားကို သတိပြုမိသွားသည်။ “နေဦး၊”

ဝံပုလွေဖေဖေ အချိန်မီ ပြန်လာလျှင်ပင် နှင်းဝံပုလွေအုပ်စု၏ စုစုပေါင်း အင်အားမှာ (၂၀) ခန့်သာ ရှိသည်။ သို့သော် ရန်သူမှာ (၅၀) ကျော် ရှိနေသည်။

ထို့အပြင်... သူမ၏ အကြည့်သည် အမိန့်ပေးနေသော အနက်ရောင်ဝံပုလွေခေါင်းဆောင်ဆီသို့ ကျရောက်သွားသည်။ ၎င်းသည် အခြားဝံပုလွေများထက် ခေါင်းတစ်လုံးခန့် ပိုမြင့်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။

“ထူးချွန်အဆင့်၊ အဲဒီအနက်ရောင်ဝံပုလွေဘုရင်ကလည်း ထူးချွန်အဆင့် သားရဲတစ်ကောင်ပဲ၊” ရှောင်လန်၏ နှလုံးခုန်သံမှာ ပြန်လည် မြန်ဆန်လာခဲ့သည်။ “ဝံပုလွေဖေဖေက ထူးချွန်အဆင့် ဖြစ်ပေမဲ့၊ ဒီလောက်များပြားတဲ့ အရေအတွက်နဲ့ ပိုပြီး သွေးဆာနေတဲ့ အနက်ရောင်ဝံပုလွေဘုရင်ကို ရင်ဆိုင်ရရင်...”

“ဒါ.. မကောင်းတော့ဘူး၊” သူမ၏ မျက်လုံးများထဲတွင် စိုးရိမ်ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။ “ဝံပုလွေဖေဖေ ပြန်လာရင်တောင် သူက ပြင်းထန်တဲ့ တိုက်ပွဲထဲမှာ ပိတ်မိသွားနိုင်တယ်၊ ဒါမှမဟုတ်ရင်... ဆိုးရွားတဲ့ ကံကြမ္မာနဲ့တောင် ရင်ဆိုင်ရနိုင်တယ်၊”

...တောအုပ်ထဲ၌ နှင်းသမင်အုပ်ကို ခြေရာခံနေသော လင်းထျန်းလုံက အိမ်စောင့်ကျန်နေခဲ့သော ဝံပုလွေအမ၏ သတိပေးသံကို တစ်ချိန်တည်းမှာ ကြားလိုက်ရသည်။ ၎င်းသည် ကြောက်လန့်တုန်လှုပ်ခြင်းနှင့် အားကိုးရာမဲ့ခြင်းတို့ ပြည့်နှက်နေသော အော်ဟစ်သံမျိုးပင်။

“ငါ့အသိုက်အမြုံကို ကျူးကျော်နေကြတာလား၊” သူ့ကို ဒေါသနှင့် ထိတ်လန့်မှုများ အတိုင်းအဆမရှိ ချက်ချင်း လွှမ်းမိုးသွားခဲ့သည်။

ထိုအသိုက်ထဲ၌ သူ၏ မျိုးနွယ်စုဝင်များသာမက ခုခံနိုင်စွမ်းမရှိ၊ နုနယ်လွန်းလှသော ကလေးငယ် နှစ်ဦးလည်း ရှိနေသေးသည်။

“သူတို့ ဘာမှဖြစ်လို့မရဘူး၊ လုံးဝမဖြစ်ဘူး၊”

တစ်စက်ကလေးမှတွေဝေမနေပဲ သူ၏ ခန္ဓာကိုယ်အတွင်းရှိ [အရှိန်မြှင့်တင်ခြင်း] ပင်ကိုစွမ်းရည်ကို အစွမ်းကုန် အသုံးချလိုက်သည်။ သူသည် အုပ်စုကို အသေးစိတ် အမိန့်ပေးရန်ပင် အချိန်မရလိုက်ဘဲ “ငါ့နောက်က လိုက်ခဲ့၊” ဆိုသည့်ပုံစံမျိုး ဟိန်းဟောက်လိုက်သည်။

