← Chapters

သဘောတူညီချက်ရရှိခြင်း

Vol. 5 Ch. 49

သဘောတူညီချက်ရရှိခြင်း

Vol. 5 Ch. 49

"ကောင်လေး ၊ မင်း ငါ့ရွှေရောင်ငါးရှဉ့်နှစ်ကောင်ကို မျက်စိကျနေတာလား"

လုချင်းသည် ညဝိညာဉ်ကြောင်မြီးတိုလေးက မီးဖိုချောင်ဘက်သို့ ဇွဲမလျှော့ဘဲ စိုက်ကြည့်နေသည်ကို သတိပြုမိသဖြင့် သူ၏နဖူးကို လက်ဖြင့် ဖုံးအုပ်လိုက်သည်။

ခန့်မှန်းရန်ပင် မလို၊ သိသာနေပါ၏။

အဘယ်ကြောင့်ဆိုသော် ထိုရွှေရောင်ငါးရှဉ့်နှစ်ကောင်သည် မီးဖိုချောင်ထဲတွင် ရှိနေသောကြောင့်ပင်။

ထိုစဉ် လုချင်းမှာ ညဝိညာဉ်ကြောင်မြီးတိုလေးက သူ့ပတ်လည်တွင် လှည့်ပတ်ကာ အနံ့ရှူရှိုက်နေခဲ့ပုံကို ပြန်လည်သတိရမိသွားသည်၊

ကြည့်ရတာတော့ သူ့အပေါ်က ရွှေရောင်ငါးရှဉ့်တွေရဲ့အနံ့ကို ရသွားတာဖြစ်လောက်တယ်။

သို့သော်ငြား ဤညနေကပင် သူသည် ရွှေရောင်ငါးရှဉ့်နှစ်ကောင်ကို ရေစည်ထဲသို့ ရွှေ့ပြောင်းပြီး ညအချိန်တွင် ခုန်ထွက်မသွားစေရန်အလို့ဌာ သစ်သားပျဉ်ပြားဖြင့်ပင် ဖုံးအုပ်ထားခဲ့ပါ၏။

ငါးညှီနံ့သည် တစ်ကြိမ်လောက်ကပ်ငြိသွားပါက လျင်မြန်စွာ ဖယ်ရှားဖို့ရန် ခက်ခဲလှသည်ပင်။

မမျှော်လင့်စွာဖြင့်ဘဲ၊ ဤကောင်လေး၏နှာခေါင်းသည် အလွန်ထက်မြက်နေသဖြင့် ငါးနံ့အမျိုးမျိုးရောနှောနေသည့်ကြားမှ ရွှေရောင်ငါးရှဉ့်များ၏အနံ့ကို ခွဲခြားသိမြင်နိုင်ခဲ့သည်။

ညဝိညာဉ်ကြောင်မြီးတိုလေးကတော့ ပြန်မဖြေဘဲ လုချင်းကိုသာ တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သည်။

သို့သော် သူတို့နှစ်ယောက် ဆုံတွေ့ခဲ့တာကြာပြီဖြစ်တာကြောင့် လုချင်းမှာလည်း ထိုကောင်ကလေး လိုချင်သည်ကို အလိုလို နားလည်ခဲ့သည်။

၎င်းသည် အမှန်တကယ်ပင် ထိုရွှေရောင်ငါးရှဉ့်နှစ်ကောင်ကို စားချင်နေခြင်းဖြစ်သည်။

လုချင်းသည် ခေါင်းကိုက်လာသလို ခံစားရသည်။

"ကလေးလေး၊ သဘောတူညီချက်တစ်ခု လုပ်ကြရအောင်။ ဒီမှာရှိတဲ့ ငါးတွေထဲက ဘယ်ငါးကိုမဆို စားလို့ရတယ်။ ဒါနဲ့မလောက်ရင် ငါ နောက်ထပ် ယူပေးမယ်။ ဒါပေမဲ့ အဲ့ဒီရွှေရောင်ငါးရှဉ့်နှစ်ကောင်ကိုတော့ ငါ သိမ်းထားဖို့လိုတယ်၊ ဟုတ်ပြီလား"

