သိုင်းပညာကို ကျွမ်းကျင်ပိုင်နိုင်ခြင်း
Vol. 5 Ch. 42
"ငါ မင်းကို ငါ့လူငယ်ဘဝက မထင်မှတ်ဘဲရခဲ့တဲ့ သိုင်းပညာတစ်ကွက်ကို သင်ပေးမလို့။ သင်ရတာလွယ်ပေမဲ့ ကျွမ်းကျင်ဖို့တော့ ခက်တယ်။ စကျင့်ဖို့ကတော့ သိပ်မခက်ပါဘူး။ ငါ တစ်ခေါက်သရုပ်ပြပေးမယ် ၊ သေချာကြည့်ထား။"
စကားဆုံးသည်နှင့် သမားတော်ကြီးသည် ကိုယ်ဟန်အနေအထားတစ်ခုယူလိုက်ပြီး မနက်တိုင်းလေ့ကျင့်နေကျ လက်သီးသိုင်းကွက်များကို စတင်ထိုးနှက်ပြတော့သည်။
လုချင်းသည်လည်း အာရုံစူးစိုက်ကာ ကြည့်နေလိုက်သည်။
သမားတော်ကြီး ပထမဆုံးလှုပ်ရှားမှုကို စတင်လိုက်သည်နှင့် လုချင်း၏အမြင်အာရုံထဲတွင် စာတန်းတစ်ခု ပေါ်လာသည်။
[သိုင်းပညာတစ်ခုကို သိရှိလိုက်သည်။ ပုံဖော်ကြည့်လိုပါသလား]
သူ့ဆရာ၏ လှုပ်ရှားမှုများကို စိုက်ကြည့်ရင်း လုချင်းသည် တိတ်တဆိတ် ပုံဖော်ကြည့်ရန် ရွေးချယ်လိုက်သည်။
[ပုံဖော်ခြင်းစတင်နေသည်။ လက်ရှိတိုးတက်မှု : ၁%၊ ၂%၊ ၃%...]
သမားတော်ကြီး လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်တိုင်း လုချင်း၏အမြင်အာရုံထဲမှ တိုးတက်မှုဘားသည်လည်း လျင်မြန်စွာ ရှေ့သို့တိုးတက်သွားသည်။
[၉၇%၊ ၉၈%၊ ၉၉%၊ ၁၀၀%]
နောက်ဆုံးတွင် သမားတော်ကြီးသည် နောက်ဆုံးလှုပ်ရှားမှုကို အပြီးသတ်ပြီး ကိုယ်ဟန်ကို ပြန်သိမ်းတော့မည့်အချိန်တွင် လုချင်း၏အမြင်အာရုံထဲမှ တိုးတက်မှုဘားသည်လည်း တစ်ရာရာခိုင်နှုန်း ပြည့်သွားသည်။
[ပုံဖော်ခြင်းအောင်မြင်ပါသည်။]
[သိုင်းပညာအမည် : ကျန်းမာရေး အာဟာရဖြည့် လက်သီးသိုင်း]
[မူလအစ : ချန်စုန့်ချင်းမှ သူ၏လူငယ်ဘဝတွင် မထင်မှတ်ဘဲရရှိခဲ့သော မပြည့်စုံသည့်သိုင်းပညာတစ်ခုမှ ဆင်းသက်လာပြီး ချန်စုန့်ချင်းကပဲ ထိုသိုင်းကွက်ကို ပြီးပြည့်စုံအောင် ပြန်ဖန်တီးထားသည်။]
[အကျိုးသက်ရောက်မှု : ခန္ဓာကိုယ်ကို သန်မာစေပြီး ကျန်းမာရေးကို ပိုကောင်းလာစေသည်။ ချီနှင့်သွေးကို ထိန်းညှိရာတွင်နှင့် ကြွက်သားနှင့် အရိုးအဆစ်များကို သန်မာစေရာတွင် အထူးထိရောက်သည်။ ကျွမ်းကျင်ပိုင်နိုင်ပါက ကိုယ်တွင်းအင်္ဂါအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခြေရှိသည်။]
[လေ့ကျင့်မှု စတင်လိုပါသလား]
