နှင်းလွင်ပြင်ထက်မှ ငွေရောင်သွေးစက်များ၊ ကာကွယ်ရင်းပေးဆပ်လိုက်ရသည့် တန်ဖိုးနှင့် ကလေးနှစ်ဦးကြားမှ စကားရန်ပွဲလေးများ
Vol. 1 Ch. 8
အနက်ရောင်ဝံပုလွေဘုရင်၏ ရုတ်တရက် သေဆုံးမှုသည် တိုက်ပွဲကို ချက်ချင်း အဆုံးသတ်နိုင်ခဲ့ခြင်းတော့မဟုတ်ပေ။ ထိုအစား ၎င်းသည် မျှော်လင့်ချက်မဲ့ခြင်း ဟူသော မီးတောက်ကို နောက်ဆုံးအနေဖြင့် လောင်စာဖြည့်ပေးလိုက်သကဲ့သို့ ဖြစ်သွားစေခဲ့သည်။
သွေးညှီနံ့၏ လှုံ့ဆော်မှုနှင့် သူတို့မျိုးနွယ်စု ပျက်သုဉ်းသွားမည်ကို ကြောက်ရွံ့သောစိတ်ကြောင့် ကျန်ရစ်နေသော အနက်ရောင်ဝံပုလွေများထဲမှအချို့မှာ ရူးသွပ်မတတ်ဖြစ်ကုန်ကြကာ လက်စားချေလိုစိတ်များ ပေါက်ကွဲထွက်ကုန်ကြတော့သည်။ သူတို့သည် နည်းဗျူဟာများကို ဂရုမစိုက်တော့သလို သေရမည်ကိုလည်း မကြောက်ကြတော့ပေ။
သူတို့အားလုံး အနီရောင်တောက်တောက် မျက်လုံးများဖြင့် ခွေးရူးအုပ်ကြီးပမာ ဖြစ်လာပြီး ၎င်းတို့၏ခန္ဓာကိုယ်များအား ဂရုမစိုက်ကြတော့ဘဲ ငွေရောင်သေမင်းတမန်ထံသို့ တစ်ကောင်ပြီးတစ်ကောင် တိုးဝင်တိုက်ခိုက်ကြလေတော့သည်။
လင်းထျန်းလုံ၏ တိုက်ခိုက်စွမ်းရည်မှာ အမှန်တကယ် ပြိုင်ဘက်ကင်းလွန်း၏။
အသစ်ရရှိထားသော [ဓားလက်သည်း] ဖြင့်ဝှေ့ယမ်းလိုက်တိုင်း သေမင်းထံမှ ဖိတ်စာတစ်စောင် ကမ်းလှမ်းလိုက်သကဲ့သို့ဖြစ်နေပြီး အရေခွံများကိုအလွယ်တကူ စုတ်ဖြဲကာ အရိုးများကို ပိုင်းဖြတ်၍ ကြေကွဲဖွယ် ကောင်းလောက်အောင် လှပသော သွေးပန်းများကို ဖန်တီးနေခဲ့သည်။
သို့သော် အနက်ရောင်၀ံပုလွေများမှာအသိစိတ် လုံးဝလွတ်ကင်းနေပြီး သူတို့အဖော်များ၏ အလောင်းများကိုပင် ခြေနင်းတုံးများနှင့် ဒိုင်းကာများအဖြစ် အသုံးပြုကာ တိုး၀င်လာသဖြင့် လင်ထျန်းလုံသည် ဤသားရဲများနှင့် ရင်ဆိုင်ရချိန်တွင် သူ၏လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော အမြန်နှုန်းမှာ တဖြည်းဖြည်း နှေးကွေးလာပြီး ပျစ်ချွဲနေသော သွေးအိုင်များနှင့် စုပုံလာသော ဝံပုလွေအလောင်းများက သူ့အတွက် အဟန့်အတား ဖြစ်လာလေသည်။
ရိုင်းစိုင်းရက်စက်မှုအပြည့်ရှိသော "ဝံပုလွေပင်လယ်" နည်းဗျူဟာသည် ယခုအချိန်တွင် အသက်ရှူကြပ်စေလောက်သော ဖိအားကို ပေးစွမ်းလာခဲ့သည်။
"ရွှတ်..."
