← Chapters

ဆေးလုံးဖော်စပ်ခြင်းပြီးမြောက်ခြင်း၊ အရသာဆယ်မျိုးထဲမှ ဒုတိယမြောက်

Vol. 5 Ch. 50

ဆေးလုံးဖော်စပ်ခြင်းပြီးမြောက်ခြင်း၊ အရသာဆယ်မျိုးထဲမှ ဒုတိယမြောက်

Vol. 5 Ch. 50

ဆရာ့အိမ်သို့ ရောက်ရှိလာသောအခါ၌ လုချင်းသည် တံခါးရှေ့ရှိ နေရာလွတ်တွင် သူ၏ဆရာ လက်သီးသိုင်းကျင့်နေသည်ကို မတွေ့ရသဖြင့် အံ့အားသင့်သွားသည်။

ထို့နောက် လုချင်းမှာ အတွင်းသို့ ဝင်ရောက်ကြည့်ရှုလိုက်ရာ ဆေးဖော်စပ်သည့်အခန်းတံခါးသည် တင်းကျပ်စွာ ပိတ်ထားဆဲဖြစ်ပြီး ထိုထဲမှ ဆေးနံ့သင်းသင်းတစ်ခု ထွက်ပေါ်နေသည်ကို လုချင်း ခံစားလိုက်မိသည်။

သူ၏ဆရာမှာ အတွင်းတွင် ဆေးဖော်စပ်နေဆဲဖြစ်ကြောင်းကို သိလိုက်ရသဖြင့် လုချင်းသည်လည်း သူ့ကို အနှောင့်အယှက်မပေးမိစေဖို့ရန် အသံတစ်သံမျှပင်မထွက်စေခဲ့ပေ။

ထိုအစား၊ သူသည် ပုံးကို ထောင့်တစ်နေရာတွင် ချထားလိုက်ပြီး တံမြက်စည်းတစ်ချောင်းကို ယူလိုက်ကာ ခြံဝင်းကို စတင်သန့်ရှင်းရေးလုပ်လိုက်တော့၏။

သူမ၏အစ်ကို သန့်ရှင်းရေးလုပ်နေသည်ကို မြင်သောအခါ ရှောင်ယန်သည်လည်း ထောင့်မှ တံမြက်စည်းငယ်တစ်ချောင်းကို ယူလိုက်ပြီး သူမ၏အစ်ကိုအား ကူညီပေးခဲ့သည်။

မောင်နှမနှစ်ယောက် ခြံဝင်းကို သန့်ရှင်းရေးလုပ်ပြီးလုနီးပါးအချိန်တွင် လုချင်းတစ်ယောက် နောက်ဆုံးတွင်တော့ အိမ်အတွင်းမှ တံခါးဖွင့်သံကို ကြားလိုက်ရတော့သည်။

ချက်ချင်းပင် သမားတော်ကြီး၏ ကျယ်လောင်သောရယ်မောသံ ထွက်ပေါ်လာခဲ့လေ၏။

"မင်းတို့နှစ်ယောက်၊ ဒီကို ရောက်နေတာ ကြာပြီလား"

လုချင်းနှင့် ရှောင်ယန်တို့ ခြံဝင်းကို သန့်ရှင်းရေးလုပ်နေသည်ကို မြင်လိုက်ရသောအခါ သမားတော်ကြီးက မေးလိုက်သည်။

"သိပ်မကြာသေးပါဘူးဗျ၊ နာရီဝက်လောက်ပဲ ရှိပါသေးတယ် ဆရာ" လုချင်းက ရိုးသားစွာ ပြန်ဖြေလိုက်သည်။

"အဘိုးချန်၊ ရှောင်ယန်လည်း ကိုကိုသန့်ရှင်းရေးလုပ်နေတာကို ကူညီခဲ့တယ်" ကလေးငယ်လေးက သူမ၏တံမြက်စည်းကို မြှောက်ပြကာ ကြွားလုံးထုတ်လိုက်လေ၏။

