← Chapters

အကဲဖြတ်ခြင်း

Vol. 4 Ch. 38

အကဲဖြတ်ခြင်း

Vol. 4 Ch. 38

"အဘိုးချန်၊ အဘိုးက ကျွန်တော့်ကို 'ဆေးဖက်ဝင်အပင်တစ်ရာကျမ်း' ကို ထပ်လေ့လာစရာမလိုတော့ဘူးလို့ ပြောနေတာလား။" လုချင်းမှာ အနည်းငယ်အံ့အားသင့်သွားခဲ့ရ၏။

"ဟုတ်တယ်။ မင်းရဲ့သင်ယူနိုင်တဲ့အရှိန်နှုန်းက ငါ့မျှော်လင့်ထားတာထက်တောင် ကျော်လွန်သွားပြီလေ။ မင်း 'ဆေးဖက်ဝင်အပင်တစ်ရာကျမ်း' ကို သေချာဖတ်ရပြီးသွားပြီမလား။ ဒီတော့ ရှေ့လျှောက် ရံဖန်ရံခါမှာ ပြန်လည်သုံးသပ်ကြည့်လိုက်ရုံပဲ ၊ အထူးတလည်လေ့လာစရာမလိုတော့ဘူး။"

သမားတော်ချန်က သူ၏မုတ်ဆိတ်ကိုပွတ်သပ်ရင်း ပြောလိုက်၏။

ဤကာလအတွင်း သူသည် လုချင်း၏စွမ်းဆောင်ရည်ကို အလွန်ကျေနပ်နေခဲ့သည်။

လုချင်း၏ဉာဏ်ရည်သည် သူ၏မျှော်လင့်ချက်များကိုပင် ကျော်လွန်နေခဲ့ပါ၏။

တစ်လခွဲသာရှိသေးသော်လည်း လုချင်းသည် 'ဆေးဖက်ဝင်အပင်တစ်ရာကျမ်း' ကို ကျွမ်းကျင်နေခဲ့ပြီပင်။

မူလကတော့ သမားတော်ချန်မှာ အကယ်၍ လုချင်းသာ 'ဆေးဖက်ဝင်အပင်တစ်ရာကျမ်း' ကို တစ်လအတွင်း ချောမွေ့စွာ ဖတ်ရှုနိုင်ပါက တော်တော်လေးပင် ကောင်းနေပြီဟု တွေးထင်ခဲ့သည်။

"ဒါက အဘိုးရဲ့သင်ကြားပြသမှုကောင်းလို့ပါဗျာ။"

လုချင်း၏နှလုံးသည် အတော်ပင်ဖြေလျှော့သွားခဲ့သည်။

နောက်ဆုံးတော့ သူသည် 'ဆေးဖက်ဝင်အပင်တစ်ရာကျမ်း' ကို ထပ်လေ့လာစရာမလိုတော့ပေ။

ဤကာလအတွင်း သူသည် 'ဆေးဖက်ဝင်အပင်တစ်ရာကျမ်း' ကို မည်မျှသေချာဖတ်ရှုခဲ့သည်ကို ကောင်းကင်ဘုံသာ သိပေလိမ့်မည်။

သူသည် ၎င်းကို နောက်ပြန်ပင် ရွတ်ဆိုနိုင်နေပြီပင်။

သို့သော် သူသည် 'ဆေးဖက်ဝင်အပင်တစ်ရာကျမ်း' ကို တစ်ကြိမ်တည်းဖြင့် လုံးဝအလွတ်ကျက်မှတ်ခဲ့ကြောင်းကိုတော့ မဖော်ထုတ်နိုင်ပေ။

သူသည် သူ၏ဉာဏ်ရည်ကို ပြသလိုလျှင်ပင် လက်ခံနိုင်သောလုပ်ငန်းစဉ်တစ်ခုရှိရန် လိုအပ်သည်။

မဟုတ်ပါက သူ၏ထူးခြားသောပါရမီကို ချက်ချင်းပြသခြင်းသည် ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုကို ဖြစ်စေနိုင်ပါ၏။

