တဖြည်းဖြည်းဖြင့် နယ်ပယ်သို့ ဝင်ရောက်လာခြင်း
Vol. 5 Ch. 43
"ယခု ကျင့်ကြံမှုကို စတင်လိုပါသလား"
သူ့အမြင်အာရုံထဲမှ စာတန်းကို စိုက်ကြည့်ရင်း လုချင်းသည် ဤတစ်ကြိမ်တွင်တော့ 'စတင်မည်' ကို ရွေးချယ်လိုက်တော့သည်။
နောက်တစ်ခဏတွင်တော့ သတင်းအချက်အလက်များစွာသည် ရေစီးကြောင်းကဲ့သို့နှယ် သူ့စိတ်ထဲသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာတော့လေ၏။
ကျန်းမာရေး အာဟာရဖြည့် လက်သီးသိုင်းနှင့် ပတ်သက်သော နားလည်သဘောပေါက်မှုအမျိုးမျိုးသည် ဉာဏ်အလင်းပွင့်သွားသကဲ့သို့နှယ် သူ့စိတ်ထဲတွင် ပေါ်ထွက်လာခဲ့သည်။
ထို့နောက်၌ သူ့ဆရာ၏ သင်ပြမှုများနှင့် ပေါင်းစပ်ကာ လုချင်းသည် ကျန်းမာရေး အာဟာရဖြည့် လက်သီးသိုင်းကို စတင်လေ့ကျင့်တော့သည်။
ပထမလှုပ်ရှားမှု၊ ဒုတိယလှုပ်ရှားမှု၊ တတိယလှုပ်ရှားမှု...
ဤ ကျန်းမာရေး အာဟာရဖြည့် လက်သီးသိုင်းအစုံတွင် လှုပ်ရှားမှုတစ်ခုချင်းစီအတွက် သီးခြားအမည်များ မရှိပုံရသဖြင့် လုချင်းသည် ၎င်းတို့ကို အစဉ်လိုက်သာ ရည်ညွှန်းနိုင်သည်။
သူသည် ဖြည်းဖြည်းချင်းနှင့် အနည်းငယ် ကမောက်ကမဖြစ်စွာဖြင့် လေ့ကျင့်ခဲ့သည်။ ကိုးကြိမ်မြောက် လှုပ်ရှားမှုကို အပြီးသတ်ပြီးနောက်၊ ဆယ်ကြိမ်မြောက်လှုပ်ရှားမှုအကွက်ကို ပြုလုပ်တော့မည်အပြုတွင် သူ့ခန္ဓာကိုယ်က စူးရှစွာ နာကျင်မှုကို ခံစားလိုက်ရသည်။
သူ့စိတ်ထဲတွင် ဆယ်ကြိမ်မြောက် လှုပ်ရှားမှု၏ အဓိကအချက်များကို သိသော်လည်း သူ့ခန္ဓာကိုယ်ကမူ လုပ်ဆောင်ရန် အလွန်ခက်ခဲနေသည်။
ထိုစဥ် သူ့ဆရာ၏ အကြံပေးချက်ကို သတိရလျက် လုချင်းသည် ကိုးကြိမ်မြောက်လှုပ်ရှားမှုထက် ကျော်လွန်သော လှုပ်ရှားမှုများသည် သူ၏လက်ရှိ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုထက် ကျော်လွန်နေကြောင်း သဘောပေါက်လိုက်သည်။
အတင်းအကျပ် လေ့ကျင့်ခြင်းသည် သူ့ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်သည်။
ထိုအခါ၌ သူသည် ဆယ်ကြိမ်မြောက် လှုပ်ရှားမှုကို ကြိုးစားခြင်းအား ချက်ချင်းရပ်တန့်ပြီး ပထမဆုံးလှုပ်ရှားမှုမှ ပြန်လည်စတင်ခဲ့သည်။
