မာကူး၏ အတွေးများ
Vol. 4 Ch. 36
လုချင်းနှင့် ဝမ်တာ့အန်းတို့၏ ဈေးကြီးတွင် ကြီးကျယ်ခမ်းနားစွာ ဈေးဝယ်ထွက်ခြင်းသည် သဘာဝကျစွာဖြင့်ပဲ လူတိုင်း၏ အာရုံစိုက်မှုကို အတော်ပင်ရရှိခဲ့သည်။
ထို့ကြောင့် သူတို့ထွက်ခွာသွားသောအခါ ဈေးကြီးအပြင်ဘက်တွင် လူအချို့စုဝေးကာ တီးတိုးပြောဆိုနေကြ၏။
"သူဌေး၊ အဲ့ဒီကလေးနှစ်ယောက် ပစ္စည်းတွေအများကြီးဝယ်သွားတယ်။ သူတို့က သိုးဖောင်းဖောင်းတွေလိုပဲ။ ကျွန်တော်တို့ သွားပြီး သူတို့ဆီက ပိုက်ဆံနည်းနည်းတောင်းလိုက်ကြမလား။" ကောက်ကျစ်စဉ်းလဲသည့်အကြည့်များရှိနေသော လူငယ်တစ်ဦးက အကြံပြုလိုက်၏။
သို့သော် သူ၏အကြံပြုချက်ကို အခြားသူများက ချက်ချင်းပင် မထီမဲ့မြင်ပြုခြင်းခံလိုက်ရသည်။
အထူးသဖြင့် "သူဌေး" ဟုခေါ်သောလူက သူ့ကို အသုံးမကျသူတစ်ဦးကဲ့သို့ ကြည့်လိုက်၏။
"မင်းရူးနေလား။ လူကြီးမင်းမာတောင် အဲ့ဒီကလေးကို ယဉ်ယဉ်ကျေးကျေးနဲ့ ဆက်ဆံတာ မင်းမမြင်ဘူးလား။ အဲ့ဒါတောင် မင်းက ငါ့ကို သူတို့ကို လုယက်ခိုင်းနေတာလား။"
မတရားအဆူခံရသည်ဟု ခံစားရသော ကောက်ကျစ်စဉ်းလဲသည့်အကြည့်ရှိသောလူငယ်လေးမှာ အနည်းငယ်ဝမ်းနည်းသွားခဲ့သည်။
"ကျွန်တော်က သူတို့ကို လွယ်မဲ့ပစ်မှတ်တွေလို့ ထင်လို့ပါဗျာ။ သူတို့သယ်သွားတဲ့ပစ္စည်းတွေအားလုံးကို ကြည့်လိုက်။ ပိုက်ဆံတော်တော်ကုန်ခဲ့မှာပဲလေ။ နည်းနည်းလေးယူလိုက်ရင်တောင် ကျွန်တော်တို့ တော်တော်ကြာတဲ့အထိ ပျော်ပျော်ကြီး နေလို့ရနိုင်တယ်ဗျ။"
ဤသို့ကြားရသောအခါ သူဌေးသည်လည်း တိတ်ဆိတ်သွားခဲ့သည်။
သူသည်လည်း ထိုပစ္စည်းများ၏ဆွဲဆောင်မှုတို့ကို မခံရဘဲနေမည်နည်း။
ထိုကလေးနှစ်ယောက်သယ်ဆောင်သွားသော အသားသည်ပင်လျှင် သူ့အား သွားရည်ကျစေခဲ့သည်။
မကြာသေးမီကမှ သူတို့တွေမှာ ကံမကောင်းမှုတို့နှင့် တွေ့ကြုံခဲ့ရတာကြောင့် အသားကို မမြည်းစမ်းခဲ့ရသည်မှာ ရက်ပေါင်းများစွာ ရှိသွားပြီပင်။
သို့သော် ဈေးကြီးရှိ လူကြီးမင်းမာကို စဉ်းစားမိသောအခါ သူ အနည်းငယ်ကြောက်ရွံ့သွားခဲ့သည်။
ထိုလူသည် ရန်သွားမစသင့်သောသူတစ်ဦးဖြစ်၏။ သူ့ကို ရန်သွားစမိပါက သူတို့အားလုံး ဒုက္ခလှလှနှင့် တွေ့သွားလိမ့်မည်ပင်။
