လေ့ကျင့်ခြင်းနည်းလမ်းများနှင့် တိုက်ခိုက်ရေးနည်းစနစ်များ ၊ လေးမျက်နှာဓားသိုင်း
Vol. 6 Ch. 52
"လေ့ကျင့်ခြင်းနည်းလမ်းတွေနဲ့ တိုက်ခိုက်ရေးနည်းစနစ်တွေ ဟုတ်လား ဆရာ" လုချင်းတစ်ယောက် အံ့အားသင့်သွားသည်။
သမားတော်ကြီးက ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်။"
"လေ့ကျင့်ခြင်းနည်းလမ်းတွေ၊ တစ်နည်းအားဖြင့် အာဟာရဖြည့်နည်းလမ်းတွေလို့လည်း ခေါ်ကြတယ်။ နာမည်အတိုင်းပဲ၊ ခန္ဓာကိုယ်ကို အာဟာရဖြည့်တင်းဖို့၊ အသားအရေကို တင်းရင်းစေဖို့နဲ့ ကိုယ်ခန္ဓာရဲ့ ခွန်အားကို မြှင့်တင်ဖို့အတွက် နည်းလမ်းတွေပေါ့ကွာ။"
"ငါ မင်းကို သင်ပေးခဲ့တဲ့ ကျန်းမာရေးအာဟာရဖြည့်လက်သီးသိုင်းက အမှန်တော့ လေ့ကျင့်ခြင်းနည်းလမ်းတစ်မျိုးပဲ။ ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ ငါကိုယ်တိုင်ဖန်တီးခဲ့တဲ့ လက်သီးသိုင်းပညာတစ်ခုပေါ့။"
"တိုက်ခိုက်ရေးနည်းစနစ်တွေအတွက်ကတော့..."
သမားတော်ကြီးသည် သူ၏အတွေးများကို စုစည်းရန် ခေတ္တရပ်နားပြီးမှ ဆက်ပြောသည်။
"သိုင်းပညာလမ်းကို ကျင့်ကြံတဲ့ သိုင်းသမားတွေက ချီနဲ့သွေး အားကောင်းကြပြီးတော့ အများအားဖြင့် တက်ကြွပြီး ပြိုင်ဆိုင်လိုစိတ်ရှိကြတယ်လေ။ ဒီတော့ အနိုင်ယူလိုစိတ်ပြင်းပြတာက ရှောင်လွှဲလို့မရတဲ့အရာပဲလေ။"
"အဲ့ဒါကြောင့် ပဋိပက္ခသမိုင်းတစ်လျှောက်လုံးမှာ သိုင်းသမားတွေက တဖြည်းဖြည်းနဲ့ တော်တော်ကြီးကို ပြင်းထန်တဲ့ နည်းစနစ်အများကြီးကို တီထွင်လာခဲ့ကြတယ်လေ။ အဲ့ဒါတွေက တိုက်ခိုက်ရေးနည်းစနစ်တွေပေါ့။"
"တိုက်ခိုက်ရေးနည်းစနစ်တွေကို သတ်ဖြတ်ခြင်းနည်းလမ်းတွေလို့လည်း ခေါ်ကြတယ်။ ဒီသိုင်းပညာတွေကကျတော့ ခန္ဓာကိုယ်ကို အာဟာရဖြည့်တင်းဖို့ ဒါမှမဟုတ် အသားအရေကို တင်းရင်းစေဖို့အတွက် ရည်ရွယ်တာမျိုးမဟုတ်ဘူး။ သူကကျ အချိန်အနည်းဆုံး ၊ ကုန်ကျစရိတ်အနည်းဆုံး ၊ အကြီးမားဆုံးဖျက်ဆီးနိုင်စွမ်းနဲ့ သေစေနိုင်စွမ်းကို ဘယ်လိုထုတ်ရမလဲဆိုတဲ့အပေါ်မှာ အဓိကထားပြီး ပြိုင်ဘက်ကို အနိုင်ယူဖို့ပဲ။"
