← Chapters

ဝိညာဉ်ဆေးပင်များဖြင့် ဝံပုလွေများကို ကယ်တင်ခြင်း

Vol. 1 Ch. 9

ဝိညာဉ်ဆေးပင်များဖြင့် ဝံပုလွေများကို ကယ်တင်ခြင်း

Vol. 1 Ch. 9

ရက်စက်ကြမ်းကြုတ်လွန်းသော တိုက်ပွဲအပြီးတွင်တော့ အသက်ရှင်ကျန်ရစ်သူတိုင်း၏ နှလုံးသားထဲတွင် အေးစက်သော နှင်းရည်များ စီးဝင်လာသကဲ့သို့ ခါးသီးလှသော လက်တွေ့ဖြစ်ရပ်က လွှမ်းမိုးသွားလေသည်။

နှင်းလွင်ပြင်အထက်တွင် သူတို့အဖော်နှစ်ကောင်၏ အလောင်းများမှာ အေးစက်တောင့်တင်းနေပြီ ဖြစ်ကာ သွေးအိုင်ထဲတွင် လဲလျောင်းနေသည့် ဒဏ်ရာပြင်းထန်လှသော နှင်းဝံပုလွေတစ်ကောင်၏ အခြေအနေမှာလည်း ပို၍ပင် ရင်နာစရာ ကောင်းနေလေသည်။

ထိုတစ်ကောင်မှာ အသက်ယဲ့ယဲ့သာ ကျန်တော့ပြီး ဝမ်းဗိုက်ရှိ စုတ်ပြဲနေသော ဒဏ်ရာကြီးမှာ အတွင်းကလီစာအချို့ကိုပင် မြင်နေရလေသည်။

အလွန်အားနည်းလွန်းနေကာ အသက်ရှူသံတစ်ခုချင်းစီတိုင်းတွင် သွေးစွန်းနေသော လေပူဖောင်းလေးများ ထွက်လာနေပြီး အနီးအနားတွင်လည်း ဒဏ်ရာအနည်းငယ်ရထားသော အခြားဝံပုလွေအချို့မှာ အေးစက်လွန်းသော လေပြင်းဒဏ်ကြောင့် တုန်ရီလျက် ညည်းတွားနေကြသည်။

ဝိညာဉ်စွမ်းအင်များ အပြည့်အဝ နိုးထခြင်းမရှိသေးသလို ဆေးကုသမှုဆိုသည်မှာလည်း စိတ်ကူးပင်မယဉ်နိုင်သော ဤရှေးဟောင်သစ်တောကြီးထဲတွင် မည်သည့်ဒဏ်ရာမဆို သေမင်းထံသို့ တဖြည်းဖြည်း ချဉ်းကပ်သွားခြင်းမျိုးဖြင့်သာ အဆုံးသတ်ပေလိမ့်မည်။

လေရူးများမှာ သစ်တောထဲတွင် တဝူးဝူးတဝုန်းဝုန်း တိုက်ခတ်နေခဲ့ပြီး ဝမ်းနည်းဖွယ်အငွေ့အသက်နှင့် အအေးဓာတ်ကို ယူဆောင်လာခဲ့သည်။ အသက်ရှင်ကျန်ရစ်သူ ဝံပုလွေများသည် အောင်ပွဲအတွက် ဝမ်းသာနိုင်ခြင်းမရှိဘဲ သွေးညှီနံ့များ ကြားတွင် လေးလံစွာ အသက်ရှူနေကြရသည်။

ဤအောင်ပွဲသည် သူတို့အတွက် အလွန်ကြီးမားသော ပေးဆပ်မှုဖြင့် ရယူခဲ့ရသော အောင်ပွဲပင်ဖြစ်လေသည်။

သစ်ပင်အိမ်လေးထဲတွင်မူ ရှောင်လန်နှင့် ရှောင်ယင်းတို့သည် တံခါးလိုက်ကာနားတွင် ကပ်လျက် ပြင်ပမှမြင်ကွင်းကို စိုးရိမ်တကြီး ကြည့်နေကြသည်။ သူတို့၏ မျက်နှာလေးများပေါ်တွင် အမြဲရှိနေတတ်သော နောက်ပြောင်လိုစိတ်နှင့် လှောင်ပြောင်လိုစိတ်များ ပျောက်ကွယ်နေခဲ့ပြီး အားကိုးရာမဲ့မှုနှင့် ပူပန်မှုတို့သာ အစားထိုးဝင်ရောက်နေခဲ့၏။

