အသားနံ့
Vol. 4 Ch. 37
မီးဖိုချောင်ထဲ၌ အသားနံ့မွှေးမွှေးလေးမှာ လေထုထဲတွင် ပြည့်နှက်နေခဲ့သည်။
မီးဖိုဘေးတွင် ထိုင်၍ မီးကို ကြည့်ရှုနေသော ရှောင်ယန်လေးမှာတော့ အနံ့ကြောင့် သွားရည်ကျမတတ်ဖြစ်နေခဲ့သည်ပင်။
"ကိုကို၊ ဘယ်တော့စားရမှာလဲဟင်။" ကလေးမလေးက စိတ်မရှည်စွာမေးလိုက်၏။
"ခဏလေးပဲစောင့်။" လုချင်းက ပြန်ဖြေလိုက်ပါ၏။ တကယ်တော့ သူကိုယ်တိုင်လည်း အနည်းငယ်မငြိမ်မသက်ဖြစ်နေခဲ့သည်။
သူသည် ယခင်ဘဝတုံးကလည်း အသားကြိုက်သူတစ်ဦးဖြစ်ခဲ့သည်ပင်။ အသားကြိုက်သူတစ်ဦးအနေဖြင့် လုချင်းသည် ဤကမ္ဘာသို့ရောက်လာကတည်းက ငါးမှလွဲ၍ တခြားကောင်းမွန်သောအသားကို မစားခဲ့ရပေ။ ထို့ကြောင့် ယခုအခါ၌ သူ့အား ဆွဲဆောင်နေသောအနံ့သည် သည်းမခံနိုင်လောက်အောင်ပင်။
လုချင်းသည် ဝက်သားပေါင်းချက်ပြုတ်နေခြင်းဖြစ်၏။ ဟင်းခတ်အမွှေးအကြိုင်များမရှိသောကြောင့် ၎င်းသည် စွပ်ပြုတ်နှင့်တူသော ရိုးရှင်းသောပုံစံသာ။
ဝက်သားပေါင်းချက်ပြုတ်ရန် အတွေးသည် ဈေးကြီးတွင် ပဲငံပြာရည်ရောင်းချသည်ကိုမြင်တုံးက သူ ရရှိခဲ့ခြင်းဖြစ်၏။ လယ်သမားတစ်ဦး၏ဇနီးသည် ၎င်းကို အိုးများဖြင့်ရောင်းချနေခဲ့တာပင်။ မြည်းစမ်းကြည့်ပြီးနောက်၌ လုချင်းသည် ၎င်းမှာ ပဲငံပြာရည်နှင့် အနည်းငယ်တူညီသောအရသာရှိသော်လည်း အငန်ဓာတ်မနည်းကြောင်း သိရှိလိုက်ရကာ ဝမ်းသာသွားခဲ့သည်။
ထို့နောက် သူသည် အများအပြားဝယ်ယူခဲ့ရာ လယ်သမား၏ဇနီးသည်ပင် အလွန်ကျေးဇူးတင်သွားခဲ့သည်။ ထိုငံပြာရည်၏မူလအစအကြောင်းမေးမြန်းပြီးနောက် အဝေးတစ်နေရာတွင်ရှိသော မြို့တစ်မြို့၏စားသောက်ဆိုင်မှ စားဖိုမှူးဟောင်းတစ်ဦး တစ်နည်းအားဖြင့် သူမ၏အဘိုးက ထိုချက်နည်းကို ဖန်တီးခဲ့ကြောင်း လုချင်း သိရှိခဲ့သည်။ သူမကတော့ သူမ၏ဆင်းရဲသောမိသားစုကို ထောက်ပံ့ရန် ဤငံပြာရည်ကို စတင်ပြုလုပ်ခဲ့ပါ၏။
ဤနေရာရှိလူများသည် ငံပြာရည်ကို သိပ်မတန်ဖိုးထားပုံမရသောကြောင့် လုချင်းသည်သာ သူမ၏အကြီးမားဆုံးဖောက်သည်ဖြစ်ခဲ့သည်။ သူမကို သနားသောကြောင့် သူသည် နောက်ထပ်အိုးတစ်လုံးဝယ်ယူခဲ့ရာ ထို့အတွက် သူသည် ပို၍ပင် ကျေးဇူးတင်ခြင်းကို ခံလိုက်ရတော့၏။