လုချင်းသည် ချက်ချင်းလေ့ကျင့်ရန် မရွေးချယ်သေးပေ။
ထိုအစား သူသည် အချက်အလက်အချို့ကို စိတ်ဝင်စားသွားသည်။
ဤသိုင်းပညာသည် သူ့ဆရာမှ ဖန်တီးခဲ့ခြင်းဖြစ်ပြီး သူ၏လူငယ်ဘဝတွင် တွေ့ကြုံခဲ့ရသော မပြည့်စုံသည့်နည်းစနစ်တစ်ခုမှ ဆင်ခြင်တွေးခေါ်ကာ ပြည့်စုံအောင်ပြုလုပ်ခဲ့ခြင်း ဖြစ်လေသည်။
သိုင်းပညာတစ်ခုကို ကိုယ်တိုင်ဆင်ခြင်တွေးခေါ်ပြီး ပြည့်စုံအောင်လုပ်နိုင်စွမ်းတဲ့လား။
သူ့ဆရာ၏စွမ်းရည်မှာ သိုင်းလောကတွင် သိုင်းပညာရှင်တစ်ဦးအဖြစ် သတ်မှတ်နိုင်လောက်အောင် အထင်ကြီးစရာကောင်းလှသည်။
သူ့ဆရာ၏စွမ်းရည်များသည် သူထင်ထားသည်ထက်ပင် ပို၍ကြောက်ခမန်းလိလိ ကောင်းနေပုံရသည်။
လုချင်းသည် လေးစားစိတ်များ တဖွားဖွားပေါ်လာမိသည်။
"ဘယ်လိုလဲ လုချင်း၊ ငါ ခုနကပြသွားတဲ့ လှုပ်ရှားမှုတွေကို နားလည်ရဲ့လား" သမားတော်ကြီးက သူ၏လေ့ကျင့်ခန်းပြီးဆုံးသွားသောအခါ ပြုံးလျက် မေးလိုက်သည်။
"သိပ်နားမလည်သေးဘူးဗျ" လုချင်းက ရိုးသားစွာပြန်ဖြေသည်။
သူအမှန်အတိုင်း ပြောနေခြင်းဖြစ်သည်။
သူ၏အထူးစွမ်းရည်ကို အသုံးမပြုဘဲနှင့်တော့ သမားတော်ကြီးပြသသွားသော သိုင်းပညာကို သူ အမှန်တကယ် နားမလည်နိုင်ပေ။
ထူးခြားသော စည်းချက်တစ်ခုကို ခံစားမိခြင်းမှလွဲ၍ ကျန်သည့်အရာအားလုံးမှာ မရေမရာဖြင့်ပင်။
"ဟားဟား၊ နားမလည်တာက ပုံမှန်ပါပဲ" သမားတော်ကြီးက အားရပါးရရယ်မောလိုက်သည်။ "ငါ ခုနက မင်းကိုပြတာက ဒီသိုင်းပညာရဲ့ ပုံစံပဲရှိသေးတယ်။ တကယ်အရေးကြီးတဲ့အချက်တွေဖြစ်တဲ့ ချီနဲ့သွေး လည်ပတ်ပုံနည်းလမ်းတွေနဲ့ ကြွက်သားနဲ့အရိုးတွေကို ပိုအားကောင်းလာစေတဲ့နည်းလမ်းတွေကို ငါ မင်းကို မသင်ပေးရသေးဘူးလေ။"
"လာ၊ အခု ငါ မင်းကို ဒီသိုင်းကွက်ရဲ့ ချီနဲ့သွေးလည်ပတ်ပုံနည်းလမ်းကို သင်ပေးမယ်။"
ထို့နောက် သမားတော်ကြီးသည် လှုပ်ရှားမှုတစ်ခုချင်းစီကို လုချင်းအား အသေးစိတ်စတင်ရှင်းပြတော့သည်။
အသက်ရှုပုံကို ဘယ်လိုထိန်းရမလဲ၊ ချီနဲ့သွေးကို ဘယ်လိုလည်ပတ်စေရမလဲ၊ ဒျန်ထျန်အပေါ် ဘယ်လိုအာရုံစိုက်ရမလဲ...စသဖြင့်ပေါ့။
သိုင်းပညာလေ့ကျင့်ရာတွင် အရေးပါသော အချက်တိုင်းကို အသေးစိတ်ရှင်းပြခဲ့ရာ ဤသင်ကြားမှုသည် နှစ်နာရီတောင် ကြာမြင့်ခဲ့လေ၏။