ဦးရေပြားပင် ထုံကျဉ်သွားစေမည့် စုတ်ပြဲသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ယခုတစ်ကြိမ် အသံမှာ ယခင်နှင့် လုံးဝမတူဘဲ ကွဲပြားနေလေသည်။ ဘေးဘက်မှ အရိပ်ထဲတွင် ပုန်းအောင်း၍ အသက်စွန့် တိုးဝင်လာသော အနက်ရောင်ဝံပုလွေတစ်ကောင်က သူ၏ စူးရှသော အစွယ်များကို အသုံးပြု၍ လင်းထျန်းလုံ၏ ပခုံးကို ရက်စက်စွာ ထိုးဖောက် ကိုက်ခဲလိုက်ခြင်း ဖြစ်သည်။
ထိုကိုက်ချက်ကြောင့် အရိုးကိုပါ မြင်နိုင်လောက်တဲ့အထိ နက်ရှိုင်းပြီး အသားစိုင်များ လန်ထွက်သွားသည့် ကြောက်မက်ဖွယ် ဒဏ်ရာတစ်ခု ရုတ်ခြည်း ပေါ်လာခဲ့သည်။
ငွေရောင်အလင်းတန်း ဖျော့ဖျော့သမ်းနေသော ပူနွေးသည့် သွေးများသည် ချက်ချင်း ပန်းထွက်လာပြီး လင်ထျန်းလုံ၏ ရင်ဘတ်ပေါ်ရှိ ခမ်းနားထည်ဝါသော ငွေရောင်သားမွေးများကို ကြေကွဲဖွယ်ကောင်းသော အနီရောင်အဖြစ် စွန်းထင်းသွားစေတော့သည်။
"အီး..."
သစ်ပင်အိမ်လေးထဲရှိ ရှောင်လန်မှာ လေတစ်ချက်ရှိုက်လိုက်မိပြီး ထိုကုတ်ချက်သည် သူမ၏ နှလုံးသားကိုပါ ဆွဲစုတ်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
သူမ၏ ခန္ဓာကိုယ်လေးမှာ ချက်ချင်း တောင့်တင်းအေးစက်သွားပြီး မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားကာ "ဝံပုလွေဖေဖေ... သူ... ဒဏ်ရာရသွားပြီ... သွေးတွေထွက်နေပြီ..." ဟု တီးတိုးရေရွတ်လိုက်မိသည်။
သူမမှာ ထိလွယ်ရှလွယ်သော ကလေးငယ်တစ်ဦး အဖြစ်သာ ရှိနေသေးသော်လည်း ထို ဝိညာဉ်၏ အနက်ရှိုင်းဆုံး နေရာမှ လူသားဧကရီ၏ မာနနှင့် ဒေါသတို့ ထိန်းချုပ်မရအောင် ပေါက်ကွဲထွက်လာတော့သည်။
၎င်းသည် နဂါးများ၏ "ပြောင်းပြန်အကြေးခွံ" ကို လာရောက်ထိပါးခြင်းသကဲ့သို့ပင် သူမ၏ တစ်ဦးတည်းသော ကာကွယ်သူကို ထိခိုက်စေခြင်းကြောင့် ဖြစ်ပေါ်လာသော ကြီးမားသည့် ဒေါသပင်။
သူမ၏ အင်အားများကို ချက်ချင်း ပြန်လည်ရယူပြီး ရှေ့တွင်ရှိနေသော ရန်သူအားလုံးကို ချေမှုန်းပစ်ချင်သည့် ကြမ်းတမ်းသော စိတ်ဆန္ဒများ နှလုံးသားထဲတွင် ဆူပွက်လာခဲ့သည်။