လုချင်းသည် သားရဲငယ်လေးက သူ၏ရှည်လျားသောစကားကို နားလည်နိုင်မလားဆိုသည်ကို ဂရုမစိုက်ဘဲ ၎င်းနှင့် စတင်ညှိနှိုင်းခဲ့သည်။

သို့သော်၊ ညဝိညာဉ်ကြောင်မြီးတိုလေးကတော့ နားမလည်ချင်ယောင်ဆောင်နေသည်။ ဒါမှမဟုတ် တကယ်နားမလည်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါ၏။

၎င်းသည် မျက်လုံးများကို မှိတ်တုတ်မှိတ်တုတ်လုပ်ကာ လုချင်း၏နောက်ကျောရှိ မီးဖိုချောင်ဘက်သို့သာ စူးစိုက်ကြည့်နေခဲ့သည်။

အင်းးးးးးးးးး

ဤကောင်ကလေး ရွှေရောင်ငါးရှဉ့်ကိုပဲ စားဖို့ အသေချာကို ဆုံးဖြတ်ချက်ချထားသည်အား လုချင်း နားလည်သွားပြီဖြစ်သည်။

ညှိနှိုင်းရန် အခွင့်အလမ်းမရှိတော့ကြောင်း သိသဖြင့် လုချင်းမှာလည်း အလျှော့ပေးလိုက်ရတော့၏။

"တစ်ကောင်ပဲ။ ငါ မင်းကို တစ်ကောင်ပဲ ပေးနိုင်တယ်။ နောက်တစ်ကောင်ကိုတော့ ငါ လိုသေးတယ်ကွ။ ငါ မင်းကို မပေးနိုင်ဘူး"

လုချင်းသည် လက်ညှိုးတစ်ချောင်းထောင်ပြပြီး လေးနက်စွာ ပြောလိုက်သည်။

ညဝိညာဉ်ကြောင်မြီးတိုလေးက လုချင်းကို ခဏစိုက်ကြည့်ပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်တော့သည်။

"မင်း တကယ်ပဲ ငါ့စကားကို နားလည်နိုင်တာပဲ"

ညဝိညာဉ်ကြောင်မြီးတိုလေး၏အပြုအမူကို မြင်သောအခါ လုချင်းသည် သံသယမဝင်နိုင်တော့ပေ။

သူသည် ယခင်ကတော့ သံသယရှိခဲ့သော်လည်း သေချာတော့မသိခဲ့ပေ။

ယခုအခါ ၎င်း၏အပြုအမူကို မြင်တွေ့လိုက်ရသဖြင့် သူ အတည်ပြုနိုင်ခဲ့ပြီပင်။

ဒီကောင်လေးက သူ့စကားကို အစကတည်းက နားလည်နေတာကို ၊ နားမလည်ချင်ယောင်ဆောင်နေခဲ့တာပဲ။

လုချင်း၏စကားကို ကြားသောအခါ ညဝိညာဉ်ကြောင်မြီးတိုလေးသည် သူ ဘာပြောနေသည်ကို မသိသလိုအမူအရာဖြင့် ယခင်ကဲ့သို့ အပြစ်ကင်းစင်ပြီး တည်ငြိမ်သောအသွင်သို့ ပြန်လည်ရောက်ရှိသွားတော့သည်။

သို့သော် လုချင်းကတော့ ၎င်း၏လှည့်စားခြင်းကို ခံတော့မည် မဟုတ်ပေ။

သားရဲငယ်လေးတစ်ကောင်၏ လှည့်စားခြင်းကို အချိန်အတော်ကြာ ခံခဲ့ရသည်ကို စဉ်းစားမိသောအခါ သူ့ခင်ဗျာ ရယ်ရခက် ငိုရခက်ပင်။

ထို့နောက် လုချင်းတစ်ယောက် မီးဖိုချောင်သို့ ပြန်လှည့်လိုက်ကာ ရေတိုင်ကီကို ဖုံးအုပ်ထားသော ပျဉ်ပြားကို မပြီး ရွှေရောင်ငါးရှဉ့်တစ်ကောင်ကို ဆွဲယူလိုက်သည်။ ပြီးကာမှ ခြံဝင်းသို့ ပြန်လာခဲ့သည်။

