ချက်ပြုတ်ခြင်းနှင့် အစီအစဉ်များ
Vol. 4 Ch. 32
လုမိသားစု၊ မီးဖိုချောင်ထဲတွင်။
လုချင်းသည် မီးဖိုပေါ်တွင်တင်ထားသော အသစ်စက်စက်သံအိုးကြီးအောက်တွင် မီးမွှေးနေခဲ့သည်။
မူလက သူသည် အိုးကို ညမှောင်ပြီးမှ တိတ်တဆိတ်အိမ်သို့ယူဆောင်လာရန် စီစဉ်ထားခဲ့သည်။ သို့သော် ဤသို့စည်းလုံးသောရွာတစ်ရွာတွင် လျှို့ဝှက်ချက်များကိုထိန်းသိမ်းရန် မဖြစ်နိုင်ကြောင်း သူသဘောပေါက်သွားခဲ့သည်။
သူသည် အိုးကိုခိုးကြောင်ခိုးဝှက်ယူဆောင်လာလျှင်ပင် ကြော်လှော်ထားသောဟင်းလျာများ၏မွှေးရနံ့သည် နောက်ဆုံးတွင် အမှန်တရားကို ဖော်ထုတ်ပေလိမ့်မည်ပင်။ ပေါင်းထားသော သို့မဟုတ် ပြုတ်ထားသောဟင်းလျာများနှင့်မတူဘဲ ကြော်လှော်ခြင်းသည် ထူးခြားသောရနံ့တစ်ခုကို ထုတ်လွှတ်သည်။ သူသည် ရနံ့မပျံ့လွင့်စေရန်အတွက်နှင့် မီးဖိုချောင်ကို ပိတ်ဆို့ထား၍လည်း မရနိုင်။
ဒါကြောင့် သူသည် အိုးကို ပွင့်လင်းစွာ သယ်ဆောင်ရင်း ပြန်လာဖို့ရန် ဆုံးဖြတ်လိုက်ရာ ယင်းဆုံးဖြတ်ချက်က ရွာတွင် အနည်းငယ်ဆူညံပွက်လောရိုက်မှုကို မလွဲမသွေဖြစ်ပေါ်စေခဲ့သည်။
သံအိုးတစ်လုံးသည် ရွာသားများအတွက် ဇိမ်ခံပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ခံရသည်။ လူများစွာသည် ယခုထိတစ်လုံးမျှမတတ်နိုင်ကြသေးပေ။
လုချင်းသည် ဤမျှကြီးမားသောသံအိုးကြီးတစ်လုံးနှင့်အတူ ရှိနေသည်ကိုမြင်လိုက်ရသောအခိုက်၌ ယင်းက လူတိုင်း၏အာရုံကို ဆွဲဆောင်နိုင်ခဲ့လေသည်။
လုချင်းကလည်း သမားတော်ချန်က သူ့ကို ပေးခဲ့ကြောင်းပြောဆိုရာ ရွာသားများအကြား မနာလိုဝန်တိုမှုနှင့် အံ့ဩမှုများ ဖြစ်ပေါ်စေခဲ့သည်။
သံအိုးတစ်လုံးသည် ငွေကျပ်အနည်းငယ်တန်သည်။ သမားတော်ချန်သည် လုချင်းအား ဤမျှတန်ဖိုးကြီးသောအရာကို လက်ဆောင်ပေးခြင်းမှာ သူ့ကို အမှန်တကယ်တန်ဖိုးထားသောကြောင့်ပင်။
ဤသည်မှာ သမားတော်ချန်သည် လုချင်းအား တပည့်အဖြစ် အမှန်တကယ်ကို သတ်မှတ်ခဲ့ပြီးကြောင်းနှင့် လုချင်းအပေါ် မြင့်မားစွာအလေးထားကြောင်း ရွာသားများအား အတည်ပြုပေးခဲ့သည်။
မဟုတ်ပါက အဘယ်ကြောင့်နှင့်များ သူသည် ဤမျှဈေးကြီးသောအရာကို တပည့်တစ်ဦးအား လက်ဆောင်ပေးမည်နည်း။
အထူးသဖြင့် အိုးသည် ဆီသတ်ပြီးသားဖြစ်သောကြောင့် ၎င်းသည် သူတို့၏ယုံကြည်မှုကို ပိုမိုခိုင်မာစေခဲ့သည်။
ရွာသားများ၏တုံ့ပြန်မှုများကို ပြန်လည်စဉ်းစားရင်း လုချင်းသည် စိတ်သက်သာရာရသွားခဲ့သည်။ ကံကောင်းစွာဖြင့် သူသည် အမျှော်အမြင်ရှိစွာ သူ၏ငွေအများစုကို သမားတော်ချန်ထံတွင် ထားခဲ့ပြီး ငွေစအနည်းငယ်ကိုသာ သူနှင့်အတူ ပြန်ယူလာခဲ့ပါ၏။
မဟုတ်ပါက ငွေအိတ်ကြီးတစ်အိတ်သည် မလိုလားအပ်သောအာရုံစိုက်မှုကို ဆွဲဆောင်ပေလိမ့်မည်ပင်။
အကယ်၍ စပ်စုသောရွာသားတစ်ယောက်ယောက်သာ စူးစမ်းလိုစိတ်ဖြင့် အိတ်ကိုဖွင့်ကြည့်ခဲ့မိပါက ဒုက္ခရောက်ပေလိမ့်မည်။
...
