တပည့်ခံယူပွဲ၊ လျှို့ဝှက်အမှန်တရားများ
Vol. 4 Ch. 40
လုချင်း၏တပည့်ခံယူပွဲအခမ်းအနားသည် မရှုပ်ထွေးခဲ့ပေ။
သမားတော်ချန်သည် ခမ်းနားကြီးကျယ်သောပြသမှုများကို နှစ်သက်သူမဟုတ်ပေ။ အရာအားလုံးတွင် ရိုးရှင်းမှုကိုသာ ပို၍နှစ်သက်ပါ၏။
သို့ဖြစ်၍ လုချင်းသည် လုပ်ငန်းစဉ်အတိုင်း လိုက်နာရုံသာဖြစ်သည်- သက်သေများရှေ့တွင် သူသည် ဘိုးဘေးဆရာကို ရိုသေစွာကန်တော့ပြီး၊ ဦးချကာ လက်ဖက်ရည်ဆက်ကပ်ပြီးနောက် ပြောလိုက်၏။ "ဆရာ၊ ကျေးဇူးပြုပြီးလက်ဖက်ရည်သုံးဆောင်ပါ။"
သမားတော်ချန်သည် ထိုင်ခုံတွင်ထိုင်ကာ လက်ဖက်ရည်ကိုယူ၍ တစ်ငုံသောက်လိုက်ပြီးနောက် တပည့်ခံယူပွဲအခမ်းအနားပြီးဆုံးသွားခဲ့သည်။
"ကောင်းပြီ၊ အခုထတော့။" လက်ဖက်ရည်သောက်ပြီးနောက် သမားတော်ချန်က လုချင်းအား ပြောလိုက်၏။
"ဟုတ်ကဲ့ ဆရာ။"
လုချင်းသည် သူ၏လက်များကို ဘေးတွင် ပြန်ထားလိုက်လျက် ထရပ်လိုက်၏။
သမားတော်ချန်သည်လည်း ထရပ်ပြီး ခြံဝင်းထဲမှ ရွာသားများကို ဦးညွှတ်ကာ ပြောလိုက်လေသည်။
"ဒီတပည့်ခံယူပွဲအခမ်းအနားကို သက်သေအဖြစ် လာရောက်ကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော့်မှာ ချစ်ရတဲ့တပည့်တစ်ယောက် ရှိလာပြီဖြစ်လို့ ကျွန်တော် အရမ်းဝမ်းသာမိပါတယ်။ ကျွန်တော့်ခြံဝင်းက သေးပြီးတော့ နိမ့်ကျတဲ့နေရာဖြစ်နေလို့ ခင်ဗျားတို့အတွက် ဘာအစားအသောက်မှ မပြင်ဆင်နိုင်ခဲ့ပါဘူး။ ဒီတော့ ကျွန်တော် လူတိုင်းအတွက် လက်ဆောင်လေးတချို့ပဲ ပြင်ဆင်ထားပါတယ်။"
ထိုသို့ဖြင့် သူသည် သူ၏နောက်မှစားပွဲပေါ်မှ အဝတ်အိတ်ငယ်များပြည့်နေသောဗန်းတစ်ချပ်ကို ယူလိုက်၏။
"ဒါတွေက ကျွန်တော်အားလပ်ချိန်မှာ လုပ်ထားတဲ့ဆေးအိတ်တွေပဲ။ သူတို့မှာ စိတ်ငြိမ်စေတဲ့အာနိသင်ရှိပြီး ခြင်တွေကို မောင်းထုတ်နိုင်တယ်လေ။"
"ခင်ဗျားတို့စိတ်မရှိရင် ကျေးဇူးပြုပြီး တစ်လုံး နှစ်လုံးလောက် အိမ်ပြန်ယူသွားပြီး ခင်ဗျားတို့ကုတင်ဘေးမှာ ချိတ်ထားလိုက်ပါ။ သူတို့က ခြင်တွေကို ဆယ်ရက်ကနေ တစ်လခွဲလောက်အထိ ခင်ဗျားတို့နား မလာအောင် လုပ်ပေးပါလိမ့်မယ်။"
"တကယ်ပဲ အဲ့ဒီလောက်တောင် ထိရောက်တာလား။" ရွာသားများသည် ဆေးအိတ်များကို ဝမ်းသာအားရကြည့်လိုက်ကြ၏။
ယခုကာလမှာ ခြင်များအနှောင့်အယှက်အပေးဆုံးရာသီဖြစ်ပြီး အကယ်၍ ဤအိတ်များသာ သမားတော်ကြီးပြောသလိုမျိုး ကောင်းမွန်စွာ လုပ်ဆောင်နိုင်လျှင်တော့ ၎င်းတို့က တကယ့်ကို အလွန်ဆွဲဆောင်မှုရှိသည်ပင်။