"ငါ မင်းကို တစ်ကောင်ပဲ ပေးနိုင်တယ်။ မင်း ယူမလား၊ မယူဘူးလား"

လုချင်း၏လက်ထဲတွင် ရုန်းကန်နေသော ရွှေရောင်ငါးရှဉ့်ကို မြင်သောအခါ ညဝိညာဉ်ကြောင်မြီးတိုလေး၏မျက်လုံးများ တောက်ပလာတော့သည်။

လုချင်းစကားဆုံးသည်နှင့် သူ၏မျက်စိရှေ့တွင် အရိပ်တစ်ခု ဖြတ်ပြေးသွားသည်ကို ခံစားလိုက်ရပြီး သူ၏လက်ထဲရှိ ရွှေရောင်ငါးရှဉ့်မှာလည်း ပျောက်ကွယ်သွားလေ၏။

သူ အာရုံစိုက်လိုက်သောအခါ ညဝိညာဉ်ကြောင်မြီးတိုလေးသည် ရွှေရောင်ငါးရှဉ့်ကို အားရပါးရ စားသုံးနေပြီဖြစ်သည်။

၎င်းသည် ငါးရှဉ့်၏ခေါင်းကို တစ်ကိုက်တည်းဖြင့် ကိုက်ဖြတ်လိုက်သည်ကို ကြည့်ရင်း လုချင်း၏နှလုံးသားလေးမှာ နာကျင်သွားရရှာသည်။

ထိုငါးတစ်ကောင်ပင်လျှင် ငွေဒင်္ဂါးရာနှင့်ချီပြီးတန်ဖိုးရှိပါ၏။

သို့သော် ညဝိညာဉ်ကြောင်မြီးတိုလေးကတော့ ပျော်ရွှင်စွာဖြင့်သာ စားသုံးနေပြီး ပျော်ရွှင်မှုကြောင့် မျက်လုံးများပင် မှေးစင်းလာကာ အမြီးကိုပင် ပျော်ရွှင်စွာ ယမ်းခါနေလေ၏။ ထိုသည်ကို လုချင်း မြင်လိုက်ရသောအခါမှ သူသည် ကိုယ်ဘာ့ကိုယ် နှစ်သိမ့်နိုင်ခဲ့သည်။

အင်းလေ ၊ အနည်းဆုံးတော့ ဒီကောင်လေးက အရင်ရက်ကပဲ တန်ဖိုးရှိတဲ့ ရာစုနှစ်တစ်ခုထိ သက်တမ်းရှိတဲ့ ဂျင်ဆင်းကို သူ့ကို ပေးခဲ့တယ်လေ။ ဒီတော့ အပြန်အလှန်အနေနဲ့ အစားကောင်းကျွေးခြင်းက တရားမျှတပါတယ်လေ။

ညဝိညာဉ်ကြောင်မြီးတိုလေးမှာ လျင်မြန်စွာ စားသုံးလိုက်လေရာ မကြာမီမှာပင် နှစ်ပေါင်နီးပါးရှိသော ရွှေရောင်ငါးရှဉ့်ကြီးသည်ပင် ၎င်း၏ဗိုက်ထဲသို့ လုံးဝကို ရောက်ရှိသွားတော့လေ၏။

ငါးရှဉ့်ကို စားပြီးနောက် ညဝိညာဉ်ကြောင်မြီးတိုလေးက လုချင်းကို ထပ်မံကြည့်လိုက်ပြန်သည်။

ထိုအခါ၌ လုချင်းခင်ဗျာ လန့်ဖျပ်သွားပြီး လျင်မြန်စွာဖြင့် ပြန်ပြောလိုက်ရလေ၏၊ "မရှိတော့ဘူးလေကွာ။ ကျန်တဲ့တစ်ကောင်ကို ငါ လိုသေးတယ်ကွ။ ငါ မင်းကို မပေးနိုင်ဘူး"

ညဝိညာဉ်ကြောင်မြီးတိုလေးမှာ လုချင်းကို မကျေမနပ်ဖြစ်ဟန်ဖြင့် ဘေးစောင်းကြည့်လိုက်ပြီးနောက် ငါးဇလုံဘက်သို့ လျှောက်သွားလိုက်ကာ ၎င်းကိုပဲ အေးအေးဆေးဆေး စတင်စားလိုက်တော့၏။

လုချင်း ။ “...”

