အပြန်အလှန်စမ်းသပ်မှုနှင့် အကြီးစားဝယ်ယူမှု
Vol. 4 Ch. 35
"လူငယ်လေး၊ မင်းဆရာက အဲ့ဒီသမားတော်အဘိုးချန်လို့ ပြောလိုက်တာလား။"
ယခုအခါတွင်တော့ ဆရာမာ၏မျက်နှာထက်၌ ယခင်ကပြုံးနေသောအမူအရာမှာ ပျောက်ကွယ်သွားပြီးဖြစ်ကာ အနည်းငယ်ပင် လေးနက်သွားခဲ့လေ၏။
"ရွာသားတွေကတော့ သူ့ကို အဲ့ဒီလိုပဲခေါ်ကြတယ်ထင်တယ်။" လုချင်း၏မျက်နှာပေါ်မှ တင်းမာမှုသည် အနည်းငယ်လျော့ကျသွားရင်း ပြန်ဖြေလိုက်၏။
"ဟုတ်တယ် ဆရာမာ၊ ကျွန်တော့်ရဲ့ဒီညီလေးက သမားတော်ချန်ဆီမှာ နေ့တိုင်းစာသွားသင်တယ်ဗျ။" ဤအချိန်တွင် ဝမ်တာ့အန်းသည် အခွင့်အရေးကို ဆုပ်ကိုင်ပြီး ဝင်ပြောလိုက်၏။
ဆရာမာသည် လုချင်းနှင့် ဝမ်တာ့အန်းကို စေ့စေ့စပ်စပ်ကြည့်ပြီးနောက် ရုတ်တရက်ပြုံးလိုက်၏။
"ဒါဆိုရင် မင်းက သမားတော်ချန်ရဲ့ထူးချွန်တဲ့တပည့်တစ်ယောက်ကိုး။ တောင်းပန်ပါတယ်ကွာ။"
ဆရာမာသည် လုချင်းအား လေးနက်စွာဦးညွှတ်လိုက်တာကြောင့် လုချင်းခင်ဗျာ အနည်းငယ်ပင် တုန်လှုပ်သွားပြီး ခြေလှမ်းနှစ်လှမ်းလောက်တောင် နောက်ဆုတ်သွားမိခဲ့ပါ၏။
သူသည် အလျင်အမြန်လက်ဝှေ့ယမ်းလိုက်ရင်း "ကျွန်တော် ဒီလိုဘွဲ့ထူးမျိုးကို မခံယူနိုင်ပါဘူးဗျာ။ ကျွန်တော်ဆရာ့ဆီကနေ ဆေးပင်တွေအကြောင်းနည်းနည်းပဲ သိသေးတာပါဗျ၊ ရောဂါတွေကိုတောင် မရှာနိုင်သေးပါဘူးဗျ။"
လုချင်း၏ရိုးသားမှုကိုမြင်သောအခါ ဆရာမာသည် မပြုံးဘဲမနေနိုင်တော့ပေ။
"ဘာပဲဖြစ်ဖြစ်၊ ငါ မင်းကို အရင်က စော်ကားခဲ့မိတယ်လေ။ ဒီလိုလုပ်ကြစို့၊ မင်း ဒီဆိုင်မှာ ဝယ်တဲ့အသားအတွက် ငါ ပိုက်ဆံပေးလိုက်မယ်။"
"အဲ့ဒီလိုမလုပ်ပါနဲ့။" လုချင်းက ခေါင်းခါပြလိုက်သည်။ "မထိုက်တန်တဲ့ဆုလာဘ်ကို မယူသင့်ဘူးလေ၊ ကျွန်တော့်ဆရာက တခြားသူတွေဆီက ပစ္စည်းတွေကို ပေါ့ပေါ့ဆဆနဲ့ မယူဖို့ သင်ထားလို့ပါ။"
"ဒါပေမဲ့ ငါ မင်းကို စော်ကားခဲ့မိတယ်လေ။ ဒီအသားကို ငါ တောင်းပန်တာလို့ မှတ်လိုက်ပါ။"
ဆရာမာ မည်သို့ပင်တိုက်တွန်းပါစေ ၊ လုချင်းကလည်း သူ့ကို ပေးချေခွင့်မပြုဘဲ ပြတ်ပြတ်သားသားကို ငြင်းဆန်ခဲ့သည်။
ဘေးမှကြည့်နေသော ဝမ်တာ့အန်းပင် မျက်လုံးများပြူးကျယ်နေခဲ့ပါ၏။