ယခုအခါ သူသည် နောက်ဆုံးတွင် ဤအခိုက်အတန့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

"လုချင်း၊ မင်းရဲ့ဉာဏ်ကောင်းမှုက ငါ့မျှော်လင့်ထားတာတွေကို ကျော်လွန်သွားပေမယ့် ငါတို့သဘောတူထားတဲ့အကဲဖြတ်မှုကိုတော့ ဆက်ပြီးတော့ လုပ်ရဦးမှာပဲ။" သမားတော်ချန်က ပြောလိုက်၏။

"ကျွန်တော် နားလည်ပါတယ်။ အဘိုးချန်၊ ကျေးဇူးပြုပြီး အကဲဖြတ်တာကို လုပ်ပေးပါ။" လုချင်းက လေးစားစွာပြန်ဖြေလိုက်၏။

"မင်း 'ဆေးဖက်ဝင်အပင်တစ်ရာကျမ်း' ကို သေချာဖတ်ခဲ့ပြီးပြီ၊ ဒါပေမဲ့ စာသားကို မှတ်မိရုံနဲ့မလုံလောက်ဘူးကွ။ တကယ်နားလည်ဖို့အတွက် လက်တွေ့အသုံးချမှုနဲ့ ပေါင်းစပ်ရမယ်။"

"ငါ့အကဲဖြတ်မှုက ရိုးရှင်းပါတယ်။ မင်းတစ်နာရီအတွင်းမှာ 'ဆေးဖက်ဝင်အပင်တစ်ရာကျမ်း' မှာ မှတ်တမ်းတင်ထားတဲ့ ဆေးဖက်ဝင်အပင်ဆယ်မျိုးကို ရွာအနီးအနားမှာ ရှာပြီး ငါ့ဆီကို ယူလာရမယ်။"

"ဒါပေမဲ့ မင်း မှတ်ထားရမှာက မင်း စာအုပ်ကို ယူသွားလို့မရဘူး၊ ပြီးတော့ ဆေးပင်တွေကို မှားပြီးတော့လည်း မခူးရဘူး။ ဒါ့အပြင် ဆေးပင် ခူးတဲ့အခါမှာလည်း ဆေးပင်တွေကို မပျက်စီးစေနဲ့။"

လုချင်းသည် သမားတော်ချန်၏စကားများကို တိတ်တဆိတ်အလွတ်ကျက်မှတ်ပြီးနောက် သူစကားဆုံးမှသာ မေးလိုက်၏။ "ဒါပဲလား အဘိုးချန်။"

"ဟုတ်တယ်၊ ဒါပဲ။ မင်း ဒီဟာတွေကို ပြီးအောင်လုပ်နိုင်ရင်တော့ ငါ မင်းကို ငါ့ရဲ့ ပထမဆုံးတပည့်နဲ့ တစ်ဦးတည်းသောတပည့်အဖြစ် တရားဝင် လက်ခံမယ်။"

"စိတ်ချပါ၊ ကျွန်တော် အဘိုးကို စိတ်မပျက်စေရပါဘူး။" လုချင်းက ယုံကြည်မှုရှိစွာပြောလိုက်၏။

"ရော့ ၊ ဒီဆေးပင်ထည့်တဲ့ ခြင်းတောင်းနဲ့ ပေါက်တူးကို ယူသွား။ မှတ်ထားနော် ၊ မင်းမှာ တစ်နာရီပဲ အချိန်ရှိတယ်။ အချိန်ကျော်သွားရင် ဆေးပင်တွေအားလုံးစုဆောင်းနိုင်ရင်တောင် အောင်မြင်တယ်လို့ မသတ်မှတ်ဘူး။"

ထို့နောက် သမားတော်ချန်က လုချင်းအား ကိရိယာနှစ်ခုပေးအပ်လိုက်၏။

"ဒါဆိုရင် ကျွန်တော် အခုပဲ သွားလိုက်ပါတော့မယ်။"

