တိတ်ဆိတ်သော ဈာပနနှင့် ဝံပုလွေဘုရင်၏ သိမ်မွေ့မှု
Vol. 1 Ch. 10
ဆေးရည်၏ အာနိသင်များမှာ တဖြည်းဖြည်း သိသာထင်ရှားလာခဲ့သည်။ ဒဏ်ရာရနေသော နှင်းဝံပုလွေများဆီမှ နာကျင်စွာ ညည်းတွားသံများ ငြိမ်သက်သွားကာ အသက်ရှူသံများ မှန်ကန်လာခဲ့၏။
သေလုမျောပါးဖြစ်နေသော ဝံပုလွေပင် သေမင်း၏ လက်အတွင်းမှ ခဏတာ ရုန်းထွက်နိုင်ခဲ့ပြီး ၎င်း၏ ရင်ဘတ်မှာ စည်းချက်မှန်မှန်ဖြင့် နိမ့်ချည်မြင့်ချည် ပြန်ဖြစ်လာတော့သည်။
တဖျတ်ဖျတ် တောက်လောင်နေသော မီးအလင်းရောင်သည် နွေးထွေးမှုကိုသာမက မျှော်လင့်ချက်ကိုပါ ဆောင်ကြဉ်းပေးခဲ့ပြီး ဝံပုလွေအုပ်စု၏ မျက်ဝန်းထဲမှ ထိတ်လန့်မှုများကို တည်ငြိမ်မှုများဖြင့် အစားထိုးပေးလိုက်လေသည်။
သစ်ပင်အိမ်လေးထဲမှ ရှောင်လန်တစ်ယောက် လင်းထျန်းလုံကို ကြည့်နေသည့် အကြည့်မှာ ယခင်ကနှင့်မတူတော့ဘဲ လုံးဝပြောင်းလဲသွားပြီး စူးစမ်းလိုစိတ်၊မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်ခဲ့နေသည်။
“အီးယား... (တစ်ညတည်းနဲ့ အစွမ်းထက်တဲ့ ရန်သူတွေကိုလည်း တိုက်ခိုက်တယ်... သစ်ပင်အိမ်လည်း ဆောက်တယ်... ဆီမီးခွက်လည်း လုပ်တယ်... အခုတော့ ဒဏ်ရာတွေကုဖို့ ဆေးပါ ဖော်စပ်နေပြန်ပြီ... သူက သာမန်အသိဉာဏ်တွေထက် ဘယ်လိုတောင် ကျော်လွန်နေတာလဲ၊ပြီးတော့ ဘယ်လိုစွမ်းရည်တွေကို ဖုံးကွယ်ထားတာလဲ...)” သူမ၏ယခင်ဘဝက ဧကရီတစ်ပါးအနေနှင့် တည်ဆောက်ခဲ့သော လောကကြီး၏ အသိဉာဏ်၊ လည်ပတ်မှုစနစ်ကြီးတစ်ခုလုံးကို ဤငွေရောင်ဝံပုလွေကြီးမှာ အစိမ်းလိုက်တိုက်စားနေသည်ဟု ခံစားလိုက်ရသည်။
“ယားယား... အီးအီးယား... (တွေ့လား... ဒါ ငါအသိအမှတ်ပြုထားတဲ့ ကလေးထိန်းဖေဖေပဲ... အံ့သြစရာကြီး မဟုတ်လား...)” ရှောင်ယင်းကတော့ သူမ၏ ခြေထောက်ဖောင်းဖောင်းလေးများကို လွှဲယမ်းကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရှောင်လန်ကို ကြွားလုံးထုတ်နေလေသည်။
သူမ၏ ခရမ်းမျက်ဝန်းလေးများမှာ တလက်လက် တောက်ပနေခဲ့ပြီး “တိုက်ခိုက်တဲ့နေရာမှာလည်း အကြမ်းဆုံး... ကုသတဲ့နေရာမှာလည်း အတော်ဆုံး... မိသားစုကိုလည်း အပြည့်အ၀ ကာကွယ်စောင့်ရှောက်နိုင်တယ်... သူကလုံး၀ပြီးပြည့်စုံလွန်းတယ်...”
