← Chapters

တပည့်ခံယူပွဲ

Vol. 4 Ch. 39

တပည့်ခံယူပွဲ

Vol. 4 Ch. 39

"အဘိုးချန်၊ ကျွန်တော် ဆေးပင်တွေအားလုံးကိုစုဆောင်းပြီးသွားပါပြီ။"

တောင်ကုန်းပေါ်မှ အိမ်တွင် လုချင်းသည် အနည်းငယ်မောဟိုက်စွာဖြင့် ဆေးပင်ခြင်းတောင်းကို သမားတော်အဘိုးကြီးချန်အား ပြသလိုက်၏။

နွားအရိုးမြက်ကို တူးဖော်ပြီးနောက် သူသည် အချိန်မီမရောက်မည်ကိုစိုးရိမ်သောကြောင့် တစ်လမ်းလုံးပြေးတက်လာခဲ့တာပင်။

သမားတော်အဘိုးကြီးသည် ခြင်းတောင်းထဲမှ ဆေးပင်များကိုကြည့်ပြီး ကျေနပ်စွာခေါင်းညိတ်လိုက်၏။

"မဆိုးဘူး၊ မဆိုးဘူး။ မင်း ဒီဆေးပင်တွေအားလုံးကို တကယ်စုဆောင်းနိုင်ခဲ့တာပဲ။"

"အဘိုးချန်၊ အဲ့ဒါက ဘာကိုဆိုလိုတာလဲ။" လုချင်းက နားမလည်စွာမေးလိုက်၏။

သမားတော်အဘိုးကြီးသည် ထပ်ပြောစရာရှိပုံရသည်။

"ငါ ဘာလို့ ရှာရမဲ့နေရာကို ရွာနားမှာပဲလို့ သတ်မှတ်ခဲ့လဲဆိုတာ မင်းသိလား။" သမားတော်အဘိုးကြီးက မေးလိုက်၏။

"မသိဘူးဗျ။" လုချင်းက ခေါင်းခါပြလိုက်သည်။

“ရွာနားမှာ ပေါက်တဲ့ဆေးပင်တွေက တကယ်တော့ နည်းနည်းပဲရှိတယ်၊ အများဆုံးဆယ်မျိုးလောက်ပဲရှိတယ်။" သမားတော်အဘိုးကြီးက သူ၏မုတ်ဆိတ်ကိုပွ တ်သပ်လိုက်သည်။ "မင်း ဒီဆေးပင်တွေကို အထိအခိုက်မရှိဘဲနဲ့ တူးဖော်ပြီး တစ်နာရီအတွင်း ဒီကို ယူလာနိုင်တာက သာမန်အချိန်တွေမှာတောင် ဒီဆေးပင်တွေကို မင်း အာရုံစိုက်ခဲ့တယ်ဆိုတာကို ပြောပြနေတဲ့သဘောပဲကွ။"

ဤသို့ကြားရသောအခါ လုချင်းသည် အနည်းငယ်ရှက်ရွံ့သွားခဲ့သည်။

တကယ်တော့ သူသည် သာမန်အချိန်များ၌ ရွာနားရှိ ဆေးပင်များအပေါ် အထူးတလည်အာရုံမစိုက်ခဲ့ပေ။

မသိစိတ်အရ သူသည် စည်ကားသောရွာတစ်ရွာနားတွင် တန်ဖိုးကြီးဆေးပင်များရှိမည်မဟုတ်ဟု ယုံကြည်ခဲ့မိတာတာကြောင့်ဖြစ်ကောင်းဖြစ်နိုင်ပါ၏။

ဒါကြောင့် သူ ရွာအပြင်သို့ ထွက်မှသာ တခြားနေရာများ၌ သူ၏နတ်မျက်စိစွမ်းရည်ကို အသုံးပြု၍ စစ်ဆေးမိခဲ့တာပင်။

သူသည် သူ၏စွမ်းရည်ကို ရွာအနီးတစ်ဝိုက်ရှိ ဆေးပင်များကို ရှာဖွေရန်အတွက် အသုံးချလို့ရသော်ငြား သူ၏ယုံကြည်ချက်အမှားကြောင့် ရွာပြင်ရောက်မှသာ သူ့စွမ်းရည်ကို အသုံးပြုမိပါ၏။ သူ လုပ်လို့ရသော်ငြား မလုပ်မိခဲ့ပေ။