မီးသည် ယခုအခါကောင်းမွန်စွာလောင်ကျွမ်းနေပြီး မကြာမီမှာပဲ အိုးသည် မီးခိုးများထွက်စပြုလာတော့သည်။
ထိုအခါ လုချင်းသည် ဝက်ဆီတစ်ဇွန်းကိုယူ၍ အိုးထဲသို့ထည့်လိုက်သည်။ ဝက်ဆီအရည်ပျော်နေသည်ကိုကြည့်ရင်း သူသည် ကျေနပ်မှုတစ်ခုကို ခံစားလိုက်ရ၏။
ယခုအခါ သူ့တွင် ငွေရှိနေပြီဖြစ်သောကြောင့် ဆီကိုခြွေတာသုံးစွဲရန် မလိုအပ်တော့ပေ။
ယခင်ကတော့ သူသည် ဆီကို တတ်နိုင်သလောက်အနည်းဆုံးဖြင့် ကောင်းမွန်လှသောအရသာရှိသည့်ဟင်းတစ်ခွက်ဖြစ်အောင် မနည်းရုန်းကန်းချက်ပြုတ်ခဲ့ရသည်။
ပျော်ရွှင်သောစိတ်အခြေအနေဖြင့် လုချင်းသည် ဟင်းလျာနှစ်မျိုးနှင့် ဟင်းချိုတစ်မျိုးကို လျင်မြန်စွာပြင်ဆင်လိုက်သည်- ငါးကြော်၊ ငါးဟင်းချိုနှင့် ဟင်းသီးဟင်းရွက်ကြော်ပင်။
ဟင်းခတ်အမွှေးအကြိုင်များကတော့ အကန့်အသတ်ရှိသောကြောင့် ချက်ပြုတ်ရာ၌ သိပ်ပြီးများများစားစားမသုံးခဲ့သော်လည်း လုချင်းပထမဆုံးတစ်လုတ်စားလိုက်သည့်အခိုက်အတန့်တွင်တော့ သူသည် မျက်ရည်ပင်ကျလုနီးပါးဖြစ်သွားခဲ့သည်။
နောက်ဆုံးတော့လည သူအိပ်မက်မက်ခဲ့သောအရသာမျိုးကို သူစားနိုင်ခဲ့ပြီးပင်။
"ကိုကို၊ ဒီသံအိုးကြီးနဲ့ချက်တဲ့အစားအစာက အရမ်းအရသာရှိတာပဲ။"
အခြားတစ်ဖက်တွင်တော့ ရှောင်ယန်သည်လည်းပဲ ပျော်ရွှင်စွာစားသုံးနေခဲ့သည်ပင်။ ပုံမှန်အားဖြင့် သူမ မကြိုက်သော ဟင်းသီးဟင်းရွက်စိမ်းများပင်လျှင် ယခုအခါတွင်တော့ သူမအတွက် အံ့ဩဖွယ်ကောင်းသောအရသာရှိနေခဲ့သည်။
"ဟုတ်တာပေါ့၊ ဒီသံအိုးကြီးက ချက်ပြုတ်ဖို့အတွက် အကောင်းဆုံးကိရိယာတစ်ခုပဲ။ ဒါကြောင့်ပဲ ကိုကြီးက အမြဲလိုလို တစ်လုံးလောက် လိုချင်ခဲ့တာလေ။"
"သံအိုးကြီးက အံ့ဩစရာကောင်းလိုက်တာ။"
မောင်နှမနှစ်ယောက်သည် သူတို့၏အစားအစာကို အလွန်နှစ်ခြိုက်စွာစားသုံးခဲ့ကြပြီး ဟင်းချိုပင် အရည်တစ်စက်မျှ မကျန်ရစ်ခဲ့ပေ။
စားသောက်ပြီးနောက် ရှောင်ယန်သည် သူမ၏အနည်းငယ်ပြည့်နေသောဗိုက်ကိုပုတ်ရင်း ကျေနပ်နေပုံရသည်။
"ကိုကို၊ နောက်ဆိုရင် ချက်ပြုတ်ဖို့အတွက် သံအိုးကြီးကိုပဲ အမြဲတမ်းသုံးကြရအောင်နော်။"