"အဲ့ဒါကြောင့်မို့လို့ သေစေနိုင်စွမ်းအရဆိုရင် တိုက်ခိုက်ရေးနည်းစနစ်တွေက လေ့ကျင့်ခြင်းနည်းလမ်းတွေထက် အများကြီး ပိုအားကောင်းတယ်။"
"အာဟာရဖြည့်နည်းလမ်းတွေနဲ့ သတ်ဖြတ်ခြင်းနည်းလမ်းတွေတဲ့လား..." လုချင်းသည် ထိုအသုံးအနှုန်းနှစ်ခုကို သေချာစွာ စဉ်းစားနေမိသည်။
ဤအမည်နှစ်ခုမှပင် သူသည် သိုင်းပညာလမ်း၏ မတည်ငြိမ်မှုနှင့် မည်သည့်အချိန်တွင်မဆို အသက်နှင့်ရင်း၍ ဆုံးဖြတ်ချက်ချရနိုင်သော ရက်စက်ကြမ်းကြုတ်သော လမ်းတစ်ခုဖြစ်ကြောင်းကို ခံစားနေရသည်။
လုချင်းသည် မမေးဘဲမနေနိုင်တော့ပေ။ "ဆရာ၊ ဆရာပြောစကားအရဆိုရင် ကျန်းမာရေးအာဟာရဖြည့်လက်သီးသိုင်းက လေ့ကျင့်ခြင်းနည်းလမ်းတစ်ခုဆိုတော့၊ ကျွန်တော်တို့မျိုးဆက်ရဲ့ တိုက်ခိုက်ရေးနည်းစနစ်တွေကရော ဘာတွေလဲဗျ။"
"ငါတို့မျိုးဆက်မှာ တိုက်ခိုက်ရေးနည်းစနစ်တွေ မရှိဘူး။"
သမားတော်ကြီး၏ နောက်ဆက်တွဲစကားသည် လုချင်းအား မှင်သက်သွားစေခဲ့သည်။
သမားတော်ကြီးက ပြုံးလျက် ပြောလိုက်သည်။ "အဲ့လိုမျက်နှာနဲ့ မကြည့်ပါနဲ့ကွာ၊ ဆရာက တိုက်ခိုက်ရတာကို မကျွမ်းကျင်ဘူးလေ။ ဒီတော့ အားကောင်းတဲ့ တိုက်ခိုက်ရေးနည်းစနစ်တွေ မဖန်တီးနိုင်ခဲ့တာက အံ့ဩစရာမှမဟုတ်တာ။"
ထိုအခါမှ လုချင်းသည် သူ၏ဆရာမှာသမားတော်တစ်ဦးဖြစ်ပြီး တိုက်ခိုက်ခြင်းကိုမကြိုက်သော အလွန်ကြင်နာတတ်သည့် သမားတော်တစ်ဦးဖြစ်ကြောင်း သတိရလိုက်သည်။
ပြိုင်ဆိုင်လိုစိတ်မရှိခြင်းသည် သူအား အားကောင်းသော တိုက်ခိုက်ရေးနည်းစနစ်များကို မဖန်တီးနိုင်စေသည့် အကြောင်းအရင်းဖြစ်နိုင်လေ၏။
"ဆရာက တိုက်ခိုက်ရတာကို မကျွမ်းကျင်ပေမဲ့လည်း သိပ်ပြီးမဆိုးတဲ့ တိုက်ခိုက်ရေးနည်းစနစ်နည်းနည်းတော့ ရှိပါသေးတယ်။ မင်း သင်ချင်လား။"
“ဗျာ။" လုချင်းသည် တစ်ဖန် မှင်သက်သွားပြန်သည်။ "ဆရာ၊ ဆရာ ခုနကပဲ ကျွန်တော်တို့မျိုးဆက်မှာ တိုက်ခိုက်ရေးနည်းစနစ်ကောင်းတွေမရှိဘူးလို့ ပြောခဲ့တယ်မဟုတ်ဘူးလားဗျ။"
ထိုအခါ သမားတော်ကြီးက ပြန်ဖြေလိုက်သည်။ "အင်း ၊ ငါတို့မျိုးဆက်မှာ တိုက်ခိုက်ရေးနည်းစနစ်ကောင်းတွေ တကယ်လည်း မရှိပါဘူး။"
