ထူးခြားသော အာဟာရဓာတ်
Vol. 5 Ch. 48
【ရွှေရောင်ငါးရှဉ့် - ရွှေရောင်အတိဖြစ်ပြီး တွင်းတူးခြင်း၌ ကျွမ်းကျင်သော ထူးဆန်းသောငါးတစ်မျိုး။】
【ဝိညာဉ်စွမ်းအင်ပါဝင်ပြီး ၎င်း၏အသားသည် အာဟာရပြည့်ဝစွာဖြင့် အရသာရှိလှကာ ယင်ဓာတ်နှင့်ယန်ဓာတ် နှစ်မျိုးလုံးကို မြှင့်တင်ပေးနိုင်သော အကောင်းဆုံးအားဆေးဖြစ်သည်။】
【ရွှေရောင်ငါးရှဉ့်များသည် အမြဲတမ်း အထီးနှင့်အမ တစ်စုံတွဲအဖြစ် ပေါ်လာပြီး တစ်ကောင်တည်း ဘယ်တော့မှ မသွားလာကြောင်း ဆိုကြသည်။】
ပုံးထဲရှိ သတ္တဝါကို မြင်လိုက်ရသောအခါ ၎င်း၏ခန္ဓာကိုယ်သည် ရွှေအလားနှယ် တောက်ပနေပြီး ငါးရှဉ့်နှင့်တူသောကြောင့် လုချင်းသည် ဝမ်းမြောက်မှုဖြင့် ပြည့်နှက်သွားတော့၏။
အမှန်စင်စစ်၊ ဤသတ္တဝါသည် ထူးဆန်းသောငါးတစ်မျိုးဖြစ်ပါ၏။
ထို့အပြင် ၎င်းသည် ငါးကြင်းနီနှင့် အဆင့်တူဖြစ်သည်။
လုချင်းကို ပို၍ စိတ်လှုပ်ရှားစေသောအရာကတော့ တတိယဖော်ပြချက်မှ အချက်အလက်ပင်။
ရွှေရောင်ငါးရှဉ့်များသည် အမြဲတမ်း စုံတွဲလိုက် ပေါ်လာတတ်ပြီး တစ်ကောင်တည်း ဘယ်တော့မှ မသွားလာကြပေ။
ဤသည်မှာ ရေထဲတွင် နောက်ထပ် ရွှေရောင်ငါးရှဉ့်တစ်ကောင် ရှိနေသေးသည်ဟု ဆိုလိုခြင်းပင်။
ယခုလေးတင်ဖြစ်ပွားခဲ့သော လှုပ်ရှားမှုက အခြားရွှေရောင်ငါးရှဉ့်ကို ကြောက်လန့်သွားစေခဲ့သလားကိုတော့ လုချင်း မသိသော်လည်း စမ်းတော့ကြည့်ချင်ပါသေးသည်။
ထို့နောက်၌ သူသည် ငါးမျှားချိတ်တွင် နောက်ထပ် သွေးမက်မွန်သီးတစ်လုံးကို တပ်ဆင်လိုက်ပြီး ရေထဲသို့ ချလိုက်တော့၏။
သူသည် အချိန်အတော်ကြာသည်အထိ စောင့်ဆိုင်းရမည်၊ သို့မဟုတ် မည်သည့်ငါးကိုမျှ မဖမ်းနိုင်လောက်တော့ဟု ထင်ခဲ့မိတာပင်။
သို့သော် အံ့အားသင့်စွာဖြင့်ပဲ ငါးမျှားချိတ်ကို ချလိုက်ပြီး မကြာမီမှာပင် ငါးမျှားတံသည် ရေထဲသို့ အဆွဲခံလိုက်ရတော့၏။
"ဒီလောက်မြန်တာလားဟ"
အမှတ်မထင်ဖြစ်သွားသော လုချင်းသည် လျင်မြန်စွာ တုံ့ပြန်လိုက်ကာ ငါးမျှားတံကို ဆုပ်ကိုင်လိုက်သည်။
ထို့နောက်တွင်မူ စိတ်လှုပ်ရှားစရာ ဘာမှမရှိတော့ပေ။