သူ၏စိတ်နေစိတ်ထားသည် အလွန်ပင် ပေါ့လျော့နေပုံရသည်။

သမားတော်အဘိုးကြီးပင်လျှင် ရွာနားတွင် မည်သည့်ဆေးပင်များရှိသည်ကို သိသော်လည်း နတ်မျက်စိစွမ်းရည်ရှိနေသည့် သူကတော့ ရှာဖွေတာကိုပင် မလုပ်ခဲ့မိပေ။ ၎င်းမှာ အမှန်တကယ်ကို ခွင့်လွှတ်နိုင်စရာမရှိပေ။

လုချင်းသည် သူ့အပြုအမူကိုသူ ပြန်လည်မသုံးသပ်ဘဲ မနေနိုင်တော့ပေ။

သမားတော်အဘိုးကြီးသည် လုချင်းတိတ်ဆိတ်နေသည်ကို မြင်သောအခါ၌ သူ့စကားကို အသိအမှတ်ပြုသည့်အနေဖြင့် တိတ်နေသည်ဟု ထင်လိုက်ပါ၏။

သူသည် ပြုံးလိုက်ပြီး "ကောင်းပြီ၊ မင်း ဒီအကဲဖြတ်မှုကို အောင်မြင်သွားပြီ။ အခုသွားပြီး ရွာကအကြီးအကဲတွေကို ဒီကို ဖိတ်ခေါ်လိုက်။"

"ရွာကအကြီးအကဲတွေကို ဒီကိုဖိတ်ခေါ်ရမယ် ဟုတ်လား။" လုချင်းသည် အနည်းငယ်မှင်တက်သွားခဲ့သည်။

"ဟုတ်တယ်လေ၊ ငါ မင်းကို ငါ့ရဲ့တပည့်အဖြစ် တရားဝင် လက်ခံချင်တယ်။ ဒီတော့ သက်သေအချို့ရှိသင့်တယ်လေ ၊ မဟုတ်ရင် အရမ်းကို ပေါ့ပေါ့ဆဆလုပ်တာ ဖြစ်သွားမှာပေါ့ကွ။"

"ဟုတ်ကဲ့ပါ ၊ ကျွန်တော် ချက်ချင်းသွားလိုက်ပါ့မယ်။"

လုချင်းသည် ဝမ်းသာအားရဖြင့် တောင်ပေါ်မှပြန်ပြေးဆင်းသွားခဲ့သည်။

ထိုစဉ် ရွာသားများမှာတော့ လုချင်းသည် ယနေ့တွင် သမားတော်အဘိုးကြီး၏အကဲဖြတ်မှုကို ခံယူနေကြောင်းကို သိသောကြောင့် တစ်လျှောက်လုံး အာရုံစိုက်နေခဲ့ကြတာပင်။

လုချင်းတော င်ပေါ်မှပြေးဆင်းလာသည်ကို မြင်ပြီး သမားတော်အဘိုးကြီးက လုချင်းကို တရားဝင်တပည့်အဖြစ် လက်ခံခြင်းအခမ်းအနားကို သက်သေအဖြစ် ရွာရှိအကြီးအကဲများကို ဖိတ်ခေါ်ချင်ကြောင်းကို သိရှိလိုက်ရသောအခါမှသာ လူတိုင်းဝမ်းသာသွားကြသည်။

"ကောင်းတယ်၊ ကောင်းတယ်၊ ငါတို့ရွာမှာ နောက်ဆုံးတော့ သမားတော်တစ်ယောက်ရှိလာပြီကွ။"

"တော်လိုက်တာ လုချင်းရာ။ မင်းက ငါတို့ရွာရဲ့အတော်ဆုံးကလေးပဲ၊ အကဲဖြတ်မှုကို တကယ်အောင်မြင်သွားတာပဲ။"

"လုချင်း၊ သမားတော်ချန်ကို ငါတို့ မကြာခင် လာခဲ့မယ်လို့ သွားပြောလိုက်။"

ရွာသားများသည် ယခင်က လုချင်းတစ်ယောက် သမားတော်အဘိုးကြီး၏နေရာသို့ နေ့စဉ်သွားရောက်လေ့လာနေသည်ကို မြင်ပြီး လုချင်းအား သမားတော်၏တပည့်ဖြစ်နေပြီဟု ထင်ခဲ့ကြတာပင်။

သို့သော် နောက်ပိုင်းကျမှ သမားတော်ကြီးမှာ လုချင်းအား တပည့်လောင်းအဖြစ်သာ သတ်မှတ်နိုင်သေးပြီး သူ၏ တရားဝင်တပည့်ဖြစ်ဖို့ရန် အရည်အချင်းမရှိသေးကြောင်းကို ပြောပြလာခဲ့ပါ၏။

