← Chapters

ညဝိညာဉ်ကြောင်မြီးတိုက လက်ဆောင်ပေးလာခြင်း

Vol. 5 Ch. 44

ညဝိညာဉ်ကြောင်မြီးတိုက လက်ဆောင်ပေးလာခြင်း

Vol. 5 Ch. 44

[အပ်စိုက်မှတ်များ၏ အယူအဆများ : လူ့ခန္ဓာကိုယ်ရှိ အပ်စိုက်မှတ်များနှင့် ပတ်သက်သော အယူအဆအမျိုးမျိုးကို မှတ်တမ်းတင်ထားသော စာအုပ်တစ်အုပ်။]

[ဤစာအုပ်ကို သေချာစွာဖတ်ရှုခြင်းဖြင့် လူ့ခန္ဓာကိုယ်ပေါ်ရှိ များပြားလှသော အပ်စိုက်မှတ်များကို ရှင်းလင်းစွာ နားလည်နိုင်မည်ဖြစ်သည်။]

[ဒေါင်းလုဒ်ဆွဲမလား]

လုချင်းသည် "အပ်စိုက်မှတ်များ၏ အယူအဆများ" စာအုပ်ကို ဖွင့်လိုက်ပြီး ခဏတာဖတ်ရှုလိုက်သောအချိန် ထိုစာတန်းကြီး သူ၏အမြင်အာရုံတွင် ပေါ်လာသည်အား မအံ့ဩတော့ပေ။ ထိုအစား မဆိုင်းမတွပင် သူသည် ဒေါင်းလုဒ်ဆွဲရန်အား ရွေးချယ်လိုက်သည်။

[ဒေါင်းလုဒ်ဆွဲနေသည်၊ လက်ရှိတိုးတက်မှု၊ ၁%...]

လုချင်းသည် စာမျက်နှာများကို အစမှစတင်လှန်လှောဖတ်ရှုလိုက်သည်။ သူသည် စာမျက်နှာတစ်ရွက်ပြီးတစ်ရွက် လှန်လှောသွားသည်နှင့်အမျှ သူ၏အမြင်အာရုံထဲမှ တိုးတက်မှုဘားသည်လည်း ဆက်လက်တိုးလာနေသည်ပင်။

[...၉၇%၊ ၉၈%၊ ၉၉%၊ ၁၀၀%]

["အပ်စိုက်မှတ်များ၏ အယူအဆများ" ဒေါင်းလုဒ်ဆွဲခြင်း ပြီးဆုံးပါပြီ။ သင်ယူမှုစတင်လိုပါသလား။]

နောက်ဆုံးစာမျက်နှာကို ဖတ်ပြီးနောက်၊ နတ်မျက်စိစွမ်းရည်ကလည်း စာအုပ်ကို အပြည့်အဝ ဒေါင်းလုဒ်ဆွဲပြီးကြောင်း ဖော်ပြလာခဲ့လေ၏။ လုချင်းမှာလည်း ချက်ချင်းသင်ယူရန် ရွေးချယ်လိုက်သည်။ နောက်တစ်ခဏတွင်တော့ အပ်စိုက်မှတ်များနှင့် ပတ်သက်သော ကြီးမားလှသည့် အသိပညာများသည် သူ့အတွင်းစိတ်၏ နက်ရှိူင်းလှသောနေရာတစ်နေရာကနေ ထိုးတက်လာတော့လေယ သူသည် ခေါင်းကို နောက်သို့ မှီလိုက်ရင်း မျက်လုံးများကိုမှိတ်ကာ အချက်အလက်များကို တိတ်တဆိတ် မှတ်ယူနေလိုက်လေ၏။

အချိန်အတော်ကြာပြီးနောက်၊ သူသည် အံ့အားသင့်မှုများကြောင့် တောက်ပနေသော မျက်လုံးများကို ပြန်ဖွင့်လိုက်တော့သည်။

"လူ့ခန္ဓာကိုယ်ပေါ်က အပ်စိုက်မှတ်တွေက တကယ်ကို အံ့ဩစရာတွေချည်းပါလား"

" 'အပ်စိုက်မှတ်များ၏ အယူအဆများ' စာအုပ်က ပြောထားတာအရဆိုရင် လူ့ခန္ဓာကိုယ်ရဲ့ အဓိကအမှတ်တွေက အရေးကြီးတဲ့နေရာအမျိုးမျိုးကို ထိန်းချုပ်နေကြတယ်။ ပြီးတော့ လူတစ်ယောက်ရဲ့ အသက်ရှင်နေထိုင်မှုအခြေအနေနဲ့လည်း တော်တော်လေးကို ဆက်စပ်နေတယ်"