"မင်းရဲ့ဆရာ့ဆရာ၊ တစ်နည်းအားဖြင့် ငါ့ရဲ့ဆရာက ခြေသလုံးအိမ်တိုင် သာမန်သမားတော်တစ်ယောက်လေ။ ဒီတော့ သူက ကိုယ့်ကိုယ်ကိုကာကွယ်နိုင်တဲ့ အခြေခံနည်းစနစ်တချို့လောက်ပဲ သိခဲ့တာ။"
"နောက်ပိုင်းကျတော့ ငါ လူငယ်ဘဝတုံးက မမျှော်လင့်တဲ့တွေ့ကြုံမှုတချို့ရှိခဲ့လို့သာ ကျန်းမာရေးအာဟာရဖြည့်လက်သီးသိုင်းကို ငါ ဖန်တီးနိုင်ခဲ့တာပေါ့။"
"အဲ့ဒါကြောင့် ငါတို့မျိုးဆက်မှာ တိုက်ခိုက်ရေးနည်းစနစ်ကောင်းတွေမရှိဘူးလို့ ပြောခဲ့တာလေ။ ငါ လိမ်ပြောတာမဟုတ်ဘူး။"
"ဒါဆို ဆရာ ခုနက ဘာကိုဆိုလိုတာလဲဗျ။"
"ငါ့မှာရှိတဲ့ တိုက်ခိုက်ရေးနည်းစနစ်တွေက များသောအားဖြင့် ငါ ခရီးသွားတုံးက ရခဲ့တာတွေလေ။ တချို့က ငါ ဆေးကုပေးခဲ့တဲ့ သူရဲကောင်းတချို့က ဆေးကုသခအဖြစ် ပေးခဲ့တာတွေပေါ့ကွာ။ တချို့ကတော့ မြို့ကြီးတွေက ဈေးတွေမှာ ဝယ်ခဲ့တာတွေပေါ့။ တချို့ကတော့ တောင်တွေမှာ ဆေးပင်ရှာရင်း တွေ့ခဲ့တာတွေပေါ့။"
ရိုးရှင်းသောစကားအနည်းငယ်ဖြင့် သမားတော်ကြီးသည် သူ၏ထူးခြားသောအတွေ့အကြုံများကို အရိပ်အမြွက်ထုတ်ပြခဲ့လေရာ လုချင်းမှာလည်း ထိုသည်ကို ခွဲခြားသိမြင်နိုင်ခဲ့သည်။
သို့သော်လည်း...
လုချင်းမှာ အနည်းငယ်တော့ မယုံနိုင်ဖြစ်သွားလေသည်။ "ဆရာ၊ ဒီတော့ တိုက်ခိုက်ရေးနည်းစနစ်တွေကို ဝယ်လို့ရတယ်ပေါ့လေ ဟုတ်လားဗျ။"
သူ၏စိတ်အထင်တွင်တော့ သိုင်းပညာကျမ်းများသည် သိုင်းသမားများ၏ အမြတ်တနိုးထားဆုံးအရာများ ဖြစ်သင့်သည်။ မည်သူကများ ရောင်းချမည်နည်း။
သမားတော်ကြီးက ရယ်မောလိုက်သည်။ "ဟားဟား၊ ဒီကမ္ဘာကြီးက ကျယ်တယ်လေ။ အဲ့တော့ အံ့ဩစရာတွေနဲ့ ပြည့်နေတာပေါ့ကွာ။ မင်း အပြင်လောကကို စွန့်စားသွားလာခွင့်ရတဲ့အခါကျရင် သိုင်းပညာကျမ်းတွေကို ရောင်းတဲ့လူတွေရှိရုံတင်မကဘူး၊ တချို့ဆို သူတို့ရဲ့တစ်သက်တာလေ့လာမှုတွေကို လူတိုင်း သင်နိုင်အောင်လို့ အများသိအောင်လုပ်တဲ့သူတွေတောင် ရှိသေးတယ်ဆိုတာကိုပါ သိလာလိမ့်မယ် လုချင်းရေ။"