ပြီးသည်နှင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ငွေရောင်လျှပ်စီးကြောင်းအဖြစ်သို့ ပြောင်းလဲသွားပြီး အဓိက အင်အားစုကို နောက်မှာ ထားရစ်ကာ သူ၏ နယ်မြေဆီသို့ အသက်လု၍ ပြေးထွက်လာခဲ့သည်။

နားထဲ၌ လေတိုးသံများ စူးရှနေပြီး သစ်ပင်များမှာ ဝေဝါးသော အရိပ်များအဖြစ် ကျန်ရစ်ခဲ့သည်။

သူ တစ်ခါမျှ ဤမျှ မြန်ဆန်စွာမပြေးခဲ့ဖူးပေ။

နောက်ဆုံးတွင် ဟာရီကိန်းမုန်တိုင်းတစ်ခုကဲ့သို့ နယ်မြေအစွန်းသို့ ရောက်ရှိသွားလေသည်။

ရောက်ရှိသွားသည်နှင့် တွေ့လိုက်‌ရသော သူ၏ ရှေ့မှ မြင်ကွင်းသည် နှင်းဝံပုလွေဘုရင်၏ ရိုင်းစိုင်းကြမ်းကြုတ်မှုနှင့် နယ်မြေကာကွယ်လိုစိတ်ကို ချက်ချင်း ပေါက်ကွဲစေခဲ့သည်။

အာဝူးးး ။

ရှေးဟောင်း ရေခဲတောင်ကြီးပေါ်နှင်းများပြိုကြတော့မည်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံကြီးတစ်ခု သူ၏ လည်ချောင်းနက်အတွင်းမှ ထွက်ပေါ်လာထခဲ့သည်။

သူ၏ ရေခဲပြာရောင် မျက်ဝန်းများသည်လည်း ဒေါသကြောင့် ချက်ချင်းပင် နီရဲသွားပြီး သူ့အိမ်ကို ကျူးကျော်ကာ သူ့မိသားစုကို ခြိမ်းခြောက်နေသော အနက်ရောင် ဝံပုလွေများကို စိုက်ကြည့်လိုက်သည်။ သတ်ဖြတ်ခြင်း အရှိန်အဝါများမှာ လက်တွေ့အကောင်အထည် ပေါ်လာသကဲ့သို့ လေထုတစ်ခုလုံး အေးစိမ့်သွားလေသည်။

“ဒီအကောင်စုတ်တွေ၊” အကယ်၍ သူသာ ယနေ့ နို့ရည်ပြတ်လပ်မည်ကို စိုးရိမ်သဖြင့် အမဲလိုက်ခြင်းကို အစောကြီး မရပ်နားခဲ့လျှင်... သစ်ပင်အိမ်ထဲ၌ သူ့ကို နွေးထွေးသော အကာအကွယ်ကြီးအဖြစ် ကြည့်ကာ တခစ်ခစ် ရယ်မောနေတတ်သည့် ကလေးငယ် နှစ်ဦးမှာ မည်သည့် ရက်စက်မှုမျိုးနှင့် ကြုံတွေ့ရမည်ကို တွေးမိသည်နှင့် လင်းထျန်းလုံတစ်ယောကိ ရင်ထဲ၌ မခံမရပ်နိုင်အောင် နာကျင်လာရသည်။

သူကိုယ်တိုင် ကောက်ယူမွေးမြူထားသောကြောင့် သူတို့သည် သူ၏ တာဝန်ပဲဖြစ်သည်။

သူ၏ အေးစက်သော ဝံပုလွေဘဝထဲသို့ ရုတ်တရက် ရောက်ရှိလာသော နွေးထွေးမှုလည်းဖြစ်သည်၊ ထို့ကြောင့် သူက အသက်ပေး၍ ကာကွယ်ရပေလိမ့်မည်။

ဘာအမှားအယွင်းမှ ဖြစ်၍မရပေ။ ခြိမ်းခြောက်မှုမှန်သမျှကို အကြမ်းတမ်းဆုံး နည်းလမ်းဖြင့်သာ ချေမှုန်းပစ်ရပေမည်။