“အီး... ယား... (ဝံပုလွေဖေဖေရဲ့ ပခုံးက ဒဏ်ရာကြီးက တော်တော်နက်တာပဲ... သွေးတွေလည်း ထွက်နေတုန်းပဲ...)” ရှောင်လန်သည် ထိုဒဏ်ရာကို ကြည့်ပြီး ရင်ထဲတွင် တင်းကျပ်သွားရသည်။ သူ၏ လှပသော ငွေရောင်အမွေးများပေါ်ရှိ ထိုအမာရွတ်မှာ အလွန်ပင် ကြည့်ရဆိုးနေလေသည်။

“ယား... အီး... အီး... ယား... (ငရဲသွားရမယ့် အကောင်တွေ... ငါ့ရဲ့ ကလေးထိန်းလေးကို ဘယ်လိုတောင် လုပ်ရက်ကြတာလဲ... ငါကျင့်စဉ်အဆင့်တွေ ပြန်ရတာနဲ့ သူတို့မျိုးနွယ်စုတစ်ခုလုံးကို သုတ်သင်ပစ်မယ်... ကြက်တစ်ကောင် ကြောင်တစ်မြီးတောင်မှ မကျန်စေရဘူး...)” ရှောင်ယင်းသည်လည်း ဒေါသကြောင့် တုန်ရီနေပြီး သူမအောက်ရှိ နူးညံ့သော သားရေအခင်းလေးကို အားကုန် လွှဲရိုက်လိုက်မိသည်။

သူမ၏ ခရမ်းမျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသော်လည်း ကလေးငယ်၏ ခန္ဓာကိုယ်ထဲတွင် ပိတ်မိနေသဖြင့် ဤဒေါသမှာ အရာမထင်သော ငိုကြွေးခြင်းတေးတစ်ပုဒ်ကဲ့သို့သာ ဖြစ်နေသည်။

ရှောင်လန်က သူမကို အားမလိုအားမရ ကြည့်လိုက်ပြီး “အီး... ယားယား... (အော်နေလို့ ဘာထူးမှာလဲ... ငါတို့ အခုချိန်မှာ လေးဘက်တောင် ကောင်းကောင်း မထောက်နိုင်သေးဘူးလေ... ဘာများ လုပ်ပေးနိုင်မှာမို့လို့လဲ...)”

“အီး...” ရှောင်ယင်းမှာ လက်တွေ့အမှန်တရားကြောင့် ခဏတာ ဘာပြောရမှန်းမသိဖြစ်သွားသော်လည်း ချက်ချင်းပင် ပြန်ခံပြောလိုက်လေသည်။ “ယားယား... အီး... ယား... (သေမင်းကို ထိုင်စောင့်နေတဲ့သူထက်စာရင် အော်နေရတာကမှ ပိုကောင်းသေးတယ်... နင်က လူသားဧကရီဆိုတော့… ဉာဏ်ကြီးရှင်ကြီး တစ်ခုခု စဉ်းစားပေးပါဦးလား...)”

သူမတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြသော်လည်း မျက်ဝန်းထဲတွင်မူ တူညီသော စိုးရိမ်စိတ်နှင့် အားကိုးရာမဲ့မှုတို့ကိုသာ မြင်နေရသည်။

လောကကြီးကိုပင် ပြောင်းလဲပစ်နိုင်သည့် အသိပညာနှင့် အတွေ့အကြုံများ ရှိနေကြသော်လည်း ယခုအချိန်တွင်မူ သွေးတိတ်အောင်ပင် မလုပ်ပေးနိုင်သည့်အတွက် ဝံပုလွေဖေဖေ သွေးထွက်နေသည်ကို ကြည့်ပြီး ရင်နာနေရုံသာ တတ်နိုင်ကြလေသည်။