ဤသည်မှာ ဆရာမာတစ်ယောက် တစ်စုံတစ်ယောက်အား ဤမျှလောက်ထိ ယဉ်ကျေးစွာဆက်ဆံသည်ကို ဝမ်တာ့အန်း ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်၏။
ပြီးတော့ အဲ့ဒီတစ်စုံတစ်ယောက်က သူ့ရဲ့ညီလေး လုချင်းဖြစ်နေတယ်လေ။
လုချင်းက ဆရာမာ၏ကမ်းလှမ်းမှုကို ဆက်တိုက်ငြင်းဆန်နေသည်ကိုမြင်သောအခါ ဝမ်တာ့အန်းမှာ စိုးရိမ်နေခဲ့သည်။
အဲ့ဒါက အသားပေါင်နည်းနည်းပဲလေ။ ဘယ်သူက ဒီလိုလက်ဆောင်မျိုးကို ငြင်းမှာလဲ။ လုချင်းဘာ တွေစဉ်းစားနေတာလဲ။
စိုးရိမ်နေသော်လည်း ဝမ်တာ့အန်းသည် ဝင်မစွက်ဖက်ခဲ့ပေ။ အကြောင်းမှာ သူသည် လုချင်းက စာတတ်ပြီး သမားတော်အဘိုးချန်၏သင်ကြားပြသမှုတို့ကြောင့် အကြောင်းအရင်းတချို့ ရှိလိမ့်မည်ဟု ထင်နေသောကြောင့်ပင်။
ဆရာမာသည် လုချင်း၏ငြင်းဆန်မှုကိုမြင်သောအခါ ရုတ်တရက်အကြံတစ်ခုရသွားပြီး နောက်တစ်ကြိမ်ပြုံးလိုက်၏။
"မင်းက တကယ့်ကို ကြင်နာတတ်တဲ့သူပဲ၊ သမားတော်ချန်ရဲ့တပည့်ဖြစ်ထိုက်တယ်။ ဒီလိုလုပ်ကြစို့၊ ငါ သတိထားမိတာ မင်း အဲ့ဒီငွေဒင်္ဂါးကို ပြန်အမ်းဖို့ အကြွေလိုနေတဲ့ပုံပဲ။ ငါ မင်းကို အဲ့ဒါနဲ့ကူညီပေးရမလား။"
ထိုအခါ အသားသည်က ချက်ချင်းဝင်ပြောလာခဲ့၏။ "ဟုတ်သားပဲ လူငယ်လေး၊ ဆရာမာက ဒီမှာ မင်းငွေဒင်္ဂါးကို လဲပေးနိုင်တဲ့တစ်ဦးတည်းသောသူပဲ။"
လုချင်းသည် ခဏမျှတုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်လိုက်၏။ "ဒါဆိုရင်လည်း ကျွန်တော် ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မယ် ဆရာမာ။"
ထိုသို့ပြောပြီးနောက်၌ လုချင်းသည် ငွေဒင်္ဂါးကို ထုတ်ယူလိုက်ပါ၏။ ဆရာမာသည် ကောင်းမွန်သည့် နှင်းပွင့်ပုံစံပါရှိသော ငွေဒင်္ဂါးစေ့ကို မြင်လိုက်ရသောအခါ၌ လုချင်း၏စကားများကို ပို၍ပင် ယုံကြည်သွားတော့လေသည်။
သာမန်ရွာသားတစ်ဦးသည် ဤသို့သောငွေဒင်္ဂါးကောင်းကောင်းကို ရရှိနိုင်မည်မဟုတ်ပေ။
ဒင်္ဂါးစေ့များကို ရေတွက်လိုက်ပြီးနောက်၌ ဆရာမာသည် ပြုံးလိုက်ပြီး "ဒီငွေဒင်္ဂါးက ခြောက်ကျပ်လောက်ရှိတယ်၊ ဒါက ကြေးဒင်္ဂါး ခြောက်ရာလောက်နဲ့ ညီမျှတယ်။"
ထို့နောက်၌ ဆရာမာသည် သူ၏ခန္ဓာကိုယ်မှ အဝတ်အိတ်တစ်လုံးကို ထုတ်ယူလိုက်ကာ ၎င်းထဲမှ ကြိုးနှင့် ချည်ထားသော ကြေးဒင်္ဂါးနှစ်တွဲကို ယူလိုက်ပြီး ကျန်ရှိသည့်ကြေးဒင်္ဂါးများပါရှိသော အိတ်ကိုတော့ လုချင်းအား ပေးလိုက်၏။