သူမဘေးရှိ ရှောင်ယင်းသည်လည်း ကြက်သေသေနေမိသည်။ ပထမဆုံးအကြိမ်အဖြစ် သူမ၏ ပြည့်ပြည့်ဖောင်းဖောင်း ကလေးမျက်နှာလေးပေါ်မှ ခံစားချက်အားလုံး ပျောက်ကွယ်သွားခဲ့သည်။
ထိုခရမ်းရောင် မျက်ဝန်းများ၏ အနက်ရှိုင်းဆုံးနေရာတွင် အရိုးထဲထိတိုင် အေးခဲသွားစေမည့် ထိတွေ့၍ပင်ရနိုင်လောက်သည့် အကြောက်တရားနှင့် သတ်ဖြတ်လိုစိတ် အငွေ့အသက်တို့ မုန်တိုင်းတစ်ခုလို တိုက်ခတ်လာခဲ့သည်။
သူမမှာ နုနယ်သော လက်ဖ၀ါးလေးနှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ထားမိရာ လက်သည်းများက နူးညံ့သော လက်ဖဝါးထဲသို့ စိုက်ဝင်လုမတတ် ဖြစ်နေသည်။
"သေနာကောင်တွေ... အမှိုက်သရိုက်တွေ... အောက်တန်းစားတွေ..." သူမသည် မိစ္ဆာအရှင်သခင် တစ်ပါး၏ ဆိုးသွမ်းသည့်စိတ်ဓာတ်များ အပြည့်အဝ နိုးထလာသည်နှင့်အမျှ စိတ်ထဲတွင် ရူးသွပ်စွာ ဟိန်းဟောက် အော်ဟစ်နေမိသည်။
ဝံပုလွေဖေဖေ ပေးခဲ့သည့် ကြမ်းတမ်းသော်လည်း မယုံနိုင်လောက်အောင် စစ်မှန်ပြီး နွေးထွေးသည့် ဂရုစိုက်မှုမျိုးသည် သူမ၏ အေးစက်သော ဘဝနှစ်ခုလုံးတွင် တစ်ခါမှ မမျှော်လင့်ရဲခဲ့သော ရတနာတစ်ခုပဲ ဖြစ်သည်။
ယခုအချိန်တွင် ဤတစ်ခုတည်းသော နွေးထွေးမှု၊ ဤခိုင်မာသော မှီခိုအားထားရာသည် သူမတို့ကို ကာကွယ်ပေးရင်း သွေးစွန်းပြီး ဒဏ်ရာရနေခဲ့ရသော်လည်း သူမမှာမူ အမှိုက်တစ်စကဲ့သို့ လက်ပိုက်ကြည့်နေရုံမှတစ်ပါး ဘာမှမတတ်နိုင်ခဲ့ပေ... ဤကဲ့သို့ အားကိုးရာမဲ့မှုနှင့် စော်ကားခံရမှုသည် သူမ၏ ဝိညာဉ်ကို တုန်လှုပ်စေပြီး ပေါက်ကွဲလုမတတ် ဖြစ်နေလေသည်။
သူမတို့နှစ်ဦးလုံး ကွဲပြားခြားနားသော စရိုက်သဘာဝများ ရှိကြသော်လည်း (တစ်ဦးက တည်ငြိမ်ပြီး တစ်ဦးက ကြမ်းတမ်းသော်လည်း)
