← Chapters

ရှားပါးငါးတစ်ကောင်ကို နောက်တစ်ကြိမ် ဖမ်းမိခြင်း၊ ရွှေရောင်ငါးရှဉ့်

Vol. 5 Ch. 47

ရှားပါးငါးတစ်ကောင်ကို နောက်တစ်ကြိမ် ဖမ်းမိခြင်း၊ ရွှေရောင်ငါးရှဉ့်

Vol. 5 Ch. 47

သမားတော်ကြီးသည် လုချင်းအား ရှားပါးရတနာတစ်ခုကို ကြည့်သကဲ့သို့ ကြည့်နေလေ၏။

သူသည် စိတ်လည်းလှုပ်ရှားနေသလို ထိတ်လန့်တုန်လှုပ်နေခဲ့ပါသည်။

"ဆရာ"

လုချင်းသည် သူ့ဆရာ၏ စူးစူးစိုက်စိုက်အကြည့်ကြောင့် စိတ်ရှုပ်ထွေးစွာဖြင့် ခေါ်လိုက်သည်။

ထိုအခါ သမားတော်ကြီးမှာလည်း သူ၏တည်ငြိမ်မှုကို ပြန်လည်ရယူလိုက်သည်။ ကျင့်ကြံသူဆရာတစ်ဦးအနေဖြင့် သူသည် သူ၏အံ့ဩမှုကို လျင်မြန်စွာ ဖုံးကွယ်လိုက်သော်လည်း သူ၏နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုကိုမူ ဖုံးကွယ်ရန် ခက်ခဲနေဆဲပင်။

"လုချင်း၊ မင်းမှာ သိုင်းပညာနဲ့ပတ်သက်ပြီး ဒီလောက်တောင် ပါရမီရှိလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး။ ငါ မင်းကို အထင်သေးခဲ့မိတာပဲ" သမားတော်ကြီးက သက်ပြင်းချလိုက်သည်။

"မနေ့က လက်သီးသိုင်းကျင့်နေတုန်း မင်းရောက်သွားတဲ့အခြေအနေက ငါသာ မမှားဘူးဆိုရင် သိုင်းသမားတိုင်းရဲ့ အိပ်မက်​​ ၊ ရုတ်တရက်ဉာဏ်အလင်းပွင့်ခြင်းပဲ"

ရုတ်တရက်ဉာဏ်အလင်းပွင့်ခြင်းကသာ လုချင်းတစ်ယောက် တစ်ညတည်းဖြင့် ကျန်းမာရေးအာဟာရဖြည့်လက်သီးသိုင်းကို ဤမျှလောက် ကျွမ်းကျင်သွားရသည့်အကြောင်းရင်းကို ရှင်းပြနိုင်ပေလိမ့်မည်။

"ရုတ်တရက်ဉာဏ်အလင်းပွင့်ခြင်းတဲ့လား"

လုချင်းသည် ထိုအကြောင်းကို စဉ်းစားကြည့်လိုက်ရာ သူ၏အထူးစွမ်းရည်ဖြင့် ကျင့်ကြံခြင်းသည် အမှန်တကယ်ပင် ရုတ်တရက်ဉာဏ်အလင်းပွင့်ခြင်းနှင့် ဆင်တူကြောင်း သဘောပေါက်သွားသည်။ ကွာခြားချက်ကတော့ သူ၏ နတ်မျက်စိစွမ်းရည်မှာ "ဉာဏ်အလင်းပွင့်ခြင်း" အခြေအနေကို တက်ကြွစွာဖြင့် အကြိမ်ပေါင်းများစွာ ဝင်ရောက်နိုင်ခြင်းပင်။

"ဟုတ်တယ်၊ ရုတ်တရက်ဉာဏ်အလင်းပွင့်ခြင်းပဲ" သမားတော်ကြီးက ပြောလိုက်သည်။ "ရုတ်တရက်ဉာဏ်အလင်းပွင့်ခြင်းဆိုတာ နားလည်မှုရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အခြေအနေတစ်ခုလို့ ဆိုကြတယ်"