"ဒီကြေးဒင်္ဂါးတွေက မင်း ပေးတဲ့ ငွေဒင်္ဂါးရဲ့တန်ဖိုးအတိုင်း ရှိလိမ့်မယ်။ ရေတွက်ကြည့်။"
လုချင်းသည်လည်း အိတ်ကိုယူပြီး မဆိုင်းမတွရေတွက်စပြုတော့သည်။
ဝမ်တာ့အန်းသည် ကူညီလိုသော်လည်း ရေတွက်ရာတွင် မတော်ကြောင်းကို သူ့ဘာသာသူ သိပါ၏။ သူသည် ရှုပ်ထွေးမှုသာ ဖြစ်စေလိမ့်မည်ဖြစ်သောကြောင့် ဘေးမှသာ စိုးရိမ်စွာဖြင့် ကြည့်ရှုနေခဲ့သည်။
လုချင်းသည် ကြေးဒင်္ဂါးများကို လျင်မြန်စွာ ရေတွက်လိုက်၏။
ထိုစဉ် ဆရာမာသည် လုချင်း၏ရေတွက်ခြင်းကို အပြုံးမပျက် ကြည့်ရှုနေခဲ့ပါ၏။
ရွာသားများစာတတ်မြောက်ခြင်းသည် ရှားပါးလှပြီး တစ်ရာထက် ကျော်လွန်၍ ရေတွက်နိုင်သူများဆိုလျှင် ပို၍ပင် ရှားပါးလှပါ၏။
လုချင်းရေတွက်နေသည်ကိုကြည့်ရင်း သူသည် နံပါတ်များနှင့်ပတ်သက်၍ အခက်အခဲမရှိသည်မှာ ရှင်းလင်းလှပါသည်။
ဤသို့ဖြင့် ဆရာမာသည် လုချင်းက သမားတော်ချန်၏တပည့်ဖြစ်ကြောင်း ပို၍ပင် ယုံကြည်လာခဲ့တော့၏။
မကြာမီ၌ လုချင်းတစ်ယောက် ရေတွက်တာ ပြီးဆုံးသွားခဲ့သည်။
"ပိုနေတယ်ထင်တယ်။"
အိတ်ထဲတွင် ကြေးဒင်္ဂါးခြောက်ရာ့ငါးဆယ်ရှိပြီး ငွေဒင်္ဂါးတစ်ကျပ်လျှင် ကြေးဒင်္ဂါးတစ်ရာနှုန်းဖြင့် လဲလှယ်မှုအတွက် ငါးဆယ်တောင် ပိုနေခဲ့တာပင်။
"ပိုနေတာမဟုတ်ဘူး။ မင်းငွေဒင်္ဂါးက အရည်အသွေး တော်တော်လေးကောင်းတယ်လေ ၊ ဒီတော့ ပိုနေတဲ့ငါးဆယ်က ငါ ပေးသင့်တဲ့ငွေပါပဲကွ။" ဆရာမာက ပြုံးလိုက်၏။
လုချင်းသည်လည်း ခဏစဉ်းစားပြီးနောက် မငြင်းဆန်ခဲ့ပေ။
သူသည် ဆရာမာက စေတနာပြနေကြောင်းကို နားလည်ပါသည်။
သို့သော် အကြိမ်များစွာငြင်းဆန်ပြီးနောက် သူသည် ကျေးဇူးကန်းသူအဖြစ် ဆက်လက်မနေနိုင်တော့ပေ။
ထို့အပြင် ဤသည်မှာ အပြင်ကမ္ဘာအကြောင်းပိုမိုလေ့လာရန် အခွင့်အရေးတစ်ခုဖြစ်နိုင်၏။
"အခုငွေလဲပြီးပြီဆိုတော့ မင်းလည်း စိတ်အေးလက်အေးဈေးဝယ်လို့ရပြီ။ ဒါနဲ့ လူငယ်လေး၊ မင်းနာမည်ကို ငါ သိခွင့်ရှိမလား။" ဆရာမာက စုံစမ်းမေးမြန်းလိုက်၏။
"ကျွန်တော်က လုချင်းပါ။" သူက သူ၏ဘေးမှဝမ်တာ့အန်းကို ညွှန်ပြရင်း "ပြီးတော့ ဒါက ကျွန်တော့်နဲ့ တစ်ရွာတည်းသား အစ်ကို တာ့အန်းပါ။"