ထိုသို့ဖြင့် လုချင်းသည် ကျန်းမာရေး အာဟာရဖြည့် လက်သီးသိုင်းကို ပထမလှုပ်ရှားမှုမှ ကိုးကြိမ်မြောက်အထိ အကြိမ်ကြိမ် လေ့ကျင့်ခဲ့လေသည်။
သူ့စိတ်ထဲမှ နားလည်သဘောပေါက်မှုများအတိုင်း လိုက်နာရင်း သူ၏လှုပ်ရှားမှုများသည် တဖြည်းဖြည်း ပိုမိုချောမွေ့လာသည်။
အကယ်၍ တစ်စုံတစ်ယောက် ကြည့်နေခဲ့ပါက သူတို့ သတိပြုမိပေလိမ့်မည်။
သူ၏ ပထမဆုံးအကြိမ် ကြိုးစားမှုတွင် လုချင်း၏ လှုပ်ရှားမှုများသည် တောင့်တင်းနေပြီး သူ၏ ကိုယ်ဟန်အနေအထားများမှာ တရွဲ့တစောင်းဖြစ်နေကာ ပုံစံသည်ပင် မူမမှန်ပေ။
ဒုတိယအကြိမ် ကြိုးစားမှုတွင်တော့ သူ၏ လှုပ်ရှားမှုများသည် သိသိသာသာ ပိုမိုချောမွေ့လာပြီး သူ၏ ပုံစံများမှာလည်း ပိုမိုတိကျလာသည်။
တတိယအကြိမ် ကြိုးစားမှုတွင် သူသည် အနည်းငယ် ကျွမ်းကျင်မှုပြလာပြီး ကမောက်ကမဖြစ်မနေတော့ပေ။
စတုတ္ထအကြိမ် ကြိုးစားမှု...
ပဉ္စမအကြိမ် ကြိုးစားမှု...
အကြိမ်တိုင်း ထပ်ခါထပ်ခါ လေ့ကျင့်ရင်း လုချင်းသည် သိသာသော တိုးတက်မှုများ ရရှိခဲ့သည်။
ကိုးကြိမ်မြောက် ကြိုးစားမှုတွင် သူ၏ လှုပ်ရှားမှုများသည် အလွန်ချောမွေ့နေပြီး သူ၏ တစ်ကွက်ပြီးတစ်ကွက် အကူးအပြောင်းများမှာလည်း သဘာဝကျလာကာ သူ၏ ပုံစံများမှာလည်း တိကျလှသဖြင့် ကြည့်ရှုသူအား ကြည့်လို့ကောင်းသောမြင်ကွင်းတို့ကိုပေးစွမ်းနေလေသည်။
သူသည် ဤလက်သီးသိုင်းနည်းစနစ်များတွင် အချိန်ကြာမြင့်စွာ နစ်မြုပ်နေခဲ့သကဲ့သို့ ထင်ရသည်။
ကိုးကြိမ်မြောက် ကြိုးစားမှုကို အပြီးသတ်ပြီးနောက် လုချင်းသည် ရပ်တန့်လိုက်ပြီး တဖြည်းဖြည်းဖြင့် သူ၏ ကိုယ်ဟန်ကို သိမ်းလိုက်သည်။
ပြီးဆုံးသွားသောအခါ သူသည် နွေးထွေးသောလေငွေ့ကို မှုတ်ထုတ်လိုက်သည်။
သူ၏ အသက်ရှူပုံမှာ ချောမွေ့နေပြီး သူ၏ စိတ်ဝိညာဉ်မှာလည်း တည်ငြိမ်နေကာ သူ၏ တစ်ကိုယ်လုံး နွေးထွေးပြီး သက်သောင့်သက်သာဖြစ်နေသည်ဟု ခံစားလိုက်ရသည်။
ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသော လုချင်းသည် ကျန်းမာရေး အာဟာရဖြည့် လက်သီးသိုင်း၏ ပထမ ကိုးကွက်၏ အဓိကအချက်အချို့ကို သူ ဆုပ်ကိုင်နိုင်ခဲ့ပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