ထိုအခါ လုချင်းက အံ့အားသင့်စွာ မေးလိုက်၏။ "ဘယ်သူကများ အဲ့လောက်ထိ ရက်ရောတာလဲဗျာ။"
"သူက ကောင်းကင်ဘုံအောက်က သိုင်းသမားတွေအားလုံး လေးစားအားကျရတဲ့ သိုင်းပညာရှင်ကောင်းတစ်ယောက်ပေါ့ကွာ။"
ထို့နောက်၌ သမားတော်ကြီးသည် အတွေးများထဲတွင် နစ်မြောသွားဟန်ပင်။ သူသည် အတိတ်သို့ တမ်းတသော အမူအရာပြကာ တိတ်ဆိတ်သွားခဲ့လေ၏။
အချိန်အတော်ကြာပြီးမှ သူသည် သတိပြန်ဝင်လာပြီး "ကဲ၊ အဲ့ဒီအကြောင်းတွေကို မပြောတော့ဘူး။"
"လုချင်း၊ သမားတော်တွေအနေနဲ့ ငါတို့ရဲ့တာဝန်က လူတွေကို ဆေးကုပေးရင်း ကယ်တင်ပေးဖို့ပဲ။"
"ဒါပေမဲ့ တစ်ခါတလေကျရင် အပြင်ကို ခရီးသွားတဲ့အခါကျ မမျှော်လင့်ထားတဲ့အဖြစ်အပျက်တွေနဲ့ ကြုံရတတ်တယ်၊ အဲ့ဒါကြောင့် မင်းမှာ ကိုယ့်ကိုယ်ကိုကာကွယ်နိုင်တဲ့ ကျွမ်းကျင်မှုအချို့တော့ ရှိကိုရှိထားရမယ်။"
"ကျန်းမာရေးအာဟာရဖြည့်လက်သီးသိုင်းက သာမန်လူတွေကို ရင်ဆိုင်ဖို့အတွက်တော့ အဆင်ပြေတယ်။ ဒါပေမဲ့ သိုင်းပညာကျင့်ကြံတဲ့ သိုင်းသမားတွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင်တော့ အဲ့ဒါနဲ့တင် မလုံလောက်တော့ဘူး။"
လုချင်းကလည်း သူ့ဆရာပြောစကားကို ခေါင်းညိတ်ပြလိုက်သည်။
ကျန်းမာရေးအာဟာရဖြည့်လက်သီးသိုင်းကို ရန်သူများအား ရင်ဆိုင်ရာတွင် အသုံးပြုနိုင်သော်လည်း အားကောင်းသော သေစေနိုင်သည့် တိုက်ခိုက်ရေးနည်းစနစ်များကို ထုတ်နိုင်သူများနှင့် ယှဉ်ပြိုင်လျှင်တော့ အားနည်းချက်ရှိသည်မှာ ထင်ရှားလှပေ၏။
"မင်း အခု ချီနဲ့သွေးအဆင့်ကို ရောက်သွားပြီ။ တကယ့်သိုင်းသမားတစ်ယောက် ဖြစ်လာပြီဆိုတော့ ကျင့်ကြံဖို့အတွက် တိုက်ခိုက်ရေးနည်းစနစ်တစ်ခုကို ရွေးရမယ့်အချိန်တန်ပြီ။"
လုချင်းက မျှော်လင့်ချက်အနည်းငယ်ဖြင့် မေးလိုက်သည်။ "ဆရာ၊ ကျွန်တော် ဘယ်လိုတိုက်ခိုက်ရေးနည်းစနစ်မျိုးတွေကို သင်ရမလဲဗျ။"
"ငါ့ဆီမှာ တိုက်ခိုက်ရေးနည်းစနစ်တွေ အများကြီးရှိပေမဲ့ အများစုက သာမန်လောက်ပဲ၊ ချီနဲ့သွေးအဆင့်အတွက်ပဲ သင့်တော်တယ်။ တကယ်ကို လက်ရာမြောက်တဲ့ဟာတွေကတော့ သုံးခုပဲရှိတယ်။ ခဏစောင့်။"