"ဆရာမာ၊ ကျွန်တော်က ဝမ်တာ့အန်းပါ။" ဝမ်တာ့အန်းက ကျိုးနွံစွာပြောလိုက်၏။
"ဝမ်တာ့အန်း၊ မဆိုးဘူးပဲ။"
ဆရာမာမှာ ဝမ်တာ့အန်းကတော့ သာမန်ရွာသားငယ်တစ်ဦးသာဖြစ်ကြောင်း မြင်နိုင်ပါ၏။
သို့သော်လည်း သူသည် ဂရုတစိုက်ဖြင့် ခေါင်းညိတ်ကာ နှုတ်ဆက်လိုက်ပါ၏။
ဤသို့သောရိုးရှင်းသောအမူအရာသည်ပင် ဝမ်တာ့အန်းကို စိတ်လှုပ်ရှားစေပြီး သူ၏မျက်နှာနီမြန်းသွားစေရန် လုံလောက်ခဲ့ပါသည်။
"ညီလေးလုချင်း၊ ဒီမှာ ဈေးဝယ်ရတာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ငါလည်း လုပ်စရာကိစ္စတချို့ရှိသေးလို့ ခွင့်ပြုပါဦး။"
ဆရာမာသည် ဤ၌ ဆက်လက်မနေတော့ပါချေ။ လေးစားသမှုဖြင့် သင့်တင့်သောအကွာအဝေးသို့ ရှောင်ပေးရန်ထိ လုံလောက်အောင် အကင်းပါးခဲ့ပါ၏။
လုချင်းမှာလည်း သူ သွားသည်ကိုမြင်ပြီး ဝမ်းသာသွားခဲ့သည်။
သူသည် ဆရာမာနှင့် မိတ်ဆွေဖြစ်လိုသော်လည်း ယခုတော့ မဟုတ်သေးပေ။
လက်ရှိတွင် သူတို့၏အင်အားများသည် မညီမျှပေ။
ယခုလောလောဆယ်တွင် သူသည် "သမားတော်ချန်၏တပည့်" ဟူသော အထောက်အထားကြောင့်သာ လေးစားခံနေရခြင်းဖြစ်၏။
ဆရာမာထွက်သွားပြီးနောက် လုချင်းသည် အသားသည်ဆိုင်သို့ ပြန်လာခဲ့သည်။
"သူဌေး၊ အသားဝယ်လို့ရပြီလား။"
"ဟုတ်ကဲ့ဗျာ။" အသားသည်က ပြုံးလိုက်ပြီး "လူငယ်လေး၊ မင်းက သမားတော်ချန်ရဲ့တပည့်မှန်း ငါ မသိခဲ့ဘူး။ ဒီလိုဆိုမှတော့ မင်း ဒီလောက်ထိလေးစားဖို့ကောင်းနေတာက အံ့ဩစရာမရှိတော့ပါဘူးကွာ။"
လုချင်းသည် သူ၏ဖာထေးထားသောအဝတ်အစားများကို ကြည့်ပြီး အနည်းငယ်စကားမပြောနိုင်ဖြစ်သွားခဲ့သည်။
"ဒါကို ခင်ဗျားက လေးစားဖို့ကောင်းတယ်လို့ခေါ်တာလား။"
"သူဌေး၊ ခင်ဗျားလည်း သမားတော်ချန်ကိုလည်း သိတာလား။" ဝမ်တာ့အန်းက စူးစမ်းစွာမေးလိုက်၏။
"လူငယ်လေး၊ ဒီနားကလူတိုင်း ဘယ်သူက သမားတော်ချန်ကို မသိဘဲနေမှာလဲ။ ငါ့မိန်းမက မနှစ်က မီးဖွားပြီးတော့ ပိုးဝင်တာလေ ၊ အသက်တောင်ဆုံးရှုံးတော့မလို ဖြစ်သွားခဲ့တာ။ အဲ့ချိန်မှာ သမားတော်ချန်ကပဲ သူ့ကို ကုသပေးခဲ့တာ။ သူက ဒီနယ်မှာဆို နာမည်ကြီးတဲ့သမားတော်တစ်ယောက်ကွ။"
"ဒီလိုဆိုရင် ခင်ဗျား ကျွန်တော်တို့ကို အသားဈေးလျှော့ပေးသင့်တယ်မဟုတ်လား။" ဝမ်တာ့အန်းက အကြံပြုလိုက်၏။