သို့သော် လုချင်းနှင့် ဝမ်တာ့အန်းတို့သယ်ဆောင်သွားသော ကုန်ပစ္စည်းများ၏ဆွဲဆောင်မှုတို့ကိုလည်း သူ ခုခံရန် ခက်ခဲနေခဲ့ပါ၏။
သူတို့တုံ့ဆိုင်းနေစဉ်မှာပဲ ဈေးကြီးအတွင်း၌ လူကြီးမင်းမာသည် သူ၏လက်အောက်ငယ်သားတစ်ဦးကို ခေါ်လိုက်၏။
"ရှောင်ထျန်း၊ သမားတော်ကြီးချန်က ကျိုးလီရွာမှာ နေတယ်လို့ ငါ သိထားတယ် ၊ အဲ့တာ ဟုတ်လား။"
"ဟုတ်ကဲ့၊ အဲ့ဒီသမားတော်အဘိုးကြီးက ကျိုးလီရွာနားက တောင်ကုန်းပေါ်မှာ နေတာပါ။ သူ့အိမ်က တောင်ကုန်းရဲ့တက်လမ်း တစ်ဝက်လောက်မှာ ရှိပါတယ်ဗျ။ အနီးအနားရွာတွေက လူတိုင်းကလည်း သူ့ကို သိကြပါတယ်။"
ရှောင်ထျန်းက လေးစားစွာပြန်ဖြေလိုက်၏။
"မင်း ကျိုးလီရွာကို သွားဖို့ လုပ်လိုက်။ အဲ့ဒီသမားတော်အဘိုးကြီးက လုချင်းဆိုတဲ့တပည့်တစ်ယောက်ကို မကြာခင်ကမှ တပည့်အဖြစ် လက်ခံထားလားဆိုတာ စစ်ကြည့်လိုက်။"
"ဟုတ်ကဲ့။" ရှောင်ထျန်းက ပြန်ဖြေလိုက်ရင်း လူကြီးမင်းမာက ခုနက ငွေဒင်္ဂါးဖြင့် ပစ္စည်းများဝယ်ယူခဲ့သော လူငယ်ကို စစ်ဆေးလိုကြောင်း နားလည်သွားခဲ့သည်။
ထိုစဉ် ရုတ်တရက်တစ်ခုခုကို သတိရသွားသော ရှောင်ထျန်းက အလျင်အမြန်သတင်းပို့လိုက်၏။ "လူကြီးမင်းမာ၊ ကျွန်တော် အပြင်မှာ ချန်စန်းနဲ့ သူ့အဖွဲ့ သံသယဖြစ်စရာ တစ်ခုခုကြံစည်နေတာကို တွေ့လိုက်ရပါတယ်ဗျ။ ကြည့်ရတာ သူတို့တွေမှာ လုချင်းဆိုတဲ့ကောင်လေးအပေါ်မှာ အကြံစည်တချို့ရှိနေတဲ့ပုံပဲ။"
"ချန်စန်း။ အဲ့ဒီလူမိုက်လေးတွေက ငါ့နယ်မြေမှာ ဘာလုပ်နေကြတာလဲ။" လူကြီးမင်းမာက မျက်လုံးများကို မှိတ်လိုက်၏။
"ကျွန်တော်ကြားတာတော့ သူတို့တွေ မကြာသေးခင်ကမှ တာ့မူရွာကနေ ပစ္စည်းခိုးတာမိသွားကြလို့ ရွာကအကြီးအကဲတွေက သူတို့ရွာနားကို မလာဖို့ သူတို့ကို တားမြစ်ထားတယ်ဆိုပဲ။ အဲ့ဒါကြောင့် သူတို့ ဒီနေရာမှာ ကျက်စားနေကြတာလေ။"
"အဲ့ဒီလူမိုက်လေးတွေက ဘယ်တော့မှ ကောင်းတာလုပ်ကြမဲ့အကောင်တွေ မဟုတ်ဘူး၊ တစ်နေ့တစ်နေ့ ခိုးဖို့နဲ့ လုယက်ဖို့ပဲ စဉ်းစားနေကြတယ်။ သွားပြီး သူတို့ကို သတိပေးလိုက်။ သူတို့တွေ ငါတို့ဖောက်သည်တွေကို ထိရဲရင် ငါကလည်း သူတို့ခြေထောက်တွေကို ရိုက်ချိုးပစ်မယ်လို့ ပြောလိုက်။"
"ဟုတ်ကဲ့ပါ လူကြီးမင်းမာ။"
ထို့နောက်၌ ရှောင်ထျန်းက စိတ်လှုပ်ရှားစွာဖြင့် ထွက်သွားခဲ့သည်။