ဒါဆို မင်းက ငါးလေးတွေကို မကြိုက်တာမဟုတ်ဘဲ အရသာရှိတဲ့ဟာတွေကို အရင်စားချင်တာပေါ့လေ။

ညဝိညာဉ်ကြောင်မြီးတိုလေးက ကျန်ရှိနေသော ရွှေရောင်ငါးရှဉ့်တစ်ကောင်ကို ဆက်လက်တောင်းဆိုခြင်းမရှိတော့ကြောင်းအား မြင်လိုက်ရသောအခါမှ လုချင်းခင်ဗျာ သက်ပြင်းချနိုင်ပါတော့၏။

ကံကောင်းစွာဖြင့် ၊ အနှီးကောင်ကလေးမှာ အကျိုးသင့်အကြောင်းသင့်လုပ်တတ်လို့ပင်။ အကယ်၍သာ ၎င်းက အခြားရွှေရောင်ငါးရှဉ့်ကို လုယူဖို့ ကြိုးစားခဲ့ပါက လုချင်းမှာလည်း ၎င်းကို တားဆီးနိုင်မည် မဟုတ်ပေ။

ထိုသားရဲလေး ပျော်ရွှင်စွာ စားသုံးနေသည်ကို ကြည့်ရင်း လုချင်းသည် ထိုင်ချလိုက်ပြီး စဉ်းစားနေခဲ့သည်။

"ကောင်လေး ၊ မင်းက ဒီလိုထူးဆန်းတဲ့ငါးတွေကို စားရတာ ကြိုက်တာလား"

ယခုအခါတွင်တော့ သားရဲငယ်လေးက သူ့စကားကို နားလည်နိုင်ကြောင်းအား သေချာသိသွားပြီဖြစ်သောကြောင့် လုချင်းသည် ၎င်းနှင့် ဆက်သွယ်ပြောဆိုလိုစိတ် ပြင်းပြနေပါ၏။

သားရဲငယ်လေးကလည်း တောက်ပနေသောမျက်လုံးများဖြင့် သူ့ကို မော့ကြည့်လာခဲ့လေသည်။

လုချင်းက အလျင်အမြန် ထပ်ပြောလိုက်ရသည်၊ "ငါ မင်းကို နောက်ထပ်ရွှေရောင်ငါးရှဉ့်တစ်ကောင် ပေးမယ်လို့ ပြောတာမဟုတ်ဘူးကွ။ အထင်မလွဲနဲ့"

ဤစကားကို ကြားသည့်သောအခါ သားရဲငယ်လေးက ခေါင်းကိုပြန်ငုံ့လိုက်ပြီး ဆက်ပြီးစားနေလိုက်ပြန်၏။ လုချင်းကိုတော့ လျစ်လျူရှုလျက်ဖြင့်ပင်။

လုချင်းကတော့ ဂရုမစိုက်ပေ။ "ဒါပေမဲ့ ငါ မင်းကို နောက်ထပ်ရွှေရောင်ငါးရှဉ့်တစ်ကောင် မပေးနိုင်ဘူးဆိုတာက ရှေ့လျှောက် ငါ ဖမ်းမိတဲ့ တခြားထူးဆန်းတဲ့ငါးတွေကို မပေးဘူးလို့ ဆိုလိုတာမဟုတ်ဘူးလေ"

