ကျင့်ကြံခြင်းအဆင့်များအကြောင်း
Vol. 5 Ch. 41
"အားချင်း၊ သမားတော်ကောင်းတစ်ယောက်ဖြစ်ဖို့ ဘယ်လိုအရည်အချင်းတွေရှိရမယ်လို့ မင်းထင်လဲ"
ဆရာဖြစ်သူ၏ မေးခွန်းကိုကြားသောအခါ လုချင်းက တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေလိုက်သည်။ "ထူးချွန်တဲ့ ဆေးကုသခြင်းပညာရပ်တွေလားဆရာ"
"အဲဒါကလည်း တစိတ်တပိုင်းပေါ့ကွာ" သမားတော်ချန်က ပြန်ပြောသည်။ "ဒါ့အပြင်ကိုမှဆိုတာ ထူးချွန်တဲ့သမားတော်တစ်ယောက် တည်ငြိမ်တဲ့စိတ်နဲ့ ကျန်းမာတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရမယ်"
"တည်ငြိမ်တဲ့စိတ်နဲ့ ကျန်းမာတဲ့ခန္ဓာကိုယ် ဟုတ်လား ဆရာ" လုချင်းက ရေရွတ်လိုက်သည်။
"ဟုတ်တယ်" သမားတော်ကြီးက ခေါင်းညိတ်ပြသည်။ "သမားတော်တစ်ယောက်အနေနဲ့ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားဖို့က အရမ်းအရေးကြီးတယ်"
"ဘာလို့လဲဆိုတော့ သမားတော်တစ်ယောက်အနေနဲ့ မင်းဟာ မတူညီတဲ့အခြေအနေတွေနဲ့ လူနာအမျိုးမျိုးကို မလွဲမသွေ ကြုံတွေ့ရမှာမို့ပဲ"
"လူနာတချို့ကတော့ မခံမရပ်နိုင်အောင် နာကျင်ပြီး အော်ဟစ်ငြီးငြူနေကြလိမ့်မယ်။ တချို့ဆို သေလုမျောပါးနဲ့ အသက်ကို မနည်းလုနေရလိမ့်မယ်။ တချို့ရောဂါအခြေအနေတွေက ကြောက်စရာကောင်းတဲ့အပြင်ကိုမှ ထိတ်လန့်စရာလည်း ဖြစ်နေလိမ့်မယ်။ နည်းနည်းလေးစိတ်အနှောင့်အယှက်ဖြစ်တာနဲ့ ဆဲဆိုအော်ဟစ်ပြီး အကြမ်းဖက်ဖို့ဝန်မလေးတဲ့ ဒေါသကြီးတဲ့လူတွေတောင် ရှိလိမ့်ဦးမယ်ကွ"
"ဒီလိုလူနာမျိုးတွေနဲ့ ကြုံရတဲ့အချိန်ကျ မင်းမှာ တည်ငြိမ်တဲ့စိတ် မရှိဘူးဆိုရင် သူတို့ရဲ့ရောဂါအခြေအနေကို တိတိကျကျစစ်ဆေးပြီး ကုသပေးဖို့ ခက်ခဲလိမ့်မယ်"
"ဒါကြောင့် မင်းရဲ့ဆေးပညာကျွမ်းကျင်လာတဲ့အခါ ဘယ်လိုလူနာမျိုးနဲ့ပဲတွေ့တွေ့ စိတ်ကိုတည်ငြိမ်အောင်ထားရမယ်ဆိုတာ မှတ်ထားပါ။ ဒါမှပဲ သူတို့တွေ ပိုကျန်းမာလာအောင် ကူညီနိုင်မှာ"
"တပည့် မှတ်သားထားပါ့မယ် ဆရာ" လုချင်းက ရိုသေစွာ ပြန်ဖြေသည်။
"ကျန်းမာတဲ့ခန္ဓာကိုယ်အတွက်ကတော့..."
