← Chapters

ဈေးကြီးမှာ တွေ့ရှိခဲ့ရသော ဒုတိယမြောက် ကျင့်ကြံသူ

Vol. 4 Ch. 34

ဈေးကြီးမှာ တွေ့ရှိခဲ့ရသော ဒုတိယမြောက် ကျင့်ကြံသူ

Vol. 4 Ch. 34

"ဒါ ဈေးကြီးလား။" လုချင်းသည် သူ၏ရှေ့မှ စည်ကားနေသောမြင်ကွင်းကိုကြည့်ရင်း အံ့ဩသွားခဲ့သည်။

ဈေးကြီးသည် သူထင်ထားသည်ထက် ပိုမိုစည်ကားနေခဲ့သည်။ နှစ်ဖက်စလုံးရှိဆိုင်ခန်းများသည် စနစ်တကျရှိပြီး သူ၏ယခင်ဘဝက မြို့ငယ်များတွင်မြင်တွေ့ခဲ့ဖူးသော ဈေးများနှင့်ပင် တူညီနေခဲ့သည်။

"ဟုတ်တယ်၊ ဒါဈေးကြီးပဲ။" ဝမ်တာ့အန်းက ခေါင်းညိတ်ပြီး ရှေ့သို့ညွှန်ပြလိုက်သည်။ "အဲ့ဒီမှာရှိတဲ့ဆိုင်ခန်းတွေကို မြင်လား။ အဲ့ဒါတွေက ရေရှည်ငှားရမ်းထားတာ၊ ပုံမှန်လုပ်ငန်းလုပ်ကိုင်တဲ့သူတွေအတွက်ပေါ့။"

ဝမ်တာ့အန်းညွှန်ပြသောဆိုင်ခန်းများမှာ အဓိကအားဖြင့် အသား၊ အထည် သို့မဟုတ် ကောက်ပဲသီးနှံများရောင်းချသည်ကို လုချင်း လေ့လာတွေ့ရှိခဲ့၏။

ဝမ်တာ့အန်းက ဆက်ပြောသည်။ "နောက်ဘက်မှာ ဆိုင်ခန်းငှားစရာမလိုတဲ့နေရာလွတ်တစ်ခုရှိတယ်။ ဒါပေမဲ့ အဲ့ဒီမှာတစ်ခုခုရောင်းချင်တယ်ဆိုရင် အခကြေးငွေတစ်ပြားပေးရတယ်။"

"ငါးရောင်းချင်တယ်ဆိုရင်တော့ အားချင်း၊ နေရာလွတ်ကိုပဲသွားလိုက်။"

"အခကြေးငွေကိုကျ ဘယ်သူ့ကို ပေးရမှာလဲ။" လုချင်းက မေးလိုက်သည်။

"ဆရာမာကိုပေါ့။" ဝမ်တာ့အန်းက နေရာတစ်ခုကိုညွှန်ပြလိုက်သည်။ "အပြာရောင်အင်္ကျီ​ဝတ်ထားတဲ့အဲ့ဒီလူကို မြင်လား။ သူက ဆရာမာပဲ၊ ဒီမှာ ယာယီဆိုင်ခန်းခတွေကို ကောက်ခံတဲ့သူလေ။"

လုချင်းကြည့်လိုက်ရာ အပြာရောင်အဝတ်အစားဝတ်ဆင်ထားသော အနည်းငယ်ပိန်လှီသည့် လူလတ်ပိုင်းတစ်ဦးသည် ဈေးပတ်လည်တွင် ပြုံးလျက် လမ်းလျှောက်နေသည်ကို တွေ့လိုက်ရ၏။

ထို့ပြင် လုချင်းသည် အလားတူအထည်ဝတ်ဆင်ထားသော အခြားလူအများအပြားလည်း ကင်းလှည့်နေသည်ကို သတိပြုမိလိုက်သည်။

လုချင်းနှင့် ဝမ်တာ့အန်း၏အကြည့်ကို ခံစားမိသည့်အလား ဆရာမာသည် ရုတ်တရက်သူ၏ခေါင်းကိုလှည့်လာလေ၏။ သူ၏မျက်လုံးများသည် စူးရှနေခဲ့သည်။ စုတ်ပြဲနေသောအဝတ်အစားများဝတ်ဆင်ထားသော လယ်သမားငယ်နှစ်ဦးကိုမြင်သောအခါ သူ၏အမူအရာသည် ပျော့ပျောင်းသွားပြီး သူ၏အကြည့်ကိုလွှဲကာ လမ်းလျှောက်ခြင်းကိုသာ ဆက်လက်လုပ်ဆောင်ခဲ့သည်။