ယခုအချိန်တွင်မူ လူသားဧကရီနှင့် မိစ္ဆာဧကရီတို့၏ ဝိညာဉ်များသည် သွေးထွက်သံယို တိုက်ပွဲဝင်နေသော ဤငွေရောင်ဝံပုလွေကြီးအတွက် သတ်ဖြတ်လိုစိတ်နှင့် နှလုံးသားနာကျင်မှုတို့ ရောယှက်ကာ အပြင်းအထန် တုန်လှုပ်နေကြလေသည်။
စစ်မြေပြင်တွင်မူ ပခုံးရိုးမှ စူးရှသော နာကျင်မှုက လင်ထျန်းလုံအတွက် စိတ်ကြွဆေးတစ်လက်ကဲ့သို့ ဖြစ်သွားပြီး နှင်းဝံပုလွေဘုရင် တစ်ကောင်အဖြစ် သူ၏ အရိုးထဲအထိ ကိန်းအောင်းနေသော ပင်ကိုရက်စက်ကြမ်းကျုတ်မှုနှင့် ကာကွယ်လိုစိတ်တို့ကို အပြည့်အဝ မီးရှို့လိုက်သကဲ့သို့ ဖြစ်သွားသည်။
သွေးဆာနေသည့် အငွေ့အသက်များ သူ၏ ရေခဲပြာရောင် မျက်ဝန်းများထဲတွင် ပြည့်နှက်သွားပြီး သွေးထွက်သွားပြီ ဖြစ်သည့်အတွက် နောက်ဆုံးအချိန်အထိ အစွမ်းကုန်တိုက်ခိုက်တော့မည်ဟု သူဆုံးဖြတ်လိုက်သည်။
ကာကွယ်လိုစိတ်နှင့် သူ၏ ကိုယ့်ကိုကိုယ် ယုံကြည်မှုမှာ အခြားအရာအားလုံးကို လွှမ်းမိုးသွားခဲ့ပြီပဲဖြစ်သည်။
"ဝူး... အာဝူး..."
သူသည် မိုးကောင်းကင်ထံသို့ အဆုံးမဲ့ ရက်စက်မှုနှင့် စစ်မှန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည့် ကြမ်းတမ်းသော စစ်ချီသံကို ဟစ်ကြွေးလိုက်ကာ [လမင်းမြည်ကြွေးသံ] စွမ်းရည်ကို မိုးခြိမ်းသံပမာ ထုတ်ဖော်လိုက်လေသည်။
လ၏ စွမ်းအား အပြင်းထန်ဆုံး အချိန်မဟုတ်သော်လည်း တော်ဝင်သွေးမှ မြစ်ဖျားခံလာသော ကြာရှည်ပြီး ခမ်းနားသည့် ထိုဟိန်းဟောက်သံသည် နှင်းဝံပုလွေတစ်ကောင်ချင်းစီ၏ နှလုံးသားကို စစ်တိုက်ဗုံသံကြီး တစ်ခုပမာ ပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။ လင်းထျန်းလုံ အပါအဝင် နှင်းဝံပုလွေတိုင်းသည် ၎င်းတို့၏ သွေးမျိုးဆက်အတွင်းမှာ တိုက်ခိုက်လိုစိတ်နှင့် စွမ်းအားများ ဆူပွက်ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။
ပင်ပန်းနွမ်းနယ်မှုများ လွင့်စင်သွားပြီး ၎င်းတို့၏ လက်သည်းနှင့် အစွယ်များသည် ပိုမို ထက်မြက်လာကာ အမြန်နှုန်းမှာလည်း တစ်ဖန် ပြန်လည် မြင့်တက်လာသည်။
"အာဝူး..."