သမားတော်ကြီးက တစ်ခဏမျှ စဉ်းစားပြီးမှ ဆက်ပြောသည်။
"ငါ အစောကပြောခဲ့သလိုပဲ၊ သမားတော်တစ်ယောက်အနေနဲ့ ဒုက္ခပေးတတ်တဲ့လူနာတချို့နဲ့ အမြဲကြုံတွေ့ရမှာပဲ"
"လူနာတချို့က သူတို့ကိုယ်တိုင် ဒေါသကြီးရုံတင်မကဘူး၊ သူတို့ရဲ့မိသားစုဝင်တွေကလည်း ဆက်ဆံရခက်ခဲနိုင်တယ်။ တစ်ခါတလေမှာ နည်းနည်းလေးစိတ်မကျေနပ်တာနဲ့ သမားတော်အပေါ် ဒေါသထွက်ပေါက်ကွဲတတ်ကြတယ်လေ။"
"အဲဒီလိုအခြေအနေမျိုးမှာ သမားတော်တစ်ယောက်အနေနဲ့ လူနာကို ကုသဖို့မစဉ်းစားခင် ကိုယ့်ရဲ့လုံခြုံရေးကို အရင်ဦးစားပေးရမယ်"
"ဒါကြောင့် ကျန်းမာတဲ့ခန္ဓာကိုယ်က လိုကိုလိုအပ်တယ်။ မဟုတ်ရင် အကျိုးနဲ့အကြောင်းနဲ့မလုပ်တတ်တဲ့ လူနာတွေနဲ့ သူတို့မိသားစုတွေကို ရင်ဆိုင်ဖို့ ခက်ခဲလိမ့်မယ်"
ထိုသို့ပြောနေစဉ် သမားတော်ကြီး၏ မျက်နှာတွင် မနှစ်မြို့ဖွယ်ရာအမှတ်တရများကို ပြန်လည်သတိရနေဟန်ဖြင့် ဖော်မပြတတ်သော အမူအရာတစ်ခု ပေါ်လာသည်။
ဆရာလည်း ဒုက္ခပေးတဲ့လူနာတွေနဲ့ အရင်က အများကြီးကြုံခဲ့ဖူးပုံပဲ
လုချင်း တွေးလိုက်မိသည်။
ထိုအမှတ်တရများကို ခေါင်းထဲမှခါထုတ်လိုက်ပြီး သမားတော်ကြီးက ဆက်ပြောသည်။
"ပြဿနာရှာတတ်တဲ့လူနာတွေကို ရင်ဆိုင်ရတာအပြင်၊ သမားတော်တစ်ယောက်က တောင်ပေါ်တက်ပြီး ဆေးပင်ရှာဖို့၊ နေရာအနှံ့ခရီးသွားဖို့လည်း လိုအပ်တာမို့ ကောင်းမွန်တဲ့ ကိုယ်ခန္ဓာကြံ့ခိုင်မှုက လိုကိုလိုအပ်တယ် လုချင်း"
"ဒါကြောင့် ထူးချွန်တဲ့သမားတော်တစ်ယောက်ဖြစ်ဖို့ ဆေးပညာကအရေးကြီးသလို တည်ငြိမ်တဲ့စိတ်နဲ့ သန်မာတဲ့ခန္ဓာကိုယ်ကလည်း သူ့နည်းတူ အရေးပါနေတာပေါ့ကွာ"
"ဆရာ၊ သန်မာတဲ့ခန္ဓာကိုယ်ရှိအောင် ဘယ်လိုလေ့ကျင့်ရမလဲဗျ" လုချင်းက နှိမ့်ချစွာမေးလိုက်သည်။
"မေးခွန်းကောင်းပဲ" သမားတော်ချန်က ပြုံးလိုက်သည်။
"မင်း ဒီကိုစရောက်တုန်းက ငါလေ့ကျင့်ခဲ့တဲ့ သိုင်းကွက်အစုံကို မှတ်မိသေးလား"
"မှတ်မိပါတယ်"
လုချင်း စိတ်ထဲတွင်တော့ 'မှတ်မိရုံတင်မကဘူး၊ ကျွန်တော်တောင် လိုက်လုပ်ကြည့်မလို့ လုပ်မိသေးတာကို' ဟု တွေးလိုက်မိသည်။