သူသည် ဖျက်ဆီးလိုသော အရှိန်အဝါနှင့်အတူ ဟိန်းဟောက်လိုက်သဖြင့် အနက်ရောင်ဝံပုလွေများမှာလည်း လက်စားချေဖို့ရာ နတ်ဘုရားသဖွယ် ရောက်ရှိလာသော နှင်းဝံပုလွေဘုရင်ကို ချက်ချင်း သတိပြုမိသွားကြသည်။

“ဂီးးးဂီးးး - ၊” အနက်ရောင်ဝံပုလွေများကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။ သန်မာသော အနက်ရောင်ဝံပုလွေဘုရင်သည် ရှေ့သို့ ထွက်လာကာ သူ့အစွယ်ကြီးများကို ထုတ်ပြလိုက်သည်။

နိက်ရှိုင်းသော ခြိမ်းခြောက်သံတစ်ခုသည်လည်း သူ၏ လည်ချောင်းအတွင်းမှ ထွက်ပေါ်လာပြီး ထူးချွန်အဆင့် အရှိန်အဝါကို အပြည့်အဝ ထုတ်ဖော်ပြသလိုက်သည်။

သူက ရှေ့ခြေထောက်များဖြင့် မြေကြီးကို ယက်ပြကာ လင်းထျန်းလုံကို ဘုရင်အချင်းချင်း စိန်ခေါ်လိုက်လေသည်။

“ထူးချွန်အဆင့်လား၊” သစ်ပင်အိမ်အတွင်းရှိ ရှောင်လန်နှင့် ရှောင်ယင်းတို့သည် အနက်ရောင်ဝံပုလွေဘုရင်က စိန်ခေါ်လိုက်သည်ကို မြင်လိုက်ရသောအခါ သူတို့၏ နှလုံးသားမှာ ရေခဲချောက်ထဲသို့ ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ “ထင်တဲ့အတိုင်းပဲ၊ အဆိုးရွားဆုံး အခြေအနေတွေ ဖြစ်လာပြီ၊”

“သွားပြီ၊ သွားပြီ၊ အဆင့်တူချင်း တိုက်ပွဲမှာ သူတို့ဘက်က အကောင်ရေ နှစ်ဆလောက် ပိုများနေတယ်၊ ဝံပုလွေဖေဖေတော့ ဒုက္ခရောက်တော့မှာပဲ၊” ရှောင်ယင်းမှာ အလွန်စိုးရိမ်သွားပြီး သူမ၏ ကျင့်စဉ်များကို ချက်ချင်း ပြန်ရကာ အပြင်ထွက်၍ ကူညီပေးချင်စိတ်များပင် ပေါက်လာခဲ့သည်။

ကလေးငယ် နှစ်ဦးမှာ စိုးရိမ်ထိတ်လန့်၊ မျှော်လင့်ချက်မဲ့နေစဉ်မှာ ဒေါသထွက်နေသော လင်းထျန်းလုံမှာတော့ စတင် လှုပ်ရှားလိုက်ပြီ ဖြစ်သည်။

စကားများနေရန် အချိန်မရှိသလို အခြားဝံပုလွေများ ရောက်လာသည်ကိုလည်း မစောင့်တော့ဘဲ အနက်ရောင်ဝံပုလွေဘုရင်၏ စိန်ခေါ်မှုကိုလည်း သူ လျစ်လျူရှုထားလိုက်သည်။ သူ၏ တစ်ခုတည်းသော ပန်းတိုင်မှာ—ကျူးကျော်သူအားလုံးကို ရှင်းလင်းရန်ပင်။

သူသည် ငွေရောင်ကြယ်တံခွန်တစ်ခုကဲ့သို့ တားဆီး၍မရသော အရှိန်အဝါဖြင့် အနက်ရောင်ဝံပုလွေအုပ်စု၏ အားအကောင်းဆုံး နေရာသို့ ပြေးဝင်တိုက်ခိုက်လိုက်သည်။

“သေစမ်း၊”