သူတို့ ဘုရင်မင်းမြတ်၏ ဟိန်းဟောက်သံကြောင့် နောက်တွင်ရှိနေသော နှင်းဝံပုလွေအုပ်စုမှာ ကမ္ဘာမြေကို တုန်ခါသွားစေမည့် တုံ့ပြန်မှုကို ပြုလုပ်လိုက်ကြသည်။
အနီရောင်သမ်းနေသော မျက်လုံးများနှင့် အဖော်များအတွက် လက်စားချေလိုစိတ် အပြည့်ဖြင့် ရန်သူများဆီသို့ ပိုမိုပြင်းထန်စွာ တိုးဝင် တိုက်ခိုက်လိုက်ကြသည်။
အချိန်ကြာလာသည်နှင့်အမျှ တိုက်ပွဲချိန်ခွင်လျှာမှာ နှင်းဝံပုလွေအုပ်စုဘက်သို့ တဖြည်းဖြည်း ယိမ်းယိုင်လာခဲ့လေသည်။ ရူးသွပ်နေသော အနက်ရောင်ဒီလှိုင်းလုံးကြီးမှာ နောက်ဆုံးတွင် ပိုမိုခိုင်ခံ့သော ငွေရောင်ဆည်တမံကြီး၏ တားဆီးချေမှုန်းခြင်းကို ခံလိုက်ရလေတော့သည်။
သစ်ပင်အိမ်လေးထဲတွင် ရှောင်ယင်းသည် ဝံပုလွေဖေဖေ ပြန်လည် တည်ငြိမ်သွားပြီး အုပ်စုကို ဦးဆောင်ကာ ပြန်လည် တိုက်ခိုက်နေသည်ကို မြင်မှ သက်ပြင်းရှည်ကြီး ချနိုင်တော့သည်။
သူမသည် ယခုမှ အသက်ပြန်ရှူနိုင်သကဲ့သို့ ခံစားလိုက်ရပြီး "ကြောက်... ကြောက်ဖို့ကောင်းလိုက်တာနော်... ဒီဘုရင်မတော့ သေပါပြီ... ဝံပုလွေဖေဖေက တကယ့်ကို... မယုံနိုင်လောက်အောင် ကြမ်းတာပဲ..." သူမစိတ်ထဲမှ တွေးမိလိုက်သည်။
ဒဏ်ရာရပြီးနောက် နောက်ဆုတ်မသွားဘဲ ပိုရဲရင့်လာကာ ငွေရောင်အသူရာနတ်ဆိုးတစ်ကောင်ကဲ့သို့ အနက်ရောင်ဒီရေလှိုင်းကြီးကို ဖြိုခွင်းနေသော လင်းထျန်းလုံ၏ ပုံရိပ်သည် သူမ၏ စိတ်ထဲတွင် ထပ်ခါတလဲလဲ ပေါ်လာခဲ့သည်။
သွေးနှင့် မီးတောက်များ ရောယှက်နေသော ထိုပုံရိပ်မှာ သူမ၏ နှလုံးသားအနက်ထဲထိ စွဲထင်သွားခဲ့သည်။
"တကယ့်ကို... ဝံပုလွေပုံစံဟန်ဆောင်ထားတဲ့ ဘီလူးပါလား..." သူမ စိတ်ထဲမှ တဖန် ညည်းတွားလိုက်မိပြန်သည်။ ဤတစ်ကြိမ် သူမ၏ ညည်းတွားသံတွင် သူမကိုယ်တိုင်ပင် သတိမထားမိလိုက်သော လေးစားအားကျမှု အရိပ်အယောင်များ ပါဝင်နေလေသည်။
ထိုစဉ် ရှောင်လန်သည်လည်း ဝံပုလွေဖေဖေ၏ လူမဆန်သော (ဝံပုလွေပါဆို ဘယ်လူဆန်မလဲ၊ ဝံပုလွေမဆန်သောပေါ့) တိုက်ခိုက်စွမ်းရည်ကြောင့် တုန်လှုပ်နေရသည့်ကြားမှ သူမ၏ နှလုံးသားကို တုန်ခါသွားစေမည့် အသေးစိတ် အပြုအမူလေး တစ်ခုကို သတိထားမိလိုက်သည်။
ပြင်းထန်ပြီး မျက်စိကျိန်းလောက်သော သတ်ဖြတ်မှုများကြားမှ ဝံပုလွေဖေဖေ၏ သွေးစွန်းနေသော ရေခဲပြာရောင် အကြည့်များသည် အချိန်လွတ်ရင်လွတ်သလို သစ်ပင်အိမ်လေးဆီသို့ မြန်မြန်ဆန်ဆန် အရေးတကြီး လှမ်းကြည့်တတ်သည်ကို တွေ့လိုက်ရသောကြောင့်ပင်။
ထိုအကြည့်ထဲတွင် သူ၏ ဒဏ်ရာများအတွက် စိုးရိမ်ပူပန်မှု လုံးဝမပါဘဲ သူမတို့၏ ဘေးကင်းလုံခြုံရေးအတွက် သီးသန့်ထားရှိသော ဖုံးကွယ်မထားသည့် စစ်မှန်သော စိုးရိမ်မှုများသာ ပါဝင်နေသည်။
"သူ... သူက ငါတို့ကို အချိန်တိုင်း စိတ်ပူနေတာပါလား..."