နောက်ထပ် အားနှင့်ကျွမ်းကျင်မှုတို့၏ တိုက်ပွဲတစ်ခုပြီးနောက် သူသည် နောက်ထပ် ရွှေရောင်ငါးရှဉ့်တစ်ကောင်ကို ဆွဲတင်လိုက်၏။
ပုံးထဲရှိ ရွှေရောင်ငါးရှဉ့်နှစ်ကောင်ကို စိုက်ကြည့်ရင်း လုချင်းမှာ တိတ်ဆိတ်သွားသည်။
သူသည် သွေးမက်မွန်သီး၏ ဤထူးဆန်းသောငါးများအပေါ် ဆွဲဆောင်မှုကို အထင်သေးခဲ့ပုံရသည်။
သူ၏နတ်မျက်စိစွမ်းရည်ကတောင် ၎င်းအား လျှို့ဝှက်ဆန်းကြယ်သောသစ်သီးဟု ခေါ်ဆိုရလောက်အောင်ထိ ဤသစ်သီးမှာ သာမန်သစ်သီးတစ်မျိုးတော့ မဟုတ်ပေ။
ဤထူးဆန်းသောငါးများကို အဆက်မပြတ် လာရောက်စားသုံးစေလောက်အောင်အထိ ၎င်းတွင် မည်သည့်အရာက အထူးထူးခြားခြား ရှိနေသည်ကို သူ သိချင်မိသည်။
ထို့နောက် လုချင်းသည် သွေးမက်မွန်သီးအချို့ကို သိမ်းဆည်းလိုက်ပြီး ဤလျှို့ဝှက်ဆန်းကြယ်သောသစ်သီးအကြောင်းအား သူ၏ဆရာကို နောက်ကျ မေးမြန်းဖို့ရန် စီစဉ်လိုက်သည်။
ပြီးနောက်တွင်တော့ နောက်ထပ် သွေးမက်မွန်သီးတစ်လုံးကို တပ်ဆင်လိုက်ပြန်ရင်း လုချင်းသည် ဆက်လက်ငါးဖမ်းနေခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ သူ၏ကံသည် ထိုမျှမကောင်းတော့ပေ။
သူသည် အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့သော်လည်း နောက်ထပ်မည်သည့်ငါးတစ်ကောင်မှ မရတော့။
သာမန်ငါးတစ်ကောင်ပင် မရခဲ့ပေ။
ထူးဆန်းလိုက်တာ၊ ဒီထူးဆန်းတဲ့ငါးတွေမှာ နယ်မြေပိုင်ဆိုင်မှုအသိရှိနေလို့များ ၊ တစ်ကြိမ်မှာ ငါးအမျိုးအစားတစ်မျိုးလောက်ပဲ ပေါ်လာတာများလား
လုချင်း ထိုသို့ တွေးမိသည်။
အတွေးပြီးနောက်၌ လုချင်းတစ်ယောက် ငါးမျှားချိတ်ကို မြှောက်ပြီး ငါးစာကို တီကောင်တစ်ကောင်ဖြင့် အစားထိုးရန် ဆုံးဖြတ်လိုက်ရာ ငါးမျှားချိတ်ကို ထပ်မံချလိုက်သည်နှင့် ငါးတစ်ကောင်က လျင်မြန်စွာဖြင့် ငါးစာဟပ်လေ၏။
လုချင်း ငါးမျှားတံကို သပ်ရပ်စွာ ဆောင့်ဆွဲလိုက်သောအခါ၌ လေထဲတွင် အမြီးခါယမ်းနေသော ငါးဖြူငယ်တစ်ကောင် ပါလာသည်။
ငါးမျှားချိတ်ပေါ်ရှိ ငါးဖြူငယ်ကို ကြည့်ရင်း လုချင်းမှာ တိတ်ဆိတ်နေခဲ့မိပါ၏။
