← Chapters

ချီနှင့်သွေး ပေါက်ကွဲထွက်ခြင်း ၊ ဓားသိုင်းပညာသို့ ဝင်ရောက်ခြင်း

Vol. 6 Ch. 53

ချီနှင့်သွေး ပေါက်ကွဲထွက်ခြင်း ၊ ဓားသိုင်းပညာသို့ ဝင်ရောက်ခြင်း

Vol. 6 Ch. 53

ထိုညတွင် လုချင်းသည် ရှောင်ယန်ကို အိပ်ရာဝင်စေပြီး ညဝိညာဉ်ကြောင်မြီးတိုလေးကို အစာကျွေးပြီးနောက် ဆီမီးခွက်တစ်လုံးကို ထွန်းကာ "လေးမျက်နှာဓားသိုင်းကျမ်း" ကို ထုတ်ယူလိုက်သည်။

စိတ်ဝင်စားစရာကောင်းသည်မှာ ညဝိညာဉ်ကြောင်မြီးတိုလေးသည် ထိုညတွင် ဂျင်ဆင်းအပင်အိုကြီးတစ်ပင်ကို ထပ်မံယူဆောင်လာခဲ့ခြင်းပင်။ ၎င်း၏အရည်အသွေးမှာ ယခင်တစ်ပင်ထက်မလျော့နည်းခဲ့ပေ။ ကံမကောင်းစွာဖြင့် လုချင်းတွင် လဲလှယ်ရန် ထူးဆန်းသောငါးမရှိသောကြောင့် သားရဲငယ်လေးသည် ငါးစားသောအခါ သိသိသာသာကို မပျော်မရွှင်ဖြစ်နေခဲ့လေ၏။

ထိုအခါ လုချင်းမှာလည်း အချိန်ရသည်နှင့် ထူးဆန်းသောငါးတစ်ကောင်ကို ဖမ်းပေးမည်ဟု ကတိပေးခဲ့ရပြီး နောက်ဆုံးတွင်တော့ သားရဲငယ်လေးကို ချော့မော့နိုင်ခဲ့သည်ပင်။ သို့သော်လည်း ပြန်မထွက်သွားမီ သားရဲငယ်လေးသည် ဂျင်ဆင်းကို ယူမသွားဘဲ ထားခဲ့လေသည်။ ထို့ကြောင့် လုချင်းသည် ယခုအခါတွင်တော့ ညဝိညာဉ်ကြောင်မြီးတိုလေးအား ထူးဆန်းသောငါးတစ်ကောင် အကြွေးတင်နေလေတော့၏။

တောက်ပသောဆီမီးခွက်အောက်တွင် လုချင်းသည် "လေးမျက်နှာဓားသိုင်းကျမ်း" ၏ ပထမစာမျက်နှာကို ဖွင့်လိုက်သည်။ လျင်မြန်စွာပင် သူသည် ထူထပ်သောအဖြူရောင်အလင်းနှင့် အနီရောင်အလင်းတန်းအချို့တို့ ကျမ်းစာအုပ်မှ ထွက်ပေါ်လာသည်ကို မြင်လိုက်ရတော့သည်။

[လေးမျက်နှာဓားသိုင်း - အဆင့်မြင့်ဓားသိုင်းပညာတစ်ခုကို မှတ်တမ်းတင်ထားသော ကျမ်းစာအုပ်။]

[ကြွက်သားနှင့်အရိုးအဆင့် ဓားသိုင်းပညာ၊ အရှိန်အဟုန်နှင့် သတ်ဖြတ်ခြင်းကို အလေးထားသည်။]

[ဤဓားသိုင်းပညာကို ကြွက်သားနှင့်အရိုးအဆင့်၏ အထွတ်အထိပ်တွင်ရှိသော သိုင်းပညာရှင်တစ်ဦးမှ သူ၏တစ်သက်တာလုံးကို ရင်းနှီးမြှုပ်နှံ၍ ဖန်တီးခဲ့သည်ဟု ဆိုကြသည်။ ဤဓားသိုင်းပညာဖြင့် သူသည် ကိုယ်တွင်းအင်္ဂါအဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် တိုက်ခိုက်ခဲ့ဖူးပြီး အသက်ရှင်လွတ်မြောက်ခဲ့ဖူးသည်။]

[ဒေါင်းလုဒ်လုပ်ပြီး သရုပ်ဖော်ကြည့်လိုပါသလား။]