"ဒီအခြေအနေထဲကို ဝင်ရောက်သွားတာက နတ်ဘုရားတွေရဲ့ လမ်းညွှန်မှုကို ရလိုက်သလိုပဲ။ အသိစိတ်က အရမ်းကို ထက်မြက်လာပြီး ဖျက်လက်လာတယ် ၊ ဘယ်အရာကိုမဆို အချိန်တိုအတွင်းနဲ့ ကျွမ်းကျင်နိုင်တယ်လေ။"

"ဒါပေမဲ့ သာမန်လူတွေအတွက်တော့ ရုတ်တရက်ဉာဏ်အလင်းပွင့်ဖို့ဆိုတာ အရမ်းကို ခက်ခဲတယ်"

"သိုင်းပညာကျင့်ကြံတာမှာ ထူးချွန်တဲ့ပါရမီရှိတဲ့သူတွေ ဒါမှမဟုတ် အခြေခံကောင်းကောင်းရှိပြီး အတွေ့အကြုံရှိတဲ့သူတွေပဲ ဒီလိုမျိုးလျှို့ဝှက်ဆန်းကြယ်တဲ့အခြေအနေကို တစ်ခါတစ်လေမှာ တွေ့ရတတ်တာလေ။"

"မင်း တစ်ညတည်းနဲ့ ကျန်းမာရေးအာဟာရဖြည့်လက်သီးသိုင်းရဲ့ ပထမပုံစံကိုးမျိုးလုံးကို ကျွမ်းကျင်သွားတာက မနေ့က မင်း လေ့ကျင့်နေတုံး ရုတ်တရက်ဉာဏ်အလင်းပွင့်ခြင်းအခြေအနေထဲကို မတော်တဆနဲ့ ရောက်သွားခဲ့တယ်ဆိုတာ အသိသာကြီးပဲကို"

"ဆရာ၊ ဒါဆို ကျွန်တော့်မှာ သိုင်းပညာနဲ့ပတ်သက်ပြီး တော်တော်လေးကို ပါရမီရှိတယ်လို့ ဆိုလိုတာလားဗျ" လုချင်းက မေးလိုက်သည်။

"မင်းမှာ ထူးချွန်တဲ့ပါရမီရှိတယ်" သမားတော်ကြီးက လေးနက်စွာ ပြောလိုက်သည်။ "ပထမဆုံးကျင့်ကြံတဲ့အကြိမ်မှာတင် ရုတ်တရက်ဉာဏ်အလင်းပွင့်နိုင်တာ၊ မင်းရဲ့သိုင်းပညာပါရမီက ငါ့သက်တမ်းတစ်လျှောက်မှာ တစ်ခါမှမကြုံဖူးတဲ့အရာပဲ"

သူ၏သရုပ်ပြမှုက အတော်လေးထိရောက်ခဲ့ပုံရသည်။

သူ၏ဆရာ၏စိတ်လှုပ်ရှားမှုကို ခံစားမိရင်း လုချင်းသည် တိတ်တဆိတ်ခေါင်းညိတ်လိုက်လေသည်။

အမှန်တော့ လုချင်းသည် သူ၏ "သိုင်းပညာပါရမီ" ကို သူ၏ဆရာရှေ့တွင် တမင်တကာ ထုတ်ဖော်ပြသခဲ့ခြင်းပင်။ သူ၏အထူးစွမ်းရည်ဖြင့်ဆိုလျှင် သူ၏သိုင်းပညာတိုးတက်မှု လျင်မြန်လာမည်မှာကျိန်းသေပေါက်ပဲပင်။ ထို့ကြောင့် ယခုအချိန်တွင် ရှားပါးသောသိုင်းပညာရှင်တစ်ဦးအဖြစ် သူ၏ဂုဏ်သတင်းကို တည်ဆောက်ထားခြင်းက အနာဂတ်တွင် သူ၏သိုင်းပညာကို တိုးတက်စေဖို့အတွက် ပို၍ပင်လွယ်ကူစေလိမ့်မည်။