"မင်းကတော့လေ တကယ်ပဲ နေရာတိုင်းမှာကို ရှိနေတာပဲနော်"
အောက်တွင် ထူးဆန်းသောငါးများ မရှိလောက်တော့ဟု ခံစားမိသောကြောင့် လုချင်းသည် သွေးမက်မွန်သီးအား အသုံးပြုခြင်းကို ရပ်တန့်လိုက်တော့၏။
ထိုအစား၊ တီကောင်များဖြင့်သာ ဆက်လက်ငါးဖမ်းနေခဲ့သည်။
ခဏအကြာတွင်တော့ သူသည် ငါးဖြူငယ် ဒါဇင်ပေါင်းများစွာကို ဖမ်းမိခဲ့သည်။
ဤမျှများပြားသောငါးဖြူငယ်များနှင့် အိမ်တွင် ကျန်ရှိနေသောငါးများနှင့် ပေါင်းလိုက်လျှင် ညဝိညာဉ်ကြောင်မြီးတိုကို ကောင်းကောင်းကျွေးမွေးနိုင်လောက်ပေမည်။
ညဝိညာဉ်ကြောင်မြီးတိုအတွက် အစာအလုံအလောက်ဖမ်းပြီးနောက်၌ လုချင်းသည် သိမ်းဆည်းရန် ဆုံးဖြတ်လိုက်သည်။
ညဝိညာဉ်ကြောင်မြီးတိုကို အသားပြည့်ပြည့်ဝဝ ကျွေးမွေးရန် ငါးကြီးတစ်ကောင် သို့မဟုတ် နှစ်ကောင်လောက်ထိ ဖမ်းမိလိုခဲ့သော်လည်း မဖမ်းမိခဲ့တာကတော့ နှမြောစရာကောင်းလှသည်ပင်။
သို့သော် ရွှေရောင်ငါးရှဉ့်၏ တည်ရှိမှုကြောင့်လားမသိ၊ ငါးကြီးအားလုံးသည် ပျောက်ကွယ်နေခဲ့သည်။
ကြားထဲ ငါးစာအဖြစ် ပြောင်းဖူးကို ပြောင်းချကြည့်လိုက်သောအခါတွင်တောင်မှ မည်သည့်လှုပ်ရှားမှုမှမရှိခဲ့ပေ။
ထပ်၍ ငါးမဖမ်းမိနိုင်တော့တာကြောင့် လုချင်းသည်လည်း
ညဝိညာဉ်ကြောင်မြီးတိုကို ငါးငယ်များဖြင့်သာ ကျေနပ်စေခဲ့ရသည်၊ ၎င်းတို့သည်လည်း အရသာကောင်းမွန်လှပါ၏။
"ရှောင်ယန်၊ အိမ်ပြန်ကြရအောင်"
သိမ်းဆည်းပြီးနောက် လုချင်းသည် အနီးရှိ မြက်ခင်းပြင်တွင် ကစားနေသော ရှောင်ယန်ကို ခေါ်လိုက်သည်။
"လာပြီ ကိုကို"
ကလေးငယ်လေးမှာ တောပန်းလေးတစ်စည်းကို ကိုင်ဆောင်လျက် ပျော်ရွှင်စွာဖြင့် သူမအစ်ကိုဆီကို ပြန်ပြေးလာလေသည်။
သူမသည် အစောပိုင်းက တောပန်းများ ခူးဆွတ်ရန် သွားခဲ့ခြင်းဖြစ်သည်။
"ကိုကို ၊ ညီမလေး ခုနက ခူးလာတဲ့ ပန်းတွေကို ကြည့်ပါဦး။ လှတယ်မဟုတ်လားဟင်"
ရှောင်ယန်သည် ပြောရင်းဖြင့် လုချင်းကို ပြဖို့အတွက် ပန်းစည်းကို မြှောက်ပြလိုက်သည်။
"လှတာပေါ့ ငါ့ညီမလေးရဲ့"
