← Chapters

ငါ့တပည့်မှာ ပါရမီရှင်တစ်ယောက်ရဲ့ အရည်အချင်းတွေ ရှိနေတာလား

Vol. 5 Ch. 46

ငါ့တပည့်မှာ ပါရမီရှင်တစ်ယောက်ရဲ့ အရည်အချင်းတွေ ရှိနေတာလား

Vol. 5 Ch. 46

"ဒါဆို မင်းက ဒီဂျင်ဆင်းကို ရောင်းဖို့စဉ်းစားနေတာလား" သမားတော်ကြီးက မေးလိုက်သည်။

"မဖြစ်မနေကြီးတော့ မဟုတ်ပါဘူး​ဗျ၊ ကျွန်တော်က သူ့ရဲ့တန်ဖိုးကိုပဲ သိချင်တာပါ၊ အဲ့ဒါမှ တစ်ခုခုကြံနိုင်မှာမို့ပါဗျ" လုချင်းက ရိုးသားစွာ ပြန်ဖြေလိုက်သည်။

သမားတော်ကြီးကလည်း ခဏစဉ်းစားပြီး ပြန်ပြောလိုက်သည်။ "ယေဘုယျအားဖြင့်တော့ ဒီလိုသက်တမ်းမျိုးရှိတဲ့ ဂျင်ဆင်းတွေက ရှာရခက်ကြတော့ အမြဲတမ်းဝယ်လိုအားများတယ်လေ။ "

"ဂျင်ဆင်းက ခွန်အားနဲ့ သွေးကိုတောင် အားပြန်ဖြည့်ပေးနိုင်တယ်။ ပြီးတော့ ခန္ဓာကိုယ်ကိုလည်း သန်မာစေတယ်၊ အရေးကြီးတဲ့အချိန်တွေမှာလည်း အသက်ကိုတောင် ကယ်ပေးနိုင်တယ်လေ။"

"မြို့ထဲက မျိုးရိုးမြင့်တွေ၊ ကျင့်ကြံသူတွေက ဒီလိုအဖိုးတန်ဆေးပင်ကို ရဖို့ အမြဲတမ်း စိတ်အားထက်သန်နေကြတာပဲ"

"ဒီဂျင်ဆင်းကြီးရဲ့ အမြစ်တွေက နည်းနည်းပျက်စီးနေပေမယ့် ဒါက သူ့ရဲ့ဆေးဖက်ဝင်အာနိသင်ကိုတော့ သက်ရောက်မှုမရှိဘူးလေ။"

"တကယ်တော့ ငါ ခုနကပဲ စမ်းသပ်ကြည့်လိုက်သေးတယ်၊ သူ ကြီးထွားခဲ့တဲ့ ထူးခြားတဲ့ပတ်ဝန်းကျင်ကြောင့် ဖြစ်မယ်၊ ဒီဂျင်ဆင်းရဲ့ဆေးဖက်ဝင်အာနိသင်က သာမန်နှစ်တစ်ရာသက်တမ်းရှိတဲ့ ဂျင်ဆင်းတွေထက်တောင် ပိုပြင်းနေတယ်လေ။"

ထိုစကားကိုကြားတော့ လုချင်းက ဂျင်ဆင်းပေါ်က အနီရောင်အလင်းတန်းကို ရုတ်ချည်း သတိရသွားလေ၏။

သူ့ဆရာပြောသည့် ထူးကဲသော အရည်အသွေးက ထိုအချက်ကြောင့် ဖြစ်နိုင်ပါ၏။

"သာမန်နှစ်တစ်ရာသက်တမ်းရှိတဲ့ ဂျင်ဆင်းတစ်ပင်က မြို့ကြီးတွေမှာ အနည်းဆုံး ငွေတစ်ထောင်တန်ဖိုးရှိတယ်"

"ဒီတစ်ပင်ကတော့ ပိုတောင်တန်ဖိုးရှိနိုင်တယ်၊ ဒါပေမယ့် ဘယ်လောက်အတိအကျလဲဆိုတာတော့ ငါ မပြောနိုင်ဘူး"