ခဏတာလောက်တော့ မူလက ယဉ်ကျေးစွာ နေလိုခဲ့သောရွာသားများသည် ငြင်းဆန်ရန် ခက်ခဲနေခဲ့ကြသည်။
ဤသည်ကို မြင်သောအခါ သမားတော်ချန်သည် ပြုံးလိုက်ပြီး လုချင်းအား ပြောလိုက်၏? "အားချင်း၊ ဒီအိတ်တွေကို ရွာသားတွေကို ဝေပေးလိုက်။"
"ဟုတ်ကဲ့ ဆရာ။"
ထို့နောက် လုချင်းသည် ဗန်းကိုယူ၍ ရွာသားများထံသို့ လျှောက်သွားကာ အိတ်များကို တစ်လုံးချင်းဝေငှပေးလိုက်၏။
"ဒီမှာပါ အဘိုးကျန်း။"
လုချင်းပထမဆုံးအိတ်ပေးအပ်ခဲ့သောသူမှာ အဘိုးကျန်းပင်။
"လိမ္မာတဲ့ကလေးလေး ၊ သမားတော်ချန်ဆီကနေ ကောင်းကောင်းသင်ယူဖို့ သတိရနော်။"
အဘိုးကျန်းသည် အိတ်ကို ဝမ်းသာပီတိဖြစ်နေသောအမူအရာဖြင့် ယူလိုက်၏။
"ကျွန်တော် ကောင်းကောင်းသင်ယူမှာပါ အဘိုးကျန်း။" လုချင်းက လေးနက်စွာခေါင်းညိတ်လိုက်သည်။
အခြားရွာသားများသည် သူတို့၏အိတ်များကို လက်ခံရရှိပြီး ဆေးဖက်ဝင်အနံ့ကို ရှူရှိုက်ကြည့်လိုက်ပြီးနောက်၌ လန်းဆန်းသွားသလိုခံစားလိုက်ရ၏။ ဤသည်မှာ ကောင်းမွန်သောပစ္စည်းများဖြစ်သည်ကို သူတို့ သိတာကြောင့် အလျင်အမြန်ပင် သိမ်းဆည်းလိုက်ကြ၏။
၎င်းတို့သည် သမားတော်ကိုယ်တိုင်ပြုလုပ်ထားခြင်းဖြစ်ပြီး အခြားနေရာများတွင် မရရှိနိုင်သောကြောင့် ကောင်းမွန်စွာ ထိန်းသိမ်းထားရမည်ပင်။
"အားလုံးပဲ ၊ အိမ်ပြန်ရောက်ရင် အိတ်တွေကို ခင်ဗျားတို့အခန်းထဲမှာ ချိတ်ထားဖို့ သတိရပါ။ မဟုတ်ရင် ဆေးနံ့က တစ်လခွဲကြာတာနဲ့ ပျောက်သွားမှာမလို့ အိတ်တွေက အသုံးဝင်တော့မှာမဟုတ်ဘူးနော်။"
အချို့ရွာသားများအိတ်များကို ဂရုတစိုက်သိမ်းဆည်းနေသည်ကို မြင်လိုက်ရသောအခါ၌ သမားတော်ချန်က သူတို့ကို သတိပေးလိုက်၏။
ဤသို့ကြားရသောအခါ၌ အချို့ရွာသားများသည် အိတ်များကို အိမ်တွင် ဖွက်ထားရန်အတွေးကို စွန့်လွှတ်လိုက်ကြ၏။
တပည့်ခံယူပွဲအခမ်းအနားကို သက်သေအဖြစ် မြင်တွေ့ပြီးနောက် အဘိုးကျန်းနှင့် အခြားသူများသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာစပြုတော့သည်။
မထွက်ခွာမီ အဘိုးကျန်းသည် လုချင်းကို ဘေးသို့ဆွဲခေါ်ပြီး သူ၏အဘိုးနှင့်မိဘများ၏သင်္ချိုင်းသို့ သွားရောက်လည်ပတ်ကာ သတင်းကောင်းကို မျှဝေရန် သတိပေးခဲ့သည်။
လုချင်း လေးနက်စွာသဘောတူသည်ကိုမြင်သောအခါမှ သူသည် တောင်ပေါ်မှ ကျေနပ်စွာဖြင့် ထွက်ခွာသွားတော့လေ၏။