"မင်း ကျန်းမာရေးအာဟာရဖြည့်လက်သီးသိုင်းရဲ့ ပထမပုံစံကိုးမျိုးလုံးကို ကျွမ်းကျင်သွားပြီဆိုတော့ သွေးအားဖြည့်ဆေးလုံးနဲ့ ချီအားတိုးဆေးလုံးတွေ ဖော်စပ်တာကိုလည်း နောက်မကျစေရဘူးကွာ" သမားတော်ကြီးက သူ၏စိတ်လှုပ်ရှားမှုကို ထင်ရှားစွာ ပြသရင်း ပြောလာခဲ့၏။

သူ၏တပည့်သည် ရှားပါးသောသိုင်းပညာရှင်တစ်ဦးဖြစ်ကြောင်း သိရှိသွားသောအခါ သမားတော်ကြီးသည် ရာစုနှစ်တစ်ခုသက်တမ်းရှိ ဂျင်ဆင်းကို ဆေးဖော်စပ်ဖို့အတွက် ချက်ချင်းပင် ဆုံးဖြတ်လိုက်တော့၏။ 'အပ်စိုက်မှတ်များ၏ အယူအဆများ' စာအုပ်နှင့်ပတ်သက်၍ သူ့အား တိုင်ပင်လိုခဲ့သော လုချင်းခင်ဗျာမှာတော့ အခွင့်အရေးပင်မရလိုက်။

သူ၏ဆရာ ဆေးဖော်စပ်သည့်အခန်းထဲသို့ အလျင်အမြန်ဝင်သွားသည်ကို ကြည့်ရင်း ဆေးဖော်စပ်ရန် အနည်းဆုံး တစ်နေ့နှင့် တစ်ညကြာမည်ဟု ပြောဆိုသည်ကိုပါ ကြားလိုက်ရသောအခါ၌ လုချင်းတစ်ယောက် ဘာလုပ်ရမယ်မှန်းမသိ အခက်တွေ့တော့လေသည်။

နောက်ဆုံးတော့လည်း ဘာမှလုပ်စရာမရှိသဖြင့် လုချင်းသည် ရှောင်ယန်ကို အိမ်သို့ခေါ်သွားပြီး သူ၏ငါးမျှားတံကို ယူကာ မြစ်ကမ်းဘက်သို့သာ ထွက်လာခဲ့လိုက်တော့၏။

ညဝိညာဉ်ကြောင်မြီးတိုက ရက်ရက်ရောရောနဲ့တောင် အဲ့ဒီလိုအဖိုးတန်တဲ့လက်ဆောင်ကိုပေးခဲ့တာ။ သူလည်း ကျေးဇူးတရားကို ပြန်ပြသင့်တာပေါ့။

ရှောင်ယန်ကို မြစ်သို့ခေါ်သွားပြီးနောက် လုချင်းသည် သူ၏ငါးဖမ်းကိရိယာများကို ချလိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူသည် ငါးမျှားတံများ၊ ပိုက်ကွန်များနှင့် ငါးပလိုင်းများအပါအဝင် ငါးဖမ်းကိရိယာအစုံအလင်ကိုပါ စုဆောင်းမိခဲ့သည်။ သူ၏ငါးပလိုင်းမှာမူ သူ၏ယခင်ဘဝက အသုံးပြုခဲ့သည့် အမျိုးအစားမျိုးတော့ မဟုတ်ပေ။ ၎င်းမှာ ကျွမ်းကျင်သော ရက်လုပ်သူ ရွာသားအဘိုးအိုတစ်ဦးပြုလုပ်ထားသည့် ကြီးမားပြီး ရှည်လျားသော ငါးပလိုင်းဖြစ်ရာ ငါးများနှင့် ငါးဖမ်းကိရိယာများကို ထည့်နိုင်သောကြောင့် အလွန်ပင် အဆင်ပြေပါ၏။