လုချင်း၏နှလုံးသည် တင်းကြပ်သွားခဲ့သည်။ ဤမျှအကွာအဝေးမှ သူတို့၏အကြည့်ကိုခံစားမိနိုင်သော ဤဆရာမာသည် သာမန်လူတစ်ယောက်မဟုတ်ပေ။ သူသည် တိုက်ရိုက်စိုက်ကြည့်ရန် မရဲဝံ့တော့ဘဲ မျက်လုံးထောင့်မှသာ စွေ၍ ကြည့်ရှုနေခဲ့သည်။

မကြာမီမှာပဲ သူသည် ဆရာမာ၏ပတ်လည်တွင် ထူထဲသောအဖြူရောင်အလင်းတန်းတစ်ခုပေါ်လာသည်ကို တွေ့လိုက်ရ၏။

[မာကူး - နက်ရှိုင်းစွာ တွေးတောတတ်သူ ၊ မျှတသောအပြုအမူများရှိသူ၊ စူးရှသောမျက်လုံးများရှိသူ၊ ဈေးတွင် အလွန်လေးစားခံရသူ။]

[ကျင့်ကြံမှု - အားကောင်းပြီး ကြွက်သားများရှိသူ၊ အရိုးနှင့်ကြွက်သားများဖြစ်တည်ခြင်းအဆင့်၏ စဦးပိုင်းအဆင့်။]

သူ၏နတ်မျက်စိစွမ်းရည်မှ ဤသတင်းအချက်အလက်များကိုရရှိသောအခါ လုချင်း၏မျက်နှာသည် မပြောင်းလဲသော်လည်း သူ၏စိတ်နှလုံးကတော့ တုန်လှုပ်နေခဲ့သည်ပင်။ ဤဆရာမာဆိုသူသည် ကျင့်ကြံသူတစ်ဦးဖြစ်သည်။ ဤသို့ဆိုလျှင် သူ၏အာရုံခံနိုင်စွမ်း ဤမျှစူးရှသည်မှာ အံ့ဩစရာမရှိတော့ ၊ သူသည် ထူးခြားသောကျင့်ကြံသူတစ်ဦးဖြစ်၏။

ဤသည်မှာ လုချင်းတစ်ယောက် ဤကမ္ဘာသို့ရောက်လာပြီးကတည်းက ကြုံတွေ့ခဲ့ဖူးသော ဒုတိယမြောက်ကျင့်ကြံသူပင်။ ပထမတစ်ဦးမှာ သမားတော်ကြီး ချန်ဖြစ်၏။ သို့သော် နှစ်ဦးစလုံးကျင့်ကြံသူများဖြစ်သော်လည်း လုချင်းသည် ကွာခြားချက်များကိုသတိပြုမိလိုက်သည်။ ၎င်းကတော့ ဆရာမာ၏ပတ်လည်မှအလင်းသည် အဖြူရောင်ဖြစ်ပြီး သမားတော်ကြီးချန်၏အလင်းမှာ အနီရောင်ဖြစ်၏။ ကျင့်ကြံမှုအဆင့်တွင် သမားတော်ကြီးချန်က ဆရာမာထက် ပို၍အဆင့်မြင့်နေသည်မှာ သိသာလှပါ၏။

သူတို့နှစ်ယောက်ရဲ့အဆင့်တွေကြားမှာ ကွာခြားချက်တွေရှိနေတာလား။

ဆရာမာ၏ကျင့်ကြံစဥ်အဆင့်မှာ အရိုးနှင့်ကြွက်သားဖြစ်တည်ခြင်းအဆင့်၏ စဦးပိုင်းအဆင့်တွင်ရှိပြီး သမားတော်ကြီးချန်ကတော့ ကိုယ်တွင်းအင်္ဂါများဖြစ်တည်ခြင်းအဆင့်တွင် ရှိသည်ကို လုချင်း သတိပြုမိလိုက်သည်။