ဤသည်မှာ ဆရာဖြစ်သူက ကျင့်ကြံခြင်းအကြောင်း ပထမဆုံးအကြိမ်ပြောခြင်းဖြစ်သောကြောင့် လုချင်း စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဖြစ်သွားသည်။
"ဒီသိုင်းပညာက ငါလူငယ်ဘဝက မမျှော်လင့်ဘဲရခဲ့တာပေါ့ကွာ။ အဲဒါကြောင့်ပဲ ဒီအသက်အရွယ်အထိ အတော်လေးသန်မာတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားနိုင်တာကွ"
"အခု မင်းက ငါ့တပည့်ဖြစ်ပြီဆိုတော့ ဒီသိုင်းပညာကို မင်းကိုသင်ပေးရမယ့်အချိန်တန်ပြီပေါ့"
"ဆရာက ကျွန်တော့်ကို သိုင်းသင်ပေးမလို့လား" လုချင်း၏ မျက်နှာသည် အံ့ဩမှုဖြင့် ဝင်းလက်သွားသည်။ "ဆရာ သိုင်းတတ်မှန်း ကျွန်တော်မသိခဲ့ဘူး"
"ငါ နည်းနည်းပါးပါးပဲ တတ်တာပါကွာ။ မင်းရဲ့ခန္ဓာကိုယ်က နည်းနည်းအားနည်းတယ်။ တောင်ပေါ်မှာ ဆေးပင်ရှာချင်တာပဲဖြစ်ဖြစ်၊ ကမ္ဘာအနှံ့ လျှောက်သွားချင်တာပဲဖြစ်ဖြစ် မင်း ပိုပြီးလေ့ကျင့်ဖို့လိုတယ်။ သမားတော်တွေအနေနဲ့ သူများကို ကုသတတ်ရုံတင်မကဘူး ကိုယ့်ကိုယ်ကိုဘယ်လိုဂရုစိုက်ရမလဲ၊ ခန္ဓာကိုယ်ကိုဘယ်လိုသန်မာအောင်လုပ်ရမလဲဆိုတာလည်း သိထားရမယ်ကွ"
"မင်းကိုယ်တိုင်က အမြဲတမ်းဖျားနာနေမယ်ဆိုရင် တခြားသူတွေရဲ့ ရောဂါကို ဘယ်လိုကုပေးနိုင်မှာတုံး"
သမားတော်ချန်သည် လုချင်းကဲ့သို့ ဉာဏ်ကောင်းသူတစ်ယောက်အနေဖြင့် သူ၏မိဘများသေဆုံးမှုအမှန်တရားကို ဘယ်တော့မှလက်လျှော့မည်မဟုတ်ကြောင်း သိနေသည်။
သူ့တွင်လည်း သူ့တပည့်ကို တားဆီးရန် အကြောင်းပြချက်မရှိပေ။
မိဘများသေဆုံးမှုအမှန်တရားကို သိချင်စိတ်သည် သဘာဝကျသောဆန္ဒတစ်ခုပင် ဖြစ်သည်။
ထို့ကြောင့် သူလုပ်ပေးနိုင်သည့် အကောင်းဆုံးအရာမှာ သူ့တပည့်အား မိမိကိုယ်ကိုကာကွယ်နိုင်မည့် နည်းလမ်းအချို့ပေးရန်သာ ဖြစ်သည်။
ခြံဝင်းထဲသို့ ပြန်ရောက်သောအခါ ဆရာနှင့်တပည့်နှစ်ဦးသည် အလယ်တွင် ရပ်နေကြသည်။ ရှောင်ယန်ကမူ အနီးရှိ ကျောက်စားပွဲတစ်လုံးတွင်ထိုင်ကာ မုန့်များကို ပျော်ရွှင်စွာစားရင်း သူတို့ကိုကြည့်နေသည်။
"အားချင်း၊ မင်းကို သိုင်းပညာမသင်ပေးခင်မှာ သိုင်းကျင့်ကြံခြင်းနဲ့ပတ်သက်တဲ့ အခြေခံအသိပညာတချို့ကို ငါ ရှင်းပြဖို့လိုသေးတယ်" သမားတော်ချန်က လေးနက်စွာပြောသည်။