သူသာ ကြိုးစားပမ်းစား ဆက်လက်လေ့ကျင့်ပါက သူ၏ဆရာပြောခဲ့သည့်အတိုင်း ချီနှင့်သွေးအဆင့်သို့ ခြေချနိုင်ရန် သိပ်မကြာတော့ပေ။
တစ်ချိန်တည်းတွင် လုချင်းသည် သူ၏ ကျင့်ကြံမှုနည်းလမ်းများကို ပုံဖော်နိုင်သည့် နတ်မျက်စိစွမ်းရည်၏ သဘောသဘာဝကိုလည်း စတင်နားလည်လာသည်။
နတ်မျက်စိစွမ်းရည်သည် ကျင့်ကြံမှုနည်းလမ်းတစ်ခုကို ပုံဖော်ပြီးနောက်၌ ၎င်းနည်းလမ်းအား တိုက်ရိုက်ကျွမ်းကျင်သွားစေခြင်း မဟုတ်ပေ။
ထိုအစား၊ ၎င်းသည် ကျင့်ကြံမှုနည်းလမ်း၏ အဓိကအချက်များနှင့် နားလည်သဘောပေါက်မှုများကို သူ၏စိတ်ထဲတွင် လမ်းညွှန်မှုအဖြစ် ပြသပေးလာခဲ့၏။
ဤသည်က သူ့အား နည်းလမ်းကို ပိုမိုလျင်မြန်စွာ နားလည်စေနိုင်သည်။
သို့သော်၊ အမှန်တကယ်ကျွမ်းကျင်ပိုင်နိုင်ပြီး ကိုယ်ပိုင်အကွက်ဖြစ်လာဖို့ရန်အတွက်တော့ သူကိုယ်တိုင်ကြိုးစားလေ့ကျင့်ရန် လိုအပ်နေဆဲဖြစ်သည်။
ယခုကဲ့သို့ပင် သူ၏စိတ်သည် ကျန်းမာရေး အာဟာရဖြည့် လက်သီးသိုင်းနှင့် ပတ်သက်သော နားလည်သဘောပေါက်မှုများဖြင့် ပြည့်နှက်နေသည်။
သို့သော် ဤနားလည်သဘောပေါက်မှုများကို အသုံးပြုပြီး မိမိကိုယ်ကို သန်မာအောင်ပြုလုပ်ဖို့အတွက် သူသည် အကြိမ်ကြိမ် လေ့ကျင့်ရန် လိုအပ်နေဆဲဖြစ်သည်။
"ဂွီ..."
လုချင်း၏ ဝမ်းဗိုက်မှ အသံမြည်လာသည်။
သူ၏ ဝမ်းဗိုက်ထဲမှ ဆာလောင်မှုကို ခံစားမိရင်း အစောက လေ့ကျင့်မှုသည် သူ၏ ခွန်အားများစွာကို ကုန်ဆုံးစေခဲ့ကြောင်း လုချင်း သိလိုက်သည်။
ထိုအခါ၌ လုချင်းသည် သူ့ဆရာ၏ အကြံပေးချက်ကို သတိရကာ အိမ်ထဲသို့ ပြန်ဝင်ပြီး လွန်ခဲ့သော ရက်အနည်းငယ်က ပြုလုပ်ထားသော နေသလှပ်ထားသောအသားတစ်တုံးကို ထုတ်ယူလိုက်သည်။
ထို့နောက်တွင်တော့ သူသည် မနေ့က ဖမ်းထားသော မီးဖိုချောင်စည်ပိုင်းထဲမှ နှစ်ပေါင် သုံးပေါင်ခန့်ရှိသော ငါးတစ်ကောင်ကိုလည်းယူလိုက်သည်။
ပြီးနောက်မှ သူသည် ခြံဝင်းထဲမှ တောရိုင်းဟင်းသီးဟင်းရွက်အချို့ကိုပါ ခူးလိုက်ပြန်လေ၏။
သူစိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များသည် အခုမှ အပင်ပေါက်စပြုနေသဖြင့် လောလောဆယ်တော့ တောရိုင်းဟင်းသီးဟင်းရွက်များကိုသာ စားရဦးမည်ပင်။
ပါဝင်ပစ္စည်းများ အဆင်သင့်ဖြစ်သောအခါ လုချင်းသည် ချက်ပြုတ်ခြင်းကို စတင်လိုက်တော့သည်။
ပထမဦးစွာ သူသည် အိုးကိုဆေးကြောပြီး ထမင်းအိုးတည်လိုက်သည်။ ထမင်းကျက်လုနီးပါးအချိန်၌ သူသည် ဟင်းလျာများကို ချက်ပြုတ်ခြင်း စတင်လိုက်သည်။
ထို့နောက် နေလှန်းထားသောအသားဖြင့် ကြော်ထားသော တောရိုင်းဟင်းသီးဟင်းရွက်ကြော်တစ်ပွဲနှင့် ငါးပေါင်းတစ်ပွဲကို ချက်ပြုတ်ပြီးသွားတော့သည်။
လုချင်းတစ်ယောက် ဟင်းလျာများကို စားပွဲပေါ်သို့ တင်လိုက်သည်နှင့် ရှောင်ယန်လေးမှာ သူမ၏အခန်းထဲကနေ မျက်လုံးများကို ပွတ်သပ်ရင်း ထွက်လာသည်။
"ရှောင်ယန်လေး နိုးပြီလား။ ဗိုက်ဆာနေလား။ ကိုကို အခုပဲ ညီမလေးကို လာခေါ်တော့မလို့။"
ကလေးမလေးသည် သူမ၏ ဝမ်းဗိုက်ကို ထိကိုင်ပြီး လေးနက်စွာ ပြန်ဖြေသည်။ "ညီမလေး ဗိုက်ဆာနေတယ်ထင်တယ်။"
"ဗိုက်ဆာရင် လာစားလေ" လုချင်းက ပြုံးလျက် ပြောလိုက်သည်။
ကလေးများမှာ တကယ်ကို အံ့ဩစရာကောင်းလှသည်။ သူမသည် ဆရာ့အိမ်တွင်လည်း မအိပ်ခင် သရေစာများ စားခဲ့သည်။
သို့သော် နိုးလာပြီး မကြာမီမှာပင် သူမသည် ထပ်၍ ဗိုက်ဆာနေပြန်ပြီပင်။
ထမင်းတစ်ပန်းကန် စားပြီးနောက် လုချင်းမှာ သိသိသာသာပင် ဆာလောင်မှုလျော့နည်းသွားပြီဖြစ်တာကြောင့် သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။
သူ ပြန်လည်မွေးဖွားလာပြီးနောက် စစချင်းနှစ်ရက်မှလွဲ၍ သူသည် ဤမျှလောက် ဆာလောင်မှုကို မခံစားရသည်မှာ အချိန်အတော်ကြာပြီပင်။
ဤသည်မှာ သူ၏ အစောပိုင်း လေ့ကျင့်မှုသည် ခွန်အားအများကြီးကို ကုန်ဆုံးစေသည်အား သိသာစေပါ၏။
လုချင်းသည် ထမင်းပန်းကန်များစွာ စားခဲ့သည့်အပြင်ကိုမှ ဟင်းလျာအားလုံးကိုပင် အကြွင်းအကျန်မရှိအောင်အထိ စားသောက်ခဲ့လေသည်။
အစာစားပြီးနောက် သူသည် ကုလားထိုင်တစ်လုံးပေါ်တွင် ကျောမှီကာ လဲလျောင်းလိုက်ရင်း တစ်နေ့တာ၏ အဖြစ်အပျက်များကို ပြန်လည်စဉ်းစားနေလိုက်တော့၏။