ငွေတစ်ထောင်တောင်လား။ ဒါက ငါးကြင်းနီတစ်ကောင်ရဲ့ ဆယ်ဆတောင်လေ။

ထိုကိန်းဂဏန်းကို ကြားလိုက်ရချိန်၌ လုချင်းခင်ဗျာ စိတ်ပြင်ဆင်ထားတာတောင်မှ နှလုံးခုန်သံများ မြန်လာတာကို မထိန်းနိုင်ဖြစ်သွားပါသေး၏။

"စိတ်လှုပ်ရှားသွားပြီလား" သမားတော်ကြီးက သူ့တပည့်၏ ထိတ်လန့်နေသော မျက်နှာအမူအရာကို ကြည့်ပြီး ရယ်မောလိုက်သည်။

"နည်းနည်းပါ" လုချင်းက ခေါင်းညိတ်လိုက်သည်။

ငွေတစ်ထောင်ဆိုတာကြီးကို ဘယ်သူများ မလိုချင်ဘဲနေမှာလဲလို့။

အထူးသဖြင့် သူ့လို တောသားလေးတစ်ယောက်အတွက်ပေါ့။

"ဒါပေမယ့်လည်း သူ့ရဲ့တန်ဖိုးက မြင့်ပေမယ့် ငါကတော့ မင်းကို မရောင်းစေချင်ဘူး" သမားတော်ကြီးက ရုတ်တရက် ပြောလာ၏။

"ဘာလို့လဲ ဆရာ" လုချင်းက နားမလည်ဖြစ်သွားသည်။

"မင်း သိုင်းပညာကို လေ့ကျင့်ချင်တယ်မဟုတ်လား၊ ဒီဂျင်ဆင်းက ချီနဲ့သွေးအဆင့်က ကျင့်ကြံသူတစ်ယောက်အတွက် အကောင်းဆုံးအရန်ဆေးဖက်ဝင်ပစ္စည်းတွေထဲက တစ်ခုပဲ"

"ငါအရင်က မင်းအတွက် ချီနဲ့သွေးအားဖြည့်ဟင်းရည်တစ်မျိုး ပြင်ဆင်ပေးချင်တယ်လို့ မပြောခဲ့ဘူးလား၊ ဒီနှစ်တစ်ရာသက်တမ်းရှိတဲ့ ဂျင်ဆင်းကို ကောင်းကောင်းအသုံးချနိုင်ရင် အဲဒီဟင်းရည်ထက်တောင် ပိုထိရောက်မှုရှိမှာကွ"

"သူ့ရဲ့အကူအညီနဲ့ဆိုရင် မင်း ချီနဲ့သွေးအဆင့်ကို ရောက်ဖို့ ပိုပြီးတော့တောင် အများကြီးလွယ်သွားတော့မှာကွ"

"ငါ ဒါကို သုံးပြီး မင်းအတွက် သွေးအားဖြည့်​ဆေးလုံးနဲ့ စွမ်းအင်တိုးဆေးလုံးတွေကို ဖော်စပ်ပေးနိုင်တယ်၊ ဒီလိုဆိုရင် မင်း ကျန်းမာရေးအာဟာရဖြည့် လက်သီးသိုင်းကို ကျွမ်းကျင်သွားတာနဲ့ တစ်နေ့တစ်လုံးသောက်လိုက်ရင် မကြာခင်မှာပဲ ချီနဲ့သွေးအဆင့်ကို ခြေချနိုင်လိမ့်မယ်လေ"

ကံကြမ္မာကြီးက အဲ့လောက်တောင် ကောင်းနေတာလား။

ဒါက တကယ်ကြီးကို ကြည်နူးဖို့ကောင်းတဲ့ အံ့ဩစရာကြီးပဲ။

လုချင်းမှည အလွန်ပင် ဝမ်းသာသွားသည်။

သူက ချီနဲ့သွေးအဆင့်ကို အမြန်ရောက်အောင် ဘယ်လိုလုပ်ရမလဲဆိုပြီး စိုးရိမ်နေခဲ့တာလေ။ အခုတော့ အဖြေတစ်ခုရှိလာပြီပဲ။

"ဒါဆို မင်း ဒီဂျင်ဆင်းကို ရောင်းချင်သေးလား၊ ဒါမှမဟုတ် ကိုယ့်အတွက် သိမ်းထားမလား" သမားတော်ကြီးက မေးလိုက်သည်။