လုချင်းသည် ခေါင်းညိတ်လိုက်စဥ် သူမ၏ခေါင်းပေါ်ရှိ မြက်ရွက်အချို့ကို သတိပြုမိလိုက်တာကြောင့် ပေါ့ပေါ့ပါးပါး ဖယ်ရှားပေးလိုက်သည်။
"ဟီးဟီး၊ ကိုကို ကြိုက်မယ်ဆိုတာ ညီမလေး သိသားပဲ"
ရှောင်ယန်သည် ချီးမွမ်းခြင်းခံရသဖြင့် ပျော်ရွှင်သွားလေ၏။
သူမ ပျော်ရွှင်နေသည်ကို မြင်သောအခါ လုချင်းတွင် ရုတ်တရက် အတွေးတစ်ခု ပေါ်လာသည်။
"ရှောင်ယန်၊ နေ့တိုင်း ကိုကိုနဲ့တူတူ ငါးဖမ်းထွက်နေရတာ ပျင်းနေပြီလား"
"ပျင်းတယ်ဆိုတာ ဘာကြီးလဲ" ကလေးငယ်လေးက ခေါင်းစောင်းကာ နားမလည်စွာဖြင့် မေးလိုက်သည်။
"အင်းးး... ညီမလေး မပျော်ဘူးလို့ ခံစားရဖူးလား" လုချင်းက ပြန်လည်မေးလိုက်သည်။
"မခံစားရဖူးပါဘူး၊ ကိုကိုနဲ့တူတူသာ ရှိနေရရင် ညီမလေး မပျော်တာမျိုး ဘယ်တော့မှရှိမှာဟုတ်ဘူးလေ။" သူမက လေးနက်စွာ ပြောလိုက်သည်။ "ပန်းတွေလည်း ခူးလို့ရတယ်၊ လိပ်ပြာတွေလည်း လိုက်ဖမ်းလို့ရတယ်၊ အရမ်းပျော်ဖို့ကောင်းတာ"
"..ဟုတ်ပါပြီဗျာ
လုချင်းတွင် ဘာမှဆက်ပြောစရာ မရှိတော့ပေ။
သူသည် သူမ ပျင်းနေပါက ရွာထဲရှိ အခြားကလေးများနှင့် ကစားရန် ထားခဲ့ပြီး သူတစ်ယောက်တည်း ငါးဖမ်းသွားဖို့ရန် စဉ်းစားနေခဲ့တာပင်။
မည်သို့ပင်ဖြစ်စေ၊ သူမသည် ထမင်းစားပြီးနောက်၌ ရွာရှိ သူမ၏သူငယ်ချင်းများနှင့် မကြာခဏ ကစားလေ့ရှိပါသည်။
သို့သော် သူမ ပျင်းမနေဘူး ဟုဆိုသောကြောင့် သူသည် လောလောဆယ်တော့ ဒီအတိုင်းသာထားဖို့ ဆုံးဖြတ်လိုက်သည်။
အိမ်ပြန်ရောက်သောအခါ လုချင်းသည် ငါးငယ်များကို သွန်ထုတ်လိုက်ပြီး ပုံးထဲတွင် ရွှေရောင်ငါးရှဉ့်နှစ်ကောင်ကိုသာ ချန်ထားလိုက်၏။
ထို့နောက် လုချင်းမှာ ဤရွှေရောင်ငါးရှဉ့်နှစ်ကောင်အား ဘာလုပ်ရမည်ကို စဉ်းစားတွေးတောနေမိလေသည်။
ရောင်းစားရမလား ဒါမဟုတ် ကိုယ့်ဟာကိုယ်ပဲစားပစ်လိုက်ရမလား။
ပြောရမယ်ဆို သူက စားရတာကို ပိုကြိုက်တယ်လေ။
ထိုရွေးချယ်မှာအတွက် ပထမဆုံးသောအကြောင်းပြချက်ကို ပြောရမည်ဆိုလျှင်တော့ သူ၏ဆရာသည် မြို့သို့ တော်တော်နှင့်မရောက်နိုင်လောက်သေးပေ။ ထို့ပြင် ရွှေရောင်ငါးရှဉ့်များသည် မြစ်ပြင်ပတွင် မည်မျှကြာကြာ အသက်ရှင်နိုင်မည်ကို လုချင်း မသိ။