"ကျွမ်းကျင်တဲ့သမားတော်တစ်ယောက်က နည်းစနစ်အမှန်တွေကိုသာ သုံးမယ်ဆိုရင် ဆေးပင်တွေမပါဘဲနဲ့တောင် အပ်ကလေးနဲ့တင် ရောဂါတွေကို ကုသနိုင်တာပဲ ၊ သေလုမျောပါးဖြစ်နေတဲ့သူကိုတောင် အသက်ပြန်ရှင်လာစေနိုင်တယ်။ ပြီးတော့လည်း လူတွေကို ဆိုးရွားတဲ့အခြေအနေတွေကနေ ကယ်တင်နိုင်တယ်တဲ့။"

ဤအချိန်တွင်၊ လုချင်းသည် "အပ်စိုက်မှတ်များ၏ အယူအဆများ" တစ်အုပ်လုံးအား အပြည့်အဝကို အလွတ်ကျက်မှတ်ပြီးသွားပြီဖြစ်သည်။ သို့သော်၊ အလွတ်ကျက်မှတ်ခြင်းက သက်သက်တစ်ပိုင်းသာ ၊ ၎င်းက သူ အပ်စိုက်ကုထုံးအ မည်သို့ပြုလုပ်ရမည်ကို သိသွားသည်ဟု မဆိုလိုပေ။ သူ့တွင် လက်တွေ့အတွေ့အကြုံမရှိဘဲ သီအိုရီပိုင်းဆိုင်ရာ အသိပညာသာရှိသေးတာပင်။

အကယ်၍ သူ ယခုအချိန် လူနာတစ်ဦးကို ကုသရမည်ဆိုလျှင်၊ သူတို့အား ပျောက်ကင်းအောင် ကုသနိုင် ၊ မကုသနိုင်သည်အပေါ် မသေချာသော်လည်း၊ သူတို့အား ထိခိုက်စေနိုင်သည်မှာတော့ သေချာပါ၏။

ဤ "အပ်စိုက်မှတ်များ၏ အယူအဆများ" ကို အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်ရန်အတွက် သင်ယူလေ့လာမှုတွေအများကြီး လိုအပ်နေသေးသည်ပင်။ သို့သော်လည်း၊ နားလည်ရုံမျှဖြင့်ပင် လုချင်းသည် ဆေးပညာနယ်ပယ်က ဘယ်လောက်တောင်မှ ထူးခြားဆန်းကြယ်ကြောင်းကို သဘောပေါက်သွားခဲ့ပါ၏။

ဆေးဝါးပညာဖြစ်စေ၊ အပ်စိုက်ကုထုံးဖြစ်စေ၊ နှစ်ခုစလုံးသည် ကျယ်ပြန့်ပြီး နက်နဲလှကာ၊ ရှုပ်ထွေးသော အသိပညာများဖြင့် ပြည့်နှက်နေပါ၏။ တစ်ခုခုကို ကျွမ်းကျင်ပိုင်နိုင်ရန်မှာ အလွန့်ကို ခက်ခဲလှသည်ပင်။

အကယ်၍ သူ၏နတ်မျက်စိစွမ်းရည်သာ မရှိခဲ့ပါက၊ သူ၏ဆရာပေးသော ဆေးကျမ်းနှစ်အုပ်စလုံးကို နားလည်ဖို့ရန် မည်မျှတောင် ကြာမည်ကို သူ မသိနိုင်တော့။

စာအုပ်ကို ညင်သာစွာလှန်လှောရင်း၊ လုချင်းသည် သူ၏လေ့လာမှုကို ပြန်လည်စတင်လိုက်သည်။ သူသည် ပါဝင်အကြောင်းအရာများကို အလွတ်ကျက်မှတ်ပြီးသော်လည်း၊ စာအုပ်တစ်အုပ်ကို ဖတ်ရှုရသည့် ခံစားချက်ကို ပို၍နှစ်သက်ပါ၏။

ဆည်းဆာ၏ ရွှေရောင်အလင်းအောက်တွင်၊ လုချင်းသည် နေဝင်ပြီး ကောင်းကင်မိုက်မှောင်သွားသည်အထိ ဆက်လက်ဖတ်ရှုနေခဲ့ပြီးမှ စာအုပ်ကို သိမ်းလိုက်တော့သည်။