"အဘိုးသိပါတယ်ကွာ၊ အဘိုးတို့ရှောင်ယန်လေးက အလိမ္မာဆုံးပဲ" သမားတော်ကြီးက ချက်ချင်းချီးမွမ်းလိုက်သည်။

"ဟီးဟီး" ကလေးငယ်လေးမှာတော့ ချီးမွမ်းခံလိုက်ရသဖြင့် ပျော်ရွှင်စွာ ပြုံးလိုက်လေ၏။

"ဆရာ၊ တစ်ညလုံး မအိပ်ဘဲ နေခဲ့တာလားဗျ"

သမားတော်ကြီး၏အဝတ်အစားများက မနေ့ကနှင့် တထေရာတည်းဖြစ်နေသည်ကို လုချင်း သတိပြုမိလိုက်သောကြောင့် မေးလိုက်သည်။

"ဟုတ်တယ်၊ ဆေးဖော်စပ်တဲ့အချိန်မျိုးမှာ အချိန်တစ်ခုလေးတောင် အလဟဿဖြစ်သွားလို့မရဘူးလေ။ အထူးသဖြင့် ဒီသွေးအားဖြည့်ဆေးလုံးနဲ့ ချီအားတိုးဆေးလုံးဆိုရင် ဂျင်ဆင်းရဲ့အာနိသင်ကို အမြင့်ဆုံးထိန်းသိမ်းနိုင်ဖို့အတွက် တစ်ခါတည်းနဲ့ ဆေးဖော်စပ်တာက အကောင်းဆုံးပဲကွ" သမားတော်ကြီးက ခေါင်းညိတ်လိုက်သည်။

"ဆရာ၊ ခဏလောက်တော့ အနားယူလိုက်ပါလားဗျ" လုချင်းက စိုးရိမ်တကြီး မေးလိုက်သည်။

"မလိုပါဘူး၊ တစ်ညတည်းပဲ ပင်ပန်းခဲ့တဲ့ကိစ္စ။ ဒီအဘိုးကြီးရဲ့ကိုယ်က အဲ့ဒီလောက်လည်း အားမနည်းသေးပါဘူးကွ" သမားတော်ကြီးက လက်ဝှေ့ယမ်းလိုက်သည်။ "ပြီးတော့လည်း ၊ အဘိုးကြီးတွေဆိုတာ အိပ်ချိန်နည်းတာ ပုံမှန်ပဲလေ၊ ဒီတော့ နည်းနည်းလောက် အိပ်ချိန်လျော့သွားတာက ကိစ္စမရှိပါဘူးကွ"

ထိုအခါ၌ လုချင်းမှာလည်း သူ၏ဆရာ၏မျက်နှာသည် နီရဲပြီး တက်ကြွနေဆဲဖြစ်ကာ ပင်ပန်းနွမ်းနယ်သည့်လက္ခဏာများလည်း မရှိသည်ကို သတိပြုမိလိုက်၏။

လုချင်းမှာ သူ၏ဆရာက အမှန်တရားကို ပြောနေကြောင်း သိပါသည်။

မည်သို့ပင်ဖြစ်စေ၊ သူ၏ဆရာသည် အတွင်းပိုင်းအင်္ဂါများဖြစ်တည်ခြင်းအဆင့်ရှိ အစွမ်းထက်သိုင်းသမားတစ်ဦးဖြစ်ရာ တစ်ညလုံး မအိပ်ဘဲ နေခြင်းက သူ့အပေါ် အကျိုးသက်ရောက်ဖို့ဆိုတာ ခက်ခဲလှပါ၏။

"ဒါဆို သွေးအားဖြည့်ဆေးလုံးနဲ့ ချီအားတိုးဆေးလုံးတွေ အဆင်သင့်ဖြစ်နေပြီလို့ ဆိုလိုတာလား ဆရာ" ပြောရင်းဖြင့် လုချင်း၏မျက်လုံးများ တောက်ပလာတော့သည်။