ရှောင်လန်မှာ ခဏတာဘာစကားမှပြန် မပြောနိုင်လောက်အောင်ဖြစ်သွားပြီးနောက် သူမဘက်သို့ လှည့်ကြည့်လိုက်ပြီး ကလေးစကားဖြင့်ပင် ပြန်လည် ဝေဖန်လိုက်သည်။ “အီး... ယား... (ပြည့်စုံတယ်ဟုတ်လား... ဒါဆို နောက်တစ်ခါ သူနင့်ကို သန့်ရှင်းရေးလုပ်ပေးရင် နည်းနည်းလောက် ညင်ညင်သာသာ လုပ်ဖို့ ပြောဦးလေ... ပြီးခဲ့တဲ့တစ်ခါက နင့်ရဲ့ ခြေထောက်တိုတိုလေးကို အရုပ်တစ်ခုလိုမျိုး ကိုင်ပြီးလွှဲလိုက်တာ မေ့နေပြီလား...)”
“အီး...” ရှောင်ယင်းမှာ ချက်ချင်းပင် ရင်ထဲစို့သွားပြီး မျက်နှာလေးမှာ နီရဲတက်လာကာ လက်သီးလေးများအား ဝှေ့ယမ်းရင်း ကန့်ကွက်လေတော့သည်။ “ယားယားယား... (အဲဒါ... အဲဒါက မတော်တဆပါဟ... ဝံပုလွေဖေဖေက အာရုံစိုက်လွန်းသွားလို့ပါ... ထည့်မတွက်နဲ့...)”
သူတို့နှစ်ဦးမှာ ပုံမှန်အတိုင်း စကားနိုင်လုနေကြစဉ် တစ်ဖက်မှာတော့…
ဒဏ်ရာရသူများ သက်သာလာသော်လည်း နယ်မြေအတွင်းရှိ လေထုမှာ ပေါ့ပါးမသွားဘဲ ပိုမိုလေးလံကာ ဝမ်းနည်းဖွယ် ကောင်းလာသည်ကို သူမတို့နှစ်ဦးလည်း သတိထားမိလိုက်ကြသည်။
ထို့အပြင် ဝံပုလွေဖေဖေ၏ ပုံရိပ်မှာလည်း သူတို့၏ မြင်ကွင်းမှ ခဏတာ ပျောက်ကွယ်သွားလေသည်။
၀ံပုလွေဂူနှင့်ခပ်လှမ်းလှမ်းတွင်ရှိသည့် အေးစက်လွန်းသော တောင်ပေါ်မှရေများစီးကျနေကာ သဘာ၀အတိုင်းဖြစ်ပေါ်လာသည့် စမ်းချောင်းထဲတွင် လင်းထျန်းလုံသည် အအေးဓာတ်ကို အံတုကာ တစ်ကိုယ်လုံးကို ရေထဲသို့ နှစ်မြှုပ်လိုက်သည်။
သူ၏ ငွေရောင်အမွေးများပေါ်တွင် သွေးများနှင့် ဖုန်မှုန့်များ ကပ်ငြိနေပြီး စမ်းရေက ပခုံးပေါ်ရှိ ဆေးဖတ်များအုံထားသော ဒဏ်ရာကို ဖြတ်သန်းသွားချိန်တွင် ပြင်းထန်သော နာကျင်မှုလှိုင်းများက သူ၏ခန္ဓာကိုယ်ကို ရိုက်ခတ်သွားသော်လည်း ပိုးဝင်ခြင်း နှင့် ရောင်ရမ်းခြင်းကို ကာကွယ်ရန်အတွက် သန့်ရှင်းအောင် ဆေးကြောရမည် ဖြစ်သဖြင့် ဆက်လက်သည်းခံနေလိုက်သည်။
ယခင်ဘဝမှ တောတွင်းအတွေ့အကြုံများအရ သန့်ရှင်းမှုသည် ဒဏ်ရာကုသရာတွင် မည်မျှ အရေးကြီးကြောင်း သူကောင်းကောင်းနားလည်ထားသည်။
သိပ်မကြာမီမှာပင် စိုရွှဲနေသော်လည်း သန့်ရှင်းတောက်ပနေသည့် ငွေရောင်အမွေးများဖြင့် လင်ထျန်းလုံတစ်ယောက် စခန်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