ထိုအခါ၌ သားရဲငယ်လေးက နားမလည်ဟန်ဖြင့် ထပ်မံမော့ကြည့်လာပြန်၏။

"ကောင်လေး ၊ ငါတို့ သဘောတူညီချက်တစ်ခု လုပ်ကြမလား" ၎င်း၏စိတ်ဝင်စားမှုကို မြင်သောအခါ လုချင်းက ဆက်ပြောလိုက်သည်၊ "အကယ်၍ ငါ နောက်ထပ်ရွှေရောင်ငါးရှဉ့်လို ထူးဆန်းတဲ့ငါးတွေ ဖမ်းမိရင်၊ မင်း အရင်ရက်ကလို အပင်အမြစ်မျိုးကို ငါ့ဆီ ယူလာပေးသရွေ့ ငါ မင်းနဲ့ အလဲအလှယ်လုပ်မယ်လေ။ ဘယ်လိုလဲ"

အရင်ရက်က ယူလာခဲ့တဲ့ အပင်အမြစ်တဲ့လား။

သားရဲငယ်လေးက ခေါင်းလေးကို စောင်းကာ တွေးတောလိုက်ပြီးနောက်၌ လုချင်းဆိုလိုသည်မှာ သူ လုချင်းအတွက် ယူလာပေးခဲ့သော အပင်ဖြစ်ကြောင်းကို သဘောပေါက်သွားတော့သည်။

သူက ဒါကို အရမ်းကြိုက်တဲ့ပုံပဲ။

ထိုစဉ် သားရဲငယ်လေးမှာ ထိုအပင်သည် သူ၏တောင်တန်းနယ်နမိတ်အတွင်းရှိ အချို့နေရာများတွင် ပေါက်ရောက်ကြောင်းကို သတိရသွားသည်။

၎င်းကို တူးဖော်ခြင်းသည် သားရဲငယ်လေးအတွက် လွယ်ကူသော်လည်း အလွယ်တကူ သဘောတူဖို့ရန်အတွက်တော့ မလိုလားပေ။

သူက ငါ့ကို နောက်ထပ်ငါးတစ်ကောင်ပေးဖို့ကိုတောင် ကပ်စေးနဲနေတဲ့ကိစ္စ။ ဘာလို့ ငါက သူပြောတာကို သဘောတူရမှာလဲ။ ဟွန့်။

သားရဲငယ်လေးက ခဏတာတွန့်ဆုတ်ဟန်ဆောင်ပြီးနောက် မကျေမနပ်ဖြစ်စွာဖြင့် ခေါင်းညိတ်လိုက်ရတော့သည်။

တစ်ဖက်တွင်တော့ လုချင်းမှာ သားရဲငယ်လေးတစ်ကောင်တွင် ထိုမျှရှုပ်ထွေးလှသောအတွေးများ ရှိနိုင်သည်ကို သိပင်မသိခဲ့ပေ။

၎င်း သဘောတူလိုက်သည်ကို မြင်သောအခါ၌ လုချင်းတစ်ယောက် အလွန်ပင်ဝမ်းသာသွားလေတော့သည်။

အကယ်၍ သားရဲငယ်လေးက အမှန်တကယ်ပင် ရာစုနှစ်တစ်ခုသက်တမ်းရှိသော ဂျင်ဆင်းများကို ထပ်မံရှာဖွေနိုင်ပါက လုချင်းသည်လည်း ၎င်းအား သူဖမ်းမိသော ထူးဆန်းသောငါးအားလုံးကို ပေးရရင်တောင်မှ ကိစ္စမရှိတော့။

မည်သို့ပင်ဆိုစေ ၊ ဂျင်ဆင်းသည် သူ့အတွက်တော့ ထူးဆန်းသောငါးများထက်ပင် များစွာပို၍ တန်ဖိုးရှိလှပါ၏။

ထို့ကြောင့်၊ လူနှင့် သားရဲနှစ်ဦးလုံးသည် သူတို့အချင်းချင်း အလွန်ကောင်းမွန်သော သဘောတူညီချက်တစ်ခု ရရှိခဲ့သည်ဟု ခံစားရလျက်ဖြင့် ပျော်ရွှင်စွာ သဘောတူညီခဲ့ကြလေသည်။