"ဒီနေ့အတွက်တော့ ဒီလောက်ပဲ။"
ကိုးကွက်မြောက်လှုပ်ရှားမှုကို ရှင်းပြပြီးနောက်၌ လုချင်းက သူ့ပုံစံအတိုင်း အတော်အတန်တူအောင် လိုက်လုပ်နိုင်သည်ကို မြင်သောအခါ သမားတော်ကြီးက ပြောလိုက်သည်။
"ဒီလက်သီးသိုင်းကွက်အစုံမှာ လှုပ်ရှားမှု သုံးဆယ့်ခြောက်ကွက်ပါတယ်။ ပထမကိုးကွက်ရဲ့ အဓိကအကျိုးသက်ရောက်မှုကတော့ ချီနဲ့သွေးကို သန်စွမ်းစေပြီး အသက်ရှူပုံကို ထိန်းညှိပေးဖို့ပဲ။"
"နောက်ရက်တွေမှာ မင်း ကြိုးစားလေ့ကျင့်ရင်းနဲ့ အဲ့အပိုင်းမှာ တကယ်ကျွမ်းကျင်သွားတဲ့အခါကျ ချီနဲ့သွေးအဆင့်ထဲကို မင်း တရားဝင် ရောက်သွားလိမ့်မယ်။"
"နောက်ပိုင်းလှုပ်ရှားမှုတွေကိုတော့ မင်းရဲ့လက်ရှိခန္ဓာကိုယ်အခြေအနေက မခံနိုင်လောက်သေးဘူး၊ အဲ့ဒီတော့ အခုလောလောဆယ် အဲဒါတွေကို လေ့ကျင့်ဖို့မလိုသေးဘူး။"
"ဆရာ၊ ဆိုလိုတာက ဒီကိုးကွက်ကို ကျွန်တော်ကျွမ်းကျင်သွားရင် ဆရာပြောခဲ့တဲ့ ကျင့်ကြံသူတွေလို အားကြီးလာမှာလားဗျ" လုချင်းက စိတ်လှုပ်ရှားစွာမေးလိုက်သည်။
"ဒါပေါ့။ မင်း ချီနဲ့သွေးအဆင့်ထဲကို ရောက်သွားတာနဲ့ မင်းလည်း သူတို့လိုပဲ ဖြစ်လာမှာ" သမားတော်ကြီးက ခေါင်းညိတ်ပြသည်။
ထို့နောက် သူက သတိပေးလိုက်လေသည်။ "ဒါပေမဲ့၊ အလွန်အကျွံမလုပ်မိအောင် သတိထား။ သိုင်းပညာလေ့ကျင့်တာက အတိုင်းအတာတစ်ခုအထိပဲ လိုအပ်တယ်။ စိတ်မလောနဲ့၊ အမြန်အောင်မြင်ဖို့ မကြိုးစားနဲ့၊ မဟုတ်ရင် ခန္ဓာကိုယ်ကို ထိခိုက်နိုင်တယ်"
"ကျွန်တော်နားလည်ပါတယ် ဆရာ" လုချင်းက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
"နောက်ပြီး၊ သိုင်းပညာလေ့ကျင့်တာက စွမ်းအင်အများကြီးသုံးရတယ်၊ ဒါကြောင့် မင်း များများစားပြီး အာဟာရပြည့်အောင်လုပ်ရမယ်။ ငါးကြင်းနီရောင်းလို့ရတဲ့ပိုက်ဆံကို ခြွေခြွေတာတာသုံးမနေနဲ့။ အသားပိုဝယ်ပြီး ပုံမှန်စား၊ ဒါမှ ချီနဲ့သွေးကို အားပြန်ပြည့်အောင်လုပ်ပေးမှာ။ ဒီလိုဆို ခန္ဓာကိုယ်ကလည်း အားမယုတ်သွားတော့ဘူးပေါ့ကွာ"
"ကျွန်တော်နားလည်ပါပြီဆရာ" လုချင်းက ထပ်မံခေါင်းညိတ်သည်။
လုချင်းသည် ငါးကြင်းနီရောင်းပြီး ရလာသော ပိုက်ဆံကို သူ့ဆရာထံမှ ယူပြီးနောက် အိမ်ရှိလျှို့ဝှက်နေရာတစ်ခုတွင် ဝှက်ထားခဲ့သည်။