ယခုတွင်တော့ လုချင်းမှာ အကဲဖြတ်မှုကို အောင်မြင်ပြီး တရားဝင်တပည့်အဖြစ် လက်ခံခံရတော့မည်ကို ကြားလိုက်ကြရသောအခါ၌ သူတို့တွေမှာ အဘယ်ကြောင့် စိတ်မလှုပ်ရှားဘဲ နေနိုင်တော့မည်နည်း။

လုချင်းတစ်ယောက် အဘိုးချန်အိမ်သို့ ရောက်သွားပြီးမကြာမီမှာပဲ ရွာမှ အကြီးအကဲများအားလုံး သပ်သပ်ရပ်ရပ်ဝတ်ဆင်လျက် တောင်ပေါ်သို့ တက်လာခဲ့ကြသည်။

အချို့အကြီးအကဲများဆိုလျှင် နှစ်သစ်ကူးတွင်သာ ဝတ်ဆင်သောအဝတ်အစားများကိုပင် ဝတ်ဆင်ထားကြလေ၏။

ရွာမှ အကြီးအကဲများအပြင် အိမ်တွင်ရှိသောအခြားရွာသားများသည်လည်း ပျော်ပွဲရွှင်ပွဲကြည့်ရှုရန် တောင်ကုန်းပေါ်သို့ တက်လာခဲ့ကြသည်။

အချို့ရွာသားများမှာ ဆန်၊ ကြက်ဥနှင့်အသားများကိုပါ ယူဆောင်လာခဲ့ကြ၏။

သမားတော်ချန်သည် ခြံဝင်းတံခါးဝတွင် စောင့်ဆိုင်းနေပြီးဖြစ်သည်။

လူအုပ်တက်လာသည်ကို မြင်သောအခါ၌ သူသည် ရှေ့သို့သွား၍ နှုတ်ဆက်လိုက်၏။

"ဒီအဘိုးအိုရဲ့တပည့်ခံယူပွဲကို လာရောက်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။"

"သမားတော်ကြီး၊ ခင်ဗျားက အရမ်းယဉ်ကျေးတာပဲဗျာ။" အဘိုးကျန်းက အလျင်အမြန်ပြောလိုက်သည်။ "ကျွန်တော်တို့ကသာ ခင်ဗျားကို ကျေးဇူးတင်သင့်တာပါဗျ။"

"ခင်ဗျား ကျွန်တော်တို့ကျိုးလီရွာကို ရောက်လာကတည်းက ခင်ဗျားပဲ ကျွန်တော်တို့ကို ရောဂါတွေကနေ အကြိမ်ပေါင်းများစွာ ကယ်တင်ပေးခဲ့တာလေ။ ကျွန်တော်တို့အားလုံး ခင်ဗျားရဲ့ကြင်နာမှုကို အမြဲတမ်းအမှတ်ရနေတာပါဗျ။"

"အဘိုးကျန်း၊ ခင်ဗျားကတော့ အရမ်းယဉ်ကျေးတာပဲဗျာ။ ကျွန်တော်က သမားတော်တစ်ယောက်အနေနဲ့ ကျွန်တော်လုပ်ရမဲ့တာဝန်ကိုပဲ လုပ်ခဲ့တာဗျ၊ ဒီလောက်ကျေးဇူးတင်စရာမလိုပါဘူးဗျာ။" သမားတော်အဘိုးကြီးက အနည်းငယ်ပြုံးလိုက်၏။

"ကျေးဇူးရှိတာ ဟုတ်သည် မဟုတ်သည်ကို ၊ ကျွန်တော်တို့စိတ်ထဲမှာ သေချာသိပါတယ်ဗျာ။"

ထို့နောက် အဘိုးကျန်းသည် သူ့နောက်မှလူငယ်တစ်ဦးထံမှ ခြင်းတောင်းတစ်လုံးကို ယူလိုက်၏။

"သမားတော်ချန်၊ ကျွန်တော်တို့မှာ ပေးစရာ တန်ဖိုးကြီးတဲ့ပစ္စည်းမရှိပါဘူး။ ရော့ ဒါက ကြက်ဥနဲ့ ဝက်ပေါင်ခြောက်နည်းနည်းပါ၊ ဒါကတော့ လုချင်းကို တပည့်အဖြစ် ခံယူပွဲအတွက် ဆန်နဲ့ ဂျုံမှုန့်နည်းနည်းပါ။ အရမ်းမများတဲ့လက်ဆောင်မို့ ကျေးဇူးပြုပြီး စိတ်မရှိပါနဲ့ဗျာ။"