ရက်အနည်းငယ်အတွင်းသာ သေဆုံးသွားပါက အကြီးအကျယ် ဆုံးရှုံးမှုဖြစ်ပေလိမ့်မည်။
ဒုတိယအချက်ကတော့ သူသည် ငွေမလိုအပ်တော့ပေ။
ထူးဆန်းသောငါးများမှာ ရှားပါးသည့်အကောင်များဖြစ်နေသောကြောင့် ရောင်းချခြင်းသည် ဖြုန်းတီးရာရောက်သည်ဟု သူ ခံစားရသည်။
နောက်ဆုံးအချက်အနေနှင့်ကတော့ ရွှေရောင်ငါးရှဉ့်များ၏ အကျိုးသက်ရောက်မှုသည် သူ့အား အလွန်ဆွဲဆောင်နေခဲ့ပါ၏။
နတ်မျက်စိစွမ်းရည်မှ ဖော်ပြချက်အရ ဤရွှေရောင်ငါးရှဉ့်များသည် အလွန်ကောင်းမွန်သော အားဆေးများဖြစ်သည်။
ယခုအခါ သူသည် ကျန်းမာရေးအာဟာရဖြည့်လက်သီးသိုင်းကို စတင်လေ့ကျင့်နေပြီး ချီနှင့်သွေးအဆင့်သို့ ဝင်ရောက်ရန် နီးကပ်နေပြီဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်သည် ယခင်က ဖျားနာမှုကြောင့် အားနည်းနေဆဲပင်။
ဤရွှေရောင်ငါးရှဉ့်နှစ်ကောင်သည် သူ၏ဤအားနည်းချက်ကို ကျော်လွှားရန် ကူညီနိုင်ပေလိမ့်မည်။
ထိုသို့စဉ်းစားပြီးနောက်၌ လုချင်းသည် ရွှေရောင်ငါးရှဉ့်နှစ်ကောင်လုံးကို သူ့အတွက်သူ သိမ်းထားဖို့ပဲ ဆုံးဖြတ်လိုက်တော့၏။
သို့သော် သူသည် တစ်ယောက်တည်း စားသုံးဖို့တော့ စီစဉ်ထားခြင်း မဟုတ်ပေ။
သူသည် မနက်ဖြန်တွင် ၎င်းတို့ကို ဆရာ့အိမ်သို့ ယူဆောင်သွားပြီး သူ၏ဆရာနှင့်အတူ မျှဝေစားသုံးရန် ရည်ရွယ်ထားပါ၏။
နောက်ဆုံးတစ်ကြိမ်က သူသည် ငါးကြင်းနီကို သူ၏ဆရာအား ပေးရန် စီစဉ်ခဲ့သော်လည်း ငွေအတွက် ရောင်းချခဲ့ရသည်။
တပည့်ဖြစ်လာပြီးနောက် လုချင်းသည် သူ၏ဆရာထံမှ အကျိုးကျေးဇူးများသာ ရရှိခဲ့ပြီး ကျေးဇူးပြန်မဆပ်ရသေးပေ။
ယခုအခါ သူသည် ဤထူးဆန်းသောငါးများကို ဖမ်းမိခဲ့ပြီဖြစ်သောကြောင့် သူ၏ဆရာအား အရသာမြည်းစမ်းခွင့်ပေးရန် အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။
လုချင်း၏အစီအစဉ်သည် အလွန်ကောင်းမွန်သော်လည်း ထိုညတွင် မမျှော်လင့်ထားသောအဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။
