အပြင်ထွက်ခြင်းဆိုင်ရာ စည်းမျဉ်းများ
Vol. 4 Ch. 33
"အားမင်၊ အိမ်မှာရှိလား။"
ရွှံ့အိမ်တစ်လုံးရှေ့တွင် လုချင်းက ခေါ်လိုက်၏။
"ဘယ်သူလဲ။ ဘယ်သူ ငါ့ကိုခေါ်နေတာလဲ။" အရပ်ရှည်ရှည်လူတစ်ယောက် အိမ်ထဲမှပြေးထွက်လာပြီး လုချင်းကိုမြင်သောအခါ ဝမ်းသာအားရဖြစ်သွားသည်။ "မင်းကိုး လုချင်း။ ဘာကိစ္စရှိလို့လဲ။"
"အားမင်၊ ဘယ်သူလဲ။"
လုချင်းပြန်မဖြေမီ အတွင်းမှ သက်ကြီးရွယ်အိုအသံတစ်သံထွက်ပေါ်လာပြီး ဝါးဆေးတံကိုင်ထားသော အဘိုးအိုတစ်ဦးလည်း အိမ်ထဲမှထွက်လာခဲ့သည်။
"အဘိုး၊ လုချင်းပါ။" ဝမ်တာ့အန်းက ပြောလိုက်၏။
"အဘိုးဝမ်။" လုချင်းက အဘိုးအိုကို နှုတ်ဆက်လိုက်သည်။
"အိုး၊ လုချင်းပါလား။ ဝင်ခဲ့၊ ဝင်ခဲ့၊ အထဲမှာ လာထိုင်ချေ။"
လုချင်းကိုမြင်သောအခါ အဘိုးအိုသည်လည်း ဝမ်းသာသွားပြီး သူ့ကို အတွင်းထဲသို့ တစ်ခုခုသောက်ရန် ဆွဲခေါ်ဖို့ ကြိုးစားခဲ့သည်။
"မလိုပါဘူး အဘိုးဝမ်။ ကျွန်တော် အားမင်နဲ့ဆွေးနွေးစရာတစ်ခုရှိလို့ပါဗျ။ အိမ်ထဲကို မဝင်တော့ဘူးနော်" လုချင်းက အလျင်အမြန်ငြင်းဆိုလိုက်၏။
"ဒါနဲ့၊ ဘာကိစ္စရှိလို့လဲ။" ဝမ်တာ့အန်းက မေးလိုက်သည်။
"ကျွန်တော် ဈေးကြီးကို သွားချင်လို့။ အရင်တစ်ခေါက်တုန်းက အစ်ကိုပြောတယ်လေ၊ ကျွန်တော်သွားချင်ရင် အရင်ဆုံးအစ်ကိုဆီလာခဲ့၊ ဘာလို့လဲဆိုတော့ ကျွန်တေယ် သိထားရမယ့်စည်းကမ်းတချို့ရှိလို့ဆို။"
"မင်းက ဈေးကြီးကို သွားချင်လို့လား။" ဝမ်တာ့အန်းသည် အံ့အားသင့်သွားပြီးနောက် သတိရသွားသည်။ "အေး ၊ ဒီနေ့က ဈေးဖွင့်တဲ့နေ့ပဲ။"
ဈေးကြီးသည် ငါးရက်တစ်ကြိမ် ဖွင့်လေ့ရှိပြီး ယနေ့ကတော့ စျေးဖွင့်သည့်နေ့ပင်။
"လုချင်း၊ ဈေးကြီးမှာ ဘာလုပ်ချင်လို့လဲ၊ ငါးရောင်းမလို့လား။" ဝမ်တာ့အန်းက မေးလိုက်သည်။
"ငါးရောင်းဖို့ အလျင်မလိုပါဘူး။ ကျွန်တော် ဈေးကို အရင်ဆုံးသွားကြည့်ပြီး နည်းနည်းပါးပါးအခြေအနေကိုလေ့လာချင်လို့လေ။ ပြီးတော့လည်း ပစ္စည်းတချို့ဝယ်ချင်နေတာ။"
"အဲ့ဒီလိုလား၊ ငါ့အတွက်တော့ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ အဘိုးက ခုနကပဲ ငါ့ကိုဝက်စာသွားရှာခိုင်းနေတာ။" ဝမ်တာ့အန်းက ခေါင်းကုတ်လိုက်သည်။
အဘိုးဝမ်သည် သူ၏ဆေးတံကို နှစ်ကြိမ်ဖွာရှိုက်ပြီး ပြောလိုက်သည်။ "ဒီလိုဆိုရင် တာ့အန်း၊ မင်း လုချင်းကိုခေါ်သွားလိုက်။ သူကအခု သူ့မိသားစုရဲ့ အိမ်ထောင်ဦးစီးဖြစ်နေပြီလေ။ ဒီတော့ ရွာပြင်ထွက်မယ်ဆို သိသင့်သိထိုက်တဲ့ စည်းကမ်းတွေကို သိထားတာပိုကောင်းတယ်။"