ယနေ့တွင် အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့တာကြောင့် သူ၏ အတွေးများကို စုစည်းရန် လိုအပ်သည်ပင်။
ပထမဦးစွာ သူ၏ အဆင့်အတန်း ပြောင်းလဲခြင်းဖြစ်သည်။
သူသည် နောက်ဆုံးတွင်တော့ သမားတော်ကြီး၏ တပည့်ဖြစ်လာခဲ့သည်။ ဤအမှတ်သညာဖြင့် သူသည် ဤကမ္ဘာကြီးတွင် ခြေကုပ်တစ်ခု ရရှိခဲ့သည်။
သူသည် အမြစ်မရှိသော ဗေဒါပင်ကဲ့သို့ သူ၏အနာဂတ်လမ်းကြောင်း မသေချာမရေရာဖြစ်နေသော အခြေအနေမျိုး၌ မဟုတ်တော့ပေ။
ဒုတိယအချက်မှာ သူ၏ဆရာပြောခဲ့သော ကျင့်ကြံသူများနှင့် ပတ်သက်သည့် အချက်အလက်များဖြစ်သည်။
ဤကမ္ဘာရှိ ကျင့်ကြံသူများသည် လုချင်းထင်ထားသည်ထက်ပင် ပို၍ အစွမ်းထက်ကြသည်။
မွေးဖွားပြီးနယ်ပယ်မှ ကျင့်ကြံသူများ၏ အဆင့်အမျိုးမျိုးအကြောင်းနှင့်ပတ်သက်၍ သူ့ဆရာ၏ဖော်ပြချက်အရ လုချင်းသည် ဤကျင့်ကြံသူများတွင် ထူးကဲသော အစွမ်းအစနှင့် ခံနိုင်ရည်ရှိကြောင်းကို သိနိုင်ပါ၏။
၎င်းတို့ထက် ပို၍မြင့်သော မွေးရာပါနယ်ပယ်မှ ကျင့်ကြံသူများဆိုလျှင်တော့ မပြောပါနှင့်တော့။
သူ၏ဆရာ၏ စကားများအရ မွေးရာပါနယ်ပယ်မှ ကျင့်ကြံသူများသည် တိုင်းပြည်တစ်ခု၏ ကံကြမ္မာကိုပင် ပြောင်းပြန်လှန်ပစ်နိုင်သည်ဟု ထင်ရပါ၏။
သိုင်းကျင့်ကြံမှုလမ်းစဥ်သည် လူတစ်ဦးချင်းစီကို ဤမျှ အစွမ်းထက်သည့် အတိုင်းအတာအထိ ကျင့်ကြံပျိုးထောင်ပေးနိုင်သည်မှာ အမှန်ပင်။ လုချင်းမှာလည်း ၎င်းကို မတောင့်တဘဲ မနေနိုင်ပေ။
ထို့ကြောင့် သူသည် ရှေ့လျှောက်တွင် သိုင်းပညာကျင့်ကြံမှုကို အဓိကထားကာ အာရုံစိုက်လုပ်ဖို့နှင့် ဆေးပညာလေ့လာမှုကိုတော့ ဒုတိယအနေဖြင့် အာရုံစိုက်လေ့လာဖို့ ဆုံးဖြတ်လိုက်တော့သည်။
သူ့တွင် နတ်မျက်စိစွမ်းရည်ရှိသောကြောင့် နှစ်ခုစလုံးကို ဟန်ချက်ညီအောင် ထိန်းညှိခြင်းမှာ သူ့အတွက် ခက်ခဲမည်မဟုတ်ပေ။
သူသည် သိုင်းပညာလေ့ကျင့်ရန် ဆုံးဖြတ်ခဲ့သောကြောင့် အခြားကိစ္စများကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