ဒါဆို ကိုယ်တွင်းအင်္ဂါများဖြစ်တည်ခြင်းအဆင့်က အရိုးနဲ့ ကြွက်သားများဖြစ်တည်ခြင်းအဆင့်ထက်တောင် ပိုပြီးအားကောင်းတယ်လို့ ဆိုလိုတာလား။ ဒီအဆင့်နှစ်ခုကြားမှာ အခြားအဆင့်တွေကောရှိသေးလား။

လုချင်း၏ခေါင်းထဲတွင် အတွေးများစွာဖြင့် လည်ပတ်နေခဲ့၏။

"အားချင်း၊ ခု မင်း ဈေးကြီးကို မြင်ဖူးသွားပြီမလား။ ဒါနဲ့ မင်းတစ်ခုခုဝယ်ချင်တယ်လို့ပြောခဲ့တာမဟုတ်လား။ ဘာလိုချင်တာလဲ။" ဝမ်တာ့အန်းက လုချင်း၏အတွေးများကို ဖြတ်တောက်လိုက်၏။

လုချင်းသည် သူ၏အတွေးများကိုဖယ်ရှားလိုက်ပြီး ပြုံးလိုက်ကာ "ကျွန်​တော့်မှာ ဝယ်စရာတွေအများကြီးရှိတယ်ဗျ။ အစ်ကို့ရဲ့အကူအညီလိုမယ်ထင်တယ်ဗျ အစ်ကို တာ့အန်း။"

"မင်းအများကြီးဝယ်မှာလား။ မင်း ချမ်းသာသွားပြီလား အားချင်း။" ဝမ်တာ့အန်း၏မျက်လုံးများက ပြူးကျယ်သွားခဲ့သည်။

လုချင်းသည် အဖြေမပေးဘဲ ပြုံးသာပြုံးလိုက်၏။

ထိုအခါ ဝမ်တာ့အန်းမှာလည်း ဤနေရာတွင် ထိုသို့သော အကြောင်းမျိုးကိုဆွေးနွေးရန်မသင့်တော်ကြောင်း သဘောပေါက်သွားတာကြောင့် ထပ်မမေးတော့ပေ။ သူသည် သူ၏ရင်ဘတ်ကိုပုတ်လိုက်ပြီးပြောလိုကိ၏။ "စိတ်မပူပါနဲ့၊ မင်းဘယ်လောက်ပဲဝယ်ဝယ်၊ ငါ မင်းကို အိမ်အထိ ကူသယ်ပေးပါမယ်ကွ။"

"ကျေးဇူးပါပဲဗျာ အစ်ကို တာ့အန်း။"

ထို့နောက် လုချင်းသည် ဆိုင်ခန်းများဆီသို့ လျှောက်သွားခဲ့သည်။ သူ ပထမဆုံးရပ်တန့်လိုက်သည့်နေရာကတော့ အသားဆိုင်ဖြစ်၏။ ဆိုင်တွင် ရှိသော အသားသည် သူ၏ယခင်ဘဝက ဂရုတစိုက်မွေးမြူထားသောဝက်သားကဲ့သို့ မကောင်းမွန်သော်လည်း လုချင်းအတွက်မူ ၎င်းသည် စွဲဆောင်မှုရှိနေဆဲပင်။ သူသည် အချိန်အတော်ကြာသည်အထိပင် ကောင်းမွန်သောအသားတစ်တုံးကို မစားသုံးခဲ့ရပေ။

သူသည် အဆီများသောအသားတုံးကြီးနှစ်တုံးနှင့် အဆီတစ်ဝက်၊ အသားတစ်ဝက်ပါသောအပိုင်းအချို့ကို ရွေးချယ်ပြီးနောက် ငွေပေးချေရန်ပြင်ဆင်ခဲ့သည်။ သို့သော် ဆိုင်ပိုင်ရှင်သည် လုချင်းထုတ်ယူလာသောငွေကိုမြင်သောအခါ စိတ်ရှုပ်ထွေးနေပုံရသည်။

"လူငယ်လေး၊ မင်း ငါ့ကို နောက်နေတာလား။ ငါ ဒီငွေအတွက် အကြွေပြန်မအမ်းနိုင်ဘူးကွ" သူက ပြောလိုက်၏။