သူ၏ အမွေးများမှ ကျဆင်းနေသော ရေစက်လေးများသည် နံနက်ခင်း နေရောင်အောက်တွင် စိန်ပွင့်လေးများပမာ တလက်လက် တောက်ပနလေ၏။
“အီးယား... (ဝံပုလွေဖေဖေ ပြန်လာပြီ...)” ရှောင်လန်က ထိုအချိန်မှ သက်ပြင်းချလိုက်နိုင်သည်။
အစောပိုင်းက လင်ထျန်းလုံးခဏတာ ပျောက်ကွယ်သွားစဉ်အတွင်း သူမ၏ နှလုံးသားထဲတွင် ရှင်းပြဖို့ရာမဖြစ်နိုင်သော စိုးရိမ်စိတ်လေးတစ်ခု ရုတ်တရက် ဝင်ရောက်လာခဲ့သောကြောင့်ပင်။
သို့သော် ပြန်ရောက်လာသော ဝံပုလွေဖေဖေ၏ အငွေ့အသက်မှာ ပို၍လေးလံနေပြီး သူ၏ ရေခဲပြာမျက်ဝန်းများထဲတွင် သူမတစ်ခါမှ မမြင်ဖူးသော နက်ရှိုင်းလွန်းသည့် ဝမ်းနည်းရိပ်များ ကိန်းအောင်းနေလေသည်။
လူသားတစ်ဦးကဲ့သို့ ခံစားချက်ကို ထိန်းချုပ်ထားသော ဤအမူအရာမျိုး ဝံပုလွေတစ်ကောင်၏ မျက်နှာပေါ်တွင် ပေါ်လွင်နေခြင်းမှာ သေဘေးနှင့် အကြိမ်ကြိမ်ရင်ဆိုင်ဖူးသော ဧကရီနှစ်ပါး၏ ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေခဲ့သည်။
သူသည် သစ်ပင်အိမ်လေးထဲသို့ တိတ်ဆိတ်စွာ ဝင်ရောက်လာပြီး ထုံးစံအတိုင်း ကလေးငယ်နှစ်ဦး၏ အနှီးများကို နမ်းရှုံ့ကာ လဲလှယ်ရန် လို၊ မလို စစ်ဆေးလိုက်သည်။
ထို့နောက် အလွန်သိမ်မွေ့ညင်သာစွာဖြင့် အနှီးထုတ်လေးကို ကိုက်ချီ၍ သစ်ပင်အိမ်အပြင်ဘက်သို့ ခေါ်ဆောင်သွားလေသည်။
“အီး... (ဘယ်သွားမလို့လဲ မသိဘူး...)” ရှောင်ယင်းမှာ သူမ၏ ခေါင်းလေးကို ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ရင် စူးစမ်းနေခဲ့သည်။
လင်းထျန်းလုံမှာ စကားတစ်ခွန်းမှမပြောဘဲ လေးလံတည်ငြိမ်သော ခြေလှမ်းများဖြင့် တောစပ်ရှိ ကွင်းပြင်တစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ဤနေရာမှာ အလွန်ပင် တိတ်ဆိတ်ငြိမ်သက်လှပြီး သစ်ကိုင်းများကြားမှ ဖြာကျလာသော နေရောင်ခြည်က မြေပြင်ပေါ်တွင် အလင်းစက်လေးများဖြစ်ပေါ်အောင် ဖန်တီးပေးနေလေသည်။
ဤနေရာတွင် မြေသေချာညှိထားသော မြေပုံအချို့ ရှိနေပြီး ဘေးတွင် သစ်သားတိုင်လေးအချို့ကိုလည်း စိုက်ထူထားလေသည်။
“ယားယား... ? (ဒါ ဘယ်နေရာလဲ... ဝံပုလွေဖေဖေရဲ့ ရတနာသိုက်လား...)” ရှောင်ယင်းက သူမ၏ကျန်ရှိနေသော နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်သော်လည်း ဘာထူးခြားမှု မှ ရှာမတွေ့ခဲ့ပေ။ “အီး... (ဝိညာဉ်စွမ်းအင် အစအနတောင် မရှိဘူး... သာမန်နေရာပဲကို...)”