"ဒါပေါ့ကွ။ ဆေးဖော်စပ်ပြီးသွားပြီလေ" သမားတော်ကြီးက အဖြူရောင်ကြွေပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။ "အဲ့ဒီဂျင်ဆင်းကနေ သွေးအားဖြည့်ဆေးလုံးနဲ့ ချီအားတိုးဆေးလုံး အလုံးနှစ်ဆယ်တောင် ရတယ်"

"ဒီဆေးလုံးနှစ်ဆယ်နဲ့ဆိုရင် မင်း ချီနဲ့သွေးအဆင့်ကို ရောက်ဖို့ ပိုပြီးတော့တောင် လွယ်သွားရုံတင်မကဘူးနော် ၊ မင်း အဲ့အဆင့်ကိုရောက်သွားတာနဲ့ မင်းရဲ့ကျင့်ကြံမှုတိုးတက်တာကလည်း အရမ်းကို မြန်လာလိမ့်မယ်"

လုချင်းသည် ကြွေပုလင်းကို ယူလိုက်သောအခါ၌ ၎င်း၏အလေးချိန်ကို ခံစားလိုက်ရသည်။

ထို့နောက် သူသည် ရုတ်တရက် မေးလိုက်သည်၊ "ဆရာ၊ ဒီဆေးလုံးတွေကိုလေ ၊ ကျွန်တော် ချီနဲ့သွေးအဆင့်ကို ရောက်ပြီးမှ သောက်တာက အကောင်းဆုံးမလားဗျ"

သမားတော်ကြီးသည် တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် ပြန်ဖြေလိုက်သည်၊ "အင်း ၊ ဒီဆေးလုံးတွေက ချီနဲ့သွေးအဆင့်အတွက် အကောင်းဆုံးအထောက်အကူပြုဆေးလုံးတွေထဲက တစ်ခုပဲ။ တစ်လုံးတည်း သောက်ရုံနဲ့တင် သိသာတဲ့တိုးတက်မှုကို ရနိုင်တယ်လေ။ ချီနဲ့သွေးအဆင့်က သိုင်းသမားတွေအများစုက ဆေးလုံးနည်းနည်းလေးရဖို့အတွက်တောင် ငွေအများကြီး သုံးတတ်ကြတယ်လေ"

"ဒါဆို ချီနဲ့သွေးအဆင့်ကို မရောက်ခင် ဒီဆေးလုံးတွေကို သောက်ရင် ဖြုန်းတီးရာ မရောက်ဘူးလားဗျ"

"အာနိသင်တချို့ကို ဖြုန်းတီးရာရောက်ပေမဲ့လည်း ၊ ခုချိန်မှာ မင်းရဲ့အခြေခံက နည်းနည်းအားနည်းနေတယ်လေ။ ဒီဆေးလုံးတွေရဲ့အကူအညီမပါဘဲ၊ ကျန်းမာရေးအာဟာရဖြည့်လက်သီးသိုင်းကို မင်း ကျွမ်းကျင်သွားရင်တောင်၊ ချီနဲ့သွေးအဆင့်ကို ရောက်ဖို့က အချိန်နည်းနည်းလောက်ထိ ထပ်ကြာဦးမှာ"

သူ၏ဆရာ၏စကားကို ကြားသောအခါ လုချင်းသည် ပြုံးလိုက်ပြီး စကားလမ်းကြောင်းပြောင်းလိုက်သည်။

"ဆရာ၊ မနေ့က ကျွန်တော် ငါးဖမ်းထွက်ရင်း ထူးဆန်းတဲ့ငါးနှစ်ကောင် ဖမ်းမိခဲ့တယ်၊ ငါးတွေက တော်တော်လေး ထူးဆန်းတယ်ဗျ။ အဲ့တာနဲ့ ကျွန်တော်လည်း ဆရာကို ကြည့်စေချင်လို့ ယူလာလိုက်တယ်။"