ယခုတော့ ထိုငွေကို အသုံးပြုရမည့်အချိန် ရောက်လာပြီဟု ထင်ရသည်။
"ငါ့မှာ ဆေးပင်တချို့ လိုနေသေးတာကတော့ စိတ်မကောင်းစရာပဲပေါ့ကွာ။ လိုအပ်တဲ့ပါဝင်ပစ္စည်းတွေသာ အကုန်ရှိရင် မင်းအတွက် ချီနဲ့သွေးအားဖြည့်ဟင်းရည်တစ်မျိုးကို ငါ လုပ်ပေးနိုင်တယ်၊ အဲဒါက မင်း ချီနဲ့သွေးအဆင့်ကို မြန်မြန်ရောက်စေမှာကို။" သမားတော်ကြီးက အနည်းငယ်နှမြောတသဖြစ်စွာဖြင့် ပြောလာသည်။
"မလိုပါဘူး ဆရာ။ ဆရာက ကျွန်တော့်ကို အများကြီးကူညီခဲ့ပြီးပါပြီ။ ကျွန်တော်ကတော့ ဆရာ့ကျေးဇူးတွေကို နည်းနည်းလေးမှတောင်ပြန်မဆပ်သေးရဘူးလေ။ ဘယ်လိုလုပ် ဆရာ့ကို ထပ်ပြီးဒုက္ခပေးရမှာလဲ" လုချင်းက အလျင်အမြန်ပြောလိုက်သည်။
"ကောင်းပြီလေ။ နောက်ရက်တွေကျ တောင်ပေါ်တက်ဖို့ရှိလာရင် အဲဒီဆေးပင်တွေကို ရှာတွေ့မလားလို့ ငါ ကြည့်လိုက်ဦးမယ်" သမားတော်ကြီးက ပြောသည်။
သူ့ဆရာက လက်မလျှော့သေးသည်ကိုမြင်တော့ လုချင်းသည် အလွန်ကိုပဲ ရင်ထဲထိရှသွားလေ၏။
သူ ဘာပြောရမှန်းမသိတော့။ ဤကျေးဇူးကို သူ့နှလုံးသားထဲတွင်သာ တိတ်တဆိတ် မှတ်သားထားလိုက်ရတော့၏။
"ဒီနေ့အတွက်တော့ ဒီလောက်ပဲပေါ့ကွာ။ ဒါမဲ့ ပြန်သွားရင် လေ့ကျင့်ဖို့မမေ့နဲ့နော်။ မနက်ဖြန် ပြန်လာခဲ့၊ မင်းရဲ့တိုးတက်မှုကို ငါ စစ်ဆေးမယ်" သမားတော်ကြီးက ပြောလာသည်။
ခဏတာ စကားစမြည်ပြောပြီးနောက် သမားတော်ကြီးက သူ့ကို လက်ပြနှုတ်ဆက်လိုက်တော့၏။
"ဆရာ ၊ ကျွန်တော် ဒီမှာပဲနေပြီး ဆရာ့ကို ပြုစုစောင့်ရှောက်ပေးရမလားဗျ" လုချင်းက တုံ့ဆိုင်းစွာမေးလိုက်သည်။
"မလိုပါဘူး။ ငါ့ခန္ဓာကိုယ်က ဖျက်တုန်းလက်တုန်းပါကွ။ ငါ့ကိုစောင့်ရှောက်ဖို့ ဘယ်သူမှမလိုသေးဘူး။ ပြီးတော့ ဒီနေရာက ဆေးပင်တွေနဲ့ပဲ ပြည့်နေတာလေ။ မင်းနဲ့ ရှောင်ယန်နေဖို့ နေရာမရှိဘူးကွ။ မင်းအိမ်မင်းပဲ ပြန်လိုက်ပါကွာ" သမားတော်ကြီးက မဆိုင်းမတွ ငြင်းပယ်လိုက်၏။
"ဒါဆို ကျွန်တော်ပြန်တော့မယ်နော် ဆရာ။ မနက်ဖြန်မှ ဆရာ့ကိုနှုတ်ဆက်ဖို့ လာခဲ့ပါမယ်ဗျ" လုချင်းက ပြောသည်။
သမားတော်ကြီးက အခိုင်အမာပြောနေသည်ကို မြင်သောအခါ လုချင်းလည်း စကားနားထောင်ရုံမှတစ်ပါး အခြားမရှိတော့ပေ။