ရှောင်လန်တစ်ယောက် နှလုံးသားထဲတွင် မကြုံစဖူး ထူးဆန်းပြီး နွေးထွေးသော စီးကြောင်းတစ်ခု၏ ပြင်းထန်စွာ ရိုက်ခတ်သွားသည်ကို ခံစားလိုက်ရပြီး နှာခေါင်းထိပ်လေးပင် အနည်းငယ် ကျဉ်သွားသလို ခံစားလိုက်ရလေသည်။
အဓိကဦးစားပေးအဖြစ် ထားရှိခံရသည့် ဤကဲ့သို့ စစ်မှန်သည့် ကာကွယ်မှုမျိုးကို သူမ ယခင်ဘဝက အမြင့်ဆုံး နေရာတွင် ရှိခဲ့စဉ်ကပင် တစ်ခါမှ မကြုံဖူးခဲ့ပေ။
စစ်မြေပြင်တွင်မူ နောက်ဆုံး လက်ကျန် အနက်ရောင်ဝံပုလွေ အနည်းငယ်ကို နှင်းဝံပုလွေများက ရက်စက်စွာ သတ်ဖြတ်လိုက်ပြီးနောက် အလွန်ကြေကွဲဖွယ် ကောင်းသော အုပ်စုနှစ်ခုကြား တိုက်ပွဲမှာ အဆုံးသတ်သွားခဲ့လေသည်။
လင်းထျန်းလုံသည် သွေးများဖုံးလွှမ်းနေပြီး ပခုံးရိုးမှ ဒဏ်ရာမှာ သွေးစိမ့်ထွက်နေဆဲ ဖြစ်သော်လည်း ပင်ပန်းနွမ်းနယ်မှုနှင့် နာကျင်မှုတို့ကို အံတု၍ သူ၏ စိတ်ကို ဝိညာဉ်ပင်လယ်ထဲ ၀င်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် စနစ်မှ အသိပေးသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။
သာမန် အနက်ရောင်ဝံပုလွေများကို သတ်ဖြတ်ခြင်းမှရရှိခဲ့သည့် အစိမ်းရောင် ပင်ကိုစွမ်းရည် အများစုမှာ သူ၏ မူလကရှိထားသည့် စွမ်းရည်များကို အားဖြည့်ရန်အတွက် အာဟာရအဖြစ် တိုက်ရိုက် ပြောင်းလဲသွားသည်။
အရေးပါဆုံး ရိတ်သိမ်းမှုမှာ အနက်ရောင်ဝံပုလွေဘုရင်ထံမှ ဖြစ်သည်။
[စနစ်အသိပေးချက်: အဆင့် (13) (ထူးချွန်အဆင့်) ရှိသော မိစ္ဆာသားရဲ ‘အနက်ရောင်ဝံပုလွေနက်ဘုရင်’ ကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့သည်။ များပြားလှသော အတွေ့အကြုံရမှတ်များ ရရှိခဲ့သည်။
လက်ရှိအဆင့် - အဆင့်(14) (ထူးချွန်အဆင့်)
ပင်ကိုစွမ်းရည် [၀ံပုလွေနက် ဖိနှိပ်ခြင်း(အဖြူ)] ကျဆင်းလာပါသည်။ စုပ်ယူမလား]
သူသည် တုံ့ဆိုင်းမနေဘဲ စုပ်ယူရန် ရွေးချယ်လိုက်ပြီး ၎င်းကို သူ၏သွေးအစီအနှစ်နှင့် ပေါင်းစပ်ကာ ပိုစွမ်းအားကြီးပြီး သူနှင့် သင့်တော်သော [နှင်း၀ံပုလွေ ဖိနှိပ်ခြင်း] အဖြစ် အဆင့်မြှင့်တင်လိုက်သည်။