ရှောင်လန်ကမူ မျက်ခုံးလေးများ တွန့်ချိုးကာ သေချာ စူးစမ်းနေလေသည်။ ထိုသစ်သားတိုင်လေးများကို စိုက်ထူထားပုံမှာ ပရမ်းပတာ စိုက်ထူထားခြင်းမဟုတ်ဘဲ စည်းချက်တစ်ခု ရှိနေသည်ကို သူမခံစားနေရပြီး၊ ရှေးဦး ထုံးတမ်းစဉ်လာတစ်ခုနှင့် တူနေခဲ့လေသည်။ ၎င်းမှာ တောရိုင်းတိရစ္ဆာန်တစ်ကောင်က အမှတ်မထင် လုပ်မိထားသည့် အမှတ်အသားများနှင့် လုံးဝ မတူပေ။
ထိုစဉ် နောက်ကွယ်မှ ခြေသံများကို ကြားလိုက်ရလေသည်။ ဒဏ်ရာရနေသော ဝံပုလွေများ အပါအဝင် နှင်းဝံပုလွေတစ်အုပ်လုံး၊ တိတ်ဆိတ်စွာဖြင့် စနစ်တကျ လမ်းလျှောက်လာကြသည်။ ၎င်းတို့သည် အမိန့်ပေးစရာပင်မလို၊ သူ့အလိုအလျောက် ဝိုင်းဖွဲ့ရပ်လိုက်ကြလေသည်။
လင်ထျန်းလုံး၏ ရေခဲပြာမျက်လုံးများထဲတွင်တော့ ဝမ်းနည်းမှုများဖြင့်သာ ပြည့်နှက်နေလေသည်။
အရှေ့ဆုံးမှ သန်မာသော ဝံပုလွေနှစ်ကောင်ထွက်လာကာ သေဆုံးသွားသော အဖော်နှစ်ကောင်၏ အေးစက်တောင့်တင်းနေသော ရုပ်အလောင်းများ နာကျင်စေမည်ကို စိုးရိမ်သည့်အလား ဖွဖွလေး ကိုက်ချီလာကြသည်။
“အီး...” ရှောင်ယင်းမှာ နှလုံးသားတစ်ခုလုံး ရုတ်တရက် တင်းကျပ်သွားပြီး သူမ၏စိတ်ထဲတွင် မယုံကြည်နိုင်ဖွယ် အတွေးတစ်ခု ဝင်လာခဲ့သည်။ “ယားယား... (ဒါက... ဝံပုလွေဖေဖေက... ဈာပန လုပ်ပေးမလို့များလား...)” ဤအတွေးမှာ သူမ၏ အသိဉာဏ်ကို များစွားကျော်လွန်နေပီပဲဖြစ်သည်။
“အီး... (မိစ္ဆာသားရဲတွေက... ကိုယ့်မျိုးနွယ်အတွက်ကို ဈာပနလုပ်၊ မြှုပ်နှံပေးတတ်တယ်တဲ့လား... သေဆုံးသူတွေအတွက် အခမ်းအနားတောင် ရှိသေးတယ်ပေါ့လေ...)” ရှောင်လန် မှာလည်း အသက်ရှူရန်ပင် မေ့လျော့သွားကာ ရှေ့မှမြင်ကွင်းကို တွေတွေကြီး စိုက်ကြည့်နေမိသည်။
ဧကရီနှစ်ပါး၏ မယုံကြည်နိုင်ဖွယ် အကြည့်များအောက်တွင် လင်းထျန်းလုံသည် သူမတို့ကို နူးညံ့သော ရေညှိများကပ်ငြိနေသည့်ဖျာပေါ်တွင် အားလုံးမြင်ရအောင် တင်ထားပေးလိုက်သည်။