"ဟေ ၊ ဒီတစ်ခါလည်း ဘာငါးတွေ ဖမ်းမိခဲ့ပြန်ပြီလဲကွ" သမားတော်ကြီးက စိတ်ဝင်စားသွားသည်။

သမားတော်ကြီးသည် သူ၏တပည့်တွင် ငါးဖမ်းခြင်း၌ ကြီးမားလှသောပါရမီကောင်းတစ်ခု ရှိကြောင်းနှင့် ထူးဆန်းသောငါးများကို မကြာခဏ ဖမ်းမိတတ်ကြောင်းကိုပါ သိပါ၏။

ဤရက်ပိုင်းများတွင် သူ၏နေရာ၌ ငါးငယ်များ ဘယ်တော့မှ မပြတ်လပ်ခဲ့ပေ။

ကြော်ထားသောငါးငယ်များသည် အရသာရှိပါ၏၊

အထူးသဖြင့် အရက်နှင့် တွဲဖက်စားသုံးသောအခါတွင်ပေါ့။

ထို့အတွက်ကြောင့် သူ၏နှစ်ပေါင်းများစွာ သိုလှောင်ထားသော အရက်အိုးနှစ်လုံးပင် ကုန်လုနီးပါးဖြစ်နေပြီဖြစ်သည်။

"ဒီငါးမျိုးက ကျွန်တော် တစ်ခါမှ မဖမ်းဖူးတဲ့ငါးမျိုးပဲ။ အကောင်သေးပေမဲ့ အားကတော့ အတော်လေးကြီးတယ်ဗျ။ တော်တော်လည်းထူးဆန်းတယ်လို့ ခံစားရတယ်"

ထို့နောက်၌ လုချင်းသည် ခြံဝင်းထောင့်မှ ရွှေရောင်ငါးရှဉ့်ပါသော ပုံးကို ယူလာလိုက်သည်။

သမားတော်ကြီးက အတွင်းသို့ ကြည့်လိုက်ရာ ပုံးအတွင်း၌ ရွှေရောင်ငါးရှဉ့်တစ်ကောင် ကူးခတ်နေသည်ကို မြင်တွေ့လိုက်ရသောအခါတွင်တော့ ရုတ်ချည်းပင် မျက်လုံးတွေပြူးကျယ်သွားတော့လေ၏။

"ဒါ ရွှေရောင်ငါးရှဉ့်ပဲ"

"ဆရာ၊ ဒီငါးကို ဆရာသိလားဗျ" လုချင်းက မေးလိုက်သည်။

"သိတာပေါ့ကွ" သမားတော်ကြီးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "မင်း အရင်က ဖမ်းခဲ့တဲ့ ငါးကြင်းနီကို မှတ်မိလား။ ငါ မင်းကိုတောင် အဲ့ဒီငါးက ကမ္ဘာ့ထိပ်တန်းအရသာဆယ်မျိုးထဲက တစ်မျိုးလို့ ပြောခဲ့တယ်လေ"

"ဒီငါးကလည်း အရသာဆယ်မျိုးထဲက တစ်မျိုးလားဗျ" လုချင်းက စိတ်ဝင်တစား မေးလိုက်သည်။

သူသည် ဤသို့ ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။

"ဟုတ်တယ်၊ ဒီငါးကလည်း ရှားပါးတဲ့ငါးတစ်မျိုးပဲ၊ ရွှေရောင်ငါးရှဉ့်လို့ ခေါ်တယ်၊ ပြီးတော့ အရသာဆယ်မျိုးထဲမှာလည်း ပါတယ်၊ ဒါပေမဲ့လည်း ငါးကြင်းနီထက်တော့ အဆင့်အများကြီးနိမ့်တယ်၊ နောက်ဆုံးတွေထဲက တစ်ခုပေါ့။ အဲ့ဒါကြောင့် သူ့ရဲ့အရသာက ငါးကြင်းနီလောက်တော့ မကောင်းဘူးပေါ့။"