ရွာသားများအားလုံးထွက်ခွာသွားချိန်၌ လုချင်းမှာ ခြံဝင်းရှေ့တွင် ရပ်နေဆဲဖြစ်ပြီး သူတို့၏ပုံရိပ်များ တောင်ပေါ်မှပျောက်ကွယ်သွားသည်ကို ကြည့်ရှုနေခဲ့သည်။
"အားချင်း၊ မင်းအဘိုးက အဲ့ဒီတုန်းက မိတ်ဆွေကောင်းတွေ ဖွဲ့ခဲ့တာပဲ၊ ဒါကြောင့် မင်း ဒီနေ့ဒီအချိန်မှာ ဒီလိုအိမ်နီးချင်းကောင်းတွေ ရှိနေတာပေါ့။"
သမားတော်ချန်သည် လုချင်းထံသို့ လျှောက်လာပြီး တောင်ခြေမှလူများကို လေးစားစွာကြည့်လိုက်၏။
"ဆရာ၊ ကျွန်တော် ဒီအရာတွေကို ဘယ်တုံးကမှ မသိခဲ့ဘူး။ ကျွန်တော့်အဘိုးနဲ့ မိဘတွေက အဲ့အကြောင်းတွေကို ဘယ်တုံးကမှ ပြောမပြခဲ့ဘူး။" လုချင်းက ပြောလိုက်၏။
"မင်းအဘိုးက သူလုပ်ခဲ့တဲ့ကောင်းမှုတွေအတွက် ကျေးဇူးကြွေးပြန်ဆပ်တာမျိုးကို မလိုချင်တဲ့ ကိုယ်ကျင့်သိက္ခာပြည့်စုံတဲ့လူတစ်ယောက်ပဲ။ ကံမကောင်းချင်တော့ ငါက ဒီကို အရမ်းနောက်ကျမှရောက်လာခဲ့တော့ ဒီလိုကိုယ်ကျင့်တရားကောင်းတဲ့ ပညာရှင်တစ်ယောက်နဲ့ မတွေ့လိုက်ရဘူး။"
သမားတော်ချန်က အနည်းငယ်နောင်တရစွာပြောလိုက်၏။
အကယ်၍ သူသာ စောစောရောက်လာခဲ့ပါက သူသည် လုချင်း၏အဘိုးနှင့် မိတ်ဆွေကောင်းများပင် ဖြစ်လာနိုင်သည်ဟု ခံစားမိနေခဲ့သည်။
"ဆရာ၊ ကျွန်တော့်မိဘတွေ ဘယ်လိုဆုံးသွားခဲ့ရလဲဆိုတာ ဆရာ သိလား။" လုချင်းက ရုတ်တရက်မေးလိုက်၏။
"အဘိုးကျန်း အစောက ပြောခဲ့တာကြောင့်လား။"
"ဟုတ်ကဲ့၊ ကျွန်တော်က အမြဲတမ်းကျွန်တော့်မိဘတွေက မတော်တဆမှုကြောင့် ဆုံးပါးသွားခဲ့ရတယ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ အဘိုးကျန်းရဲ့စကားတွေအရတော့ ကိစ္စတွေက အဲ့ဒါထက်တောင် ပိုတဲ့ပုံပဲ။" လုချင်းက ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။
သူ၏မှတ်ဉာဏ်များအရတော့ လုချင်းသည် သူ၏မိဘများမှာ မတော်တဆ ရေနစ်သေဆုံးခဲ့သည်ဟုသာ အမြဲတမ်းယုံကြည်ခဲ့ပါ၏။ ယခုအခါတွင်တော့ ၎င်းသည် ထိုမျှမရိုးရှင်းလောက်ဟု သူ တွေးမိလိုက်သည်။
သမားတော်ချန်သည် ခဏတိတ်ဆိတ်နေပြီးနောက် ခေါင်းခါလိုက်၏။
"ငါလည်း မသိဘူး။ မင်းမိဘတွေ ဆုံးတဲ့အချိန်တုန်းက ငါက မြို့ထဲမှာ မျိုးရိုးမြင့်တစ်ယောက်ကို ဆေးကုပေးနေခဲ့ရတာလေ။ ငါ ပြန်လာတော့ သူတို့ ရေနစ်ပြီး ဆုံးသွားပြီလို့ပဲ ကြားလိုက်ရတယ်၊ ဒါပေမဲ့လည်း ငါ သူတို့ရဲ့အလောင်းတွေကို မမြင်လိုက်ရဘူး၊ အဲ့ဒါကြောင့် ငါလည်း သေချာမပြောနိုင်ဘူး။"