လုချင်းကလည်း မဆိုင်းမတွပဲ ပြန်ဖြေလိုက်ပါ၏။ "ကျေးဇူးပြုပြီး ကျွန်တော့်အတွက် ဆေးလုံးတွေအဖြစ် ဖော်စပ်ပေးပါ ဆရာ"

"အင်းးး ၊ မင်း သေသေချာချာစဉ်းစားပြီးပြီလား" သမားတော်ကြီးက သူ့ကိုကြည့်လိုက်သည်။

"ဟုတ်ကဲ့၊ ငွေက တန်ဖိုးရှိပါတယ်၊ ဒါပေမယ့် ကျွန်တော့်ရဲ့ကိုယ်ပိုင်စွမ်းရည်တွေနဲ့ယှဥ်ရင်တော့ ပကာသနတွေပါပဲဗျ။ ငွေထက် ကျွန်တော့်ရဲ့ကိုယ်ပိုင်စွမ်းရည်တွေက ပိုပြီး အရေးကြီးပါတယ် ဆရာ" လုချင်းက ပြောလိုက်သည်။

"မင်းမှာ ဒီလိုအသိရှိတာ ကောင်းတယ်" သမားတော်ကြီးက ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ "ဒီလောကကြီးမှာ ကိုယ့်ရဲ့ကိုယ်ပိုင်စွမ်းရည်တွေထက် ပိုအရေးကြီးတာဘာမှမရှိဘူး၊ စွမ်းရည်မရှိရင် ၊ မင်းမှာ ငွေတွေ ဘယ်လောက်ပဲ ရှိရှိ မင်း ထိန်းသိမ်းနိုင်မှာမဟုတ်ဘူးလေ။"

"မင်း ဆုံးဖြတ်ပြီးပြီဆိုတော့ နောက်ရက်ထဲမှာပဲ မင်းအတွက် သွေးအားဖြည့်​ဆေးလုံးနဲ့ စွမ်းအင်တိုးဆေးလုံးတွေကို ငါ ဖော်စပ်ပေးမယ်"

"ကျေးဇူးတင်ပါတယ် ဆရာ" လုချင်းက ပျော်ရွှင်စွာ ပြောလိုက်သည်။

"ဒါပေမယ့် အရမ်းဝမ်းမသာသေးနဲ့ဦး" သမားတော်ကြီးက သူ့တပည့်၏စိတ်အားထက်သန်မှုကို အရှိန်သတ်လိုက်၏။ "ငါ ဆေးလုံးတွေလုပ်ပေးရင်တောင် ကျန်းမာရေးအာဟာရဖြည့်လက်သီးသိုင်းကို မင်း မကျွမ်းကျင်မချင်း မင်း အဲ့ဆေးလုံးတွေကို သောက်လို့မရဘူး"

"မဟုတ်ရင် ဆေးလုံးတွေသောက်တာက သူတို့ရဲ့ဆေးဖက်ဝင်အာနိသင်တွေကို ဖြုန်းတီးပစ်သလိုဖြစ်သွားလိမ့်မယ်"

လက်သီးသိုင်းကို ကျွမ်းကျင်ဖို့လား။

လုချင်း၏နှလုံးသားမှာ လှုပ်ခတ်သွားလေ၏။ "ဆရာ၊ မနေ့က ကျွန်တော် အိမ်ကိုပြန်ရောက်တော့ ဆရာ သင်ပေးတဲ့လက်သီးသိုင်းကို လေ့ကျင့်ကြည့်တာ အဓိကအချက်တချို့ကို နားလည်သွားသလိုပဲဗျ။ ကျွန်တော် လုပ်တာမှန် ၊ မမှန် စစ်ဆေးပေးနိုင်မလား ဆရာ"

"ဟေ မင်းက ဒီလောက်မြန်မြန်ကြီး နားလည်သွားပြီလား" သမားတော်ကြီးက စိတ်ဝင်စားသွားပေမယ့် လုချင်း၏စကားကို အလေးအနက်မထားဘဲ သူ့တပည့်က ဒီအတိုင်း လှုပ်ရှားမှုတွေနှင့် ရင်းနှီးသွားပြီဟုပဲ တွေးထင်လိုက်မိ၏။

"ကဲ ဒီလိုဆိုမှတော့လည်း မင်း လေ့လာခဲ့တာတွေ ပြစမ်းကွာ"

"ဟုတ်ကဲ့ပါ ဆရာ"