ပြောပြီးသည်နှင့် လုချင်းသည် ဆေးပင်ထည့်သည့်ခြင်းတောင်းနှင့် ပေါက်တူးကို ယူ၍ တောင်ပေါ်မှ ဆင်းသွားခဲ့သည်။

တောင်ခြေသို့ ရောက်သည်နှင့် သူသည် ဆေးဖက်ဝင်အပင်တစ်မျိုးကို တွေ့ရှိလိုက်၏။

[မိုးကြိုးအမြစ်မြက် - အရည်အသွေးမြင့်မားကာ ဆေးဖက်ဝင်သည်။ အပူကင်းစင်စေပြီး အဆိပ်ဖြေပေးနိုင်ကာ အပူရောဂါများနှင့် ချောင်းဆိုးခြင်းကို ကုသရာတွင် အသုံးဝင်သည်။]

ဤမိုးကြိုးအမြစ်မြက်သည် 'ဆေးဖက်ဝင်အပင်တစ်ရာကျမ်း' တွင် အမှန်တကယ်မှတ်တမ်းတင်ထားပါ၏။

သူ၏နတ်မျက်စိစွမ်းရည်က ဖော်ပြသော အရည်အသွေးမြင့်မားမှုကို မြင်သောအခါ လုချင်းသည် ချက်ချင်းပင် ခါးကုန်း၍ ဆေးပင်ကို တူးလိုက်တော့၏။

သမားတော်ချန်ပေးသောပေါက်တူးသည် အတော်ပင်ထက်ရှသောကြောင့် လုချင်းသည် ဆေးပင်ကို မတော်တဆ ဖျက်ဆီးမိသွားမည်ကိုစိုးရိမ်သောကြောင့် ဂရုတစိုက်တူးခဲ့သည်။

အကဲဖြတ်စံနှုန်းများထဲမှ တစ်ခုမှာ ဆေးပင်များကို မပျက်စီးစေရန်ဖြစ်၏။

လုချင်းသည် ဂရုတစိုက်ဖြင့် မိုးကြိုးအမြစ်မြက်ကို တူးဖော်ပြီးနောက်၌ ဆေးပင်ခြင်းတောင်းထဲသို့ ထည့်လိုက်တော့၏။ အချိန်ကို စဉ်းစားပြီးနောက် သူသည် အရေးကြီးသည့်အချက်ကို သိလိုက်ရသည်။

မိုးကြိုးအမြစ်မြက်တစ်ပင်တူးဖော်ရုံဖြင့်တင် တစ်နာရီ၏လေးပုံတစ်ပုံနီးပါး ကြာမြင့်ခဲ့သည်ပင်။

သူ ဤနှုန်းဖြင့်သာ ဆက်လက်လုပ်ဆောင်ပါက ဆေးပင်ဆယ်ပင်တူးဖော်ရန် လေးပုံတစ်ပုံ၏ ဆယ်ခုစာလောက် ကြာမြင့်ပေလိမ့်မည်။

သို့သော် သမားတော်ချန်က သူ့ကို အချိန်တစ်နာရီသာပေးထားခဲ့သည်။

"ငါ ဒီလောက်ထိနှေးနေလို့မဖြစ်ဘူး၊ ငါ အရှိန်မြှင့်ဖို့လိုတယ်။"

အစကတော့ လုချင်းမှာ ဆေးဖက်ဝင်အပင်ဆယ်မျိုးကို ရှာဖွေခြင်းသည် သူ၏အထူးစွမ်းရည်ဖြင့် ရိုးရှင်းစွာ လုပ်နိုင်လိမ့်မည်ဟု ထင်ခဲ့မိတာပင်။

သို့သော် ယခုအခါတွင်တော့ လုချင်းသည် အကယ်၍ သူသာ ပေါ့ဆမိလိုက်ပါက အကဲဖြတ်မှုကို မအောင်မြင်နိုင်ကြောင်း သဘောပေါက်သွားခဲ့တော့၏။