"ဒါပေမဲ့၊ အရသာပိုင်းမှာ လိုအပ်တာကို သူ့ရဲ့ အရမ်းကိုမှ အာဟာရပြည့်ဝစေတဲ့ဂုဏ်သတ္တိတွေနဲ့ ဖြည့်ဆည်းပေးတယ်လေ၊ ဒါကြောင့် ကိုယ်ခံအားနည်းတဲ့သူတွေအတွက်တော့ ဒီငါးက အကောင်းဆုံးပေါ့ကို"

"အရင်တစ်ခါတုံးက မင်းရဲ့ငါးကြင်းနီကို မြို့ထဲက မျိုးရိုးမြင့်တစ်ယောက်က သူ့ဇနီးအတွက် ဝယ်သွားတယ်လို့ ငါ ပြောခဲ့တယ်လေ။"

"သူ့ဇနီးက ငါးကြင်းနီကို စားပြီးတော့ ကျန်းမာရေးလည်း သိသိသာသာ တိုးတက်လာတယ်လေ။ ဒါပေမဲ့လည်း နည်းနည်းတော့ အားနည်းနေတုန်းပေါ့ကွာ"

"တကယ်လို့ သူသာ ဒီရွှေရောင်ငါးရှဉ့်ကို စားခဲ့လို့ရှိရင်၊ လုံးဝကို ကျန်းမာရေးပြန်ကောင်းလာမှာ အသေအချာပဲကွ"

လုချင်းမှာတော့ ရွှေရောင်ငါးရှဉ့်သည် အမှန်တကယ်ပင် အရသာဆယ်မျိုးထဲမှ တစ်မျိုးဖြစ်ကြောင်းအား သိလိုက်ရသဖြင့် အံ့အားသင့်သွားလေသည်။

တစ်ဆက်တည်းမှာပဲ သူသည် ရွာအပြင်ဘက်ရှိ မြစ်ငယ်လေးထဲမှ ကမ္ဘာ့ထိပ်တန်းအရသာဆယ်မျိုးထဲမှ နှစ်မျိုးကိုတောင် ဖမ်းမိခဲ့ကြောင်းကို သဘောပေါက်သွားခဲ့၏။

ရွာငယ်လေးတစ်ခု၏မြစ်ငယ်လေးတွင် ရှားပါးငါးနှစ်မျိုး၊ သို့မဟုတ် ထိုထက်တောင် ပို၍ ရှိနေနိုင်ခြင်းက အလွန့်ကို စိတ်ဝင်စားစရာကောင်းလှသည်ပင်။

သွေးမက်မွန်ပင်ကြောင့်လား၊ ဒါမှမဟုတ် မသိရသေးတဲ့ တခြားအကြောင်းရင်းတွေကြောင့်များလား။

လုချင်းသည် နက်နက်နဲနဲဖြင့် စဉ်းစားတွေးတောမိသည်။

သမားတော်ကြီးသည်လည်း ဤအကြောင်းကို တွေးမိနေသည့်ပုံပင်။

"အားချင်း၊ ဒီရွှေရောင်ငါးရှဉ့်ကို ဘယ်မှာ ဖမ်းခဲ့တာလဲ"

"ငါးကြင်းနီကို ဖမ်းခဲ့တဲ့နေရာမှာပဲဗျ" လုချင်းကလည်း ရိုးသားစွာ ပြန်ဖြေလိုက်၏။

"ရွာအပြင်ဘက်က မြစ်ငယ်လေးမှာ ငါးကြင်းနီရော ရွှေရောင်ငါးရှဉ့်ရော ရှိနေတယ်ပေါ့လေ"

ထိုအခိုက်၌ သမားတော်ကြီးမှာ ထူးခြားသောအရာတစ်ခုကို သဘောပေါက်သွားတော့၏။

"ဆရာ၊ တစ်ခုခုမှားနေလို့လားဗျ" လုချင်းက နှိမ့်ချစွာ မေးလိုက်သည်။

"တော်တော်လေး ထူးခြားတယ်" သမားတော်ကြီးက ပြောလိုက်သည်။ "ဒါပေမဲ့ အကြောင်းရင်းကိုတော့ ငါ ရှင်းမပြနိုင်ဘူး။ ဒါပေမဲ့လည်း..."