ထို့နောက် သူသည် ငိုက်မျဉ်းနေသော ရှောင်ယန်ကို ကောက်ချီပြီး တောင်အောက်သို့ ဆင်းရန် ပြင်ဆင်လိုက်သည်။
"ခဏနေဦး။"
သူတို့တောင်အောက်သို့ ဆင်းတော့မည်အပြုတွင် သမားတော်ကြီးက ခြံဝင်းထဲမှ ရုတ်တရက်ထွက်လာပြီး လုချင်းအား စာအုပ်တစ်အုပ်ကို ကမ်းပေးလိုက်သည်။
"မင်းက 'ဆေးဖက်ဝင်အပင်တစ်ရာကျမ်း' ကို ဖတ်ပြီးသွားပြီဆိုတော့ အခု 'အပ်စိုက်မှတ်များ၏ အယူအဆများ' ဆိုတဲ့ ဒီစာအုပ် ကို ဖတ်။ ပြီးတော့ အပ်စိုက်မှတ်တွေကို အလွတ်ကျက်ထား၊ နောက်မှ ငါ မင်းကို မေးမယ်။"
စာအုပ်ကို ကိုင်ကာ ရှောင်ယန်ကို ပွေ့ချီရင်း လုချင်းသည် တောင်အောက်သို့ဆင်းလာစဉ် သူ့မျက်နှာအမူအရာမှာ အနည်းငယ်တွေဝေနေဆဲဖြစ်သည်။
သူသည် သမားတော်ကြီး၏တပည့်ဖြစ်လာပြီးနောက် သူနှင့်ရှောင်ယန်သည် ဆရာကြီး၏အိမ်တွင် နေထိုင်ရမည်ဟု အစက ထင်နေခဲ့တာပင်။
တပည့်တစ်ယောက်အနေဖြင့် ဆရာကို ပြုစုစောင့်ရှောက်ခြင်းနှင့် နေ့စဉ်အလုပ်များကို လုပ်ဆောင်ပေးခြင်းသည် ဖြစ်သင့်ဖြစ်ထိုက်သောအရာပင်။
သို့သော် သမားတော်ကြီးတွင် ထိုသို့သောရည်ရွယ်ချက်မရှိဘဲ သူ့ကို ရွာရှိအိမ်တွင်သာ ဆက်လက်နေထိုင်စေခဲ့သည်။
ဤသည်မှာ လုချင်းအတွက် အကျိုးရှိသော်လည်း အနည်းငယ်ထူးဆန်းနေသလိုလည်း ခံစားရစေပါ၏။
ထို့နောက်၌ အတွေးများကို ရှင်းထုတ်ရန် ခေါင်းခါလိုက်ကာ လုချင်းသည် အိပ်ပျော်နေသော ရှောင်ယန်ကို ချီလျက် အိမ်သို့ဦးတည်လိုက်တော့သည်။
အိမ်သို့ ပြန်ရောက်သောအခါ၌ သူပထမဆုံးလုပ်သည့်အရာမှာ ငွေအနည်းငယ်ယူပြီး ဦးလေးကျန်းကို ရှာဖွေခြင်းဖြစ်သည်။
ဦးလေးကျန်း၏ ငြင်းဆန်မှုကို လျစ်လျူရှုလျက် လုချင်းသည် တပည့်ခံယူပွဲအတွက် ရွာသားများ ပေးခဲ့သောလက်ဆောင်များအတွက် ကျေးဇူးပြန်ဆပ်လိုက်လေသည်။
မည်သို့ပင်ဖြစ်စေ၊ ယခု၌ သူသည် ငွေမရှားတော့သည့်အတွက် မချမ်းသာလှသော ရွာသားများအား သူ၏တပည့်ခံယူပွဲ လက်ဆောင်များအတွက် ကုန်ကျစရိတ်ကို ဘယ်လိုစိတ်နှင့်များ အကုန်အကျခံစေနိုင်မည်နည်း။
ဦးလေးကျန်းကို ငွေပေးပြီးနောက် လုချင်းသည် သူ၏ခြံဝင်းသို့ပြန်လာပြီး သိုင်းကွက်လေ့ကျင့်ရန် ပြင်ဆင်လိုက်တော့၏။
ဤတစ်ကြိမ်တွင်တော့ သူသည် လေ့ကျင့်မှုအတွက် သူ၏အထူးစွမ်းရည်ကို အသုံးပြုရန် ရည်ရွယ်ထားလေသည်။