ထိုညတွင်လည်း ၊ ရှောင်ယန်သည် သူမ စိတ်အားထက်သန်စွာ စောင့်မျှော်နေသော ညဝိညာဉ်ကြောင်မြီးတိုကို ထပ်မံမတွေ့ခဲ့ရပေ။ ထိုသတ္တဝါလေးတွင် အထူးစွမ်းရည်အချို့ရှိပုံရပြီး၊ ရှောင်ယန်အိပ်ပျော်သွားမှသာ ပေါ်လာတတ်သည်။

အမှန်စင်စစ်၊ လုချင်းသည် အိပ်ပျော်နေသောကလေးကို အိပ်ရာထဲသို့ ရွှေ့ပေးလိုက်သည်နှင့်၊ သူသည် ရင်းနှီးလှသော တံခါးအား ကုတ်ခြစ်သံကို ကြားလိုက်ရတော့၏။

ထို့နောက်၌ သူသည် မီးဖိုချောင်ကနေ ကြိုတင်ပြင်ဆင်ထားသော လတ်ဆတ်သောငါးကို ယူသွားလိုက်ပြီး တံခါးကို ဖွင့်လိုက်သည်။

ထိုအခါ၌ သူသည် အနက်ရောင်အရိပ်တစ်ခု လျင်မြန်စွာ နောက်သို့ခုန်ဆုတ်သွားသည်ကို မြင်လိုက်ရ၏၊ ထိုသားရဲမှာ ၎င်း၏ရှေ့ခြေများကို စုစည်းကာ ကျက်သရေရှိစွာ ထိုင်ချလိုက်ပြီးနောက် လုချင်းကို တိတ်ဆိတ်စွာကြည့်နေကာ သူ ငါးကိုချပေးရန် စောင့်နေသည်။

"မင်းကတော့ တဖြည်းဖြည်းနဲ့ ပိုပြီးစိတ်အေးလက်အေးဖြစ်လာပြီပဲ။" လုချင်းက ခေါင်းခါရင်း၊ ငါးကို အောက်သို့ ချကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။

ညဝိညာဉ်ကြောင်မြီးတိုကလည်း ချက်ချင်းပင် ချဉ်းကပ်လာပြီး သစ်သားဇလုံထဲမှ ငါးကို စတင်စားသောက်တော့သည်။ လုချင်းသည် ၎င်းစားနေသည်ကို တိတ်ဆိတ်စွာသာ ကြည့်နေပြီး၊ အနှောင့်အယှက်မပေးခဲ့ပေ။

လွန်ခဲ့သော ဆယ်ရက်ကနှင့် နှိုင်းယှဉ်လျှင် ညဝိညာဉ်ကြောင်မြီးတိုသည် အနည်းငယ်တောင် ကြီးထွားလာသည်ဟုပြောရပေမည်။ ၎င်း၏သဘောထားသည်လည်း သံသယစိတ်များဖြင့် သတိကြီးစွာ ထားခြင်းမှ ယခုအခါတွင်တော့ လုချင်းကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်သည်အထိ ပြောင်းလဲလာသည်။ ၎င်းသည် ငါးတစ်ကောင်ကို ချီပြီး ပုန်းအောင်းစားသောက်ပြီးမှ နောက်တစ်ကောင်အတွက် ထွက်လာကာ ယူစားခြင်းမျိုးမရှိတော့ဘဲ၊ ယခုအခါတွင်တော့ ဇလုံထဲကနေတောင် တိုက်ရိုက်စားသောက်နေသည်။

၎င်း၏သဘောထားသည် များစွာတည်ငြိမ်လာသော်လည်း၊ လုချင်းသည် ၎င်းအနားသို့ပင် မကပ်နိုင်သေးပါချေ၊ ထိတွေ့ဖို့ကတော့ ဝေးစွ။

လုချင်းတွင်လည်း ထိတွေ့ဖို့ရန် မည်သည့်အခါကမှ ရည်ရွယ်ခဲ့ခြင်းမရှိပေ။

အကယ်လို့ အဲ့သတ္တဝါလေး စိတ်တိုပြီး သူ့ကို ကုတ်လိုက်လို့ရှိရင် ၊ သူ့ရဲ့လက်တစ်ဖက်လုံး ရစရာမရှိအောင် ဖြစ်သွားမှဖြင့်။