"ဒါပေမဲ့ ဘာဖြစ်လဲဗျ" လုချင်းသည် သမားတော်ကြီး၏ လေးနက်သောအမူအရာကို သတိပြုမိတာကြောင့် လျင်မြန်စွာ မေးလိုက်သည်။

"ရွာအပြင်ဘက်က မြစ်ထဲမှာရှိတဲ့ ရှားပါးငါးတွေအကြောင်းကို ဘယ်သူ့ကိုမှ မပြောပြနဲ့ဦးနော် လုချင်း" သမားတော်ကြီးက လေးနက်စွာဖြင့် သတိပေးလိုက်သည်။ "ရှားပါးငါးတွေက တန်ဖိုးရှိတယ်၊ သတင်းပျံ့သွားရင် ရွာအတွက် မကောင်းဘူး"

"ကျွန်တော် နားလည်ပါတယ် ဆရာ" လုချင်းကလည်း ခေါင်းညိတ်လိုက်သည်။

သူသည် သူ၏ဆရာ၏သတိပေးချက်ကို ကောင်းကောင်းနားလည်ပါ၏။

ဤသည်အား အဖိုးထိုက်တန်သောရတနာရှိခြင်း၏ ပြစ်မှုဟု ခေါ်ဆိုကြသည်။ ရှားပါးငါးများသည် အလွန်တန်ဖိုးရှိလှသည်။

အကယ်၍ တခြားသူတွေသာ မြစ်ထဲတွင် ရှားပါးငါးများရှိကြောင်းကို သိရှိသွားပါက ၎င်းတို့သည် မြစ်ကို သိမ်းပိုက်ရန် ကြိုးစားတော့မည်ဖြစ်ပြီး ဤရွာရှိ ရွာသားများကိုပင် မောင်းထုတ်နိုင်ဖွယ်ရှိပါ၏။

လုချင်းမှာလည်း ဤကဲ့သို့သောကိစ္စမျိုးကို သူ၏ယခင်ဘဝက သတင်းများစွာတွင် မြင်တွေ့ခဲ့ဖူးသည်ပင်။

၎င်းသည် ကျိုးလီရွာမှ ရွာသားများအတွက် ဘေးအန္တရာယ်တစ်ခု ဖြစ်လာပေလိမ့်မည်။

ဤသို့ဆိုလျှင် သူ ဖမ်းမိသော ရှားပါးငါးများကို နောက်ထပ် ထုတ်ဖော်ပြသလို့ မရနိုင်တော့သည့်ပုံပင်။

ထိုအချက်ကို နားလည်သဘောပေါက်သွားသဖြင့် လုချင်းသည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်တော့၏။

ရှေ့လျှောက် ရှားပါးငါးများ ဖမ်းမိလျှင်ပင် သူသည် ၎င်းတို့ကို ရောင်းချမည် မဟုတ်တော့။

မည်သို့ပင်ဖြစ်စေ၊ သူသည် ညဝိညာဉ်ကြောင်မြီးတိုနှင့်လည်း သဘောတူညီချက်တစ်ခု လုပ်ထားပြီးပြီပင်။ ထိုသည်ကတော့ ရှားပါးငါးများ ဖမ်းမိပါက ၎င်းတို့ကို ဂျင်ဆင်းနှင့် အလဲအလှယ်လုပ်ဖို့ဖြစ်၏။