ဤတစ်ကြိမ်တွင်တော့ လုချင်းသည် ရှားပါးငါးများကို ငါးဖမ်းရာနေရာတွင် ငါးဖမ်းဖို့ရန် ရွေးချယ်လိုက်သည်။ ရေမျက်နှာပြင်ပေါ်ရှိ များပြားလှသော ရေလှိုင်းဂယက်များကို မြင်တွေ့ရသောအခါ၌ လုချင်းတစ်ယောက် ကျေနပ်သွားတော့သည်။

ဤသည်မှာ အရင်တစ်ခါ ငါးကြင်းနီကို ဖမ်းမိပြီနောက် ဤနေရာသို့ ပထမဆုံးအကြိမ်အဖြစ် ပြန်လာခြင်းပင်ဖြစ်၏။ ဤကဲ့သို့များပြားလှသောရေလှိုင်းဂယက်များအရဆိုလျှင် ယခုအချိန်ထိ ဤနေရာရှိ ငါးများ၏အ​ခြေအနေသည် ကောင်းနေသေးသည့်ပုံပင်။

ရွာသားများက အလွန်အကျွံငါးဖမ်းခဲ့သဖြင့် ငါးများပါးသွားသော ငါးငယ်ဖမ်းရာနေရာနှင့်တော့ ဤနေရာမှာ လားလားမှ မသက်ဆိုင်ပေ။ ထိုနေရာကတော့ မည်သည့်အချိန်မှ ပြန်လည်ကောင်းမွန်လာမည်ကိုတော့ မည်သူမျှမသိနိုင်။

ဤအကြောင်းကြောင့် ရွာသားများ၏ ငါးဖမ်းလိုစိတ်မှာလည်း လျော့ကျသွားခဲ့သည်။ လုချင်း၏ ငါးဖမ်းရာနေရာများကို လွယ်ကူစွာ ရှာဖွေနိုင်သည့် နတ်မျက်စိစွမ်းရည်မရှိတာကြောင့် ရွာသားများမှာ မကြာခဏဆိုသလို ငါးနည်းနည်းသာ ရရှိတတ်ကြသည်။ ထို့ကြောင့် တကယ့်ငါးဖမ်းဝါသနာအိုးများမှလွဲ၍ ရွာသားအများစုသည် မြစ်သို့ ငါးဖမ်းရန် မလာကြတော့ပေ။

အရာအားလုံးအဆင်သင့်ဖြစ်သောအခါ၌ လုချင်းသည် သွေးမက်မွန်ပင်မှ သစ်သီးအချို့ကို ခူးဆွတ်ပြီး တစ်လုံးကို ငါးမျှားချိတ်တွင် တပ်ကာ တိတ်ဆိတ်စွာဖြင့် စောင့်ဆိုင်းနေလိုက်တော့၏။

ဟုတ်ပါ၏ ၊ ဤနေရာသို့ သူလာရခြင်းက ဤမျှလောက်ထိကြာပြီးသွားသည့်နောက်၌ ရှားပါးငါးတစ်ကောင်ကို ထပ်မံ၍ဖမ်းမိနိုင်မလားဆိုသည်ကို လာကြည့်ခြင်းပင်ဖြစ်သည်။

လုချင်းတစ်ယောက် တိတ်ဆိတ်စွာ ငါးဖမ်းနေစဉ် ရှောင်ယန်လေးကတော့ သူ၏နောက်ကျောရှိ သစ်ပင်တစ်ပင်အောက်တွင် ဝါးပုစဉ်းပျံတစ်ကောင်နှင့် ကစားနေလေသည်။ သူမသည် နေ့စဉ်နေ့တိုင်း သူမ၏အစ်ကိုနှင့်အတူ ငါးဖမ်းရန် လိုက်ပါလာရသည်ကို ကျင့်သားရနေပြီဖြစ်တာကြောင့် တစ်ယောက်တည်းလည်း ကောင်းကောင်းကစားနေနိုင်ပြီပင်။