ထို့နောက်၌ လုချင်းမှာလည်း ချက်ချင်းပဲ ကျန်းမာရေးအာဟာရဖြည့်လက်သီးသိုင်း၏ ပထမလှုပ်ရှားမှုအကွက်ကနေ ကိုးကွက်မြောက်လှုပ်ရှားမှုအထိ လေ့ကျင့်ပြလိုက်တော့သည်။

အစပိုင်းမှာတော့ သမားတော်ကြီးက ပြုံးပြီးကြည့်နေခဲ့သည်။

သို့သော် လုချင်းက ပထမအကွက်မှ ဒုတိယအကွက်သို့ ကူးပြောင်းလိုက်သည်နှင့် သမားတော်ကြီး၏ အပြုံးသည် တဖြည်းဖြည်း မှေးမှိန်သွားကာ အံ့အားသင့်မှုများဖြင့် အစားထိုးသွားလေ၏။

လုချင်း၏ လှုပ်ရှားမှုများသည် တိကျပြီး ချောမွေ့ရုံသာမက ထူးခြားသော ကိုယ်ပိုင်ဟန်တစ်ခုပါ ပါဝင်နေသည်ကို သူ သတိပြုမိလိုက်သည်။

ကျန်းမာရေးအာဟာရဖြည့်လက်သီးသိုင်းကို ဖန်တီးခဲ့သူအနေဖြင့် ထိုအရာက ဘာကိုဆိုလိုသည်ကို သမားတော်ကြီး ကောင်းကောင်းသိလေသည်။

၎င်းက လုချင်းသည် သိုင်းကွက်များကို ကျွမ်းကျင်ရုံသာမက သူ၏ကိုယ်ပိုင်နားလည်မှုကိုပါ ထည့်သွင်းနိုင်ခဲ့သည်ကို ဖော်ပြနေခြင်းဖြစ်၏။

တစ်နည်းအားဖြင့်ဆိုသော် သူသည် သိုင်းပုံစံ၏အနှစ်သာရကို အမှန်တကယ်နားလည်သဘောပေါက်သွားပြီး နည်းစနစ်ကို ကိုယ်ပိုင်အဖြစ် သွင်းယူနိုင်ခဲ့ပြီ ဖြစ်သည်။

ဒါပေမဲ့ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

သူ လုချင်းကို ဒီသိုင်းပညာ သင်ပေးခဲ့တာ တစ်ညပဲ ရှိသေးတယ်လေ။

ဒီလောက်တောင် တိုးတက်သွားရတယ်လို့။

သမားတော်ကြီးခင်ဗျာ အလွန်တရာပင် ထိတ်လန့်တုန်လှုပ်သွားရလေ၏။

သို့သော် သူ့ကို စောင့်ကြိုနေသည့် အံ့ဩစရာများကား မကုန်သေးချေ။

လုချင်းသည် သိုင်းကွက်တစ်ခုပြီးတစ်ခုကို စီးဆင်းနေသောရေကဲ့သို့နှယ် ပျော့ပျောင်းညင်သာစွာဖြင့် ဆက်လက်လေ့ကျင့်နေပါ၏။

ကိုးကွက်မြောက် ပြီးဆုံးသောအခါ ပထမအကွက်မှ နောက်တစ်ကြိမ်ပြန်စကာ အကြိမ်ကြိမ် ထပ်ခါထပ်ခါ လေ့ကျင့်နေတော့သည်။

ကိုးကွက်မြောက်ထိ လေ့ကျင့်ပြီးနောက်၌ သူသည် နောက်ဆုံးတွင်တော့ ရပ်တန့်လိုက်ပြီး မကောင်းသောအငွေ့အသက်များကို မှုတ်ထုတ်လိုက်ရာ သူ၏မျက်နှာလေးမှာ ကျန်းမာရေးကောင်းစွာဖြင့် တက်ကြွလန်းဆန်းသောအသွင်ကို ဆောင်နေတော့၏။

သမားတော်ကြီးမှာမူ ထိုနေရာ၌ပင် အံ့ဩထိတ်လန့်နေလျက် မှင်တက်မိနေလေသည်။

"ဆရာ၊ ကျွန်တော် ဘာအမှားများ လုပ်မိသေးလဲဗျ" လုချင်းက တက်ကြွသောအသံဖြင့် မေးလိုက်သည်။