သူ၏စိတ်အေးလက်အေးသဘောထားကို ဘေးဖယ်ထားပြီးနောက် လုချင်းသည် သူ၏ခြေလှမ်းများကို အရှိန်မြှင့်ကာ အခြားနေရာများသို့ သွားလိုက်သည်။

လမ်းတစ်လျှောက်တွင် သူသည် လမ်း၏နှစ်ဖက်စလုံးရှိ ချုံပုတ်များကို ဆက်လက်စစ်ဆေးနေခဲ့သည်။

သူသည် 'ဆေးဖက်ဝင်အပင်တစ်ရာကျမ်း' ရှိ အပင်များနှင့်တူညီသောအပင်များကိုမြင်သောအခါ ချက်ချင်းပင် သူ၏နတ်မျက်စိစွမ်းရည်ကို အသုံးပြ၎င်းတို့၏သတင်းအချက်အလက်များကို စစ်ဆေးလိုက်ပါ၏။

၎င်းတို့အား 'ဆေးဖက်ဝင်အပင်တစ်ရာကျမ်း' တွင်မှတ်တမ်းတင်ထားကြောင်း အတည်ပြုပြီးသည်နှင့် သူသည် ဆေးပင်တို့ကို တူးဖော်စပြုတော့သည်။

ဒုဓလီ၊ ကျပ်ပင် ၊ ဌက်ပျောမျိုး...

'ဆေးဖက်ဝင်အပင်တစ်ရာကျမ်း' တွင် မှတ်တမ်းတင်ထားသောဆေးပင်များကို တစ်ပင်ပြီးတစ်ပင် တူးဖော်လိုက်ပြီး ဆေးပင်ခြင်းတောင်းထဲသို့ ထည့်လိုက်၏။

ဆေးပင်များကို တူးဖော်ရင်း သူ၏နဖူးသည် ချွေးတဒီးဒီးကျနေလေကာ ရွှံ့ပေနေသောလက်ဖြင့် သုတ်လိုက်မိသောအခါ၌ ညစ်ပတ်သောရွှံ့အစင်းကြောင်းများအဖြစ် နဖူးထက်တွင် ကျန်ရစ်ခဲ့သည်။

လမ်းသွားလမ်းလာရွာသားများသည် လုချင်းကို ထိုသို့ မြင်လိုက်ရသောအခါ၌ မရယ်ဘဲမနေနိုင်တော့ပေ။

"လုချင်း၊ မင်း ဘာလုပ်နေတာလဲ၊ မင်းကြည့်ရတာ ရွှံ့လူးနေတဲ့ မျောက်လိုပဲကွာ။"

"ဦးလေးဝမ်၊ ကျွန်တော် ဆေးဖက်ဝင်အပင်တွေ တူးနေတာဗျ။ ဒါက အဘိုးချန်ပေးတဲ့တာဝန်တစ်ခုလေ၊ ကျွန်တော် ပေါ့ဆလို့မဖြစ်ဘူး။" လုချင်းက ပြန်ဖြေလိုက်၏။

"အော် ၊ ဒါ သမားတော်ချန်ပေးလိုက်တဲ့တာဝန်တစ်ခုကိုး။ ဒီလိုဆိုမှတော့ မင်း အဲ့ဒါကို အလေးအနက်ထားသင့်တာပေါ့။ ငါ့အကူအညီလိုသေးလား။" ဦးလေးဝမ်၏အမူအရာသည် လေးနက်သွားခဲ့သည်။

ရွာသားများသည် သမားတော်ချန်ကို နက်နက်ရှိုင်းရှိုင်းကို လေးစားကြသည်ပင်။

၎င်းသည် သူ၏တာဝန်တစ်ခုဖြစ်ကြောင်းကြားရသောအခါ သူတို့သည် နောက်ပြောင်ရန်မရဲဝံ့တော့ပေ။

"မလိုပါဘူး၊ မလိုပါဘူး။ ဒါက ကျွန်တော်ကိုယ်တိုင်လုပ်ရမယ့်အရာတစ်ခုမလို့ပါ။ ဒါက ဒီကာလအတွင်း ကျွန်တော့်သင်ယူခဲ့တာတွေရဲ့အကဲဖြတ်မှုတစ်ခုပါဗျ။" လုချင်းက လက်ဝှေ့ယမ်းရင်းငြင်းဆိုလိုက်၏။