ထို့နောက် သူသည် ကွင်းပြင်အလယ်သို့ သွားကာ ရန်သူများကို ဆွဲစုတ်ခဲ့သော ထက်ရှသည့်လက်သည်းများဖြင့် တစ်ချက်ချင်း ဂရုတစိုက် ကျင်းတူးနေလေတော့သည်။
စိုစွတ်နေသောမြေကြီးများ ထွက်ပေါ်လာပြီးမကြာမီမှာပင် သင့်တော်သော ကျင်းနှစ်ကျင်း ဖြစ်ပေါ်လာခဲ့သည်။
သူသည် ခေါင်းကို ငုံ့လိုက်ပြီး သားကောင်ကို ကိုက်ခဲသကဲ့သို့ မဟုတ်ဘဲ အမေဝံပုလွေမှ သားသမီးကို မချီသကဲ့သို့ သိမ်မွေ့လွန်းသောဟန်ဖြင့် သေဆုံးသွားသော အဖော်၏ လည်ဂုတ်မွေးကို အစွယ်ဖြင့် ကိုက်မလိုက်သည်။ သူ၏ အပြုအမူတွင် ဖော်ပြမရသော တန်ဖိုးထားမှုနှင့် တွယ်တာမှုများ ပါဝင်နေလေသည်။
သူသည် ရုပ်အလောင်းကို ကျင်းထဲသို့ ဖြေးဖြေးချင်း ချထားပေးလိုက်ပြီး အနေအထားကို အိပ်ပျော်နေသကဲ့သို့ ပြင်ပေးလိုက်သည်။
နောက်တစ်ကောင်ကိုလည်း ထိုနည်းအတိုင်းပင် ပြုလုပ်ပေးလိုက်လေသည်။
ထို့နောက် မြေကြီးများကို အသာအယာ ပြန်ဖို့ပေးလိုက်ပြီး မြေပုံလေးဖြစ်အောင် လုပ်ပေးလိုက်သည်။
ဤဖြစ်စဉ်တစ်ခုလုံးအတွင်း လေတိုက်သံနှင့် သစ်ရွက်လှုပ်သံမှအပ အခြားဆူညံသံမျိုးမရှိချေ။ ပတ်၀န်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး မြင့်မြတ်သော လေးနက်မှုတို့ လွှမ်းမိုးနေခဲ့သည်။
နောက်ဆုံးတွင် သူသည် သစ်ကိုင်းနှစ်ခုကို လက်သည်းဖြင့် အချောသပ်ကာ ဂူဗိမာန်အထိမ်းအမှတ် တိုင်လေးများအဖြစ် မြေပုံအရှေ့တွင် ခိုင်မြဲစွာ စိုက်ထူပေးလိုက်တော့သည်။
“…”
ဧကရီနှစ်ပါးလုံးမှာ ပြောစရာစကားများ ပျောက်ဆုံးသွားပြီး အသံပင် မထွက်နိုင်တော့ပေ။
ဤမြင်ကွင်းမှ ရိုက်ခတ်မှုမှာ ဝံပုလွေဖေဖေ မီးမွှေးတတ်ခြင်း သို့မဟုတ် ဆေးဖော်စပ်တတ်ခြင်းတို့ထက် များစွာ ပိုမိုပြင်းထန်လှသည်။