"ဟုတ်ကဲ့ ဆရာ"
လုချင်းက သူ့စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်သည်။
နောက်ဆုံးတော့ သူ ကျင့်ကြံခြင်းနဲ့ပတ်သတ်တဲ့ တစ်ခုခုကို သင်ယူနိုင်တော့မယ်လေ။
"သိုင်းကျင့်ကြံခြင်းမှာ ကျင့်ကြံသူတွေကြားမှာ သတ်မှတ်ထားတဲ့ နယ်ပယ်တွေအများကြီးရှိတယ်" သမားတော်ချန်က စတင်ရှင်းပြသည်။
"အဓိကနယ်ပယ်ကြီးတွေကို မွေးရာပါနယ်ပယ်နဲ့ မွေးဖွားပြီးနယ်ပယ် ဆိုပြီး ခွဲခြားထားတယ်"
"နယ်ပယ်ငယ်တွေကိုပြောရရင် မွေးဖွားပြီးနယ်ပယ်တစ်ခုတည်းမှာတောင် ချီနဲ့သွေး ၊ ကြွက်သားနဲ့အရိုး၊ ပြီးတော့ ကိုယ်တွင်းအင်္ဂါဆိုပြီး အဆင့်သုံးဆင့်ရှိတယ်"
"ချီနဲ့သွေးအဆင့်ဆိုတာကို ပြောရမယ်ဆိုရင်တော့ သိုင်းပညာကို စကျင့်သူတွေက သူတို့ရဲ့ချီနဲ့သွေးကို လှုံ့ဆော်ပြီး အသက်ရှူပုံကို မှန်အောင်လုပ်ရတဲ့အဆင့်ပေါ့။"
"ချီနဲ့သွေးက အားကောင်းလာပြီး အသက်ရှုပုံရှူနည်းလည်း မှန်လာတဲ့အခါကျ ခန္ဓာကိုယ်ကလည်း သဘာဝအတိုင်း သန်မာလာတယ်လေ ၊ အားအင်တိုးလာပြီး စွမ်းအင်တွေပြည့်ဝလာတယ်"
"ဒါကြောင့် ချီနဲ့သွေးအဆင့်ကို ကျွမ်းကျင်တဲ့ ကျင့်ကြံသူတွေအားလုံးက သန်မာပြီး အားကောင်းကြတာပေါ့။ လူကောင်ကြီးတဲ့ သုံး၊လေး၊ငါးယောက်လောက်ကိုတောင် အသာလေး ပစ်လှဲချလို့ရတယ်ကွ"
"ကြွက်သားနဲ့အရိုးအဆင့်ကို ရှင်းပြရမယ်ဆိုရင်တော့ ကျင့်ကြံသူတွေက သူတို့ရဲ့ကြွက်သားတွေနဲ့အရိုးတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ တမင်ကို လေ့ကျင့်ယူတာပေါ့ကွာ"
"လျှို့ဝှက်နည်းလမ်းအမျိုးမျိုးနဲ့ သူတို့ရဲ့ကြွက်သားတွေနဲ့အရိုးတွေကို အားကောင်းလာအောင်လုပ်တယ်။ ဒီတော့ ခန္ဓာကိုယ်ကလည်း သန်မာလာပြီး ခန္ဓာကိုယ်ပုံစံကအစ ပြောင်းလဲလာတော့တာပေါ့ကွာ။"
"ကြွက်သားနဲ့အရိုးအဆင့်ကို ကျွမ်းကျင်တဲ့ကျင့်ကြံသူတွေက ချီနဲ့သွေးအဆင့်ထက် အဆပေါင်းအများကြီး သာလွန်တဲ့အစွမ်းကို ပိုင်ဆိုင်ကြတယ်လေ။ သူတို့တွေက အရှိန်အဟုန်နဲ့ ပြေးနေတဲ့မြင်းကိုတောင် ရပ်နိုင်တယ်။ ဒါ့ပြင် နွားသိုးတစ်ကောင်ကိုတောင် လက်ဗလာနဲ့ ပစ်ပေါက်နိုင်ကြတယ်ကွ"
"ကိုယ်တွင်းအင်္ဂါအဆင့်ကတော့..."