မြက်ပင်တစ်ပင်ကို ကိုက်ရင်း လုချင်းသည် ငါးမျှားတံကို တိတ်ဆိတ်စွာ ကြည့်နေလိုက်၏။ ငါးမျှားတံသည် အချိန်အတော်ကြာသည်အထိ လှုပ်ရှားမှုမရှိသော်လည်း လုချင်းကတော့ စိတ်ရှည်စွာဖြင့်သာ စောင့်ဆိုင်းနေခဲ့သည်။

ငါးဖမ်းသမားတစ်ယောက်အနေဖြင့် စိတ်ရှည်သည်းခံမှုမရှိပါက ငါးမဖမ်းဘဲ နေခြင်းကသာ ပိုကောင်းပေလိမ့်မည်။

အချိန်အတော်ကြာပြီးနောက်တွင်တော့ ငါးမျှားတံအနီးတွင် လှိုင်းဂယက်တစ်ခု ပေါ်လာတော့လေသည်။

ငါးမျှားတံ အနည်းငယ် တုန်ခါသွားသည်ကို မြင်သောအခါ၌ လုချင်းတစ်ယောက် ပြုံးလိုက်မိတော့၏။

နောက်ဆုံးတော့ လှုပ်ရှားမှုတစ်ခု ရှိလာပြီပဲ။

ထို့နောက် လုချင်းသည် သူ၏လက်ကို ငါးမျှားတံပေါ်သို့ ညင်သာစွာ တင်လိုက်ပြီး အချိန်မရွေးဆွဲတင်နိုင်ရန်အတွက် အသင့်အနေအထားတွင် ရှိနေလိုက်သည်။

သူ၏ငါးဖမ်းအတွေ့အကြုံအရ ဤကမ္ဘာရှိ ငါးကြီးများသည် မကြာခဏဆိုသလို ချောင်းမြောင်းတိုက်ခိုက်ခြင်းကို နှစ်သက်ကြောင်း လုချင်း သိထားပါ၏။

အမှန်စင်စစ်၊ သူ၏လက်သည် ငါးမျှားတံကို ထိလိုက်သည်နှင့် ငါးမျှားတံသည်လည်း ရုတ်တရက် ရေထဲသို့ နစ်မြုပ်သွားတော့သည်။

ထိုအခါ၌ လုချင်းမှာလည်း ငါးမျှားတံကို ဆောင့်ဆွဲလိုက်ရာ

တစ်ဖက်ကလည်း အားပြင်းသောဆွဲအားတစ်ခုဖြင့် ငါးမျှားတံကိုပြန်ဆွဲလာလေသည်။

မိပြီဟေ့!

ငါးမျှားတံမှတစ်ဆင့် ဆွဲအားပြင်းပြင်းကြီးကို ခံစားလိုက်ရသောအခါ၌ လုချင်းတစ်ယောက် ဝမ်းသာသွားတော့သည်။

ဤမျှအားပြင်းသောဆွဲအားရှိသော ငါးကြီးမှာ ငါးကြီးတစ်ကောင် သို့မဟုတ် ရှားပါးငါးတစ်ကောင်သာ ဖြစ်ရပေမည်။

ထို့နောက်တွင်မူ လုချင်းနှင့် ငါးတို့ကြားတွင် ဉာဏ်ပညာနှင့် အားအင်တို့၏ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။

သူ၏များပြားလှသော ငါးဖမ်းအတွေ့အကြုံကို အားကိုး၍ လုချင်းသည် တင်းအားကို လျှော့ချနေခဲ့သည်။