“ငါသာ ဝိညာဉ်စွမ်းအင် အစအနလေးကိုဖြစ်ဖြစ် အသုံးပြုနိုင်မယ်ဆိုရင်... အခြေခံအကျဆုံး ‘နွေဦးပြန်လည်ရှင်သန်ခြင်းအတတ်’ နဲ့တင် ကုသပေးလို့ ရမှာကို... “ ရှောင်လန်က စိတ်ထဲမှငြီးတွားနေမိလေသည်။

“ငါ့ရဲ့ မိစ္ဆာနန်းတော်ထဲက ‘နှစ်တစ်ထောင် သွေးကျောက်စိမ်း မိစ္ဆာကြာပန်း’သာ ဒီမှာရှိရင်... အမှုန်လေး နည်းနည်းလောက်နဲ့တင် ပျောက်မှာကို... “ ရှောင်ယင်းမှာလည်း စိတ်ပျက်လက်ပျက် ဖြစ်နေရှာသည်။ ရတနာပုံကြီးကို ပိုင်ဆိုင်ထားသော်လည်း အသုံးမချနိုင်ခြင်းထက် ပို၍နာကျင်စရာကောင်းသောအရာမရှိပေ။

ထိုသို့ မျှော်လင့်ချက်ကင်းမဲ့နေစဉ်တွင် အပြင်ဘက်ရှိ လင်းထျန်းလုံမှာ စတင်လှုပ်ရှားလာခဲ့သည်။ သူသည် ပခုံးမှနာကျင်မှုဒဏ်ကို အံတုလျက် ဒဏ်ရာမရထားသော ရှေ့ခြေနှစ်ဖက်ကို အသုံးပြုကာ ဖြည်းညင်းစွာ ထရပ်လိုက်သည်။

သူက ရေခဲပြာမျက်ဝန်းများဖြင့် ဒဏ်ရာရနေသော အုပ်စုဝင်များကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း သေလုမျောပါး ဖြစ်နေသော အဖော်ထံရောက်သောအခါ ခဏတာ ရပ်တန့်သွားသည်။

နောက်ဆုံးတွင် သူ၏ တည်ငြိမ်၊ပြတ်သားသော အကြည့်မှာ သစ်ပင်အိမ်လေးဆီသို့ ရောက်ရှိလာခဲ့လေသည်။ သူ၏ မျက်ဝန်းများက ‘မကြောက်ကြနဲ့... ငါရှိတယ်...’ ဟု ပြောနေသယောင်ပင်။

“ဝူး... “

သူသည် ခပ်တိုးတိုး ဟိန်းဟောက်လိုက်ပြီး ထိုဟိန်းသံထဲတွင် အားပေးနှစ်သိမ့်မှုနှင့် အမိန့်ပေးသံတို့ ရောယှက်နေလေသည်။

ထိုအခါ ကြောက်ရွံ့နေကြသော ဝံပုလွေများလည်း သူတို့၏ ဘုရင်ကို အားကိုးတကြီး ကြည့်လာကြသည်။

ထို့နောက်တွင်တော့ ဧကရီနှစ်ပါးလုံးကို အံ့အားသင့်သွားစေမည့် အလုပ်တစ်ခုကို သူစတင်လေတော့သည်။

ယခင်နေ့က မီးဖိုအတွင်းကို ထင်းခြောက်များ ထပ်ဖြည့်ပြီး မီးပြန်မွှေးလိုက်ရာ မီးတောက်များမှာ တဖျတ်ဖျတ်နှင့် ပြန်လည် တောက်လောင်လာခဲ့သည်။

“အီးယား... (မီးပြန်မွှေးနေတာလား...)” ရှောင်လန်က ဝေခွဲမရဖြစ်နေခဲ့သည်။ “တိုက်ပွဲက ပြီးသွားပြီလေ... အသားကင်စားဖို့ ကြံနေတာများလား... လက်ရှိအခြေအနေနဲ့ သိပ်မလိုက်ဖက်သလိုပဲ...”