သမားတော်ချန်က တစ်ခဏရပ်ပြီးမှ ဆက်ပြောသည်။ "ဒီအဆင့်က ကျင့်ကြံသူတွေရဲ့ ချီ၊ သွေး၊ ကြွက်သားတွေနဲ့ အရိုးတွေက အရမ်းကိုသန်မာလာကြတာ ၊ နောက်ထပ်အဆင့်တွေတက်ဖို့ ခက်ခဲလောက်အောင်ထိပေါ့။ အဲ့ဒါကြောင့် သူတို့က ကိုယ်တွင်းကနေ နောက်ထပ်ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုကို စပြီး ရှာဖွေကြရတယ်"
"အဲဒီပြောင်းလဲမှုက ကိုယ်တွင်းအင်္ဂါတွေမှာ ရှိနေတယ်လေ"
"လူတွေရဲ့ကိုယ်တွင်းအင်္ဂါတွေက အမြဲတမ်းလိိုလို နုနယ်တယ်။ ဒီတော့ နည်းနည်းလေးထိခိုက်မိတာနဲ့ အသက်အန္တရာယ်ရှိနိုင်တာပေါ့ကွာ။"
"ဒါပေမယ့် ကိုယ်တွင်းအင်္ဂါအဆင့်က ကျင့်ကြံသူတွေက သူတို့ရဲ့ကိုယ်တွင်းအင်္ဂါတွေကို ထူးထူးခြားခြားသန်မာအောင်၊ အတွင်းအပြင်တစ်သားတည်းဖြစ်အောင်၊ သက်လုံအားကောင်းအောင် ပြီးတော့ ခံနိုင်ရည်ကောင်းအောင်လို့ လေ့ကျင့်နိုင်ကြတယ်လေ။"
"ကိုယ်တွင်းအင်္ဂါအဆင့်ကို ကျွမ်းကျင်တဲ့ကျင့်ကြံသူတွေရဲ့ အတွင်းအားက အရမ်းပြင်းလွန်းလို့ မိုင်တစ်ထောင်ခရီးကိုတောက် မမောမပန်းသွားနိုင်တယ်လေ။ ပြီးတော့ ရေအောက်မှာလည်း အချိန်ကြာကြီး အသက်မရှူဘဲ နေနိုင်ကြတယ်"
"သိုင်းပညာမှာ ဒီအဆင့်ကိုရောက်ဖို့ဆိုတာ သာမန်လူတွေရဲ့စိတ်ကူးထက်ကျော်လွန်ပြီး လူသားတွေရဲ့မွေးဖွားပြီးနယ်ပယ် ကန့်သတ်ချက်တွေရဲ့ အထွတ်အထိပ်ကို ရောက်ရှိသွားတာလို့ ဆိုလိုလို့ရတာပေါ့ကွာ"
"ဒီအဆင့်ကိုရောက်နိုင်တဲ့သူတွေက အရမ်းရှားတယ် လူထဲက နဂါးတွေလို့တောင် သူတို့ကို သတ်မှတ်ကြတယ်လေ။ ဒါကြောင့် ကိုယ်တွင်းအင်္ဂါအဆင့်ကို ကျွမ်းကျင်တဲ့ကျင့်ကြံသူတွေကို သိုင်းလောကမှာ 'မဟာသခင်' ဆိုတဲ့ဘွဲ့နဲ့ ချီးမြှင့်ဂုဏ်ပြုကြတယ်"
ထိုရှင်းပြချက်က လုချင်းကို စိတ်လည်းလှုပ်ရှားသွားစေသလို အံ့အားပါသင့်သွားစေခဲ့လေ၏။
ဒီကမ္ဘာက ကျင့်ကြံသူတွေက သူထင်ထားတာထက်တောင် အများကြီး ပိုပြီး စွမ်းအားကြီးကြတာပဲဟ။
ပြေးနေတဲ့မြင်းကိုတောင် တားနိုင်တယ်တဲ့ ၊ နွားသိုးကိုလည်း ပစ်ပေါက်နိုင်တယ်ဆိုပဲ ၊ မိုင်တစ်ထောင်ခရီးကိုလည်း မမောမပန်းသွားနိုင်တယ်ဆိုပဲ...