၎င်းသည် သူမတို့၏ လောကအမြင်ကို ပြောင်းလဲစေရုံသာမက “ရှင်ခြင်း” နှင့် “သေခြင်း” အပေါ် ထားရှိသော သူမတို့၏ အသိဉာဏ်ကိုပါ အခြေခံမှစ၍ လှုပ်ခါသွားစေခြင်းဖြစ်သည်။ ဤအရာသည် ရိုးရှင်းသော မြှုပ်နှံမှုမျိုး မဟုတ်ဘဲ ကွယ်လွန်သူအပေါ် လေးစားတမှု နှုတ်ဆက်ခြင်း အခမ်းအနားပင် ဖြစ်သည်။
“အီးယား... (သူ... သူက သူ့လက်အောက်ငယ်သား၊ အဖော်တွေအတွက် တကယ် ဈာပန လုပ်ပေးနေတာပဲ...)” ရှောင်လန်မှာ ရင်ထဲတွင် တစ်ခုခု တစ်ဆို့နေသကဲ့သို့ ခံစားနေရပြီး ဝမ်းနည်းမှု၊ အံ့သြမှုနှင့် စိတ်လှုပ်ရှားမှုတို့ဖြင့် ရောယှက်ကာ အသက်ရှူရန်ပင် ခက်ခဲလာတော့သည်။
ဝံပုလွေတစ်ကောင်၏ အပြုအမူကြောင့် သူမဤမျှအထိ စိတ်လှုပ်ရှားရလိမ့်မည်ဟု တစ်ခါမှမတွေးဖူးခဲ့ပေ။
“ယား... (ရူးနေပြီ... ဒီကမ္ဘာကြီးကတော့ ရူးနေပြီ...)” ရှောင်ယင်းက သူမဘာသာ တိုးတိုးလေး ရေရွတ်နေမိသည်။ သူမ၏ ခရမ်းမျက်ဝန်းလေးများထဲတွင် ဇဝေဇဝါဖြစ်မှုများနှင့် အခြားခံစားချက်များဖြင့် ပြည့်နှက်နေပြီး “ဒါမှမဟုတ်... ငါအိပ်မက်မက်နေတာများလား... ဒါက တကယ်ပဲ ဝံပုလွေတစ်ကောင်ရောဟုတ်ရဲ့လား...” သို့သော် အရှေ့တွင် မြင်တွေ့နေရသော ဝံပုလွေအုပ်စု၏ ဝမ်းနည်းမှုနှင့် ဝံပုလွေဖေဖေ၏ လေးနက်မှုတို့မှာ အိမ်မက်နှင့်မတူ၊ စစ်မှန်လွန်းနေခဲ့သည်။
ဝံပုလွေအုပ်စု တစ်စုလုံးမှာ ခေါင်းငုံ့လျက် တည်ငြိမ်စွာ ရပ်နေကြပြီး လည်ချောင်းထဲမှ တိုးညှင်းသော ဝမ်းနည်းညည်းတွားသံများ ထွက်ပေါ်နေသည်မှာ စာသားမဲ့ ကြေကွဲဖွယ်တေးသွားတစ်ခုကဲ့သို့ပင်။
လင်းထျန်းလုံသည် မြေစာပုံအသစ်နှစ်ခုရှေ့တွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ သူ၏ ငွေရောင်ကျောပြင်မှာ သစ်တော၏ အလင်းအမှောင် စက်ကြားတွင်ရပ်နေသဖြင့် ခန့်ညားထည်၀ါလှသော်လည်း ဖုံးကွယ်မရသော အထီးကျန်ဆန်မှုများ ထွက်ပေါ်နေခဲ့၏။
သူသည် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး သစ်ကိုင်းများကြားမှ မြင်နေရသော မိုးကုပ်စက်ဝိုင်းဆီသို့ စူးစိုက်ကြည့်လိုက်သည်။
“အာဝူး...”