“ယားယား... အီး... (ဝံပုလွေဖေဖေက သွေးတွေအများကြီး ထွက်ထားလို့ အေးနေတာ ဖြစ်မှာပေါ့... မီးလှုံချင်လို့ဘဲ နေမှာပါ... နင်က ဘာမှလည်းမသိဘူး...)” ရှောင်ယင်းက ဆရာကြီးစတိုင်ဖြင့် ၀င်ပြောလိုက်သည်။

သို့သော် နောက်ထပ်ဖြစ်ပျက်လာသည့် ကိစ္စရပ်များမှာ သူမတို့၏ စိတ်ကူးထားသည်ထက် ကျော်လွန်နေလေသည်။

သန်မာသော ဝံပုလွေနှစ်ကောင်သည် လင်းထျန်းလုံ နေထိုင်ရာ ဂူထဲမှ သဘာဝအလျောက် ဖြစ်ပေါ်နေသော ကျောက်ငရုတ်ဆုံပုံသဏ္ဍာန် ကျောက်တုံးကြီးတစ်ခုကို ဆွဲထုတ်လာပြီး တောက်လောင်နေသော မီးဖိုပေါ်သို့ ဂရုတစိုက် တင်လိုက်ကြသည်။ ထိုကျောက်ငရုတ်ဆုံကြီးမှာ မီးခိုးများကြောင့် မည်းနက်နေပြီး ဟင်းချက်မီးဖို အဟောင်းကြီးနှင့်ပင် တူနေခဲ့၏။

“ကျောက်အိုးကြီးပါလား...” ဧကရီနှစ်ဦးလုံး၏ ခေါင်းပေါ်တွင် မေးခွန်းသင်္ကေတများ ပြည့်နှက်သွားလေသည်။

“အီး... ယားယား... (ဟင်းအိုးတည်နေတာလား...)” ရှောင်ယင်း၏ စိတ်ထဲတွင် ထိတ်လန့်သွားပြီး “ဒါ... ဒါက ဝံပုလွေဖေဖေက ငါတို့ကို ကျွေးရတာ မကိုက်ဘူးလို့တွေးမိပြီး... ငါတို့ကို စားတော့မလို့များလား... ငါတို့ကို ကလေးစွပ်ပြုတ် လုပ်သောက်တော့မှာလား...” ရှောင်ယင်းတစ်ယောက် မျိုးစုံတွေးရင်း ခန္ဓာကိုယ်လေး ကျုံ့သွားရှာသည်။

ရှောင်လန်ကသူမကို မျက်လုံးလှန်ကြည့်လိုက်ပြီး “အီး... ယား... (နင်ကတော့ တစ်ခုခုဆို အဆိုးချည်း တွေးနေတာပဲ... သေချာကြည့်ဦး... သူ့မျက်လုံးထဲမှာ ဆာလောင်မှု မပါဘူး... စိုးရိမ်စိတ်ပဲ ပါတယ်...)”

ထိုစဉ် ဝံပုလွေမအချို့မှာ ဝါးကျည်တောက်များဖြင့် စမ်းချောင်းထဲမှ ရေကို သယ်လာပြီး ပူနေပြီဖြစ်သော ကျောက်အိုးထဲသို့ လောင်းထည့်လိုက်ကြသည်။ ရေနွေးငွေ့များ ပွက်ထလာချိန်တွင် လင်းထျန်းလုံကိုယ်တိုင် ဂူထောင့်သို့ သွားကာ နေလှန်းထားသော ဆေးပင်၊ ဆေးမြစ်များ၊ မြက်ခြောက်များနှင့် သစ်ခေါက်အချို့ကို ပါးစပ်ဖြင့် ဂရုတစိုက် ကိုက်ယူလာခဲ့သည်။

“ဒါတွေက...” ရှောင်လန် ၏ ထက်မြက်သော အကြည့်က ထိုအပင်များကို သတိထားမိသွားသည်။ “အီး... ယားယား... (ဒီအပင်တွေရဲ့ ပုံစံက တစ်ခုခုနဲ့ တူနေသလိုပဲ... ဆေးဘက်ဝင် အပင်တွေလား...)”