"အဲ့ဒီလိုလား။ ဒါဆိုရင် မင်း အကောင်းဆုံးကြိုးစားရမယ် လုချင်း။ သမားတော်ချန်ကို စိတ်ပျက်စေမနေနဲ့။" ဦးလေးဝမ်၏အမူအရာသည် ပို၍ပင်လေးနက်သွားခဲ့သည်။

လုချင်းကောင်းမွန်စွာသင်ယူနိုင်ခြင်းသည် ရွာ၏အနာဂတ်ဆေးကုသမှုလိုအပ်ချက်များနှင့် သက်ဆိုင်နေပါ၏။

"ဟုတ်ကဲ့၊ ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်။" လုချင်းက လက်ဝှေ့ယမ်းလိုက်ရင်း "ဦးလေးဝမ်၊ ကျွန်တော်သွားရတော့မယ်။ အဘိုးချန်က ကျွန်တော့်ကို အချိန်တစ်နာရီပဲပေးထားတာမို့ ၊ ကျွန်တော် ဆေးပင်တွေ ထပ်တူးဖို့ လိုသေးလို့လေ။"

လုချင်း ထွက်ခွာသွားသည်ကိုကြည့်ရင်း ဦးလေးဝမ်သည် ချက်ချင်းပင် ရွာသို့ပြန်ပြေးသွားခဲ့သည်။

မကြာမီ ရွာရှိလူတိုင်းနီးပါးသည် လုချင်းက သမားတော်ချန်ပေးသော အကဲဖြတ်တာဝန်တစ်ခုကို လုပ်ဆောင်နေကြောင်းကို သိရှိသွားကြတော့၏။

ရလဒ်အနေဖြင့် သူတို့ လုချင်းကိုမြင်လျှင်ပင် သူ့ကို မနှောင့်ယှက်ရဲကြပေ။

သူတို့သည် အကယ်၍ လုချင်းသာ အကဲဖြတ်မှုကိုမအောင်မြင်ပါက သူ တောင်ပေါ်မှနှင်ချခံရမည်ကို စိုးရိမ်နေကြပါ၏။

ကလေးငယ်များကိုပင် လုချင်းနားသို့ သွားမရှုပ်ရန် မှာထားကြပါ၏။ အကြောင်းမှာ လုချင်းအား အာရုံပျံ့လွင့်စေခြင်းမဖြစ်စေရန်အတွက်ပင်။

ဆေးပင်များစုဆောင်းခြင်းကိုအာရုံစိုက်နေသော လုချင်းကတော့ ရွာသားများ၏လုပ်ဆောင်မှုများကို သတိမပြုမိခဲ့ပေ။

ယနေ့၌ ရွာသည် ပုံမှန်ထက် ပို၍တိတ်ဆိတ်နေသည်ကိုသာ ထူးဆန်းသည်ဟူသော အတွေးကိုပဲဲ လုချင်း တွေးခဲ့မိပါ၏။

ပုံမှန်အားဖြင့် ဤအချိန်တွင် ကလေးများသည် ပြေးလွှားဆော့ကစားကာ ပရမ်းပတာဖြစ်နေကြပေလိမ့်မည်။

သို့သော် ဤအတွေးသည် လုချင်း၏စိတ်ထဲတွင် ခဏမျှသာပေါ်ထွက်လာကာ ရုတ်ချည်းပင် အတွေးတွေကို ဖယ်ရှားလိုက်၏။

ဤအချိန်တွင် သူသည် ဤသို့သောအရာများကို စဉ်းစားရန် အချိန်မရှိပေ။

သူသည် ဆေးပင်ရှစ်မျိုးကို စုဆောင်းပြီးပြီပင်။ နောက်ထပ်နှစ်မျိုးထပ်လိုအပ်သော်လည်း အချိန်မှာ တော်တော်လေးကို ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။