သူသည် ကြာရှည်ပြီး အထီးကျန်ဆန်သော ဟိန်းဟောက်သံတစ်ခုကို ထုတ်ဖော်လိုက်သည်။
ဤဟိန်းဟောက်သံမှာ တိုက်ပွဲဝင်စဉ်ကကဲ့သို့ ကြမ်းတမ်းသော အသံမျိုး မဟုတ်သလို၊ အုပ်စုကို အမိန့်ပေးသည့် အသံမျိုးလည်း မဟုတ်ပေ။
၎င်းမှာ ခမ်းနားထည်၀ါသော်လည်း စစ်မှန်သော ဝမ်းနည်းမှုများ ပြည့်နှက်နေသည့် အသံမျိုးပင်။
ထိုအသံသည် တောအုပ်တစ်ခုလုံးသို့ ဒီရေလှိုင်းတစ်ခုပမာ ပျံ့နှံ့သွားပြီး မြေကွက်လပ်အတွင်း ရောက်ရှိနေသူတိုင်း၏ နှလုံးသားကို ပြင်းထန်စွာ ရိုက်ခတ်သွားလေတော့သည်။
ရှောင်လန် နှင့် ရှောင်ယင်း တို့မှာတော့ တိတ်တဆိတ်သာ နားထောင်နေခဲ့ကြသည်။
နှစ်ပေါင်းသောင်းနှင့်ချီ အပြောင်းအလဲမျိုးစုံအား ကြုံတွေ့ဖူးခဲ့သဖြင့် မာကြောနေပီဖြစ်သော သူမတို့၏ နှလုံးသားများသည် ဤစစ်မှန်သော ၀မ်းနည်းဖွယ် ဟိန်းဟောက်သံကြားတွင် နာကျင်စွာဖြင့် တုန်ခါနေခဲ့သည်။
သန်မာပြီး ဉာဏ်ကောင်းသော လင်းထျန်းလုံ၏ ရင်ဘတ်ထဲတွင် ထိုမျှအထိ နွေးထွေးနူးညံ့လှသော နှလုံးသားတစ်စုံ ရှိနေသည်ကို ပထမဆုံးအကြိမ်အဖြစ် သူမတို့ လေးလေးနက်နက် ခံစားလိုက်ရလေသည်။
“အီး... (လူသားတွေနဲ့ ဝံပုလွေတွေကြားမှာ... ဝမ်းနည်းမှုရဲ့ အနှစ်သာရက အတူတူပါပဲလား...)” ရှောင်လန်တစ်ယောက် စိတ်ထဲမှ တွေးတောနေရင်း သူမ၏ နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်ပေါက်လာလေသည်။
ရှောင်ယင်းမှာတော့ ငိုချင်စိတ်ကို အံတုရင်း တီးတိုး ရေရွတ်နေခဲ့သည်။“ယား... (မိုက်မဲတဲ့ ဝံပုလွေဖေဖေ... ကိုယ့်ကိုယ်ကိုယ်လည်း နည်းနည်းလောက် ကောင်းကောင်းမွန်မွန်ဖြစ်အောင် ဂရုစိုက်ပါဦး...)”
“အီးယာ... (ဒီလောက်ကြီး ဝမ်းနည်းအောင် လုပ်နေတော့... ငါပါ စိတ်မကောင်းဖြစ်လာပြီ...”
စကားလုံးများ သို့မဟုတ် ကြီးကျယ်သော အခမ်းအနားများ မပါဝင်ဘဲ တိတ်ဆိတ်မှု၊ ကမ္ဘာမြေကြီးနှင့် ဝမ်းနည်းဖွယ် ဟိန်းဟောက်သံတို့ဖြင့်သာ ဖွဲ့စည်းထားသော ဤဈာပနသည် မည်သည့် ဧကရီ၊ မင်းမျိုးမင်းနွယ်များ၏ ဈာပနထက်မဆို ပိုဟက်ထိစေခဲ့သည်။ ယခင်က လောကကြီး၏ ထိပ်ဆုံးနေရာတွင် ရှိခဲ့ကြသူ နှစ်ဦးစလုံးသည် သေဆုံးသွားသော သာမန်ဝံပုလွေနှစ်ကောင်နှင့် သူမတို့၏ ထူးခြားလှသော ဘုရင်ကြီးအတွက် နှလုံးသားထဲမှနေ၍ အမြင့်ဆုံးသော ဂုဏ်ပြုမှုကို ပေးအပ်လိုက်ကြတော့သည်။