ရွှေရောင်ငါးရှဉ့်တစ်ကောင်လုံးကြီး စားခဲ့တာတောင်မှ သားရဲငယ်လေးသည် ဇလုံထဲရှိ ငါးအားလုံးကို အကုန်ကုန်အောင် စားခဲ့ပါသေး၏။ ထို့ကြောင့် ၎င်း ထွက်ခွာသွားသောအခါ၌ ဗိုက်ကလေးမှာ အနည်းငယ်ပင် ဖောင်းကားနေခဲ့ပါ၏။

သားရဲငယ်လေးတစ်ကောင် ခြံစည်းရိုးကို မနိုင်မနင်းဖြင့် ခုန်ကျော်သွားသည်ကို ကြည့်ရင်း လုချင်းမှာ ပြုံးလျက် ခေါင်းခါလိုက်မိသည်။

ဒင်းလေးက ငါးကိုတော့ တကယ်ကြီး ကြိုက်တာပဲ။ အစာပိုစားရတာကိုလည်း ကြိုက်မှကြိုက်။ ဘယ်လောက်ကြိုက်လဲဆို ဇလုံထဲ ဘာမှတောင် မတွေ့ရတော့တဲ့အထိလေ။

သားရဲငယ်လေး ပျောက်ကွယ်သွားသည်နှင့် လုချင်းမှာလည်း သစ်သားဇလုံကို မီးဖိုချောင်သို့ ပြန်ယူသွားလိုက်ကာ သန့်ရှင်းရေးလုပ်လိုက်ပြီးနောက်၌ သူ၏အခန်းသို့ အိပ်စက်ရန် သွားခဲ့သည်။

ထိုသို့ဖြင့် တစ်ညတာသည် အေးချမ်းစွာဖြင့် ကုန်လွန်သွားခဲ့ပြန်ပါ၏။

နောက်တစ်နေ့နံနက်၊ လုချင်း နိုးထလာသောအခါ၌ သူသည် ကျန်းမာရေးအာဟာရဖြည့်လက်သီးသိုင်းကို အကြိမ်အနည်းငယ်လောက်အထိ လေ့ကျင့်လိုက်သဖြင့် လန်းဆန်းတက်ကြွသွားသည်။

သူ၏ဆရာဖန်တီးခဲ့သော ကျန်းမာရေးအာဟာရဖြည့်လက်သီးသိုင်းသည် ၎င်း၏အမည်နှင့် တကယ်ပဲ ထိုက်တန်လှသည်။

ရက်အနည်းငယ်သာ လေ့ကျင့်ရသေးသော်လည်း သူသည် များစွာသန်မာပြီး တက်ကြွလန်းဆန်းလာသည်ဟု ခံစားနေရပြီပင်။

ရိုးရှင်းသော်လည်း အာဟာရပြည့်ဝလှသော နံနက်စာစားပြီးနောက် လုချင်းသည် ရှောင်ယန်ကို ခေါ်ဆောင်ကာ ကျန်ရှိသော ရွှေရောင်ငါးရှဉ့်ကို ပုံးတစ်လုံးတွင် ထည့်လျက် ဆရာ့အိမ်သို့ ထွက်ခွာခဲ့လေသည်။

တောင်တက်ရင်း လုချင်းသည် မျှော်လင့်ချက်တစ်စုံတစ်ရာကို ခံစားလိုက်မိ၏။

သူ၏ဆရာ ပြောခဲ့သောစကားများအရဆိုလျှင်တော့ သွေးအားဖြည့်ဆေးလုံးနှင့် ချီအားတိုးဆေးလုံးတို့သည် ယနေ့တွင် အဆင်သင့်ဖြစ်လောက်ပြီပင်။

ဆေးလုံး၏အကူအညီဖြင့်ဆိုလျှင် ချီနှင့်သွေးအဆင့်သို့ ရောက်ရှိဖို့အခွင့်အရေးမှာ သူ၏လက်တစ်ကမ်းအလိုတွင်သာ ရှိနေပြီဖြစ်ကြောင်းကို လုချင်း အပြည့်အဝကို ယုံကြည်နေမိပါသည်။

All Chapters