သူသည် ချန်စန်းနှင့်သူ့အဖွဲ့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေခဲ့သည်မှာ ကြာလှပြီပင်။ ထိုအဖွဲ့မှာ ဘယ်တုံးကမှ ကောင်းတာမလုပ်ကြ ၊ သူတို့လုပ်သည်မှာ ရွာများတွင် ခိုးလိုက် ၊ လုယက်လိုက်ဖြင့် လူတိုင်းကို ဒုက္ခပေးနေကြတာပဲရှိသည်။
တာ့မူရွာတွင် အိမ်ထောင်ကျသွားသော သူ၏ဝမ်းကွဲတစ်ယောက်သည်ပင် သူတို့အိမ်မှကြက်အများအပြားကို ချန်စန်းအဖွဲ့က ခိုးယူသွားကြောင်း သူ့ကို ညည်းညူခဲ့ဖူးပါ၏။
ယခုတွင်တော့ လူကြီးမင်းမာ၏ကျောထောက်နောက်ခံဖြင့် သူသည် နောက်ဆုံးတွင် သူတို့ကို သေချာကိုင်တွယ်ရန် အခွင့်အရေးရရှိခဲ့ပြီဖြစ်သည်။
ရှောင်ထျန်းထွက်သွားပြီးနောက် အပြင်ဘက်တွင် မကြာမီမှာပဲ ဆူညံသံတစ်ခုထွက်ပေါ်လာပြီး ၎င်းအသံနောက်တွင်တော့ တောင်းပန်သံများ ကပ်လျက်လိုက်ပါလာခဲ့ကြ၏။
လူကြီးမင်းမာကတော့ ထိုသို့သောအသေးအဖွဲကိစ္စများကို လျစ်လျူရှုလိုက်ရင်း သူ၏ထိုင်ခုံတွင်ထိုင်ကာ နက်နက်နဲနဲစဉ်းစားနေခဲ့သည်။
လုချင်း၏ယနေ့ပေါ်ထွက်လာမှုသည် ကြည်နူးဖွယ်ရာ အံ့အားသင့်စရာတစ်ခုဖြစ်ခဲ့သည်ပင်။
အကယ်၍ ဤလူငယ်သာ သမားတော်ကြီးချန်၏တပည့် အမှန်တကယ်ဖြစ်နေပါက သူအတွက် သတင်းကောင်းတစ်ခုဖြစ်ပေလိမ့်မည်။
သာမန်လူများသည် သမားတော်ကြီးထံ၌ အံ့ဩဖွယ်ကောင်းသောဆေးပညာစွမ်းရည်များနှင့် ကြင်နာသောနှလုံးသားရှိကြောင်းတို့အပြင် သမားတော်ကြီးမှာ နတ်ဘုရားတစ်ပါးကဲ့သို့သောသမားတော်တစ်ဦးဖြစ်ကြောင်းသာ သိကြသည်။
သို့သော် သူတို့မသိသည်မှာ မြို့ထဲတွင် ဤသမားတော်အဘိုးကြီးသည် အလွန်ဩဇာကြီးမားသည်ဟူသောအချက်ပင်။
မျိုးရိုးမြင့်များနှင့်ချမ်းသာသူများစွာသည်ပင် သူ့ကို ဂုဏ်သရေရှိဧည့်သည်တစ်ဦးအဖြစ် ဆက်ဆံကြသည်။
အဘယ်ကြောင့်ဆိုသော် သမားတော်ကြီးတွင် ထူးခြားသောဆေးပညာစွမ်းရည်များရှိရုံသာမက သိုင်းပညာရှင်တစ်ဦးလည်းဖြစ်နေသောကြောင့်ပင်။
ခရိုင်အုပ်ချုပ်ရေးမှူးပင်လျှင် သူ၏နက်ရှိုင်းသောစွမ်းရည်များကို ချီးကျူးခဲ့ပါ၏။ ယင်းသမားတော်ကြီးသည် ကိုယ်တွင်းအင်္ဂါများဖြစ်တည်ခြင်းအဆင့်၏အထွတ်အထိပ်သို့ပင် နီးကပ်နေပြီဖြစ်၏။
ဤသို့သောပုဂ္ဂိုလ်သည် လူကြီးမင်းမာ အမြဲ မိတ်ဆွေဖြစ်လိုခဲ့သောသူတစ်ဦးဖြစ်သော်လည်း အခွင့်အရေးကောင်းကို ဘယ်တုံးကမှ ရှာမတွေ့ခဲ့ပေ။