အစာစားပြီးနောက် လုချင်းသည် သူ ကျန်းမာရေး အာဟာရဖြည့် လက်သီးသိုင်းကို တဖြည်းဖြည်း ကျွမ်းကျင်လာပြီး ချီနှင့်သွေး အဆင့်သို့ တရားဝင် ရောက်လာသည်နှင့်အမျှ သူ၏ အစာစားချင်စိတ်သည်လည်း သိသိသာသာ တိုးလာလောက်မည်ဟု ခန့်မှန်းလိုက်သည်။
ထိုသို့ဆိုလျှင် သူ၏ နေ့စဥ် အစားအသောက်အတွက် သေချာလုပ်ဖို့လိုအပ်လာပြီပင်။
"ပညာရှိတစ်ယောက် သိုင်းပညာသင်ကြားဖို့အတွက် ဓနဥစ္စာပိုင်းအား ထောက်ပံ့ပေးရန် လိုအပ်သည်" ဟူသော ဆိုရိုးစကားရှိသည့်အတိုင်း သိုင်းပညာလေ့ကျင့်မှုအတွက် နေ့စဉ်လိုအပ်သော စားသုံးမှုကို ထိန်းသိမ်းရန်မှာ ကုန်ကျစရိတ်များနိုင်ဖွယ်ရှိသည်။
ထို့နောက်၌ ငါးကြင်းနီရောင်းရငွေသည် မည်မျှကြာကြာခံမည်ကို သူ တွေးလိုက်မိပြန်၏။
ထို့နောက်တွင်တော့ လုချင်းသည် နောက်ရက်များတွင် ထူးဆန်းသောငါးဖမ်းသည့်နေရာတွင် သူ၏ကံကို ထပ်မံစမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။
သူ ကံကောင်းပြီး ထူးဆန်းသောငါးတစ်ကောင် ၊ နှစ်ကောင်လောငလ ထပ်မံဖမ်းမိပါက သူသည် ငွေရေးကြေးရေးအတွက် ခဏတာလောက်တော့ စိုးရိမ်စရာရှိမည်မဟုတ်တော့။
ဤကိစ္စများကို စဉ်းစားပြီးနောက် လုချင်းသည် မူလခန္ဓာကိုယ်ပိုင်ရှင်၏မိဘများနှင့် ပတ်သက်သည့် ပြဿနာကို သတိရလိုက်သည်။
အဘိုးကျန်းပြောခဲ့သည့်စကားများအရဆိုလျှင် သူ၏ မူလခန္ဓာကိုယ်ပိုင်ရှင်၏မိဘများ သေဆုံးမှုတွင် နောက်ကွယ်က လက်မဲကြီးရှိနေသည်မှာ အထင်းသားပင်။
သို့သော် လုချင်းသည် ဤကိစ္စကို လောလောဆယ် စုံစမ်းစစ်ဆေးရန် အစီအစဉ်မရှိသေးပေ။
အနာဂတ်တွင် သူသည် သိုင်းပညာတွင် ထင်ရှားသော အောင်မြင်မှုများ ရရှိပြီး လုံလုံလောက်လောက် သန်မာလာမှသာ ရှောင်ယန်အတွက် အမှန်တရားကို ရှာဖွေကောင်းရှာဖွေလိမ့်မည်။
ယခုလောလောဆယ်တွင်တောြ သူသည် သူ၏ဘဝကို ငြိမ်းချမ်းစွာဖြင့်သာ နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။
ကုလားထိုင်ပေါ်တွင် ထိုင်ရင်း ခဏတာ စဉ်းစားပြီးနောက်၌ လုချင်းသည် အစောကစားထားသောအစားအစာများ အစာကြေသွားလောက်ပြီဟု တွေးလိုက်လေသည်။
ထို့နောက်၌ သူသည် တောင်ပေါ်မှ မဆင်းလာခင် သူ၏ဆရာပေးလိုက်သော စာအုပ်ကို ထုတ်လိုက်တော့၏။