"မင်း အမှန်တရားကို သိချင်ရင် အဘိုးကျန်းနဲ့ တခြားသူတွေကို မေးရလိမ့်မယ်။"
လုချင်းမှာ တိတ်ဆိတ်နေခဲ့သည်။
သူ၏မှတ်ဉာဏ်များထဲတွင် သတင်းအချက်အလက်များမှာ တူညီနေပါ၏ - သူ၏မိဘများက မတော်တဆရေနစ်သေဆုံးခဲ့သည်။
သူတို့၏ဖောင်းပွနေသောအလောင်းများကို ပြန်လည်ယူဆောင်လာသောအခါ ၎င်းသည် အလွန်ထိတ်လန့်စရာကောင်းလှသဖြင့် သူသည်ပင် ကြောက်လန့်တကြားဖြစ်သွားခဲ့ရလေသည်။
နောက်ဆက်တွဲအဖြစ်အပျက်များမှာတော့ သူ ထိတ်လန့်နေစဉ်အတွင်းမှာပဲ ဖြစ်ပွားသွားခဲ့လေ၏။
မြေယာရောင်းချခြင်း၊ အလောင်းများပြင်ဆင်ခြင်း၊ ဝမ်းနည်းပူဆွေးခြင်းအခမ်းအနားပြင်ဆင်ခြင်းတို့က ခပ်မြန်မြန်ပင် ဖြစ်သွားခဲ့ပါ၏၊ ကြည့်ရတာတော့ တစ်စုံတစ်ယောက်က ဒုက္ခပေးနေသည့်ပုံပင်။
သူ သတိပြန်ဝင်လာသောအခါတွင်တော့ သူ၏မိဘများ၏အလောင်းမှာ မြှုပ်နှံတောင်ပြီးသွားပြီဖြစ်သည်။
ယခု သူ သေချာစဉ်းစားကြည့်သောအခါ၌ သံသယများစွာ ထွက်ပေါ်လာခဲ့ပါသည်။
ကံမကောင်းစွာဖြင့် ထိုကာလအတွင်းမှ စိတ်ဒဏ်ရာသည် အလွန်ကြီးမားသည့်အပြင် မှတ်ဉာဏ်များစွာကလည်း ပရမ်းပတာဖြစ်နေသောကြောင့် လုချင်းအတွက် အဖြစ်အပျက်များကို ဆက်စပ်ကြည့်ဖို့ရန်အတွက် အခက်တွေ့နေခဲ့ပါ၏။
"ဒါပေမဲ့လည်း အခုချိန်မှာတော့ အဘိုးကျန်းနဲ့ တခြားသူတွေကို အမှန်တရားကို မေးဖို့အတွက် ငါ မင်းကို အကြံမပြုချင်ဘူး။" သမားတော်ချန်က လုချင်း၏တိတ်ဆိတ်နေသောအမူအရာကို မြင်သောအခါ ရုတ်တရက်ပြောလိုက်၏။
"ဘာလို့လဲ ဆရာ။"
"အကယ်၍ အဘိုးကျန်းနဲ့ တခြားသူတွေက မင်းကို ဒါကို ဖုံးကွယ်ထားတယ်ဆိုရင် ဒါက မင်းနဲ့ ရှောင်ယန်အတွက်ပဲ ဖြစ်ရမယ်။ သူတို့က မင်းသာ အမှန်တရားကို သိသွားရင် မဆင်မခြင်နဲ့ တစ်ခုခုလုပ်လိုက်မိမှာစိုးလို့နေမယ်။ အဘိုးကျန်းက မင်းကို ဒုက္ခရောက်အောင် လုပ်လိမ့်မယ်လို့ မင်းထင်လို့လား။"
ရွာသားများ၏ သူနှင့် ရှောင်ယန်အပေါ် ထားရှိသောသဘောထားကို ပြန်လည်သတိရရင်း လုချင်းက ခေါင်းခါပြလိုက်၏။
"အဘိုးကျန်းက အဲ့ဒီလိုမျိုးတွေကို ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။"
အရေးအကြီးဆုံးမှာ သူ၏နတ်မျက်စိစွမ်းရည်သည် ရွာသားများထံမှ မည်သည့်မကောင်းသောရည်ရွယ်ချက်ကိုမျှ ဘယ်တုံးကမှ မတွေ့ရှိခဲ့ပေ။