လင်းထျန်းလုံသည် ထိုအပင်ခြောက်များကို ဆူပွက်နေသော ရေထဲသို့ထည့်လိုက်ရာ ခါးသက်သက်ဆေးနံ့တစ်ခုမှာ သွေးညှီနံ့များကို ဖုံးလွှမ်းသွားခဲ့သည်။

“အီး... ” ရှောင်ယင်း၏ နှာခေါင်းလေး လှုပ်စိလှုပ်စိ ဖြစ်သွားပြီး ခရမ်းမျက်ဝန်းများမှာ မယုံနိုင်စရာ တစ်ခုကို မြင်တွေ့လိုက်သလို ပြူးကျယ်သွားရသည်။ “ဒီအနံ့က... “

“အီးယား... (ဘာဖြစ်လို့လဲ...)” ရှောင်လန် က အလျင်စလို မေးလိုက်လေသည်။

“ယာ... အီး... အီး... ယာ... (ဒါက... ‘အရိုးဆက်မြက်’ပင်ရဲ့အနံ့ မဟုတ်လား... ‘အသက်ဆက်ဆေးမြစ်’ အပင်ရဲ့အနံ့လည်း ပါသေးတယ်... ဝိညာဉ်စွမ်းအင်တွေ ကုန်နေပြီ ဆိုပေမဲ့ ဒီအနံ့က လွဲစရာအကြောင်း မရှိဘူး...)” ရှောင်ယင်းမှာ ယခင်ဘဝက ရတနာဆေးလုံး၊ ဆေးပင်များစွာနှင့် ထိတွေ့ဖူးသဖြင့် ဆေးနံ့များအား မှတ်မိနေသည်။ “ဒါပေမဲ့... ဝံပုလွေဖေဖေက ဘာလို့ ဒီဝိညာဉ်ဆေးပင် အကြွင်းအကျန်တွေကို သုံးနေတာလဲ... ဒဏ်ရာရသွားလို့ စိတ်ဖောက်ပြန်ပြီး လျှောက်လုပ်နေတာများလား...”

မကြာခင်မှာပင် ဆေးရည်များ ဆူပွက်လာခဲ့ပြီး သူမတို့သိချင်နေသည့် အဖြေထွက်ပေါ်လာမည်ဖြစ်သည်။ လင်းထျန်းလုံသည် ဝါရင့်တရုတ်တိုင်းရင်းဆေးဆရာကြီး တစ်ဦးပမာ သစ်ကိုင်းလေးတစ်ခုဖြင့် ဆေးရည်ကို မွှေနှောက်ပြီး အရောင်ကို ကြည့်နေလေသည်။

ဆေးရည်မှာ ပယင်းရောင် ပြောင်းသွားပြီး အနံ့ အလွန်စူးရှလာသောအခါ ဝံပုလွေမများကို ဝါးကျည်တောက်ဖြင့် ခပ်ယူရန် အချက်ပြလိုက်သည်။

ထို့နောက် သူသည် သေလုမျောပါး ဖြစ်နေသော ဝံပုလွေထံသို့ သွားကာ ဆေးရည်များကို ပါးစပ်ထဲသို့ တစ်စက်ချင်း ထည့်ပေးလိုက်သည်။

ဒဏ်ရာရနေသော အခြားဝံပုလွေများကိုလည်း တစ်ကောင်ချင်းစီ ဆေးရည်လိုက်တိုက်ပြီးနောက် သူကိုယ်တိုင်မှာလည်း ပခုံးမှဒဏ်ရာကြီးကို လျှာဖြင့် သန့်ရှင်းရေးလုပ်ကာ ကျန်ရှိနေသော ဆေးဖတ်များကို အနာပေါ်တွင် အုံပေးလိုက်သည်။

နာကျင်မှုကြောင့်သူ၏ ကြွက်သားများပင် တုန်ရီသွားသော်လည်း သူအံကြိတ်ခံလိုက်သည်။

ဆေးရည်တိုက်ပြီး မကြာမီမှာပင် ထူးဆန်းသော အပြောင်းအလဲများ စတင်လာခဲ့သည်။ ဒဏ်ရာရနေသော ဝံပုလွေများ၏ ညည်းတွားသံများမှာ လျော့ပါးလာပြီး အသက်ရှူသံများမှာလည်း ပုံမှန်ဖြစ်လာခဲ့သည်။

အထူးသဖြင့် သေလုမျောပါး ဖြစ်နေသော ဝံပုလွေမှာ မျက်ဝန်းများမှာ ပြန်လည်ကြည်လင်လာပြီး အသက်ဆက်ရှင်နိုင်မည့် လက္ခဏာများ ပြသလာခဲ့သည်။