"ကောင်းပါပြီဗျာ။"
လုချင်းသည် မဆိုင်းမတွခေါင်းညိတ်လိုက်သည်။ ၎င်းသည် သူသံအိုးကိုဝယ်ယူရန် တိုက်တွန်းခဲ့သော အကြောင်းရင်းပင်ဖြစ်၏။
သို့သော် သူတို့သည် အစားအစာတိုင်းကို ကြော်လှော်ထားသောဟင်းလျာများစားသုံးမည်မဟုတ်ပေ။ အကောင်းဆုံးအစားအစာပင်လျှင် အမြဲတမ်းစားသုံးပါက ငြီးငွေ့ဖွယ်ကောင်းလာနိုင်သည်။
တစ်ခါတစ်ရံ မတူညီသောဟင်းလျာများကို စမ်းသပ်ချက်ပြုတ်ခြင်းသည်လည်း ကောင်းမွန်သောအကြံအစည်တစ်ခုဖြစ်၏။
ညစာစားပြီးနောက် လုချင်းသည် ခဏမျှစာဖတ်နေခဲ့သည်။ ကောင်းကင်မှောင်လာသည်နှင့်အမျှ သူသည်လည်း သူ၏စာအုပ်ကိုသိမ်းဆည်းလိုက်၏။
သူသည် ဟောင်းနွမ်းနေသောကုလားထိုင်ကို ခြံဝင်းထဲသို့ရွှေ့ပြောင်းပြီး ၎င်းပေါ်တွင် လှဲလျောင်းကာ အဝေးတစ်နေရာမှနေဝင်ဆည်းဆာကို ကြည့်ရှုနေခဲ့သည်။
သူသည် နေ့ခင်းအိပ်မက်မက်နေသကဲ့သို့ ထင်ရသော်လည်း အမှန်တကယ်ကတော့ သူ စဉ်းစားနေခဲ့ခြင်းဖြစ်၏။
အရင်တစ်ခေါက် ဝမ်တာ့အန်းပြောသွားသည့် စျေးအကြောင်းကို သူ စဥ်းစားနေခဲ့ခြင်းပင်။
အိမ်ရှိဆီသည် ဒီည၏ဇိမ်ခံမှုအပြီးတွင် ကုန်လုနီးပါးဖြစ်သွားတာကြောင့် ပြန်လည်ဖြည့်တင်းရန်လိုအပ်သည်။
သမားတော်ချန်အား ဝယ်ခိုင်း၍မရသောအရာများလည်း ရှိနေခဲ့သည်။
ထို့အပြင် ရွာသားများထံမှချေးငှားထားသောအရာများကို ပြန်လည်ပေးအပ်ရန် အချိန်ကျရောက်နေပြီဖြစ်သည်။
ထို့ကြောင့် ဈေးသို့ သွားခြင်းသည် သူ့အတွက် မဖြစ်မနေလုပ်ဆောင်ရမည့်အရာဖြစ်၏။
"ငါ မနက်ဖြန်သွားရမယ်။ အစ်ကိုတာ့အန်းက ဈေးမှာ လိုက်နာရမယ့်စည်းကမ်းတွေရှိတယ်လို့ပြောတယ်။ ငါ သူ့ကို အဲ့ဒီအကြောင်းတွေ မေးဦးမှပဲ။"
လုချင်းသည် လျင်မြန်စွာစိတ်ပိုင်းဖြတ်လိုက်၏။
"ကိုကို၊ သားရဲငယ်လေးက ဒီည ညီမလေးတို့အိမ်ကိုလာဦးမှာလားဟင်။"
ရှောင်ယန်က ရုတ်တရက်မေးလာခဲ့၏။
"လာလောက်တယ်ထင်တယ်" လုချင်းက မသေမချာပြန်ဖြေလိုက်သည်။
"ဒါဆိုရင်တော့ ညီမလေးလည်း ဒီည သူ့ကိုစောင့်မယ်။"
ကလေးမလေးသည် သူမ၏အစ်ကိုပြောခဲ့သော သားရဲငယ်လေးအကြောင်း အလွန်သိချင်နေသဖြင့် သူမကိုယ်တိုင် မြင်တွေ့လိုနေခဲ့သည်။