သူ၏ အင်အားမှာ တစ်ဖန် များစွာ တိုးတက်လာခဲ့သော်လည်း လင်းထျန်းလုံ၏ ရေခဲပြာရောင် မျက်လုံးများတွင် ပျော်ရွှင်နေသည့် အရိပ်အယောင်မျိုး မတွေ့ရပေ။ သူပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ဖြူဖွေးစွတ်နေသော နှင်းလွင်ပြင်သည် သွေးများနှင့် ဝံပုလွေအလောင်းများကြောင့် ရှုပ်ပွညစ်ထေးနေတော့သည်။
ထိုအထဲတွင် မည်သည့်အခါမှ ပြန်ထမလာနိုင်တော့မည့် နှင်းဝံပုလွေ အဖော်နှစ်ကောင်၏ အလောင်းများပါ ပါဝင်နေပြီး အခြားသုံးကောင်မှာလည်း ဒဏ်ရာအပြင်းအထန် ရထားကာ ဒဏ်ရာများကို လျှာဖြင့်လျက်ရင်း တိုးတိုးလေး ညည်းတွားနေကြသည်။
အောင်ပွဲအတွက် တန်ဖိုးမှာ အလွန်ကြီးမားလွန်းသဖြင့် လေထုပင် အေးခဲသွားသကဲ့သို့ ဖြစ်နေသည်။
သူသည် ဝမ်းနည်းမှုအပြည့်ပါသော အကြည့်ဖြင့် တစ်ချက်ကြည့်ပြီးနောက် စစ်မြေပြင်ကို ရှင်းလင်းရန်နှင့် ဒဏ်ရာရသူများကို ပြုစုရန် ဝံပုလွေအုပ်စုကို အသံပြုလိုက်သည်။
သစ်ပင်အိမ်လေးထဲရှိ လေထုမှာလည်း အနည်းငယ် လေးလံပြီး မွန်းကြပ်နေလေသည်။ နှင်းဝံပုလွေ နှစ်ကောင်၏ သေဆုံးမှုသည် ဧကရီ နှစ်ဦးစလုံး၏ နှလုံးသားကို ကျောက်တုံးကြီးတစ်ခု ပိတ်ဆို့ထားသကဲ့သို့ ခံစားနေခဲ့ကြရသည်။
ဤဝံပုလွေနှစ်ကောင်သည် သူမတို့ ရှိနေသော ဤအသိုက်အမြုံကို ကာကွယ်ရင်း တိုက်ပွဲဝင်ကာ သေဆုံးသွားရခြင်း ဖြစ်သည်ကို သူမတို့ ကောင်းကောင်း သိနားလည်ထားကြသည်။
ရှောင်ယင်းသည် သူမ၏ နုနယ်သော လက်ဖ၀ါးလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး မျက်နှာသေးသေးလေးတွင် အလွန်လေးနက်သော အမူအရာကို ထုတ်ဖော်လျက် သူမ၏ ရည်ရွယ်ချက်ကို ဖော်ပြရန်အတွက် အကြမ်းတမ်းဆုံး အကြည့်နှင့် အပြတ်သားဆုံး ကလေးဘာသာစကားကို အသုံးပြုရန် ကြိုးစားလိုက်သည်။
"အီး... ယားယား... အီးယားယား... (ဒီကျေးဇူးကို... ဒီဘုရင်မ မှတ်ထားတယ်... ငါ့ကျင့်စဉ်တွေ ပြန်ရတာနဲ့ လာတိုက်တဲ့ အမှိုက်တွေကို မြေလှန်ပစ်မယ်...)"
သူမ စကားမဆုံးခင်မှာပင် ဘေးမှ ရှောင်လန်မှာ မျက်လုံးများကို ကူကယ်ရာမဲ့စွာ လှန်ကြည့်လိုက်ပြီး သူမကို ချေပရန် ကလေးစကားကို အသုံးပြုလိုက်ရင်း အားမနာတမ်းပြောလိုက်လေသည်။
"အီးယား... အီးယားယား... ယား... (တော်စမ်းပါ... ကိုယ့်ဘာသာ လေးဘက်သွားနိုင်မှ လေကြီးစမ်းပါ... နို့ဘူးတောင် ငြိမ်အောင် မကိုင်နိုင်သေးဘဲနဲ့များ...)"