ရှောင်ယန် အိပ်ပျော်သွားပြီးနောက် ညဝိညာဉ်ကြောင်မြီးတိုသည် တံခါးကို ထပ်မံလာကုတ်ခြစ်လာပြန်၏။
လုချင်းသည်လည်း ငါးတစ်ပန်းကန်ကို ယူဆောင်လိုက်ကာ မြေကြီးပေါ်တွင် ချထားလိုက်သည်။
အံ့အားသင့်စွာပင်၊ ငါးပန်းကန်ကို ချလိုက်သည်နှင့် လျင်မြန်စွာ စားသုံးလေ့ရှိသော ညဝိညာဉ်ကြောင်မြီးတိုမှာ ဤတစ်ကြိမ်တွင်တော့ တုပ်တုပ်ပင်မလှုပ်ရှားခဲ့ပေ။
ထိုအစား၊ ၎င်းသည် အနံ့အနည်းငယ်ရှူရှိုက်လိုက်ပြီးနောက်၌ မျက်လုံးများပင် တောက်ပလာလျက် လုချင်း၏ပတ်လည်တွင် လှည့်ပတ်နေခဲ့သည်။
အကြိမ်အနည်းငယ် လှည့်ပတ်ပြီးနောက် ၎င်းသည် ထိုင်ချလိုက်ပြီး သူ့ကို စိုက်ကြည့်နေခဲ့သည်။
"ဘာဖြစ်လို့လဲ။ မစားဘူးလား။ ငါ ဒီနေ့ ငါးတောင် ပိုထည့်ပေးထားတယ်လေ။" လုချင်းက နားမလည်စွာ ပြောလိုက်သည်။
မဟုတ်မှလွဲရော ဒီကောင်လေး အကျင့်တွေဘာတွေပြောင်းသွားလို့ ငါးကိုမကြိုက်တော့တာများလား။
"မြောင်"
ထိုစဥ် ညဝိညာဉ်ကြောင်မြီးတိုသည် ရုတ်တရက် အသံနူးညံ့စွာ ထုတ်လွှတ်လိုက်ရာ လုချင်းကို အံ့အားသင့်သွားစေသည်။
ဤသည်မှာ လုချင်းတစ်ယောက် ၎င်း၏မြောင်သံကို ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။
သူသည် စစချင်းတွေ့ခဲ့သည့် ညအနည်းငယ်တွင် ၎င်း၏သတိပေးဟိန်းသံများကိုသာ ကြားဖူးခဲ့သည်။
သို့သော် ဤမြောင်သံကတော့ ထိုသည်နှင့် ကွဲပြားလှပါ၏၊ ကြောင်ကလေးတစ်ကောင်၏အသံကဲ့သို့နှယ် ချစ်စရာကောင်းပြီး နှစ်သက်ဖွယ်ကောင်းလှပေသည်။
သို့သော် လုချင်းမှာတော့ ယခုအချိန်တွင် အသံမည်မျှသာယာသည်ကို အာရုံမစိုက်နိုင်တော့ပေ။
အဘယ်ကြောင့်ဆိုသော် ညဝိညာဉ်ကြောင်မြီးတိုသည် မြောင်ဟု အော်လိုက်ပြီးနောက် သူ၏နောက်ကျောရှိ အိမ်အား တည့်တည့်စိုက်ကြည့်နေသည်ကို သူ သတိပြုမိလိုက်သောကြောင့်ပင်။
ပိုပြီးတိတိကျကျ ပြောရမယ်ဆိုရင်တော့ မီးဖိုချောင်ဆီကိုပေါ့။
ညဝိညာဉ်ကြောင်မြီးတိုသည် အစောပိုင်းက သူ့အား အနံ့ရှူရှိုက်ခဲ့ပုံကို ပြန်လည်သတိရမိသောအခါ၌ လုချင်း၏စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာခဲ့၏။
"အဲ့လိုများလား..."