ယခု၌ သူ့လက်ထဲတွင် ပဲငံပြာရည် ရှိနေပြီဖြစ်သောကြောင့် လုချင်းသည် ဝက်သားပေါင်းချက်ပြုတ်ရန်ဆုံးဖြတ်လိုက်ပါ၏။ သူသည် အဆီများသောဝက်သားကို အတုံးများလှီးဖြတ်ကာ ရေနွေးဖျောပြီးနောက် အနည်းငယ်ရွှေဝါရောင်သန်းသည်အထိ ကြော်လှော်ခဲ့သည်။ သူသည် အသားမထည့်မီ ငံပြာရည်ကို ဆီသတ်ပြီးနောက် သကြား၊ ဆားနှင့် ရေတို့ဖြင့် ပေါင်းခဲ့၏။
တကယ့် ဝက်သားပေါင်းလိုမျိုး မဟုတ်သော်လည်း လုချင်းသည် တတ်နိုင်သမျှအနီးစပ်ဆုံးတူအောင်တော့ ချက်ခဲ့ပါ၏။ ရိုးရှင်းသောနည်းလမ်းဖြင့် ချက်ပြုတ်ခဲ့တာတောင်မှ အသားနံ့သည် မကြာမီမှာပဲ လေထုထဲတွင် ပြည့်နှက်သွားပြီး မောင်နှမနှစ်ယောက်စလုံးအား သွားရည်ကျစေခဲ့သည်။
အချိန်ကျပြီ ဟု ယူဆပြီးနောက် လုချင်းသည် အိုးကိုဖွင့်လိုက်ရာ ရေနွေးငွေ့တစ်လွှာနှင့် ပြင်းထန်သောအသားနံ့သည် မီးဖိုချောင်ကို ပြည့်နှက်စေကာ အပြင်ဘက်သို့ပင် ပျံ့လွင့်သွားခဲ့တော့၏။
လမ်းသွားလမ်းလာများသည်ပင်လျှင် လုချင်း၏အိမ်မှထွက်ပေါ်လာသော ပြင်းထန်သောအနံ့ကြောင့် အံ့ဩတကြီးရပ်တန့်သွားကြလေ၏။ စူးစမ်းလိုသော်လည်း ကျူးကျော်ဝင်ရောက်ရန် တွန့်ဆိုင်းနေကြပြီး နောက်ဆုံးတွင် တစ်မိနစ်ထက်တစ်မိနစ် ပို၍ပင် ဗိုက်ဆာလာကြသဖြင့် ထွက်ခွာသွားကြတော့သည်။
အနံ့သည် အနီးအနားရှိအိမ်များဆီသို့ ရောက်ရှိသွားကာ သူတို့ထံ၌လည်း အလားတူတုံ့ပြန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
"ဒီလောက်မွှေးတဲ့အသားကိုတောင် ချက်ပြုတ်နေပုံထောက်ရင် လုမိသားစုက ကောင်းကောင်းနေနိုင်နေပြီပဲ။"
"လုမင်နဲ့ သူ့မိန်းမ ဆုံးသွားတော့ ငါက လုချင်းနဲ့ ရှောင်ယန်တော့ ဒုက္ခရောက်တော့မယ်ထင်ခဲ့တာ။ အခုတော့ သူတို့ဘာသာသူတို့ ကောင်းကောင်းနေနိုင်နေတဲ့ပုံပဲ။"
"ငါကြားတာ လုချင်းနဲ့ဝမ်တာ့အန်းက ဈေးကြီးကိုသွားပြီး ပစ္စည်းတွေအများကြီးဝယ်ခဲ့တယ်တဲ့ ၊ ပြီးတော့ သူတို့ကို အစားအသောက်တွေ ဆန်၊ဆီ၊ဆား ချေးပေးခဲ့တဲ့ လူတိုင်းကိုလည်း ပြန်ဆပ်ခဲ့တယ်ဆို။"