သစ်ပင်အိမ်လေးထဲတွင်တော့ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားလေသည်။

“အီး... ယားယား... (တိုင်း... တိုင်းရင်းဆေးလား... သူက တိုင်းရင်းဆေး ဖော်စပ်နေတာလား...)” ရှောင်လန်၏ စိတ်ထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်နေလေသည်။

“ဝံပုလွေတစ်ကောင်က... ဆေးမြစ်တွေကို ခွဲခြားတတ်ရုံတင် မကဘူး... ဆေးပင်တွေခြောက်အောင် လုပ်တတ်ပြီး ဆေးပါ ဖော်စပ်တတ်တယ်တဲ့လား... ဒါက... ဒါက လုံး၀ဖြစ်နိုင်စရာ အကြောင်းမရှိဘူး...”

“ယား... (ဆေးဖော်တတ်ယုံတင် မဟုတ်ဘူး...)” ရှောင်ယင်းမှာ ပို၍ပင် စိတ်လှုပ်ရှားနေပြီး တံခါးဝတွင် ကပ်လျက် “အီးယား... ယား... ယား... (အဲဒီဆေးရည်ထဲမှာ ‘သွေးဆူမြက်’ အပိုင်းအစတွေ ပါနေတယ်... ဝိညာဉ်စွမ်းအင်တွေ မရှိသလောက် ဖြစ်နေပေမဲ့ ဒါက ဝိညာဉ်ဆေးပင်ပဲလေ... ဝံပုလွေဖေဖေက ဒီလောက်အဖိုးတန်တဲ့ အရာကို သာမန်တိရစ္ဆာန်တွေအတွက် သုံးပစ်လိုက်တယ်တဲ့... ဒါက... ဒါက တကယ်နှမြောစရာကြီး...)” သူမ၏ အမြင်တွင်တော့ ဤအပြုအမူမှာ ရွှေတုံးကို ကျောက်ခဲပမာ သုံးပစ်လိုက်သကဲ့သို့ပင်။

“အီးယား... (နှမြောစရာကြီး... တကယ် နှမြောစရာကြီး...)” ရှောင်ယင်းက သူမ၏ နန်းတော်ထဲမှ ရတနာများ ကုန်သွားသကဲ့သို့ တတွတ်တွတ် ညည်းတွားနေခဲ့သည်။ “ဝံပုလွေဖေဖေ ခေါင်းထိသွားတာများလား... ဒီအပင်တွေကို သူကိုယ်တိုင် စားရင် ကျင့်စဉ်အဆင့်တောင် တက်နိုင်မှာကို... ဘာလို့ သူများတွေကို ပေးပစ်ရတာလဲ...”

ရှောင်လန်ကမူ ပို၍နက်နက်နဲနဲ စဉ်းစားနေခဲ့သည်။ “အီးယား... အီး... (သူက ဘယ်ဆေးပင်က အသုံးဝင်လဲဆိုတာ သိရုံတင် မဟုတ်ဘူး... ဆေးပင်က ခြောက်နေမှ ဆေးအာနိသင် ထွက်မယ်ဆိုတာကိုပါ သိနေတာပဲ... ဒါက ပင်ကိုအသိစိတ်နဲ့ လုပ်တာမျိုးမဟုတ်ဘူး...)” လင်းထျန်းလုံကို ကြည့်နေသော သူမ၏အကြည့်မှာ ယခင်ကနှင့် လုံးဝ မတူတော့ဘဲ အသိဉာဏ်ရှိသော မျိုးနွယ်စုအသစ်တစ်ခုကို ကြည့်နေသကဲ့သို့ ပြောင်းလဲသွားလေသည်။

“ယား... (ဒါကြောင့်ကိုး...)” ရှောင်ယင်းလည်း ရုတ်တရက် သဘောပေါက်သွားလေသည်။ “အီးယားယား... (ဝိညာဉ်စွမ်းအင်တွေ မနိုးထသေးခင်ကတည်းက ဝံပုလွေဖေဖေက ဘာလို့ ဒီလောက်သန်မာနေတာလဲဆိုတာ အခုမှသိတော့တယ်... သူက ဒီလိုဝိညာဉ်အပင်တွေကို ရှာဖွေစားသောက်ပြီး ကွဲပြားတဲ့ ဆင့်ကဲဖြစ်စဉ်လမ်းကြောင်းကို လျှောက်လှမ်းနေတာပဲဖြစ်ရမယ်...)”