သူ၏ ရေခဲပြာရောင် မျက်ဝန်းများမှာ စင်ကြယ်နေပြီး အေးစက်စက် သတ်ဖြတ်လိုစိတ်များသာ ကျန်ရှိတော့သည်။ စတိုက်သည်နှင့် အသစ်ရရှိထားသော [ဓားသွားလက်သည်း] ပင်ကိုစွမ်းရည်ကို အစွမ်းကုန် အသုံးချလိုက်ရာ သေမင်း၏ အငွေ့အသက်များမှာ လွင့်ပျံလာသည်။

၎င်းသည် သာမန် ကိုက်ခဲ၊ ဆွဲဖြဲခြင်းမျိုး မဟုတ်တော့ဘဲ သူ၏ လက်သည်းချက်တိုင်းမှာ ရိုးရှင်းပြီး ထိရောက်လာခဲ့သည်။

လက်သည်းများမှတစ်ဆင့် ငွေရောင် ချည်မျှင်တန်းလေးများသဖွယ် လျှပ်စီးကြောင်းများ လေထဲတွင် လျင်မြန်စွာ ဖြစ်ပေါ်လာခဲ့သည်။

ဖျတ် - ဖျတ် - ဖျတ် - ။

အရေခွံများ စုတ်ပြဲသွားသံ၊ အရိုးများ ကျိုးကြေသွားသံများနှင့်အတူ ရှေ့ဆုံးမှ ရက်စက်သော အနက်ရောင်ဝံပုလွေများမှာ ဘာဖြစ်သွားမှန်းပင် မသိလိုက်ရဘဲ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် အရိုးများ မြင်ရသည်အထိ နက်ရှိုင်းသော ဒဏ်ရာကြီးများ ရရှိသွားကြလေသည်။ သွေးပူပူနွေးနွေးများ ဖြူဖွေးစွတ်နေသော နှင်းမျက်နှာပြင်ပေါ်တွင် ပန်းထွက်သွားပြီး ကွင်းပြင်တစ်ခုနီရဲသွားလေသည်။

သူ သွားလေရာ အရပ်တွင်ရှိသူ မည်သူမျှ တစ်ချက်ကလေးပင် မခုခံနိုင်ပေ။ သူ့လက်သည်းများမှာ သေမင်းတမန်၏ တံစဉ်သဖွယ် ဖြစ်နေခဲ့လေသည်။

အားကောင်းလွန်းသည်ဆိုသည့် အနက်ရောင်ဝံပုလွေအုပ်စု၏ ဖွဲ့စည်းပုံမှာ သူ၏ အစွမ်းနှင့် ထက်ရှမှုတို့ကြောင့် အပေါက်ကြီးတစ်ခု ဖြစ်သွားရလေသည်။

ဒါကို မြင်လိုက်ရတော့ အနက်ရောင်ဝံပုလွေဘုရင်မှာ အစပိုင်းတွင် အံ့အားသင့်သွားပြီးနောက် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူက လျစ်လျူရှုခံလိုက်ရသလို ခံစားလိုက်ရသည်။

ထို့နောက် သူသည် မတ်တပ်ရပ်ပြီး အနက်ရောင် အမြောက်ဆန်တစ်ခုကဲ့သို့ လင်းထျန်းလုံ၏ ဘေးဘက်သို့ ခုန်အုပ်ကာ သူ စိတ်ကူးထားသော ဘုရင်ချင်း တိုက်ပွဲကို ဆင်နွှဲရန် ကြိုးစားခိုက်သည်။

သို့သော် ဒေါသထွက်နေသော အခြေအနေဖြစ်သဖြင့် လင်းထျန်းလုံ၏ အာရုံခံမှုနှင့် အရှိန်မှာ အမြင့်ဆုံးသို့ ရောက်ရှိနေခဲ့သည်။

ထိုခုန်အုပ်မှုကို ရင်ဆိုင်ရာတွင် သူက လှည့်ပင်မကြည့်ခဲ့ပေ။

သူသည် လျင်မြန်သော ခြေလှမ်းများဖြင့် အသာအယာ ရှောင်တိမ်းလိုက်ရာ အနက်ရောင်ဝံပုလွေဘုရင်၏ လက်သည်းများနှင့် အစွယ်များမှာ သူ့ကို မထိတထိဖြင့် လွဲချော်သွားလေသည်။