"အကြွေပြန်မအမ်းနိုင်ဘူးလားဗျ။" လုချင်းသည် နားမလည်နိုင်ဖြစ်သွားခဲ့သည်။

"မအမ်းနိုင်ဘူး။ ငါက ဒီနေ့မှ ဆိုင်အသစ်ဖွင့်တာလေ။ အရောင်းအဝယ်သိပ်မရှိသေးဘူးကွ။ မင်းပေးမဲ့ငွေက တစ်ကျပ်ခွဲလောက်ရှိတယ်၊ ငါ့မှာ မင်းကို ပြန်အမ်းစရာ အကြွေက အများကြီးမရှိဘူး။" ဆိုင်ပိုင်ရှင်က ရိုးသားစွာရှင်းပြလိုက်၏။

ဝမ်တာ့အန်းသည်လည်း လုချင်းထုတ်ယူလာသောငွေကြောင့် တုန်လှုပ်သွားခဲ့သည်။ သူသည် လုချင်း၏လက်ကို အလျင်အမြန်ဖုံးကိုင်လိုက်ပြီး ဘေးသို့ ဆွဲခေါ်သွားလိုက်၏။

"အားချင်း၊ မင်း ဒီငွေတွေကို ဘယ်ကနေ ရလာတာလဲ။"

"အဘိုးချန်က ကျွန်တော့်ကို ပေးတာလေ။"

လုချင်းသည် သမားတော်ကြီးချန်အား အကာအကွယ်အဖြစ် အသုံးပြုလိုက်၏။ တောင်ပေါ်မှ ဆင်းလာစဉ် သမားတော်ကြီးချန်ကလည်း အကယ်၍ တစ်စုံတစ်ယောက်က ငွေအကြောင်းမေးလာပါက သူ ပေးခဲ့သည်ဟု ပြောရန် လုချင်းအား ပြောခဲ့သည်ပင်။

"သမားတော်ကြီးချန်က မင်းကို ကောင်းကောင်းဆက်ဆံတာပဲ။"

ဝမ်တာ့အန်းသည် မနာလိုသောအကြည့်ဖြင့် ကြည့်လိုက်၏။

ဘာလို့ သူကကျ သမားတော်ကြီးချန်ရဲ့တပည့်မဖြစ်နိုင်ရတာလဲ။

သို့သော် သူ သဘောပေါက်သွားပါ၏။ "ငွေက သမားတော်ကြီးချန်ဆီက ဖြစ်ရင်တောင် မင်း ဒီလိုမျိုးထုတ်မသုံးသင့်ဘူး။ ဈေးမှာ ဘယ်သူမှ ငွေဒင်္ဂါးတွေကို မသုံးကြဘူးကွ။"

"ဒါပေမဲ့ ကျွန်တော့်မှာက ကြေးဒင်္ဂါးစေ့တွေမရှိဘူး၊ ဒီငွေဒင်္ဂါးပဲ ရှိတယ်။"

ငွေဒင်္ဂါးသည် တန်ဖိုးကြီးကြောင်းကို လုချင်း သိသော်လည်း လက်ရှိမှာတော့ သူ၏မိသားစုစားဖို့အတွက် အစားအသောက်ကုန်တော့မည်ဖြစ်ကာ သူသည်လည်း ပစ္စည်းများစွာ ဝယ်ယူရန်လိုအပ်နေတာပင်။ လက်ရှိ၌ သူ့တွင် ကြေးဒင်္ဂါးမရှိပါချေ။ ရှိလျှင်ပင် သယ်ဆောင်လာရန် အဆင်မပြေ။

"ဒါတော့ ဟုတ်ပါတယ်။"

လုချင်း၏မိသားစုအခြေအနေကို သိသော ဝမ်တာ့အန်းသည် ခေါင်းသာကုတ်လိုက်မိတော့၏။ သူ ဘာပြောရမည်ကို မသိတော့ပေ။

"လူငယ်လေး၊ အသား ယူဦးမှာလား။" ဆိုင်ပိုင်ရှင်က ခေါ်လိုက်၏။

"ကျွန်တော် လိုချင်တယ်၊ ဒါပေမဲ့ ခင်ဗျားက အကြွေပြန်မအမ်းနိုင်ဘူးလို့ ပြောထားတယ်မဟုတ်ဘူးလား။" လုချင်းက အကူအညီမဲ့စွာပြောလိုက်၏။

ဆိုင်ပိုင်ရှင်မှာလည်း နည်းလမ်းမရှိတော့ပေ။

"ဒီမှာဘာဖြစ်နေတာလဲ။"