"ကောင်းပြီ၊ ဒါပေမဲ့ ညည့်အရမ်းနက်တဲ့အထိ သူ မလာသေးရင်တော့ ညီမလေး အိပ်ရမယ်နော်။"
"ဟုတ်ကဲ့ပါ~"
ရှောင်ယန်သည် မအိပ်ဘဲ သားရဲငယ်လေးကိုစောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်၏။
သို့သော် ကလေးများ၏စိတ်ဓာတ်သည် မခိုင်မာပေ။
စောစောအိပ်စက်လေ့ရှိသော ရှောင်ယန်၏မျက်ခွံများသည် ညဉ့်နက်လာသည်နှင့်အမျှ လေးလံလာခဲ့သည်။
နောက်ဆုံးတွင်တော့ သူမ၏ကြိုးစားမှုများကြားမှပင် သူမသည် မကြာမီိမှာပဲ အိပ်ပျော်သွားခဲ့သည်။
သူမအိပ်ပျော်သွားပြီးမကြာမီ လုချင်းသည် တံခါးကိုကုတ်ခြစ်နေသည့်အသံကို ကြားလိုက်ရပြန်သည်။
သူသည် အံ့ဩသွားခဲ့သည်။
သားရဲငယ်လေးသည် ရှောင်ယန်အိပ်ပျော်သွားသည်ကို စောင့်ဆိုင်းပြီးမှ ပေါ်လာတာမျိုးက ဖြစ်နိုင်လောက်သည်လော။
ပြင်ဆင်ထားသောငါးတစ်ပန်းကန်ကို ကိုင်ဆောင်ရင်း လုချင်းသည် တံခါးကိုဖွင့်လိုက်၏။
အမှန်စင်စစ် အနက်ရောင်သားရဲငယ်လေးသည် ထိုနေရာတွင်ရှိနေခဲ့သည်ပင်။
ဤတစ်ကြိမ်တွင်တော့ ၎င်းသည် ခြံဝင်းအလယ်တွင်ရပ်နေပြီး ပိုမိုစိတ်အေးလက်အေးဖြစ်ကာ သတိထားမှုနည်းပါးနေပုံရသည်။
လုချင်းသည် သူ၏မျက်လုံးများကို ကြည့်လိုက်မိသောအခါ၌ သူ၏မျက်ဝန်းထဲ၌ မျှော်လင့်ချက်သဲ့သဲ့တစ်ခုကိုပင် မြင်တွေ့လိုက်ရသည်ဟု ထင်မိ၏။
ဒီအကောင်လေး အသိစိတ်ဝင်လာတာများလား။
လုချင်းသည် ငါးကို မြေကြီးပေါ်တွင်ချထားပြီး နောက်ဆုတ်သွားရင်း စဉ်းစားနေခဲ့သည်။
သူတံခါးဝသို့ပြန်ဆုတ်သွားသည်နှင့်တစ်ပြိုင်နက် အနက်ရောင်သားရဲသည် ချဉ်းကပ်လာပြီး ငါးတစ်ကောင်ကို ဆွဲယူကာ ပြေးထွက်သွားခဲ့သည်။
ကောင်းပြီ၊ သူ၏သတိထားမှုလျော့ကျသွားသော်လည်း သတိထားနေဆဲပင်။
အနက်ရောင်သားရဲသည် အကြိမ်ကြိမ်ပြေးသွားလိုက် ၊ ပြန်လာလိုက်နှင့် တစ်ကြိမ်လျှင်ငါးတစ်ကောင်ယူဆောင်သွားသည်ကိုကြည့်ရင်း လုချင်းသည် ရယ်မောလိုက်၏။
ထို့နောက် သူသည် တံခါးကိုပိတ်ကာ သမ်းဝေရင်း အိပ်ရာဝင်ခဲ့သည်။
သူ့တွင် လုပ်ဆောင်ရန်အလုပ်များစွာရှိနေတာကြောု့် သတ္တဝါငယ်လေးနှင့်ကစားရန် အချိန်မရှိပေ။