အနက်ရောင်ဝံပုလွေဘုရင်က သူ့ကို ဖြတ်ကျော်သွားသည့် အချိန်မှာပင်။

လင်းထျန်းလုံးမှာ ညာဘက်လက်သည်းဖြင့် ပေါ့ပေါ့ပါးပါးပင် နောက်သို့ ဝှေ့ယမ်းလိုက်သည်။

[ဓားသွားလက်သည်း] မှ ထွက်ပေါ်လာသော အဖြူရောင် အေးစိမ့်စိမ့် အလင်းတန်းမှာ မှောင်မိုက်သော ညထဲမှ လျှပ်စီးတစ်ခုကဲ့သို့ ဖြတ်သန်းသွားလေသည်။

ဖွတ် - ။

တိုးညှင်းသော အသံတစ်ခုသာ ထွက်ပေါ်လာသော်လည်း ၎င်းအသံသည် ကြားရသူတိုင်း၏ နှလုံးသားကို တုန်လှုပ်စေရန် လုံလောက်လေသည်။

ထောင်လွှားနေသော အနက်ရောင်ဝံပုလွေဘုရင်၏ ခုန်အုပ်လိုက်သည့် ပုံရိပ်မှာ ရုတ်တရက် တောင့်တင်းသွားသည်။ ထို့နောက် အရှိန်ကြောင့် ရှေ့သို့ ခြေလှမ်းအနည်းငယ် ထပ်သွားပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

သူ့လည်ပင်းမှ သေးငယ်သော သွေးစီးကြောင်းလေးတစ်ခု ထွက်ပေါ်လာပြီးနောက် လျင်မြန်စွာ ကျယ်ပြန့်လာခဲ့သည်။

သစ်ပင်အိမ်အတွင်း၌ ရှောင်လန်နှင့် ရှောင်ယင်းတို့မှာ သူတို့၏ ကြောက်ရွံ့မှုများကို မေ့လျော့နေကြပြီ ဖြစ်သည်။ သူတို့မှာ ပါးစပ်လေးများ အဝိုင်းသား ပွင့်နေကြပြီး မေးစေ့လေးများပင် သားရေစောင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်နေလေသည်။

ရှောင်လန်သည် မျက်တောင်ခတ်လိုက်ပြီး သူမ၏ လက်ချောင်းလေးဖြင့် မျက်လုံးကို ပွတ်ကြည့်လိုက်သည်။ “ခုနက... ဘာဖြစ်သွားတာလဲ၊ အဲဒီအနက်ရောင်ဝံပုလွေဘုရင်က ကြည့်ရတာ အရမ်းကြောက်ဖို့ကောင်းပြီး ထူးချွန်အဆင့် ဖြစ်နေတာတောင်... ဝံပုလွေဖေဖေက ပေါ့ပေါ့ပါးပါး တစ်ချက်တည်းနဲ့... အပြတ်ရှင်းလိုက်တာလား၊ ဟိုဘက်က ဘာမှတောင် ပြန်မလုပ်လိုက်နိုင်ဘူးလား၊” တစ်စက္ကန့်အတွင်း ဒေါသထွက်နေသော မျက်နှာထားဖြင့် အေးခဲနေသည့် ကြီးမားသော အနက်ရောင်ဝံပုလွေခေါင်းကြီးမှာ ခန္ဓာကိုယ်မှ ပြတ်ထွက်ကာ နှင်းပြင်ပေါ်သို့ ပြုတ်ကျလာခဲ့ခြင်းဖြစ်သည်။

၎င်း၏ မျက်လုံးများမှာ အံ့ဩတုန်လှုပ်မှုများဖြင့် ပြူးကျယ်နေပြီး သူ မည်သို့ သေဆုံးသွားရသည်ကိုပင် နားမလည်နိုင်သကဲ့သို့ ဖြစ်နေသည်။

တစ်ချက်တည်းနှင့် အပြတ်ရှင်းခြင်း။

အစစ်အမှန် သံသယဖြစ်ဖွယ်မရှိသော၊ ဖိနှိပ်ချုပ်ကိုင်မှု၊ လွှမ်းမိုးမှု အပြည့်နှင့် သတ်ဖြတ်မှုမျိုးပင်။