"ဟုတ်ကဲ့ အဘိုး၊ စိတ်မပူပါနဲ့။ ကျွန်တော် လုချင်းကို သေချာသင်ပေးမှာပါ။" ဝမ်တာ့အန်းက ပျော်ရွှင်စွာပြောလိုက်သည်။
သူသည် ငြီးငွေ့ဖွယ်ကောင်းသောအလုပ်ဖြစ်သော ဝက်စာသွားရှာစရာမလိုတော့သည့်အတွက် အတော်ပင်ကျေနပ်နေခဲ့သည်။
"သွားကြစို့ လုချင်း၊ ငါတို့လမ်းမှာစကားပြောရင်း သွားလို့ရတယ်။"
ထို့နောက်၌ ဝမ်တာ့အန်းသည် လုချင်းကိုဆွဲကာ အပြင်သို့ထွက်လျှောက်လာခဲ့သည်။
ရွာအဝင်ဝတွင် ဝမ်တာ့အန်းသည် သစ်ပင်ကြီးတစ်ပင်ကို ညွှန်ပြလိုက်၏။
"လုချင်း၊ ရွာပြင်ထွက်မယ်ဆို လိုက်နာရမဲ့ ပထမဆုံးစည်းကမ်းက ဒီမှာပဲ။"
"ဒီမှာလား" လုချင်းသည် သစ်ပင်ကိုကြည့်ရင်း အနည်းငယ်နားမလည်ဖြစ်သွားသည်။
သူသည် ဤသစ်ပင်ကို ကောင်းစွာသိသည်။ ၎င်းသည် သိပ်မမြင့်မားသော်လည်း ထူထဲပြီး စိမ်းလန်းစိုပြေသောအရွက်အကိုင်းအခက်များဖြင့် ပြည့်နှက်နေ၏။ ပင်စည်သည် လူအများဝိုင်းဖက်မှသာ သူ၏ပင်စည်လုံးပတ်ကို ပတ်မိနိုင်လောက်အောင်ထိ ကျယ်ပြန့်လှသည်။
၎င်းသည် သူ၏ယခင်ဘဝမှ ညောင်ပင်တစ်ပင်နှင့် အနည်းငယ်ဆင်တူပါ၏။
ပြီးတော့ ဤသစ်ပင်သည် အတော်ပင်အရေးကြီးပုံရသည်။
လူများသည် ၎င်း၏အောက်ခြေတွင် မကြာခဏ အမွှေးတိုင်များထွန်းလေ့ရှိသလို ရွာမှကလေးများကိုလည်း ငယ်စဉ်ကတည်းက ၎င်းနှင့်ဝေးဝေးနေရန်နှင့် သစ်ပင်ပေါ် မတက်ရန် သတိပေးထားကြပါ၏။
အကယ်၍ တစ်စုံတစ်ယောက်ကသာ ဤစည်းကမ်းကိုဖောက်ဖျက်ပြီး အဖမ်းခံရပါက အနည်းဆုံးတော့ ပြင်းထန်စွာအရိုက်ခံရမည်ဖြစ်ပြီး ဘိုးဘွားစဉ်ဆက်ခန်းမဆောင်တွင် အစာမစားဘဲ ဒူးထောက်နေရနိုင်ပါ၏။
ဒါကြောင့် ရွာမှကလေးများသည် အခြားနေရာများတွင် ကစားဖို့ကိုသာ ပိုမိုနှစ်သက်ကြပြီး ဤသစ်ပင်နှင့် ဝေးကွာသောနေရာတွင်သာ အမြဲတမ်းကစားလေ့ရှိကြပါသည်။
သို့သော် သူသည် ဤသစ်ပင်အား မည်သည့်အတွက်အသုံးပြုသည်ကို သူ၏မှတ်ဉာဏ်ထဲတွင်ပင် ရှာဖွေမရခဲ့ပါချေ။ အေးချမ်းသောဘဝရရှိဖို့အတွက် ဆုတောင်းဖို့ သစ်ပင်ကြီးဟုသာ ထင်မှတ်ခဲ့ပါ၏။
ယခု ဝမ်တာ့အန်း၏စကားကိုကြားရသောအခါ ၎င်းတွင် အခြားရည်ရွယ်ချက်တစ်ခုရှိပုံရသည်။