ခဏအကြာတွင်တော့ ဤတစ်ခေါက်ဖမ်းမိသောငါးမှာ ကျောက်ငါးပြာ သို့မဟုတ် ငါးကြင်းနီ မဟုတ်လောက်ကြောင်း လုချင်း တွေးလိုက်မိ၏။ အဘယ်ကြောင့်ဆိုသော် ဤတစ်ခေါက်ဖမ်းမိသောငါး၏လှုပ်ရှားမှုများသည် ထိုငါးနှစ်မျိုး၏လှုပ်ရှားမှုများနှင့် လုံးဝကို ကွဲပြားနေသောကြောင့်ပင်။

ယခုတစ်ခေါက်ဖမ်းမိထားသောငါးကတော့ အောက်ခြေရှိ ၎င်းသတ်မှတ်ထားသောနေရာတစ်ခုသို့သာ အဆက်မပြတ် ဦးတည်၍ ကူးခတ်နေပြီး လက်မလျှော့ဖို့ရန် ဆုံးဖြတ်ထားသည့်ပုံရ၏။

သို့သော် ၎င်းသည် ငါးမျှားချိတ်တွင် မိနေပြီဖြစ်သောကြောင့် လုချင်းကလည်း ၎င်းကို လွယ်လွယ်ကူကူ လွတ်မြောက်သွားခွင့်ပေးမည် မဟုတ်ပေ။

သူသည် မကြာသေးမီကပဲ သူ၏ငါးမျှားတံကို ပိုပြီးကောင်းအောင်လုပ်ခဲ့တာပင်။ ငါးမျှားချိတ်နှင့် ငါးမျှားတံသည် အသစ်စက်စက်ဖြစ်ပြီး ယခင်ကထက်လည်း ပို၍ခိုင်ခံ့လှကာ ငါးမျှားကြိုးမှာမူ နှင်းပိုးမျှင်ဖြင့် ပြုလုပ်ထားဆဲဖြစ်သည်။

ထို့အပြင် လုချင်း၏ရုပ်ပိုင်းဆိုင်ရာအခြေအနေမှာလည်း ယခုအခါ၌ များစွာကောင်းမွန်နေပြီပင်ဖြစ်သည်။

သူသည် ရုပ်ပိုင်းဆိုင်ရာအားနည်းနေစဉ်ကပင် ငါးကြင်းနီနှင့် ကျောက်ငါးပြာတို့ကို ဖမ်းနိုင်ခဲ့ပါ၏။

ယခုအခါ ကျန်းမာရေးအာဟာရဖြည့်လက်သီးသိုင်းကို လေ့ကျင့်ပြီးနောက် သူသည် ပို၍ပင် သန်မာလာခဲ့ပြီပင်။

မျှော်လင့်ထားသည့်အတိုင်း ငါးနှင့်လုချင်းအကြားက တိုက်ပွဲတစ်ခုပြီးနောက် ရေထဲရှိငါးခင်ဗျာမှာလည်း မောပန်းသွားရှာခဲ့ပြီဖြစ်၏။

ငါးကြီး ရေမျက်နှာပြင်ပေါ်သို့ ပေါ်လာသည်နှင့် လုချင်းကလည်း ၎င်းကို ပိုက်ကွန်ဖြင့် ဆယ်ယူလိုက်တော့သည်။

ငါး၏ပုံသဏ္ဌာန်အမှန်ကို မြင်တွေ့လိုက်ရသောအခါတွင်တော့ လုချင်းတစ်ယောက် အံ့အားသင့်သွားရတော့၏။

၎င်း၏အရွယ်အစားမှာ လက်ညှိိုးနှစ်​ချောင်း သို့မဟုတ် သုံးချောင်းစာလောက် ထူပြီး နှစ်ပေခန့်လောက်ထိ ရှည်လျားလှသည်ပင်။ အရောင်ကတော့ ရွှေရောင်ဖြစ်ပြီး ပုံပန်းသဏ္ဏာန်ကတော့ ငါးရှဥ့်တစ်ကောင်နှင့်ပင် ဆင်တူလှပေ၏။

All Chapters