ထိုသို့ပြောရင်း သမားတော်ကြီးသည် အိမ်ထဲသို့ဝင်သွားပြီး မကြာမီမှာပဲ စာအုပ်သုံးအုပ်ဖြင့် ပြန်ထွက်လာခဲ့သည်။
"ဒီသိုင်းပညာသုံးခုထဲမှာ တစ်ခုက တုတ်သိုင်း၊ တစ်ခုက ဓားသိုင်း၊ နောက်တစ်ခုက ဓားရှည်သိုင်းပေါ့။ တစ်ခုချင်းစီက ကြွက်သားနဲ့အရိုးအဆင့်အတွက် သိုင်းပညာတွေပဲ။ မင်း ဘယ်တစ်ခုကို သင်ချင်လဲ။"
ထိုအခါ လုချင်း၏ မျက်လုံးများသည် ထိုကျမ်းသုံးအုပ်ပေါ်တွင် ဝေ့ဝဲသွားတော့သည်။
သူသည် အားလုံးကို သင်ယူချင်သည်ဟုတော့ မိုက်မဲစွာ မပြောခဲ့မိပေ။
သူသည် သဘာဝလွန်စွမ်းအင်များကို ပိုင်ဆိုင်ထားသော်လည်း လောဘမကြီးသင့်သော အခြေခံသဘောတရားကိုတော့ နားလည်သေးပါ၏။
သူသည် ယခုမှ ချီနှင့်သွေးအဆင့် သိုင်းသမားငယ်လေးတစ်ဦးဖြစ်ရုံရှိသေးကာ သိုင်းပညာတစ်ခုကိုသာ အာရုံစိုက်ကျင့်ကြံခြင်းသည် အကောင်းဆုံးရွေးချယ်မှုဖြစ်ပါ၏။
ခဏစဉ်းစားပြီးနောက် လုချင်းက နောက်ဆုံးတွင် ပြောလိုက်သည်။ "ကျွန်တော် ဓားသိုင်းကို ရွေးချင်ပါတယ် ဆရာ။"
သမားတော်ကြီးက လေးနက်စွာ ပြောလိုက်သည်။ "မင်း သေချာလား။ တစ်ခါရွေးပြီးသွားတာနဲ့ အဲ့ဒါက မင်းရဲ့အနာဂတ်သိုင်းပညာလမ်းကို သက်ရောက်မှုရှိနိုင်တယ်နော်။"
လုချင်းက ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် ပြန်ဖြေလိုက်သည်။ "ကျွန်တော် စဉ်းစားပြီးပါပြီ ဆရာ။ ကျွန်တော် ဓားသိုင်းကို ရွေးချင်ပါတယ်ဗျ။"
သူသည် တုတ်သိုင်းကို သိပ်စိတ်မဝင်စားသလို ဓားရှည်သိုင်းကိုလည်း သာမန်လောက်သာ စိတ်ဝင်စားသည်။
သို့သော် ဓားသိုင်းကမူ သူ့ကို စိတ်ဝင်စားစေခဲ့သည်။
ဓားသည် အတော်လေး လွှမ်းမိုးနိုင်စွမ်းရှိပြီး သူ၏စိတ်ကြိုက်နှင့်လည်း ကိုက်ညီလေသည်။
"မင်း ဆုံးဖြတ်ပြီးပြီဆိုတော့ ဒီကျမ်းကို ယူသွားလိုက်။"
သမားတော်ကြီးသည် ကျမ်းတစ်အုပ်ကို လုချင်းထံသို့ ကမ်းပေးလိုက်သည်။
လုချင်းသည်လည်း ကျမ်းကိုယူကာ ပထမစာမျက်နှာကို ဖွင့်လိုက်ပြီးနောက် မျက်ခုံးပင့်သွားသည်။ "လေးမျက်နှာဓားသိုင်းတဲ့လား"