"ဟုတ်တယ်၊ ဒီသစ်ပင်က ငါတို့ရွာရဲ့အထွတ်မြတ်ထားရတဲ့သစ်ပင်ကြီးဖြစ်သလို လမ်းညွှန်ပြသပေးတဲ့သစ်ပင်ဆိုလည်းမမှားဘူးကွ။ ရွယပြင်ထွက်တဲ့ဘယ်သူမဆို၊ ဈေးကြီးကိုပဲသွားသွား၊ မြို့ကိုပဲသွားသွား၊ သူတို့သွားမယ့်နေရာကို ညွှန်ပြဖို့အတွက် ဒီမှာအမှတ်အသားတစ်ခု ထားခဲ့ရတယ်။"
"ဒီလိုနည်းနဲ့ တစ်ယောက်ယောက်အချိန်မီပြန်မလာရင် ရွာကလည်း သူတို့ဘယ်ရောက်နေလဲဆိုတာကို အမှတ်အသားပေါ်မူတည်ပြီး ခြေရာခံနိုင်တယ်လေ။"
"ဒီသစ်ပင်ကို ဒီလိုမျိုးသုံးကြတာလား။" လုချင်းသည် အံ့ဩသွားခဲ့သည်။
သူ၏မှတ်ဉာဏ်ထဲတွင် သူ ကြောက်စရာ ဟူ၍ ထင်ကျန်ရစ်နေခဲ့သော ဤသစ်ပင်ကြီးထံ၌ ဤသို့သောသမိုင်းကြောင်းရှိမည်ဟု လုချင်း ဘယ်တုန်းကမှမထင်ခဲ့မိပေ။
"ဘယ်လိုမျိုး အမှတ်အသားထားခဲ့ရမှာလဲဗျ။" လုချင်းက မေးလိုက်သည်။
"ဒီမှာ။"
ဝမ်တာ့အန်းသည် ရှေ့သို့လျှောက်သွားပြီးနောက် သစ်ပင်၏အောက်ခြေမှ ကျောက်ပြားတစ်ချပ်ကို မလိုက်သည်။
သူပြန်လာသောအခါ၌ သူ၏လက်ထဲတွင် ကြိုးနီနှစ်ချောင်းရှိနေခဲ့သည်ကို လုချင်းတွေ့လိုက်ရ၏။
ဝမ်တာ့အန်းသည် ကြိုးနီတစ်ချောင်းကို လုချင်းအား ပေးပြီးနောက် သစ်ပင်ကို ညွှန်ပြလိုက်ရင်း
"သစ်ပင်ပေါ်က အဲ့ဒီသစ်ကိုင်းအိုကြီးတွေကို တွေ့လား။ ဘယ်ဘက်သစ်ကိုင်းက ဈေးကြီးကို ကိုယ်စားပြုတယ်၊ အလယ်ကသစ်ကိုင်းကတော့ မြို့ကို ကိုယ်စားပြုတယ်၊ ညာဘက်ကတော့ တခြားအဝေးတစ်နေရာကို ကိုယ်စားပြုတယ်။"
"အနာဂတ်မှာ မင်းအပြင်ထွက်တဲ့အခါကျ သက်ဆိုင်ရာအကိုင်းအခက်ပေါ်မှာ ကြိုးနီတစ်ချောင်းချည်ထားလိုက်၊ ဒါဆိုရင် ရွာကလည်း တစ်ယောက်ယောက်အပြင်ထွက်သွားတယ်ဆိုတာ သိလိမ့်မယ်။"
"မင်းပြန်လာတဲ့အခါကျမှ အဲ့ကြိုးနီကို ပြန်ဖြုတ်လိုက်ရုံပဲ။"
"ဒါပဲလား။" လုချင်းသည် မှင်တက်သွားခဲ့သည်။
သူသည် ဒီထက် ပိုမိုရှုပ်ထွေးမည်ဟု ထင်ခဲ့သော်လည်း တကယ်တမ်းကျတော့ အရမ်းကိုမှ ရိုးရှင်းနေခဲ့တာပင်။
"ဒါပဲလေ။ မင်းက တခြားဘာတွေလုပ်ရဦးမယ်လို့ထင်လို့လဲ။" ဝမ်တာ့အန်းက နားမလည်နိုင်ဖြစ်နေခဲ့သည်။
"ကျွန်တော်တိူ့ တံဆိပ်ပြား ဒါမှမဟုတ်လည်း တခြားအမှတ်အသားတစ်ခုခုကိုတောင် ထပ်ချိတ်ထားစရာမလိုဘူးလား။
ဒီလိုမှမဟုတ်ရင် လူတွေက ဘယ်သူ အပြင်ထွက်သွားလဲဆိုတာ ဘယ်လိုလုပ်သိမှာလဲ။" လုချင်းက မေးလိုက်သည်။
"တံဆိပ်ပြားက ဘာအတွက်လဲ။" ဝမ်တာ့အန်းမှာတော့ သူ့ပြောစကားကြောင့် ပို၍ပင်ရှုပ်ထွေးသွားခဲ့ရ၏။
"ကျွန်တော်တို့ တံဆိပ်ပြားတွေပေါ်မှာ နာမည်တွေရေးလို့ရတယ်လေ..."