ဒီလိုအစွမ်းတွေက လူသားတွေရဲ့စွမ်းဆောင်နိုင်ရည်ထက် ကျော်နေပြီလေ။
ဒီလိုဆိုမှတော့ အဲ့တုံးက ဆရာမာဆီကနေ အရမ်းပြင်းတဲ့ ဖိအားကြီးကို ခံစားခဲ့ရတာက အံ့ဩစရာမရှိတော့ဘူးပဲ။
သူက အဲ့လိုကြောက်ဖို့ကောင်းတဲ့အစွမ်းကို ပိုင်ဆိုင်ထားတာကိုး။
"ဆရာ၊ မွေးဖွားပြီးနယ်ပယ်က ဒီလောက်အစွမ်းထက်ရင် မွေးရာပါနယ်ပယ်ကရောဗျ" လုချင်းက စိတ်အားထက်သန်စွာ မေးလိုက်သည်။
"မွေးရာပါနယ်ပယ်ရဲ့အစွမ်းကိုတော့ ငါ မသိဘူး" သမားတော်ချန်က ခေါင်းခါပြသည်။ "အဲဒီအဆင့်က ကျွမ်းကျင်သူတွေက နဂါးတွေလိုပဲ ခြေရာဖျောက်တတ်ကြတယ်။ တချို့က ကမ္ဘာအနှံ့ကိုလွတ်လွတ်လပ်လပ် လျှောက်သွားနေကြတာလေ။ တချို့ကတော့ တိုင်းပြည်တစ်ခုခုကို စောင့်ရှောက်နေကြတယ်။ သာမန်ကျင့်ကြံသူတွေ သူတို့နဲ့ထိတွေ့ခွင့်ရဖို့ဆိုတာ ရှားတယ်လေ။"
ထိုအခါ လုချင်း၏ မျက်လုံးများက အရောင်ပြောင်းသွားပြီး မေးလိုက်သည်။ "ဒါဆို ဆရာ၊ ဆရာကရော အခု ဘယ်အဆင့်မှာလဲဗျ"
"ဟားဟားဟား" သမားတော်ချန်က ရယ်မောလိုက်သည်။ "ငါက အသက်ကြီးပြီ၊ ခန္ဓာကိုယ်ကလည်း မသန်စွမ်းတော့ပါဘူးကွာ။ အဆင့်ဆိုတာက ငါ့အတွက် အရေးမကြီးတော့ပါဘူး။ ပြီးတော့ ငါက သမားတော်တစ်ယောက်လေ။ ငါ အဓိကအာရုံစိုက်ထားတာက လူတွေကို ဆေးကုပေးရင်း အသက်တွေကယ်ပေးဖို့ပဲ။ အစွမ်းချင်း ပြိုင်ဖို့မဟုတ်ဘူး။ အဲ့တော့ ငါ့ရဲ့အဆင့်က အရေးမပါဘူးကွာ"
ကောင်းပြီလေ။
အဘိုးကြီးက သူ၏ကျင့်ကြံမှုအဆင့်ကို ထုတ်ဖော်မပြောချင်မှန်း လုချင်း သိလိုက်သည်။
"ငါက တိုက်ခိုက်ရေးဘက်က မဟုတ်ပေမဲ့လည်း မင်းရဲ့ ခန္ဓာကိုယ်ကို သန်မာလာစေမဲ့ နည်းလမ်းတချို့ကိုတော့ ငါ သင်ပေးနိုင်ပါသေးတယ်ကွ"
"ဒီသိုင်းကွက်အစုံကို မင်း သေသေချာချာသင်ယူရမယ်"