သို့သော် သူမ နားမလည်နိုင်သော အချက်မှာ “အီး... (ဒါပေမဲ့ ဒီလောက် ဉာဏ်ကောင်းနေမှတော့ အရင်းအမြစ်တွေရဲ့ အဖိုးတန်မှုကို ပိုသိရမှာပေါ့... ဘာလို့ သူ့လက်အောက်က အကောင်တွေကို အရင်ဦးစားပေး ကုပေးနေတာလဲ...)” ဤအချက်မှာ သူမ ယခင်ဘဝက ယုံကြည်ခဲ့သော ‘သန်မာသူကသာ အရာရာကို ပိုင်ဆိုင်ရမည်’ ဟူသော မိစ္ဆာလောကစည်းမျဉ်းများနှင့် လုံးဝ ဆန့်ကျင်နေလေသည်။

ရှောင်လန်ကမူ ချက်ချင်း ပြန်မဖြေဘဲ အပြင်ဘက်တွင် ဒဏ်ရာရနေသူများကို တစ်ကောင်ချင်းစီ လိုက်လံ ပြုစုနေသော ငွေရောင်ဝံပုလွေကြီးကိုသာ တိတ်ဆိတ်စွာ ကြည့်နေမိသည်။

ကိုယ့်ဒဏ်ရာကို ခက်ခက်ခဲခဲ ပတ်တီးစည်းနေရသော ဝံပု‌လွေပုံရိပ်ကို ကြည့်ရင်း သူမ၏ နှလုံးသားထဲတွင် ခံစားချက်တစ်ခု ပြင်းထန်လာခဲ့သည်။

“အီးယား... (ဒါက...)” သူမက စိတ်ထဲမှ တိုးတိုးလေး ပြောလိုက်သည်။ “ဒါက.. သူနဲ့ ဒီကမ္ဘာပေါ်က တခြားသက်ရှိတွေကြားက အခြေခံအကျဆုံး ခြားနားချက်ပဲ ဖြစ်မယ်ထင်ပါရဲ့... “

လင်းထျန်းလုံမှာမူ သူ၏ ရှေးဦးကုသမှုများက ဧကရီနှစ်ဦး၏ စိတ်ထဲတွင် မည်မျှကြီးမားသော တုန်လှုပ်မှုမျိုး ဖြစ်စေခဲ့သည်ကို မသိရှာပေ။

သူသည် ယခင်ဘဝက တောတွင်းခရီးသွားရသည်ကို ဝါသနာပါခဲ့သဖြင့် လေ့လာသိရှိခဲ့သော အခြေခံ ဆေးမြစ်ပညာများကို လက်တွေ့အသုံးချနေခြင်းသာ ဖြစ်သည်။

“တော်သေးတာပေါ့... အရင်ဘဝက တရုတ်တိုင်းရင်းဆေးဆရာကြီးဆီမှာ ဆေးမြစ်အချို့ကို ခွဲခြားတတ်အောင် သင်ထားမိလို့... မဟုတ်ရင်တော့ သူတို့သေတာကို ဒီအတိုင်းထိုင်ကြည့်နေရတော့မှာ... ဟင်းးး... ဒါပေမဲ့ ဆေးအာနိသင်က သိပ်မပြင်းသေးဘူး... ပိုးဝင်တာကိုပဲ ကာကွယ်ပေးနိုင်မှာ... ပိုကောင်းတဲ့ ဆေးပင်တွေ ရှိရင်တော့...”

သူ၏ ရိုးရှင်းသော အတွေးလေးများက လောကကြီး၏ အမြင့်ဆုံး နေရာတွင် ရှိခဲ့ဖူးသူ နှစ်ဦး၏ လောကအမြင်ကို အပြင်းအထန် ရိုက်ချိုးပစ်နေခဲ့ပြီပဲ ဖြစ်လေ‌တော့သည်။

All Chapters