ယခု လုချင်း၏ပေါ်ထွက်လာမှုဖြင့် သူသည် မျှော်လင့်ချက်သဲ့သဲ့တစ်ခုကို မြင်တွေ့ခဲ့ရသည်။
အကယ်၍ သူသာ လုချင်းကိုစည်းရုံးနိုင်ပြီး သမားတော်ကြီးချန်နှင့်ဆက်သွယ်နိုင်ခဲ့ပါက သူ့အတွက် မြို့သို့ ပြန်လည်ရောက်ရှိရန် အခွင့်အရေးပင် ရရှိနိုင်ပေလိမ့်မည်။
သူသည် ဘုရားသခင်တောင် စွန့်ပစ်ထားသောဤနေရာကို လုံလုံလောက်လောက်ကို ငြီးငွေ့နေပြီပင်။
အကယ်၍ သူသာ အရင်တုံးက ပြဿနာမရှာခဲ့ပါက သူ၏ဖခင်ကလည်း သူ့ကို ဤနေရာတွင် ငါးနှစ်ကြီးတောင် နေထိုင်ဖို့ရန် အမိန့်ပေးခဲ့မည်မဟုတ်။ သူသာ အရင်တုံးက ပြဿနာမရှာခဲ့ပါက သူသည် ဤနေရာကနေ ထိုငါးနှစ်ထက်စောစွာ ထွက်ခွာသွားရလောက်ပေ၏။
လူကြီးမင်းမာသည် သူ၏နောက်ထပ်လှုပ်ရှားမှုများကို တိတ်တဆိတ်ကြံစည်နေခဲ့သည်။
တစ်ချိန်တည်းတွင် လုချင်းနှင့် ဝမ်တာ့အန်းတို့သည် သူတို့ထွက်ခွာသွားပြီးနောက် ဈေးကြီးတွင် ဖြစ်ပျက်ခဲ့သည်များကို မသိရှိကြပေ။
သို့သော် လုချင်းမှာ ဈေးတွင် သူတို့၏ဝယ်ယူမှုများသည် အတော်ပင် အာရုံစိုက်ခံရကြောင်းကို သိသောကြောင့် ဘေးပတ်ဝန်းကျင်ကို သတိထားနေဆဲပင်။
သို့သော် ရွေးချယ်စရာမရှိပေ။ သူသည် လာမည့်ရက်များတွင် အလုပ်များစွာရှိနေပြီး ဈေးကြီးသို့ မကြာခဏသွားရောက်ရန်မတတ်နိုင်သောကြောင့် ဒီလောက်အထိတော့ သူ စွန့်စားရပေမည်။
ကံကောင်းစွာဖြင့် သူတို့သည် ရွာသို့ အပြန်လမ်းတွင် မမျှော်လင့်ထားသောအဖြစ်အပျက်များနှင့် မကြုံတွေ့ခဲ့ရပေ။
သူတို့သည် သစ်ပင်ကြီးမှ ကြိုးနီကို ဖြုတ်ယူလိုက်ပြီးနောက် ကျောက်ပြားအောက်တွင် ပြန်လည်ထားလိုက်ကာ ကုန်ပစ္စည်းများကို လုချင်း၏အိမ်သို့ ဆက်လက်သယ်ဆောင်သွားခဲ့ကြ၏။
အချိန်သည်ကား မွန်းတည့်နီးပါးသို့ ရောက်နေပြီဖြစ်တာကြောင့် ရွာသားအများစုသည် အိမ်တွင် အနားယူနေကြပြီး ရွာထဲတွင် လမ်းလျှောက်နေသူတို့မှာ နည်းပါးလှပါသည်။
ထို့ကြောင့် လုချင်းအိမ်ပြန်ရောက်သောအခါ၌ သူတို့သည် မည်သူနှင့်မျှမတွေ့ဆုံခဲ့ပေ။
"ဟူး၊ နောက်ဆုံးတော့ ပြန်ရောက်ပြီ။" ဝမ်တာ့အန်းက မောဟိုက်စွာဖြင့် ပစ္စည်းများကို ချလိုက်ရင်း ပြောလိုက်၏။