သူ၏လက် သို့မဟုတ် ခြေထောက်များသည် သံမဏိ သို့မဟုတ် ကျောက်တုံးကဲ့သို့ မာကျောနိုင်မည်ဟု လုချင်း မယုံကြည်ပေ။ ထို့အပြင်၊ အကယ်၍ မာကျောခဲ့လျှင်ပင်၊ ဤအကောင်ငယ်လေးက ၎င်းတို့ကို စုတ်ဖြဲပစ်နိုင်ပါ၏။

ထို့ကြောင့် အကြိမ်တိုင်း၊ ငါးကို ချပေးပြီးနောက်၊ သူသည် ဤအရှင်သခင်လေး၏ စိတ်ကိုမဆွမိစေရန် နောက်သို့ဆုတ်လေ့ရှိသည်။ ညဝိညာဉ်ကြောင်မြီးတိုမှာလည်း ငါးကို စားပြီးနောက်၊ နောက်သို့ တစ်ချက်ပင် ပြန်လှည့်မကြည့်ဘဲ ထွက်ခွာသွားလေ့ရှိသည်။ သို့သော် ဤတစ်ကြိမ်တွင်တော့ တစ်ခုခုက ထူးခြားနေလေ၏။

ငါးကိုစားပြီးနောက်၊ ညဝိညာဉ်ကြောင်မြီးတိုသည် လှည့်ထွက်ပြီး ခြံစည်းရိုးအပြင်ဘက်သို့ ခုန်ထွက်သွားသည်။

လုချင်းသည်လည်း သစ်သားဇလုံကို ပြန်လည်သိမ်းဆည်းတော့မည်အပြုတွင်၊ သူသည် ၎င်းကို သူ၏ရှေ့တွင် ပြန်လည်ပေါ်လာသည်ကို မြင်လိုက်ရတော့၏။

"ဘာလဲ၊ မဝသေးလို့လား" လုချင်းသည် မနေနိုင်ဘဲ မေးလိုက်သည်။

ထိုသို့မဖြစ်သင့်ပေ။ ယနေ့၌ သူသည် မနေ့ကထက်ပင် ငါးပိုထည့်ပေးခဲ့သည်။ အကောင်လေးကြီးထွားလာလျှင်ပင်၊ ၎င်း၏အစာစားချင်စိတ်သည် တစ်ပြိုင်နက်တည်း ထိုမျှလောက် တိုးလာလိမ့်မည်ဟုတော့ သူ မထင်။

ညဝိညာဉ်ကြောင်မြီးတိုသည် လုချင်း၏စကားကိုကြားသောအခါ၊ ၎င်း၏မျက်လုံးများတွင် အနည်းငယ်မထီမဲ့မြင်ပြုသောအကြည့် ထွက်ပေါ်လာခဲ့၏။ အကယ်၍ လုချင်းသာ သတိပြုမိခဲ့ပါက၊ သူသည် ၎င်းကို မထီမဲ့မြင်ပြုသောအကြည့်အဖြစ် မြင်တွေ့ပေလိမ့်မည်။

ကံမကောင်းစွာဖြင့်၊ လုချင်းသည် ထိုအရာကို အာရုံမစိုက်မိခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် သူ၏အာရုံသည် အခြားအရာတစ်ခုပေါ်တွင် ရောက်နေသောကြောင့်ပင်။

"မင်းပါးစပ်ထဲမှာ ကိုက်ထားတာ ဘာကြီးလဲ။"

အမှန်မှာ၊ ညဝိညာဉ်ကြောင်မြီးတို၏ပါးစပ်ထဲတွင် တစ်စုံတစ်ခုရှိနေသည်။ ၎င်းသည် မီးခိုးရောင်လိုလို ၊ အဖြူရောင်လိုလို ဖြစ်ပုံရသော်လည်း၊ လုချင်းသည် ရှင်းလင်းစွာမမြင်ရပေ။

အကြောင်းမှာ ယနေ့ည လရောင်သည် မှိန်ဖျော့နေပြီး၊ ကောင်းကင်တွင် လခြမ်းကွေးလေးတစ်ခုသာ တည်ရှိနေသောကြောင့်ပင်။

ညဝိညာဉ်ကြောင်မြီးတိုသည် ချဉ်းကပ်လာပြီး၊ ထိုအရာကို မြေပေါ်တွင် ချထားလိုက်ကာ၊ ပြီးနောက်မှ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားသည်။