"ဒီလိုဆိုရင် မင်း အဘိုးကျန်းကို ယုံကြည်သင့်တယ်။ သူတို့ မင်းကို အမှန်တရားကို မပြောပြသေးတာက သူတို့တွေ အချိန်အခါမသင့်သေးလို့ ထင်နေလို့ပဲ။"
"ဒါကြောင့် မင်း အခုလုပ်သင့်တာက အမှန်တရားကို ရှာတာမဟုတ်ဘဲ မင်း တတ်နိုင်သလောက် ပညာကို လေ့လာသင်ယူဖို့ပဲ။ မင်းမှာ လုံလောက်တဲ့စွမ်းဆောင်ရည်ရှိလာတဲ့အခါကျ သူတို့ကလည်း မင်းကို အမှန်တရားကို သူတို့ဘာသာသူတို့ ပြောပြလာကြပါလိမ့်မယ်။"
လုချင်းသည် တိတ်ဆိတ်နေခဲ့သည်။
တကယ်တော့ သူသည်လည်းပဲ မဆင်မခြင်ပြုမူဖို့အတွက်နှင့် အမှန်တရားကို သိဖို့ မလိုလားပေ။
သူသည် မူလပိုင်ရှင်၏မှတ်ဉာဏ်များကို ရရှိခဲ့သော်လည်း သူနှင့် တစ်ခါမှ မတွေ့ဆုံခဲ့ဖူးသော "မိဘများ" အတွက် နက်ရှိုင်းသောခံစားချက်များ မရှိပေ။
သူတို့၏သေဆုံးမှုနှင့်ပတ်သက်သောအမှန်တရားက သူနှင့် ရှောင်ယန်ကို အန္တရာယ်ပြုလာမည်ကိုသာ စိုးရိမ်နေခဲ့ပါ၏။
သို့သော် သူ၏ဆရာပြောသကဲ့သို့ပင် ၊ သူသည် ယခုအချိန်တွင်တော့ အလွန်ပင် အင်အားနည်းလွန်းလှပါ၏။
သူ အမှန်တရားကို သိလျှင်ပင် ၎င်းသည် အကူအညီဖြစ်မည်မဟုတ်ပေ။
ထို့ကြောင့် အရင်ဆုံး ဆေးပညာကို လေ့လာခြင်း၌သာ အာရုံစိုက်ခြင်းက ပိုကောင်းသည်။
"ကျွန်တော် နားလည်ပါတယ် ဆရာ။" လုချင်းက ပြောလိုက်၏။
လုချင်းသည် ကိစ္စများကို နားလည်သွားပုံရသည်ကို မြင်လိုက်ရသောအခါ၌ သမားတော်ချန်က ပြုံးလိုက်၏။
သူ၏တပည့်သည် ထက်မြက်လှပါသည်၊ ဆရာတစ်ယောက်အနေဖြင့် သူသည် သူ့တပည့်အား ငယ်ရွယ်စဉ်ကတည်းက မုန်းတီးမှုဖြင့် လောင်ကျွမ်းနေသည်ကို မမြင်လိုပေ။
၎င်းသည် သူ၏စိတ်ကို ရှုပ်ထွေးအောင်သာ လုပ်နိုင်ပါ၏။ ကောင်းကျိုးရှိမနေပေ။
ဒါကြောင့် သူသည် အဘိုးကျန်းနှင့် အခြားသူများ၏ချဉ်းကပ်မှုကို သဘောတူခဲ့သည်။
လုချင်း၏မျက်နှာပေါ်မှ ကျန်ရှိနေသောတွေဝေနေမှုတို့ကို မြင်လိုက်ရသောအခါ သမားတော်ချန်က သူ၏အာရုံကို လွှဲပြောင်းပေးဖို့ရန် ဆုံးဖြတ်လိုက်တော့၏။
"အားချင်း၊ အခု မင်းက ငါ့ရဲ့တရားဝင်တပည့်ဖြစ်လာပြီဆိုတော့ မင်း သိသင့်တဲ့အရာတချို့ရှိတယ်။"
ထိုစကားသံကြောင့် လုချင်းက မော့ကြည့်လိုက်၏။
သူလုပ်လိုက်သည့်အကွက်က ထိရောက်သည်ကို တွေ့လိုက်ရချိန်၌ သမားတော်ချန်က ပြုံးလိုက်လေသည်။
ထို့နောက် သူက ဆက်ပြောလိုက်ပါ၏။ "အားချင်း၊ သမားတော်ကောင်းတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်လဲဆိုတာ မင်း သိလား။"