သူ အလျင်စလိုမလုပ်ပါက အကဲဖြတ်မှုကို တကယ်ကြီး မအောင်မြင်နိုင်တော့ပေ။

ဤအချိန်တွင် လုချင်းသည် အနည်းငယ်နောင်တရသွားခဲ့သည်။

သူသည် သာမန်အချိန်များ၌ ရွာပတ်လည်ရှိ ဆေးပင်များကို သိပ်အာရုံမစိုက်ခဲ့ပေ၊ မဟုတ်ပါက သူသည် ယခုအချိန်တွင် ဤမျှဖိအားများနေမည်မဟုတ်။

သူ၏အထူးစွမ်းရည်ကို အလွန်အကျွံအားကိုးခြင်းသည် အမြဲတမ်းကောင်းမွန်သောအရာမဟုတ်ဟု သူ တွေးလိုက်မိ၏။

သူ၏စွမ်းရည်ဖြင့် ဆေးပင်များကို အချိန်မရွေးရှာဖွေနိုင်သည်ဟု ထင်ခဲ့မိခြင်းက သူ့အား ပေါ့ဆစေခဲ့တာပင်။

ကံကောင်းစွာဖြင့် လုချင်း၏ကံသည် မဆိုးလှပေ။ မကြာမီမှာပဲ သူသည် 'ဆေးဖက်ဝင်အပင်တစ်ရာကျမ်း' တွင်မှ တ်တမ်းတင်ထားသော အခြားဆေးပင်တစ်မျိုးကို တွေ့ရှိခဲ့၏။

"ဆေးပင်တစ်မျိုးပဲ ကျန်တော့တယ်။"

ဆေးပင်ကို ဂရုတစိုက်တူးဖော်ပြီးနောက် လုချင်းသည် သက်ပြင်းတစ်ချက်ချလိုက်၏။

သို့သော် သူသည် အချိန်ကုန်တော့မည်ကိုလည်း သိသည်။

"နောက်ဆုံးဆေးပင်ကို ဘယ်မှာ ရှာတွေ့နိုင်မလဲ။"

လုချင်းသည် ခဏစဉ်းစားပြီးနောက် ရုတ်တရက် သူ့နဖူးသူ ရိုက်လိုက်၏။

"ဟုတ်တာပေါ့၊ ငါ ဒါကို ဘယ်လိုလုပ်မေ့သွားရတာလဲ။ ငါ့နှာခေါင်းပေါက်အောက်မှာပဲကိစ္စ၊ ငါ အလွယ်တကူလျစ်လျူရှုမိမတတ်ဖြစ်သွားတဲ့ အရင်းနှီးဆုံးအရာပဲ။"

ထိုသို့ဖြင့် သူသည် သူ၏အိမ်ဆီသို့ ပြေးသွားခဲ့သည်။

ရွာသားတစ်ဦးသည် လုချင်းပြေးနေသည်ကိုမြင်ပြီး တုန်လှုပ်သွားခဲ့သည်။

"လုချင်း၊ ဘာဖြစ်လို့လဲ။ အကဲဖြတ်မှုမှာ တစ်ခုခုမှားသွားလို့လား။"

"မဟုတ်ဘူး၊ ကျွန်တော် အဆင်ပြေပါတယ်ဗျ။"

လုချင်းသည် ရွာသားများက သူ၏အကဲဖြတ်မှုအကြောင်း မည်သို့သိရှိနေသည်ကိုပင် အံ့ဩဖို့ရန် အချိန်ရှိမနေခဲ့။ သူသည် ပြေးရင်းသာ ပြန်ဖြေလိုက်ရပါ၏။

မကြာမီတွင် သူသည် သူ၏အိမ်သို့ ရောက်ရှိသွားပြီး သူ၏ခြံဝင်းထောင့်ရှိ ကောင်းမွန်စွာ ကြီးထွားနေသောအပင်တစ်စုကို ကြည့်ရင်း ပြုံးလိုက်၏။

"မင်းပဲကိုး၊ နွားအရိုးမြက်။"

All Chapters