"ဟုတ်တယ်၊ ဒီဓားသိုင်းကို လေးမျက်နှာဓားသိုင်းလို့ခေါ်တယ်။ ငါ ဆေးပင်ရှာရင်း တောင်ပေါ်က ဂူတစ်ခုထဲမှာ မမျှော်လင့်ဘဲ တွေ့ခဲ့တာလေ။"
"ဂူထဲမှာ အရိုးစုတစ်ခုရှိတယ်။ အရိုးစုရှေ့မှာ ဆီစိမ်စက္ကူထုပ်တစ်ခုရှိနေတယ်လေ။ အဲ့ဒီထဲမှာ ဒီ လေးမျက်နှာဓားသိုင်းကျမ်း ရှိနေခဲ့တာ။"
"အရိုးစုကို မြေမြှုပ်ပေးလိုက်ပြီးတော့ ငါလည်း ဒီကျမ်းကို ယူလာခဲ့တာပေါ့။"
လုချင်းမှာ အံ့ဩသွားရပြန်သည်။
သူ၏ဆရာသည် မမျှော်လင့်သော တွေ့ကြုံမှုများစွာ ရှိခဲ့ပုံရကြောင်း သူ သဘောပေါက်လိုက်သည်။
သူ့ဆရာမှာ ငယ်စဉ်ကပင် ကျန်းမာရေးအာဟာရဖြည့်လက်သီးသိုင်းကို ဖန်တီးနိုင်ဖို့အတွက် မည်မည်ရရမသိရှိရသေးသည့် သိုင်းပညာများကို ရှာဖွေတွေ့ရှိခဲ့ပါသည်။
ထို့ပြင် ဆေးပင်ရှာနေစဉ်မှာပင် သိုင်းပညာကျမ်းများကို ရှာဖွေတွေ့ရှိခဲ့ပါ၏။
ဤကဲ့သို့သော ကံကောင်းခြင်းသည် အမှန်ပင် မယုံနိုင်စရာကောင်းလှပေသည်။
"လုချင်း၊ ဒီလေးမျက်နှာဓားသိုင်းကို ငါ ဖတ်ပဲဖတ်ဖူးတယ်၊ လေ့တော့မလေ့ကျင့်ဖူးဘူး။ မင်းက ဒီဓားသိုင်းကို ရွေးချယ်ခဲ့တာဆိုတော့ ငါက မင်းကို လေ့ကျင့်မှုပိုင်းပဲ အကြံဉာဏ်တချို့ ပေးလို့ရမှာ၊ လက်တွေ့တော့ သင်ပေးနိုင်တော့မှာမဟုတ်ဘူးနော်။"
"အဲ့ဒါကြောင့်မို့ မင်း ဘယ်လောက်အထိ ကျွမ်းကျင်နိုင်မလဲဆိုတာက မင်းကိုယ်တိုင်အပေါ်မှာပဲ မူတည်တော့တယ်။"
လုချင်းကလည်း ခေါင်းညိတ်လိုက်သည်။ "ကျွန်တော် နားလည်ပါတယ် ဆရာ။"
"လေးမျက်နှာဓားသိုင်းက ရှုပ်ထွေးပေမဲ့ နက်နက်နဲနဲလေ့ကျင့်နိုင်ရင်တော့ ကြွက်သားနဲ့အရိုးအဆင့် သိုင်းသမားတောင်မှ သူ့ရဲ့အစွမ်းကို ခံနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ မင်းရဲ့သိုင်းပညာအရည်အချင်းနဲ့ဆိုရင် ကျွမ်းကျင်ဖို့က မခက်ခဲလောက်ပါဘူး။"
သမားတော်ကြီး၏ လုချင်းအပေါ် ယုံကြည်မှုသည် ကာယကံရှင်လုချင်းကိုတောင်မှ အနည်းငယ် ရှက်ရွံ့သွားစေခဲ့ပါ၏။
သူ့မှာသာ သဘာဝလွန်စွမ်းအင်တွေ မရှိခဲ့လို့ရင် သူတော့ ကျိန်းသေပေါက်ကိုပဲ သူ့ဆရာကို စိတ်ပျက်အောင်လုပ်မိနိုင်လောက်တယ်လေ။