"သမားတော်ကြီးချန်က သူ့တပည့်ကို ကောင်းကောင်းဆက်ဆံတာပဲ။"
"ငါ့သားသာ ဒီလောက်အလားအလာကောင်းရင် ငါလည်း သမားတော်ကို သူ့ကို လက်ခံခိုင်းမှာ။"
တစ်ဖက်တွင်တော့ လုချင်းမှာ ရွာသားများ၏ပြောဆိုမှုများကို မသိဘဲ ငံပြာရည်ကိုသာ ပျစ်လာအောင် အာရုံစိုက်နေခဲ့သည်။ သူသည် နူးညံ့သောအသားကို ပန်းကန်ထဲတွင် ထည့်လိုက်သောအခါ၌ အသားတုံးမှာ အနည်းငယ်ပင် တုန်ခါသွားပြီး အလွန်ပင် စားချင်စဖွယ်ဖြစ်နေခဲ့လေ၏။
ထို့နောက် သူသည် ဟင်းသီးဟင်းရွက်စိမ်းအချို့ကို အလျင်အမြန်ကြော်လှော်လိုက်ကာ ညစာအဆင်သင့်ဖြစ်ပြီဟု အော်လိုက်တော့၏။
"ရှောင်ယန်၊ ဒါက ညီမလေးအတွက်။ ဖြည်းဖြည်းစားနော် ၊ ပူတယ်။"
"ဟုတ် ကိုကို။" သူမသည် သူမအစ်ကိုစကားကို နာခံစွာဖြင့် အသားကို အေးသွားအောင် မှုတ်လိုက်၏။
လုချင်းသည်လည်း အသားတစ်တုံးကို ယူပြီး မှုတ်ပြီးနောက် တစ်ကိုက်ကိုက်လိုက်၏။ ထို့နောက်၌ တစ်မုဟုတ်ချင်းပင် သူ၏မျက်လုံးများက တောက်ပသွားခဲ့လေသည်။
ပေါင်းထားသောအသားသည် အရသာရှိပြီး နူးအိနေကာ ကျေနပ်ဖွယ်ကောင်းလှပါ၏။
"ကိုကို၊ ဒါက အရသာရှိလိုက်တာနော်။" ရှောင်ယန်က ဆီများသောအသားတစ်လုတ်ကို ကိုက်လိုက်ရင်း အော်ပြောလိုက်၏။
"ဟုတ်တာပေါ့၊ ဒီလိုအရသာရဖို့ ကိုကြီး အများကြီး ကြိုးစားခဲ့ရတာလေ။" လုချင်းက ဂုဏ်ယူစွာပြောလိုက်၏။
"ကိုကို့ဟင်းချက်လက်ရာက အကောင်းဆုံးပဲ။ ညီမလေးလည်း ကိုကို့ဆီကနေ သင်ချင်တယ်။ ပြီးတော့ အရသာရှိတဲ့အစားအစာတွေ အများကြီးလုပ်ချင်တယ်။" အစားအသောက်ကြိုက်သူလေးက အော်ပြောလိုက်သည်။
"ဒါဆိုရင်တော့ ညီမလေး ကောင်းကောင်းစားပြီး ကြီးပြင်းလာရမယ်နော်။ ညီမလေး ကြီးလာရင်ကျ ကိုကို သင်ပေးမယ် ဟုတ်ပြီလား။"
"ဟုတ်။"
မောင်နှမနှစ်ယောက်သည် အံ့ဩဖွယ်ကောင်းသောအစားအစာကို နှစ်ခြိုက်စွာ စားသုံးခဲ့ကြသည်။ သန့်ရှင်းရေးလုပ်ပြီးနောက် လုချင်းသည် အထည်တစ်စကို ယူ၍ အိမ်နီးချင်းအဘိုးကျန်း၏အိမ်သို့ သွားခဲ့သည်။