"အဲ့ဒါကို မြဲမြဲမှတ်ထား လုချင်း" သမားတော်ကြီးက ခေါင်းညိတ်လိုက်ပါ၏။

သူ၏လိမ္မာပါးနပ်သောတပည့်က လမ်းညွှန်မှုအများကြီးမလိုအပ်ကြောင်း သူ သိပါသည်။

သို့သော် သူသည် ယခုလက်ရှိ၌ အခြားအရာတစ်ခုကို သိချင်နေလေ၏။

"မင်း ရွှေရောင်ငါးရှဉ့်နှစ်ကောင် ဖမ်းမိတယ်လို့ ပြောခဲ့တယ်မဟုတ်လား။ ငါ မှတ်မိသလောက်တော့ ရွှေရောင်ငါးရှဉ့်တွေက အမြဲတမ်း စုံတွဲလိုက် ပေါ်လာတတ်တာမျိုးပါ။ ဒီတော့ နောက်တစ်ကောင်က ဘယ်မှာလဲ"

"နောက်တစ်ကောင်ကို အဲ့ဒီညဝိညာဉ်ကြောင်မြီးတို စားသွားပြီ ဆရာ" လုချင်းက ခါးသီးစွာ ပြုံးလျက်ဖြင့် ပြန်ဖြေလိုက်ပြီးနောက် ညဝိညာဉ်ကြောင်မြီးတိုက ရှားပါးငါးကို စားရဖို့အရေး ဇွတ်အတင်းတောင်းဆိုခဲ့ပုံတို့ကို ရှင်းပြလိုက်တော့၏၊ သူတို့၏သဘောတူညီချက်ကိုတော့ ချန်လှပ်ထားခဲ့ပါသည်။

"ကျွန်တော်လည်း အစကတော့ ရွှေရောင်ငါးရှဉ့်နှစ်ကောင်လုံးကို သိမ်းထားချင်ခဲ့တာလေ၊ ဒါပေမဲ့လည်း အဲ့သားရဲက လက်မလျှော့တော့ ကျွန်တော်လည်း နောက်ဆုံးတော့ တစ်ကောင်ပေးလိုက်ရတော့တာပဲ ဆရာရယ်"

"အဲ့လိုလား။ ဒါဆိုလည်း ပြဿနာမရှိပါဘူး။ ညဝိညာဉ်ကြောင်မြီးတိုက မင်းကို ရာစုနှစ်တစ်ခုသက်တမ်းရှိတဲ့ ဂျင်ဆင်းကိုတောင် ပေးခဲ့တာပဲဟာ၊ ဒီတော့ ရှားပါးငါးတစ်ကောင် ပြန်ကျွေးတာက မျှတပါတယ်ကွ" သမားတော်ကြီးက ပြောလိုက်၏။

သူသည် ဤကိစ္စ၌ ဆုံးရှုံးမှုရှိသည်ဟုပင် မခံစားရပေ။

"ဆရာ၊ ခု ရွှေရောင်ငါးရှဉ့်တစ်ကောင်ပဲ ကျန်တော့တာကို ဆရာပဲ စားလိုက်ပါလားဗျ။ ကျွန်တော့်ရဲ့ ဆရာ့အပေါ် ကျေးဇူးပြန်ဆပ်တာလို့ သဘောထားပေးပါဗျ" လုချင်းက အကြံပြုလိုက်သည်။

"ဒီလောက်ကောင်းတဲ့ဟာကို ငါ တစ်ယောက်တည်း စားရတာက ဖြုန်းတီးရာရောက်တယ်ကွ" သမားတော်ကြီးက ရယ်မောလိုက်သည်။ "ကဲကွာ ဒီလိုဆိုမှတော့ အတူတူစားကြတာပေါ့ကွာ။"

"ပြီးတော့ ပြောရဦးမယ်။ မင်း ဒီရွှေရောင်ငါးရှဉ့်ကို ဖမ်းမိတာကြီးက တော်တော်လေးကို အချိန်သင့်အခါသင့်ပဲကွ။ ကံကောင်းရင်၊ မင်း ဒီနေ့မှာတင် ချီနဲ့သွေးအဆင့်ကိုတောင် ရောက်နိုင်လိမ့်မယ်"

ထိုစကားကို ကြားသောအခါ လုချင်းတစ်ယောက် အံ့အားသင့်သွားရတော့၏။

All Chapters