"ကိုးကွက်ထိပြီးနောက် ရင်းမြစ်သို့ ပြန်လည်ရောက်ရှိခြင်း၊ ချီနှင့်သွေးများ သန်စွမ်းနိုးကြားလာခြင်း၊ စိတ်ဝိညာဉ်များ ပြန်လည်လန်းဆန်းလာခြင်း...။ ဒါက မင်း ကျန်းမာရေးအာဟာရဖြည့်လက်သီးသိုင်းကို အပြည့်အဝကျွမ်းကျင်သွားပြီဆိုတဲ့ အဓိပ္ပာယ်ပဲ"

သမားတော်ကြီးသည် လုချင်း၏မေးခွန်းကို မကြားဘဲ ကိုယ့်ဘာသာကိုယ် ပြောနေမိသည်။

"ဆရာ၊ ဘာဖြစ်လို့လဲဗျ"

သမားတော်ကြီး၏ပုံစံကိုမြင်သောအခါ လုချင်း စိုးရိမ်သွားသည်။

ငါ့ဆရာကို လန့်အောင် လုပ်မိသွားတာများလား။

"အားချင်း၊ ငါ့ကို ရိုးရိုးသားသားပြောစမ်း" သမားတော်ကြီး၏ မျက်နှာသည် ရုတ်တရက် တင်းမာသွားသဖြင့် လုချင်းမှာ လန့်ဖျပ်သွားရတော့၏။ "မနေ့က မင်း လေ့ကျင့်တုန်း ဘာဖြစ်ခဲ့လဲ"

"ဘာဖြစ်ခဲ့လဲ ဟုတ်လား" လုချင်းက တစ်ခဏမျှ စဉ်းစားလိုက်သည်။ "မနေ့က ခြံထဲမှာ လေ့ကျင့်နေတုန်း ရုတ်တရက် အတွေးတွေအများကြခိး စိတ်ထဲကို အလုံးအရင်းနဲ့ ဝင်လာသလို ကျွန်တော် ခံစားလိုက်ရတယ်။ ကျွန်တော့်ခန္ဓာကိုယ်ကလည်း ဆရာသင်ပေးတဲ့ အဓိကအချက်တွေအတိုင်း လိုက်လုပ်နေရင်းနဲ့ မသိလိုက်ခင်မှာပဲ တစ်ကိုယ်လုံး လန်းဆန်းသွားသလို ခံစားလိုက်ရတယ်ဗျ။ ပြီးတာနဲ့ ပထမ​အကွက်ကနေ ကိုးကွက်မြောက်အထိကလည်း အရင်လို နားလည်ရခက်ပြီး ရှုပ်ထွေးမနေတော့ဘဲ ပိုပြီးတော့တောင် ရှင်းရှင်းလင်းလင်းနဲ့ နားလည်လာခဲ့တယ်လေ။"

လုချင်းဖော်ပြခဲ့သည်မှာ သူ၏နတ်မျက်စိအစွမ်းကို အသုံးပြုပြီးနောက် ဖြစ်ပေါ်လာသော အခြေအနေ ဖြစ်သော်လည်း သူ့တွင် ထိုအစွမ်းတည်ရှိနေကြောင်းကိုမူ ချန်လှပ်ထားခဲ့ပါ၏။

သို့သော် သမားတော်ကြီးအတွက်မူ သူ၏စကားများသည် ခေါင်းထိပ်ကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင် ဖြစ်သွားလေ၏။

"ဉာဏ်အလင်းပွင့်တာ... ဒါ ဉာဏ်အလင်းပွင့်သွားတာပဲ" သမားတော်ကြီးက တိုးတိုးလေး ရေရွတ်လိုက်သည်။

ထို့နောက် သူသည် လုချင်းအား ရှားပါးသောရတနာတစ်ခုကို ကြည့်သကဲ့သို့ ကြည့်လိုက်၏။

ငါက စိတ်ကူးပေါက်ပေါက်နဲ့ တပည့်တစ်ယောက်လက်ခံလိုက်တာ၊ ဒင်းက ပထမတစ်ခါ လေ့ကျင့်လိုက်ရုံနဲ့ ဉာဏ်အလင်းပွင့်သွားနိုင်တဲ့ သိုင်းပါရမီရှင်တစ်ယောက်ဖြစ်နေပါလား။

All Chapters