"ဒါက ငါ့အတွက်လား" လုချင်း အံ့ဩသွားသည်။

ညဝိညာဉ်ကြောင်မြီးတိုသည် မလှုပ်မယှက်ဘဲ၊ လုချင်းကို တိတ်ဆိတ်စွာ ကြည့်နေသည်။ လုချင်းကလည်း ထိုအရာသည် သူ့အတွက် လက်ဆောင်ဖြစ်ကြောင်း နားလည်လိုက်သည်။

"တကယ်ကြီး ငါ့အတွက်လား"

လုချင်းသည် အမှန်တကယ်ပင် အံ့အားသင့်သွားခဲ့ပါ၏။ အကောင်ငယ်လေးကို အချိန်အတော်ကြာ အစာကျွေးပြီးနောက်၊ ဤသည်မှာ သူ ပထမဆုံးအကြိမ် လက်ဆောင်ပြန်ရခြင်းဖြစ်သည်။

"ဒါက ဘာကြီးလဲ"

လုချင်းသည် ရှေ့သို့တိုးပြီး ထိုအရာကို ညင်သာစွာ ကောက်ယူလိုက်သည်။ သူကိုင်လိုက်သည်နှင့်၊ ၎င်းသည် အပင်တစ်ပင်၏ အမြစ်ဖြစ်ကြောင်း သူသိလိုက်၏။ ၎င်း၏ထိပ်တွင် အရွက်များရှိပြီး အောက်ခြေတွင် အမြစ်များစွာရှိကာ၊ မြေကြီးအချို့ဖြင့် ဖုံးလွှမ်းနေဆဲဖြစ်သည်။

မှိန်ဖျော့သော လရောင်အောက်တွင်၊ သူသည် သူ၏လက်ထဲမှ အရာကို စတင်စစ်ဆေးကြည့်ရှုလိုက်သည်။ သူကြည့်လေလေ၊ သူ၏မျက်လုံးများ ပြူးလာလေလေပင်။

"ဆေးဖက်ဝင်အပင်တစ်ရာကျမ်း" ကို သေချာစွာ အလွတ်ကျက်မှတ်ထားသော လုချင်းမှာ သူ၏လက်ထဲမှ အပင်ကို ပိုပိုပြီးတော့တောင် မှတ်မိလာတော့၏။

အဲ့ဒါတော့ မဖြစ်နိုင်လောက်ပါဘူး...

ထိုအတွေးကြီး သူ၏စိတ်ထဲတွင် အပြည့်အဝမပေါ်ပေါက်မီ၊ သူ၏နတ်မျက်စိစွမ်းရည်က အဖြေကို ပေးလိုက်ပြီပင်။

သူ၏လက်ထဲမှ အပင်မှ စအလင်းရောင် မှိန်ဖျော့ဖျော့ ပေါ်ထွက်လာသည်။ အရေးအကြီးဆုံးမှာ၊ ဤအလင်းသည် အဖြူရောင်မဟုတ်ဘဲ၊ အနီရောင်သန်းနေခဲ့တာပင်။

[ဂျင်ဆင်း : တန်ဖိုးကြီးသော ဆေးဖက်ဝင်အပင်တစ်မျိုး၊ စားသုံးနိုင်ပြီး အဆိပ်မရှိပေ။]

[ဤဂျင်ဆင်းသည် နှစ်ပေါင်းများစွာ ကြီးထွားလာခဲ့သဖြင့် နှစ်တစ်ရာကျော်သက်တမ်းရှိပုံရသည်။]

[ဒဏ္ဍာရီအရ၊ ဂျင်ဆင်းတွင် အံ့ဩဖွယ်အာနိသင်အမျိုးမျိုးရှိပြီး၊ အချိန်အလုံအလောက် ကြီးထွားလာသော ဂျင်ဆင်းများသည် စိတ်ဝိညာဉ်အသိကိုပင် ဖွံ့ဖြိုးအောင် လုပ်နိုင်သည်ဟု ဆိုသည်။]

နှစ်တစ်ရာသက်တမ်းရှိတဲ့ ဂျင်ဆင်းတဲ့လား

သူ၏နတ်မျက်စိစွမ်းရည်မှ ဖော်ပြလာသော အချက်အလက်များကို မြင်သောအခါ၌ လုချင်း၏မျက်လုံးများမှာ အံ့ဩတုန်လှုပ်မှုများဖြင့် ပြူးကျယ်သွားတော့လေသည်။

All Chapters