ထိုသို့ဖြင့် ထိုညတစ်ညတာလုံးကလည်း ထွေထွေထူးထူးကိစ္စတစ်စုံတစ်ရာပင် မဖြစ်ဘဲ ပြီးဆုံးသွားခဲ့ပြန်လေသည်။
နောက်တစ်နေ့နံနက်တွင်တော့ လုချင်းသည် သစ်သားပုံးကြီး ဗလာဖြစ်နေသည်ကိုသာ တွေ့လိုက်ရ၏။
သတ္တဝါငယ်လေးသည် ဤမျှများပြားလှသောအစာကို စားပြီးနောက်၌ မည်သို့အစာကြေစေသနည်း။ ၎င်းမှာ အကောင်သေးသော်လည်း သူ၏အစာစားချင်စိတ်ကတော့ အံ့ဩဖွယ်ကောင်းလှသည်။
ငါးနှစ်ပေါင် သို့မဟုတ် သုံးပေါင်လောက်ကြီးကိုတောင်မှ အချိန်တိုအတွင်း ကုန်ဆုံးသွားခဲ့သည်အထိပင် ဖြစ်ရာ ယင်းနှုန်းထားက လူကြီးတစ်ဦးစားသုံးနိုင်သည်ထက်ပင် ပိုများနေခဲ့သည်။
"ကိုကို၊ သားရဲငယ်လေးက မနေ့ညက လာခဲ့သေးတာလားဟင်။"
ရှောင်ယန်သည် နိုးလာပြီးနောက် အခန်းထဲမှပြေးထွက်လာသည်နှင့်တစ်ပြိုင်နက် မေးလိုက်၏။
"လာခဲ့တယ်။ ကြည့်စမ်း၊ သူ ငါးတွေအားလုံးကို စားသွားတယ်။"
လုချင်းသည် ဗလာဖြစ်နေသောပုံးကို ညွှန်ပြလိုက်၏။
"အား။ ဘာလို့ ညီမလေးကို မနှိုးခဲ့တာလဲ။"
ရှောင်ယန်သည် စိတ်ပျက်နေခဲ့သည်။
"ကိုကို ပြောထားတယ်လေ၊ ညီမလေး အိပ်ပျော်သွားရင် ကိုကို မနှိုးဘူးလို့။"
"ကိုကို၊ ညီမလေး ဆုံးဖြတ်လိုက်ပြီ။ ညီမလေး ဒီညမအိပ်တော့ဘူး။ သားရဲငယ်လေးကိုပဲ ထိုင်စောင့်တော့မယ်။"
"ကောင်းပါပြီဗျာ။ ကံကောင်းပါစေ။"
လုချင်းသည် စိတ်မပူခဲ့ပေ။
ယခုအခါ ငါးအမြုတေမှာ အမှန်တကယ်အစွမ်းထက်ကြောင်းကို သူသေချာသိပါ၏။
ထို့ပြင် ရှောင်ယန်သည် ကြိုးစားလျှင်ပင် ညဉ့်နက်အောင်မနေနိုင်ပေ။
အိပ်ရာဝင်ချိန်သို့ရောက်သည်နှင့် သူမသည် အိပ်ငိုက်လာတတ်သဖြင့် ကျိန်းသေပေါက်ကို အိပ်ရာဝင်ရမည်ဖြစ်ရာ သူ့အတွက် များစွာလွယ်ကူစေခဲ့သည်။
"ရှောင်ယန်၊ ဒီနေ့အဘိုးကျန်းအိမ်မှာ သွားဆော့နေ။ ကိုကို အပြင်သွားရမှာမလို့နော်။"
"ကိုကိုက ဘယ်သွားမလို့လဲ။"
"ကိုကို ပြန်လာရင် သိရမှာပေါ့။"
အိမ်နီးချင်းအဘိုးကျန်းအား ရှောင်ယန်ကို ကြည့်ရှုရန် တောင်းဆိုပြီးနောက် လုချင်းသည် ငွေစတစ်စကိုယူ၍ ဝမ်တာ့အန်းအိမ်သို့ထွက်ခွာလာခဲ့သည်။