လုချင်းမှာ ထိုစကားကိုပြောရင်းဖြင် ရွာရှိလူအများစုမှာ စာမတတ်ကြောင်းကို သတိရသွားခဲ့၏။ သူ ထိုအချက်ကို မေ့သွားခဲ့တာပင်။
အမှန်စင်စစ် ဝမ်တာ့အန်းသည် သူ၏စကားကြောင့် ပြုံးလိုက်၏။
"မင်းက ငါတို့အားလုံးကို မင်းလိုပဲ စာလုံးတွေအများကြီးသိတယ်လို့ထင်နေတာလား လုချင်း။ ဘယ်သူကများ သူတို့နာမည်ကို ရေးနိုင်မှာလဲကွာ။"
"ပြီးတော့လည်း အဲ့လိုလုပ်ဖို့က မလိုအပ်ပါဘူးကွ။ ရွာက သေးတယ်လေ။ ကြိုးနီတစ်ချောင်းကို တွေ့လိုက်တာနဲ့ ရွာထဲမှာ နည်းနည်းပါးပါးမေးလိုက်ရုံနဲ့တင် ဘယ်သူပြန်မလာသေးဘူးလဲဆိုတာ သိနိုင်တယ်လေ။"
လုချင်းသည်လည်း ထိုသည်ကို စဉ်းစားကြည့်ပြီး သဘောတူလိုက်၏။
သူ၏စိတ်သည် အတိတ်ဘဝတွင် ပိတ်မိနေသောကြောင့် ဤနေရာသည် လူများအလွယ်တကူခရီးသွားနိုင်သော သူ၏ယခင်ဘဝကဲ့သို့ဖြစ်သည်ဟု ထင်နေခဲ့တာပင်။
အမှန်တကယ်တော့ ဤသို့သောရှေးခေတ်ကမ္ဘာတွင် ရွာသားများသည် ရွာပြင်ထွက်ခြင်းနှင့်ပတ်သက်၍ အလွန်သတိထားကြသည်။
သူတို့သည် မလိုအပ်ပါက ရွာမှထွက်ခွာမည်မဟုတ်ပေ။
အချို့ရွာသားများဆိုလျှင် သူတို့၏တစ်သက်တာလုံး ရွာမှ ဝေးရာသို့ ဘယ်တော့မှမသွားကြပေ။
ကလေးများကိုလည်း ရွာပြင်တွင် ပြေးလွှားခြင်းအား တင်းကြပ်စွာတားမြစ်ထားပါ၏။
ဤသို့သောအခြေအနေတွင် ရွာမှထွက်ခွာသူများစွာမရှိသောကြောင့် သိပ်အလုပ်မရှုပ်လှပေ။
ဤသည်က ဤသစ်ပင်အောက်တွင် လူများ ဘာကြောင့် အမွှေးတိုင်များကို မကြာခဏထွန်းရသလဲဆိုသည်ကို လုချင်းအား နားလည်စေခဲ့သည်။
နတ်များအား ကိုးကွယ်ခြင်းအပြင် အများအားဖြင့် ရွာသားများဆုတောင်းရခြင်းအကြောင်းမှာ ရွာပြင်ထွက်သွားသူများ၏ဘေးကင်းလုံခြုံမှုအတွက်ပင်။
"ဒီကိုလာ ၊ ငါ မင်းအတွက် ချည်ပေးမယ်။"
ထို့နောက် ဝမ်တာ့အန်းသည် ဘယ်ဘက်သစ်ကိုင်းပေါ်တွင် ကြိုးနီနှစ်ချောင်းကို ချည်လိုက်၏။
"ရွာရဲ့ နောက်ထပ်စည်းကမ်းတစ်ခုကိုပြောရမယ်ဆိုရင် ဈေးကြီးက ရွာနဲ့ နီးတယ်။ ဒီတော့ မင်းသွားချင်ရင် တစ်ယောက်တည်းသွားလို့ရတယ်၊ ကြိုးနီကို ဒီမှာချည်ထားလိုက်ရုံပဲ။"
"ဒါပေမဲ့ မင်းမြို့ကို ဒါမှမဟုတ် ပိုဝေးတဲ့နေရာကိုသွားချင်ရင်တော့ အနည်းဆုံးလူနှစ်ယောက်လောက် ရှိရမယ်။ နှစ်ယောက်အတူတူသွားမှ လမ်းခရီးမှာ အချင်းချင်း စောင့်ရှောက်နိုင်မယ်လေ။"