ပြောပြီးနောက် လူငယ်နှစ်ဦးက ဆန်နှင့် ဂျုံမှုန့်အိတ်နှစ်လုံးကို ယူဆောင်လာခဲ့လေ၏။

ဤမြင်ကွင်းသည် လုချင်းနှင့် သမားတော်အဘိုးကြီးနှစ်ဦးစလုံးအား မှင်တက်သွားစေခဲ့သည်။

အဘိုးကျန်းက ဆက်ပြောလာ၏။ "ပြောရမှာက တော်တော်လေး ရှက်စရာကောင်းပါတယ်ဗျာ။ ကျွန်တော်တို့ကျိုးလီရွာက လူအများစုက အဲ့ဒီတုန်းက ဒုက္ခသည်တွေလေ။"

"အဲ့ဒီတုံးက အားလုံးကိုယ်စီကိုယ်စီ ခက်ခဲနေကြတာ။ လုချင်းရဲ့အဘိုးရဲ့ထောက်ပံ့မှုနဲ့ ဦးဆောင်မှုသာ မရှိခဲ့ရင် ကျွန်တော်တို့တွေလည်း အဲ့ဒီဘေးဒုက္ခကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူးဗျ၊ ဒီနေရာမှာ အခြေချဖို့ဆိုတာ ဝေးရောပေါ့။"

"လုချင်းရဲ့အဘိုးသာ မရှိရင် ခုချိန် ကျိုးလီရွာဆိုတာ ရှိမှာတောင် မဟုတ်လောက်ဘူး။"

"ဝမ်းနည်းစရာကောင်းတာက လုချင်းရဲ့အဘိုးက ထွက်ပြေးလာတဲ့အချိန်မှာ အဖျားပိုးဝင်သွားခဲ့တာလေ။ ဒီလိုနဲ့ စနစ်တကျကုသမှုမခံယူရတော့ စောစောစီးစီး ဆုံးသွားရရှာတယ်။"

"ပြီးတော့ ကျွန်တော်တို့တွေက သူ့သားနဲ့ချွေးမကိုလည်း မကာကွယ်နိုင်ခဲ့ဘူး။ လုချင်းရဲ့မိဘနှစ်ပါးက လှည့်စားခံရပြီး ဆုံးပါးသွားရရှာတာလေ။ နောက်ဆုံးတော့ လုချင်းနဲ့ ရှောင်ယန်တို့ပဲ ကျန်ခဲ့တော့တာပေါ့။"

"အခု လုချင်းက ခင်ဗျားရဲ့တပည့်အဖြစ် ရွေးချယ်ခံရလောက်တဲ့အထိကို ကံကောင်းသွားတာပဲ ၊ ဒါက သူ့ရဲ့ကြီးမားတဲ့ကံကောင်းမှုပါ။ ရှေ့လျှောက် သူ အမှားတစ်ခုခုလုပ်ခဲ့မိရင်တောင် ခင်ဗျား သူ့ကို သဘောထားကြီးကြီးထားပေးဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။"

ဤသို့ပြောပြီးနောက် အဘိုးကျန်းသည် သမားတော်အဘိုးကြီးအား နက်ရှိုင်းစွာဦးညွှတ်လိုက်၏။

ထို့နောက် အခြားအကြီးအကဲများနှင့် ရွာသားများလည်း လိုက်ပါဦးညွှတ်လာကြ၏။

ရွာသားများ သူ့ကို ဦးညွှတ်နေသည်ကိုမြင်သောအခါ သူ၏ဆယ်စုနှစ်ပေါင်းများစွာ ကျင့်ကြံမှုဖြင့်ပင် သမားတော်အဘိုးကြီးမှာ စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ပေ။

လုချင်းအတွက်မူ သူသည် တော်တော်လေးကို တုန်လှုပ်နေပြီဖြစ်သည်။

ပထမဦးစွာ အဘိုးကျန်းပြောခဲ့သောအချို့အရာများသည် မူလပိုင်ရှင်၏မှတ်ဉာဏ်ထဲတွင် မရှိပေ။

ဒုတိယအနေဖြင့် သူသည် ရွာသားများမှ သူ့အတွက် ဤမျှများစွာလုပ်ဆောင်ပေးမည်ဟု ဘယ်တုံးကမှ မမျှော်လင့်ထားခဲ့မိပေ။