စစ်မြေပြင်တစ်ခုလုံး ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ အနက်ရောင်ဝံပုလွေများ၏ ကြမ်းကြုတ်မှုများနေရာတွင် အတိုင်းအဆမရှိသော ကြောက်ရွံ့မှုများဖြင့် အစားထိုးခံလိုက်ရလေသည်။

သူတို့၏ ခေါင်းဆောင်မှာ တစ်ချက်တည်းနှင့် အသတ်ခံလိုက်ရသဖြင့် အနက်ရောင်ဝံပုလွေအုပ်စုမှာ အလွန်တရာ ထိတ်လန့်သွားကြပြီး သူတို့သည် ခေါင်းဆောင်၏ အလောင်းဘေးတွင် ဂုဏ်ယူစွာ ရပ်နေသော ငွေရောင်ပုံရိပ်ကို စစ်နတ်ဘုရားတစ်ပါးကို ကြည့်နေသကဲ့သို့ ကြည့်နေခဲ့ကြလေသည်။

ရှောင်လန်၏ဘေးရှိ နတ်ဆိုးဘုရင်မ ရှောင်ယင်းသည်လည်း ဝံပုလွေအုပ်စုကြားတွင် အာဏာရှင်ဆန်ဆန် အရှိန်အဝါများဖြင့် ရပ်နေသည့် သွေးစွန်းနေသော ငွေရောင်ပုံရိပ်ကို ငေးကြည့်နေမိသည်။

သူမသည် အလွန်အမင်း အံ့အားသင့်သွားနေသဖြင့် အသံများပင် တုန်ရီနေလေသည်။

“ငါ... ငါအိပ်မက်မက်နေတာလား၊”

“ဒါ ဝံပုလွေဖေဖေက... သာမန်ထက်ကို အများကြီး ပိုပြီး အစွမ်းထက်နေတာ မဟုတ်ဘူးလား၊ ဒါ... သူက နတ်ဘုရား စွမ်းအားတွေ သုံးနေတာများလား၊”

ထိုအချိန်မှာပင် လင်းထျန်းလုံ၏ နှင်းဝံပုလွေအုပ်စု အဓိက အင်အားစုမှာလည်း ရောက်ရှိလာခဲ့သည်။

ရောက်ရောက်ခြင်းသူတို့သည် သူတို့၏ဘုရင်က ရန်သူခေါင်းဆောင်ကို အံ့ဖွယ်နည်းလမ်းဖြင့် တစ်ချက်တည်းနှင့် အပြတ်ရှင်းလိုက်သည်ကို မြင်လိုက်ရသည်။ အစောပိုင်းက သူတို့၏ စိုးရိမ်မှုများမှာ ရုတ်တရက် တိုက်ခိုက်လိုစိတ်နှင့် ကိုးကွယ်ယုံကြည်မှုများအဖြစ်သို့ ပြောင်းလဲသွားလေသည်။

သူတို့သည် မြေကြီးတုန်ခါမတတ် ဟိန်းဟောက်လိုက်ကာ စိတ်ဓာတ်ကျနေသော အနက်ရောင်ဝံပုလွေများဆီသို့ ခုန်အုပ် တိုက်ခိုက်ကြတော့သည်။

တိုက်ပွဲသည် ချက်ချင်းပင် တစ်ဖက်သတ် သတ်ဖြတ်မှုနှင့် အရှက်တကွဲ ထွက်ပြေးမှု အဖြစ်သို့ ပြောင်းလဲသွားလေသည်။

နှင်းဝံပုလွေအုပ်စု၏ စိတ်လှုပ်ရှားဖွယ်၊ ဂုဏ်ယူဖွယ် ဟိန်းဟောက်သံများမှာ တောတောင်တစ်ခွင် ပဲ့တင်ထပ်သွားသည်မှာ နေရပ်ကာကွယ်ရေး တိုက်ပွဲ၏ ရလဒ်ကိုကြေညာလိုက်သကဲ့သို့ပင်။

All Chapters