ညင်သာသောအသံတစ်ခုထွက်ပေါ်လာခဲ့သည်။ လုချင်းလှည့်ကြည့်လိုက်ရာ ဆရာမာ ဟုခေါ်သော လူလတ်ပိုင်းတစ်ဦးက သူတို့နောက်တွင် ရပ်နေသည်ကို သူ တွေ့လိုက်ရ၏။

"ဆရာမာ။"

ဆိုင်ပိုင်ရှင်နှင့် ဝမ်တာ့အန်းသည် အလျင်အမြန်ဦးညွှတ်လိုက်ကြ၏။

"ဒီမှာဆူညံသံတစ်ခုကြားလိုက်တယ်။ ဘာဖြစ်တာလဲ။" ဆရာမာက မေးလိုက်၏။

"ဆရာမာ၊ ဒီလူငယ်က အသားဝယ်ဖို့ ငွေဒင်္ဂါးတွေ ယူလာတာ၊ ဒါပေမဲ့ ကျွန်တော်က သူ့အတွက် အကြွေမအမ်းပေးနိုင်လို့ပါ။" ဆိုင်ပိုင်ရှင်က ရှင်းပြလိုက်၏။

"အော်"

ဆရာမာသည် လုချင်းကို ကြည့်လိုက်၏။ သူပင်လျှင် ဈေးတွင် ငွေဒင်္ဂါးသုံးသူကို ရှားရှားပါးပါးသာ တွေ့ဖူးသည်။ လုချင်း၏ဝတ်စားဆင်ယင်မှုကို မြင်သောအခါဤ သူ့မှာ ပို၍ပင်အံ့ဩသွားခဲ့ရ၏။

"လူငယ်လေး၊ မင်း ငွေဒင်္ဂါးတွေကို ဘယ်ကနေ ရလာတာလဲ။" ဆရာမာက မေးလိုက်၏။

"ဘာဖြစ်လို့လဲ၊ ဈေးမှာ ပစ္စည်းဝယ်ဖို့ ငွေဒင်္ဂါးတွေကို ဘယ်ကနေ ရလာတယ်ဆိုတာ ရှင်းပြဖို့လိုလို့လား။" လုချင်းက တည်ငြိမ်စွာမေးလိုက်၏။

"မဟုတ်ပါဘူး၊ အဲ့လိုတွေ မလိုအပ်ပါဘူး။ တောင်းပန်ပါတယ်ကွာ။" ဆရာမာက အနည်းငယ်ဦးညွှတ်ကာ တောင်းပန်လိုက်၏။ ထို့နောက် သူသည် ပြုံးလိုက်ကာ "ငါက ဒီတိုင်း သိချင်မိလို့ပါ။ မင်းက ငွေဒင်္ဂါးတွေ ရှိလောက်တဲ့ပုံစံမျိုးမပေါက်နေဘူးလေ။”

ဆရာမာသည် ပြုံးနေသော်လည်း ဆိုင်ပိုင်ရှင်နှင့် ဝမ်တာ့အန်းတို့ကတော့ ဖိအားတစ်ခုကို ခံစားလိုက်ရလျက် ချွေးများစတင်ထွက်လာခဲ့သည်။

လုချင်းသည်ပင် ထိုဖိအား၏သက်ရောက်မှုကို ခံလိုက်ရသည့်နှယ် စိတ်လှုပ်ရှားသောအမူအရာတစ်ခုကို ပြသလိုက်၏။ ခဏမျှတုံ့ဆိုင်းနေပြီးနောက် သူက ပြောလိုက်၏။ "ဒီငွေဒင်္ဂါးက ကျွန်တော့်ဆရာဆီကပါ။"

"အော်။ မင်းဆရာက ဘယ်သူလဲ။" ဆရာမာ၏အပြုံးသည် မပြောင်းလဲပေ။

"ကျွန်တော့်ဆရာနာမည်ကို ကျွန်တော် မသိဘူး၊ ဒါပေမဲ့ လူတိုင်းက သူ့ကို သမားတော်ကြီးချန်လို့ခေါ်ကြတယ်။"

"ဘာ၊ အဲ့ဒီသမားတော်အဘိုးကြီးလား။"

ဆရာမာ၏အမူအရာသည် ချက်ချင်းပြောင်းလဲသွားခဲ့သည်။

All Chapters