သမားတော်အဘိုးကြီးသည် တုန်လှုပ်စွာဖြင့် အဘိုးကျန်းကို အလျင်အမြန်ထူမတ်ပေးလိုက်၏။

"ကျေးဇူးပြုပြီး ထပါ။ ခင်ဗျားတို့က ဒီအဘိုးအိုကို ရှက်အောင်လုပ်နေကြတာပဲ။"

ထို့နောက် သူသည် အဘိုးကျန်းအား ပြောလိုက်၏။ "အဘိုးကျန်း၊ လုချင်းက အရမ်းတော်တဲ့ကလေးတစ်ယောက်ပါ။ သူ့ကို တပည့်အဖြစ် လက်ခံရတာက ကျွန်တော့်ရဲ့ကံကောင်းမှုပဲ၊ ဒါကြောင့်စိတ်မပူပါနဲ့၊ ကျွန်တော် သူ့ကို ကောင်းကောင်းသင်ပေးမှာပါ။"

ထိုအခါ၌ အဘိုးကျန်းမှာ စိတ်လှုပ်ရှားစွာဖြင့် "ဒါဆိုရင် ကျွန်တော်ကပဲ သူ့အဘိုးနဲ့မိဘတွေကိုယ်စား ခင်ဗျားကို ကျေးဇူးတင်ပါရစေဗျာ။"

ဤသို့ပြောရင်း သူသည် ခြင်းတောင်းကို ကမ်းပေးလိုက်၏။

"ဒီလက်ဆောင်တွေကို ကျေးဇူးပြုပြီးလက်ခံပေးပါ။"

"အဘိုးကျန်း၊ မလုပ်ပါနဲ့။ ခင်ဗျားတို့ဘဝက ခက်ခဲတယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါကြောင့် ဒီလိုလက်ဆောင်တွေ မလိုအပ်ပါဘူး။"

"ဒါပေမဲ့ လက်ဆောင်တစ်ခုလောက်ကတော့ လိုအပ်တယ်လေ။ တပည့်ခံယူပွဲဖြစ်တဲ့အတွက် တပည့်ခံယူပွဲလက်ဆောင်ဆိုတာ ရှိသင့်တယ်မလား။"

...

အကြိမ်များစွာငြင်းဆန်ပြီးနောက် သမားတော်အဘိုးကြီးသည် နောက်ဆုံးတွင်တော့ ခြင်းတောင်းထဲမှ ကြက်ဥအနည်းငယ်နှင့် ဝက်ပေါင်ခြောက်တစ်တုံးကို လုချင်းအတွက် ရွာသားများ၏လက်ဆောင်အဖြစ် ယူလိုက်၏။

ကျန်တဲ့ပစ္စည်းတွေအတွက်တော့ သူ ဘာမှထပ်လက်မခံတော့ပေ။

ဤသည်ကိုကြည့်ရင်း လုချင်းသည် နောက်ပိုင်းတွင် ရွာသားများကို ပြန်လည်ကျေးဇူးဆပ်ရန် စိတ်ထဲတွင် မှတ်သားထားလိုက်၏။

ရိုးရိုးသားသားပြောရလျှင် သူသည် တပည့်ခံယူပွဲလက်ဆောင်အကြောင်းအား လုံးဝမစဉ်းစားခဲ့ပေ။

သူသည် လူတိုင်းရှေ့တွင် သမားတော်အဘိုးကြီးအား ဦးညွှတ်ရုံသာဖြစ်သည်ဟု ထင်ခဲ့တာပင်။

သို့သော် သူသည် ဤသည်မှာ ရှေးခေတ်နှင့်တူညီသောကမ္ဘာဖြစ်ကြောင်း လျစ်လျူရှုခဲ့မိသည်။

တရားဝင်တပည့်ခံယူပွဲအခမ်းအနားသည် သူထင်ထားသည်ထက်ပင် ပို၍ရှုပ်ထွေးနေခဲ့ပါ၏။

ထို့နောက်တွင်တော့ သမားတော်အဘိုးကြီးသည် ရွာသားများကို ခြံဝင်းထဲသို့ ဖိတ်ခေါ်လိုက်၏။ ပြီးနောက်၌ လူတိုင်းရှေ့မှာပဲ လုချင်းသည် သူ၏တရားဝင်တပည့်တစ်ယောက် ဖြစ်လာခဲ့တော့လေသည်။

All Chapters