"ငါတို့ရွာထဲက ဘယ်သူမှ မြို့ကို သွားချင်တဲ့သူမရှိရင် အနီနားကရွာမှာ မင်းနဲ့အတူ လိုက်ချင်တဲ့သူရှိလားလို့ မေးလို့ရတယ်။ ဘယ်သူအတူတူသွားချင်လဲလို့ ကြည့်ကြည့်ပေါ့။ ရွာပြင်ထွက်ဖို့စည်းကမ်းတွေက ဒီနားကရွာတွေအားလုံးအတွက်တော့ အားလုံး တူတူပဲလေ။"
"မြို့ကိုသွားတာက ဈေးကို သွားတာနဲ့မတူဘူး။ လူများများသွားတာက အချင်းချင်းစောင့်ရှောက်နိုင်တယ်လေ။"
"အစ်ကို အားမင်၊ မြို့ကိုသွားတဲ့လမ်းက အရမ်းအန္တရာယ်များလို့လားဗျ။" လုချင်းက စည်းကမ်းများကို ကြားပြီးနောက် မေးလိုက်၏။
ဝမ်တာ့အန်းသည် ခဏရပ်တန့်သွားပြီးနောက် ပြန်ဖြေလိုက်သည်။ "သိပ်တော့ အန္တရာယ်မများပါဘူး။ ဒီနှစ်တွေမှာတော့ ငြိမ်းချမ်းနေခဲ့တာပဲလေ။ ဒါပေမဲ့ ငါ့အဘိုးကတော့ လမ်းပေါ်မှာ ဓားပြတွေပေါ်လာတတ်တယ်လို့ပြောတယ်။ အနီးနားရွာက တစ်ယောက်ဆို ဓားပြတွေဆီမှာ အဖမ်းခံရပြီး နှစ်တွေတော်တော်ကြာမှ သူတို့လက်ကနေ ပြန်လွတ်လာခဲ့တာတဲ့လေ။"
"ငါတို့အားလုံးက သူ အပြင်မှာသေသွားပြီလို့တောင် ထင်နေကြတာ။ သူပြန်လွတ်လာတော့မှပဲ သူ့ကို ဓားပြတွေဖမ်းသွားတာကို ငါတို့သိလိုက်ရတော့တာပဲ"
"ဒါပေမဲ့ နောက်ပိုင်းမှာ ခရိုင်အုပ်ချုပ်ရေးမှူးက အဲ့ဒီဓားပြတွေကိုနှိမ်နင်းဖို့လူတွေလွှတ်လိုက်တော့ သွားရေးလာရေးကလည်း ပြန်ပြီးအဆင်ပြေသွားခဲ့တယ်လေ။"
"အဲ့ဒီအချိန်ကစပြီး ငါတို့ရွာတွေအားလုံးက ဒီလိုမျိုးအပြင်ထွက်မယ်ဆိုလုပ်ရတဲ့စည်းမျဥ်းတွေကို သတ်မှတ်ခဲ့ကြတော့တာပဲ"
ဓားပြတွေတဲ့လား။
လုချင်းသည် တုန်လှုပ်သွားခဲ့သည်။
အမှန်စင်စစ် ဤကမ္ဘာသည် သူထင်သလောက် ငြိမ်းချမ်းသည်တော့မဟုတ်ပေ။
"ခရိုင်အုပ်ချုပ်ရေးမှူး" ဟူသောစကားလုံးသည်လည်း သူ၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
သို့သော် လုချင်းသည် ထပ်မမေးတော့ပေ။ နောက်ပိုင်းတွင်လည်း ထိုသည်တို့အား လေ့လာရန် အချိန်ရှိပေလိမ့်မည်။
ရွာ၏စည်းကမ်းများကိုရှင်းပြပြီး ကြိုးနီများချည်နှောင်ပြီးနောက် ဝမ်တာ့အန်းသည် နောက်ဆုံးတွင် လုချင်းကို ဈေးကြီးရှိရာသို့ ဦးဆောင်ခေါ်သွားခဲ့တော့၏။