"အီး..." ရှောင်ယင်းတစ်ယောက် ဒေါသကြောင့် ချက်ချင်း မျက်နှာကြီးနီရဲသွားပြီး သူမ၏ ခရမ်းရောင် မျက်လုံးဝိုင်းကြီးများ ပြူးကျယ်သွားကာ စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်ပြောလိုက်သည်။
"ယားယား... အီးယား... အီး... (နင်... နင်က ဒီဘုရင်မကို အထင်သေးတာလား... ငါက ကတိတည်တဲ့ အမျိုးသမီးကွ...)"
ရှောင်လန်မှာ သူမနှင့် အဓိပ္ပာယ်မရှိသော စကားစစ်ပွဲကို ဆက်မဖြစ်လိုတော့ပေ။ သူမသည် အပြင်ဘက်တွင် ဒဏ်ရာများကို တိတ်တဆိတ် လျက်ရင်း ဝမ်းနည်းသော အကြည့်ဖြင့် အရာအားလုံးကို စီမံနေသော ဝံပုလွေဖေဖေနှင့် အဖော်များ၏ အလောင်းဘေးတွင် တိုးတိုးလေး ညည်းတွားနေကြသော နှင်းဝံပုလွေများကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
ထို့နောက်သူမ၏ မျက်ခုံးသေးသေးလေးများ တွန့်ချိုးသွားပြီး တိုးညှင်းသော အသံဖြင့် ရေရွတ်လိုက်သည်။
"အီး... ယား... (မြန်မြန်ကြီးလာဖို့နဲ့ ဝန်ထုပ်ဝန်ပိုး မဖြစ်ဖို့သာ စဉ်းစားစမ်းပါ... အနည်းဆုံးတော့... အိပ်ရာထဲ ရှူးမပေါက်အောင် အရင်ထိန်း...)"
“……....”
ရှောင်ယင်းတစ်ယောက် လည်ပင်း ညှစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။ သူမ၏ ကြီးကျယ်သော စကားလုံးများ အားလုံး "အိပ်ရာထဲ ရှူးပေါက်ခြင်း" ဟူသော စကားကြောင့် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
သူမ၏ မျက်နှာလေးမှာ ရှက်စိတ်ရော ဒေါသစိတ်ပါ ရောပြွမ်း၍ ရဲတက်လာသော်လည်း ပြန်မငြင်းနိုင်ခဲ့ပေ။
သူမသည် စိတ်ဆိုးမာန်ဆိုးဖြင့် ခေါင်းကို လွှဲလိုက်ပြီး ရှောင်လန်ဘက်သို့ ကျောပေးထားလိုက်သည်။
သူမတို့၏ ပုံမှန် စကားနိုင်လုပွဲလေးက လေးလံနေသော စိတ်အခြေအနေကို အနည်းငယ် သက်သာစေသော်လည်း ကာကွယ်ခံခဲ့ရခြင်းကြောင့် ကြီးမားသော တန်ဖိုးနှင့် စိတ်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိမှုတို့သည် နှလုံးသားထဲတွင် အမှန်တကယ် နက်ရှိုင်းစွာ စွဲထင်ကျန်ရစ်ခဲ့လေသည်။
လက်ရှိအခြေအနေတွင် သူတို့ ပြန်လည်ပေးဆပ်နိုင်သည့် အကြီးမားဆုံး အရာမှာ ငိုတာလျှော့ပြီး နို့များများသောက်ကာ မြန်မြန်ကြီးပြင်းလာရန်နှင့်... ကိုယ့်ကိုယ်ကိုယ် အမြန်ဆုံး ဂရုစိုက်နိုင်ပြီး အိပ်ရာထဲ ရှူးမပေါက်မိအောင် ကြိုးစားခြင်းသာ ဖြစ်ပေလိမ့်မည်။