"ဟုတ်တာပေါ့၊ ဈေးလျှော့ပေးမှာပေါ့ကွ။"
နောက်ဆုံးတွင် အသားသည်က ဈေးအနည်းငယ်လျှော့ပေးခဲ့ရာ လုချင်းတစ်ယောက် ကြေးဒင်္ဂါး သုံးပြား သက်သာသွားခဲ့သည်။
အသားဝယ်ပြီးနောက် လုချင်းနှင့် ဝမ်တာ့အန်းသည် ဈေးတွင် ဆက်လက်ဈေးဝယ်လိုက်ကြ၏။
မကြာမီမှာတော့ သူတို့သည် ပစ္စည်းပုံကြီးတစ်ပုံလောက်ကို ဝယ်ယူပြီးပြီပင်။
ဝယ်ယူခဲ့သည်များမှာ အဓိကအားဖြင့် အစားအသောက်နှင့် နေ့စဉ်သုံးပစ္စည်းများပင်။
အသီးအနှံများကိုတော့ အများဆုံးဝယ်ယူခဲ့ပါ၏။
ထို့အပြင် လုချင်းသည် ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် အပ်အချို့ကိုလည်း ဝယ်ယူခဲ့သည်။
သူသည် ခြံဝင်းထဲတွင် သဘာဝအလျောက်ပေါက်ရောက်နေသော တောရိုင်းဟင်းသီးဟင်းရွက်များကို ရှာဖွေခြင်းထက် ဟင်းသီးဟင်းရွက်များကိုသာ ပိုမိုစိုက်ပျိုးလိုခဲ့သည်။
အပ်များကို ဝယ်ရသည့်အကြောင်းမှာမူ အိမ်ရှိသံအပ်အဟောင်းမှပြုလုပ်ထားသောငါးမျှားချိတ်သည် ယုံကြည်စိတ်ချရခြင်းမရှိပေ။
ထို့ကြောင့် သူသည် အပိုငါးမျှားချိတ်များကို ပြုလုပ်ထားရန် လိုအပ်ပါ၏။
လုချင်းသည် ဈေးတွင် ငါးရောင်းနေတာတွေကိုလည်း တွေ့ခဲ့ပါ၏။ လိုက်လံစုံစမ်းကြည့်သောအခါ၌ ငါးက ဝက်သားထက်ပင် ဈေးပေါသည်ကို သူ သိလိုက်ရသည်။
သို့သော် ၎င်းသည် နားလည်နိုင်ပါသည်။ ဆင်းရဲသားများအတွက် အဆီသည် အရေးကြီးသောကြောင့် ဝက်သား၏အဆီသည်ပင်လျှင် အသားထက် ဈေးကြီးလှပါ၏။
အဆီမရှိသောငါးသည် ဗိုက်မပြည့်စေပေ။
ချမ်းသာသောမျိုးရိုးမြင့်များသာလျှင် ငါးအရသာကို မြည်းစမ်းကြည့်ဖို့အလို့ဌာ ဈေးကြီးကြီးပေးဝယ်ကြပေလိမ့်မည်။
သာမန်လူများအတွက်မူ ၎င်းတို့အား ရွေးချယ်ခွင့်ပေးပါက သူတို့သည် ငါးထက် ဝက်သားကိုသာ ပိုမိုနှစ်သက်ကြပေလိမ့်မည်။
ပစ္စည်းများကို ဝယ်ယူပြီးနောက်တွင်တော့ လုချင်း၏ခြောက်ရာ့ငါးဆယ်ကြေးဒင်္ဂါးထက်ဝက်ကျော်မှာလည်း ကုန်ဆုံးသွားခဲ့ပြီပင်။
သူသည် ပစ္စည်းများထည့်ဖို့ ဝါးခြင်းကြီးနှစ်လုံးဝယ်ယူလိုက်ပြီးနောက်၌ သူနှင့် ဝမ်တာ့အန်းတို့သည် ထိုခြင်းနှစ်လုံးကို သယ်ဆောင်လိုက်ကြတော့သည်။
နောက်ဆုံးတွင်တော့ သူတို့သည် ခြေလှမ်းများလေးလံစွာဖြင့် ဈေးမှ ထွက်ခွာလိုက်ကြကာ ရွာသို့ ပြန်လာခဲ့လိုက်ကြတော့၏။