"အဘိုးကျန်း၊ ကျွန်တော့်အဒေါ်နှစ်ယောက် အိမ်မှာရှိလား။"
အပ်ချုပ်စွမ်းရည်ကြောင့် လူသိများသော အဒေါ်နှစ်ယောက်ထွက်လာခဲ့သည်။
"ကျွန်တော်ဈေးမှာ ရှောင်ယန်အတွက် အဝတ်အစားချုပ်ဖို့ အထည်နည်းနည်းဝယ်ခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော်က အပ်မချုပ်တတ်ဘူးလေ။ အဲ့တာ ကျွန်တော့်ကို ကူညီပေးနိုင်မလားဗျ။ ကျွန်တော် ပိုက်ဆံပေးပါ့မယ်။"
"ပိုက်ဆံကိစ္စမပြောပါနဲ့အေ။ အချင်းချင်းကူညီတာပဲကိစ္စ။" သူမက အထည်ကို ယူရင်း ပြောလိုက်သည်။ "မနက်ဖြန်ကျ ရှောင်ယန်ကို ကိုယ်တိုင်းဖို့ ခေါ်လာခဲ့ချေ။"
"မင်းက အရမ်းယဉ်ကျေးတာပဲ လုချင်းရယ်။ ငါတို့ လုပ်ပေးမှာပါကွ။" အဘိုးကျန်းကပါ ဝင်ပြောလာ၏။
အိမ်ပြန်ရောက်သောအခါ လုချင်းသည် ခြံဝင်းထဲတွင် ကစားနေသော ရှောင်ယန်ကိုကြည့်ရင်း ပြုံးလိုက်၏။ သူမ၏ဖာထေးထားသောအဝတ်အစားများသည် တော်တော်လေးကို စုတ်ပြဲနေပြီဖြစ်သည်။ သူသည် သူမအတွက် အံ့ဩဖွယ်ရာတစ်ခုအဖြစ် အဝတ်အစားအသစ်ချုပ်ပေးဖို့အတွက် ဒီနေ့မှာ အထည်ကို ဝယ်ခဲ့ခြင်းပင်။
ထိုညတွင် ရှောင်ယန်သည် မလာခဲ့သော ညဝိညာဉ်ကြောင်မြီးတိုကို စောင့်ဆိုင်းရင်း အိပ်ပျော်သွားခဲ့သည်။ သူမသည် နောက်တစ်နေ့နံနက်တွင် အဝတ်အစားအသစ်အကြောင်း ကြားသိသည်အထိ စိတ်ဆိုးနေခဲ့သည်။
နှစ်ရက်အကြာတွင် ရှောင်ယန်သည် သူမ၏အဝတ်အစားအသစ်ဖြင့် တောက်ပနေပြီး ရက်ပေါင်းများစွာ ကြွားဝါနေခဲ့ပါ၏။
ဈေးမှ လုံလုံလောက်လောက်ဝယ်လာသော ထောက်ပံ့ပစ္စည်းများဖြင့် လုချင်းသည် ရွာတွင် နေထိုင်ကာ သမားတော်ချန်ထံတွင် လေ့လာခြင်း၊ စိုက်ပျိုးရေးလုပ်ခြင်းနှင့် သူ၏ချက်ပြုတ်စွမ်းရည်ကို အသုံးချခြင်းတို့ကို ပြုလုပ်ခဲ့သည်။
သူသည် ညဝိညာဉ်ကြောင်မြီးတိုအတွက်ပင် ရံဖန်ရံခါငါးမျှားခဲ့ပြီး ငြိမ်းချမ်းသောပုံမှန်ဘဝ၌ နေထိုင်နေခဲ့ပါ၏။
တစ်နေ့သော နံနက်ခင်းတွင်တော့ သူနှင့် ရှောင်ယန်တို့ အဘိုးချန်၏အိမ်သို့ ရောက်ရှိသောအခါ သမားတော်ချန်က လုချင်းအား "ဆေးဖက်ဝင်အပင်တစ်ရာကျမ်း" ကို ဖတ်ရှုရန်မလိုအပ်တော့ကြောင်း ပြောလာခဲ့တော့သည်။