"ကျေးဇူးတင်ပါတယ်နော် အစ်ကိုတာ့အန်း။ အစ်ကို့ရဲ့အကူအညီသာမပါရင် ကျွန်တော်တော့ ဒီပစ္စည်းတွေအားလုံးကို ပြန်သယ်နိုင်မှာကိုမဟုတ်လောက်ဘူး။" လုချင်းက ကျေးဇူးတင်စွာဖြင့် ပြောလိုက်၏။
ပို၍လေးလံသောပစ္စည်းများဖြစ်သည့် ဟင်းသီးဟင်းရွက်များနှင့်အသားများကိုတော့ ဝမ်တာ့အန်းက သယ်ဆောင်ခဲ့ပြီး လုချင်းကတော့ ပို၍ပေါ့ပါးသောနေ့စဉ်သုံးပစ္စည်းများကိုသာ သယ်ဆောင်ခဲ့သည်။
"ပြောစရာမလိုပါဘူး။ ဒါက ငါ လုပ်သင့်တဲ့အရာပဲလေ။ ဒါ့အပြင် ငါကတောင် မင်းကို ကျေးဇူးတင်သင့်တာကွ။ ဒီနေ့က ငါ လူကြီးမင်းမာနဲ့ ဒီလောက်ထိ နီးနီးကပ်ကပ်စကားပြောဖူးတာ ပထမဆုံးအကြိမ်ပဲ၊ သူက ငါ့နာမည်ကိုတောင် မှတ်သွားတယ်လေ။"
ဝမ်တာ့အန်းက စိတ်လှုပ်ရှားစွာပြောလိုက်၏။
"လူကြီးမင်းမာက အရမ်းကို ဩဇာကြီးတဲ့လူလား။" လုချင်းက စူးစမ်းစွာမေးလိုက်၏။
"ဟုတ်တာပေါ့။ မင်း သိသင့်တယ်၊ ဈေးကြီးတစ်ခုလုံးကို သူကပဲ စီမံခန့်ခွဲတာလေ ၊ ပြီးတော့ သူ့မှာ လက်အောက်ငယ်သားတစ်စုရှိတယ်။ ဒီနယ်မြေမှာဆို သူက ဩဇာအကြီးဆုံးလူကွ။"
ဤသည်မှာ လုချင်းကို ပို၍ပင်နားမလည်ဖြစ်စေခဲ့သည်။
သူ့အတွက်မူ ဈေးကြီး၏စည်ပင်သာယာမှုသည် အနည်းငယ်မမျှော်လင့်ထားသောအရာဖြစ်၏။
သို့သော် ၎င်းသည် ဈေးငယ်တစ်ခုသာဖြစ်ပြီး အရေးမကြီးပေ။
ထိုနေရာတွင် ရောင်းချသောပစ္စည်းများသည် အများအားဖြင့် စိုက်ပျိုးရေးထွက်ကုန်များဖြစ်ပြီး ဇိမ်ခံပစ္စည်းများမဟုတ်ပေ။
ဤသို့သောဈေးမှရရှိသောငွေသည် များပြားမည်မဟုတ်။
သို့သော် လူကြီးမင်းမာ၏အမူအရာကို ကြည့်လိုက်လျှင်ဖြင့် သိနိုင်သည်မှာ ထိုသူသည် ဤသို့သောငွေအနည်းငယ်ကို ဂရုစိုက်သူတစ်ဦးပုံမပေါ်ပေ။
အဘယ်ကြောင့် သူသည် ဈေးကြီးတွင် နေထိုင်နေရသနည်း။
လျှို့ဝှက်ထားတဲ့ အကြောင်းရင်းတစ်ခုခုများ ရှိနေနိုင်လောက်လား။
လုချင်းသည် နားမလည်နိုင်ခဲ့ပေ။
"တာ့အန်း၊ လူကြီးမင်းမာက ဈေးကြီးကို အမြဲတမ်းစီမံခန့်ခွဲခဲ့တာလား။"
"မဟုတ်ဘူး၊ အရင်က ဦးလေးလီလို့ခေါ်တဲ့အဘိုးအိုတစ်ယောက်က စီမံခန့်ခွဲခဲ့တာ။ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကမှ လူကြီးမင်းမာက လွှဲပြောင်းယူခဲ့တာလေ။"
"အဲ့ဒီလိုလား..." လုချင်းက နက်နက်နဲနဲစဉ်းစားနေခဲ့သည်။
"အင်း ၊ ငါ သွားတော့မယ်နော်။ လုချင်း၊ မင်းလည်း အနားယူသင့်တယ်။ ပစ္စည်းတွေအများကြီး သယ်ရင်း ပြန်လာခဲ့ရတော့ မင်းလည်း တော်တော်ပင်ပန်းနေပြီမလား။"
ဝမ်တာ့အန်း ပြန်ဖို့ဟန်ပြင်နေသည်ကို မြင်သောအခါ လုချင်းက အလျင်အမြန်ခေါ်လိုက်ပြီး "ခဏစောင့်ပါဦး အစ်ကိုတာ့အန်း။"
ထို့နောက် သူသည် ခြင်းတောင်းထဲမှ ဝက်သားတစ်တုံးကို ထုတ်ယူလိုက်ပါ၏။ ၎င်းမှာ အဆီတစ်ဝက်၊ အသားတစ်ဝက်ပါသောအပိုင်းဖြစ်သည်။
"ဒီအသားကို အိမ်ပြန်ယူသွားပြီး ဒီည ကောင်းကောင်းလေး ချက်စားလိုက်ပါ။ အဘိုးဝမ်ကိုလည်း မြည်းစမ်းခိုင်းလိုက်။"
"ဟာ ၊ ငါ ဒါကို မယူနိုင်ဘူး။ ဒီအသားက ဈေးမပေါဘူးကွ။ မင်းအတွက်နဲ့ ရှောင်ယန်အတွက်ပဲ သိမ်းထားစမ်းပါကွာ။"
"ကျွန်တော့်မှာ အများကြီးကျန်ပါသေးတယ်ဗျ။ အစ်ကိုလည်း မြင်ခဲ့တာပဲဟာ။ ဒါ့အပြင် အစ်ကိုက ကျွန်တော့်ကို ဈေးကြီးဆီ ဦးဆောင်ခေါ်သွားပေးတာလေ။ ပြီးတော့လည်း ကျွန်တော်ကို ပစ္စည်းတွေအများကြီး ကူသယ်ပေးခဲ့တဲ့ကိစ္စ။ ဒါကို ကျွန်တော် ကျေးဇူးတင်လို့ ပေးတာလို့ မှတ်ပေးပါဗျာ။"
"ဒါပေမဲ့ ဒါက အရမ်းများတယ်ကွ။ ဒီလောက်ကြီးတဲ့အသားတုံးက ဆယ်ပြားထက်တောင် ပိုတန်တယ်လေ။"
"ယူသွားလိုက်ပါဗျာ။" လုချင်းက အတင်းတိုက်တွန်းရင်း ဝက်သားကို ဝမ်တာ့အန်း၏လက်ထဲသို့ ထိုးထည့်လိုက်သည်။ "အစ်ကို မယူရင် ကျွန်တော် နောက်တစ်ခါ အစ်ကို့ရဲ့အကူအညီကို တောင်းဖို့ စိတ်မသက်မသာဖြစ်နေရလိမ့်မယ်ဗျ။"
"ကောင်းပြီလေ။"
လုချင်းဤမျှအတင်းတိုက်တွန်းသည်ကို မြင်သောအခါ ဝမ်တာ့အန်းမှာလည်း အသားကိုလက်ခံရုံသာ တတ်နိုင်တော့သည်။
"အင်းပါ ၊ စိတ်မကောင်းမဖြစ်နဲ့။ အမြန်ပြန်တော့။ ကျွန်တော်တို့ အပြင်ထွက်သွားတာ တော်တော်တောင်ကြာပြီ။ အဘိုးဝမ် အစ်ကို့ကို စိတ်ပူနေလောက်တယ်။ မြန်မြန်အိမ်ပြန်ပြီး အဘိုး စိတ်အေးအောင် လုပ်ပေးလိုက်။"
ဝမ်တာ့အန်းအသားကို လက်ခံပြီးနောက် အနည်းငယ်ရှက်ရွံ့နေဆဲဖြစ်သည်ကို မြင်လိုက်ရတာကြောင့် လုချင်းက သူ့ကို မြန်မြန်အိမ်ပြန်ဖို့ရန် တိုက်တွန်းလိုက်၏။
ဝမ်တာ့အန်းထွက်သွားပြီးနောက်တွင်တော့ လုချင်းသည် အသားတုံးတစ်တုံးကို လှီးဖြတ်လိုက်၏။
ထို့နောက် သူသည် ထိုအသားကို ယူ၍ ရှောင်ယန်ကို ခေါ်ရန် အိမ်နီးချင်းအဘိုးကျန်း၏အိမ်သို့ သွားလိုက်တော့၏။