ဒါက တကယ်ကြီးကို အနီရောင်အလင်းနဲ့ ကျမ်းစာအုပ်လား။

လုချင်းသည် ကျမ်းစာအုပ်ပေါ်ရှိ အနီရောင်အလင်းကိုမြင်ရ၍ အံ့ဩသွားသည်။ သူ၏နတ်မျက်စိစွမ်းရည် နိုးထလာပြီးကတည်းက လုချင်းသည် ပစ္စည်းများမှထွက်သော အလင်းရောင်နှင့်ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ ဆုံးဖြတ်နိုင်စွမ်းရှိလာခဲ့သည်။ အနီရောင်အလင်းနှင့် ဆက်စပ်နေသောအရာတိုင်းသည် ထူးခြားပြီး တကယ့်ကိုမှ အဖိုးတန်သော ရတနာများပင်။ ထူးဆန်းသောငါးဖြစ်စေ၊ နှစ်တစ်ရာသက်တမ်းရှိသော ဂျင်ဆင်းဖြစ်စေ အတူတူပင်ဖြစ်သည်။ ဤ "လေးမျက်နှာဓားသိုင်း" ကျမ်းသည် ထူးဆန်းသောငါးနှင့် ဂျင်ဆင်းထက်ပင် ပိုမိုပြင်းထန်သောအနီရောင်အလင်းကို ထုတ်လွှတ်နေခြင်းက လုချင်းအား အမှန်ပင် အံ့အားသင့်စေခဲ့ပါ၏။

'လုပ်ပါမည်' အား ရွေးချယ်လိုက်ပြီးနောက်တွင်တော့ လုချင်းသည် "လေးမျက်နှာဓားသိုင်း" ကျမ်းကို စတင်ဖတ်ရှုလိုက်တော့သည်။

[ဒေါင်းလုဒ်လုပ်နေသည်... လက်ရှိတိုးတက်မှု : ၁%, ၂%, ၃%...]

လုချင်းက စာမျက်နှာများကို လှန်လှောနေစဉ် ဒေါင်းလုဒ်တိုးတက်မှုသည်လည်း တဖြည်းဖြည်းတိုးလာသည်။

[...၉၇%, ၉၈%, ၉၉%, ၁၀၀%]

[ဒေါင်းလုဒ်လုပ်ခြင်းပြီးဆုံးပါပြီ။ သရုပ်ဖော်ခြင်းစတင်နေသည်... လက်ရှိတိုးတက်မှု : ၁%, ၂%, ၃%...]

လုချင်းက ကျမ်းစာအုပ်ကို ဖတ်ပြီးသောအခါ၌ တိုးတက်မှုဘားသည် ၁၀၀% သို့ ရောက်ရှိသွားပြီး နောက်ထပ်တိုးတက်မှုဘားတစ်ခု ပေါ်လာပြန်သည်။

အော် ဒီလိုကိုး။ တခြားတစ်ယောက်ယောက်က ပညာရပ်တစ်ခုကို လေ့ကျင့်နေတာကို တွေ့ရင် တိုက်ရိုက်သရုပ်ဖော်လို့ရတယ်။ ကျမ်းစာအုပ်တွေဆိုရင်တော့ အရင်ဒေါင်းလုဒ်လုပ်ပြီးမှ သရုပ်ဖော်လို့ရတာပဲ။

လုချင်း တွေးလိုက်သည်။

သူသည် စိတ်ရှည်စွာစောင့်ဆိုင်းနေခဲ့ပြီးနောက်၌ မကြာမီမှာပင် တိုးတက်မှုဘားသည် ၁၀၀% သို့ ရောက်ရှိသွားတော့သည်။

[သရုပ်ဖော်ခြင်းပြီးဆုံးပါပြီ။ လေ့ကျင့်လိုပါသလား။]

တုံ့ဆိုင်းခြင်းမရှိဘဲ လုချင်းသည် 'ဟုတ်ကဲ့' အား ရွေးချယ်လိုက်သည်။

နောက်တစ်ခဏတွင်တော့ လေးမျက်နှာဓားသိုင်းပညာကို လေ့ကျင့်ခြင်းနှင့်ပတ်သက်သော အချက်အလက်များနှင့် ထိုးထွင်းသိမြင်မှုများစွာသည် သူ၏စိတ်ထဲသို့ စီးဝင်လာသည်။ လုချင်းသည် မျက်လုံးများကို အနည်းငယ်မှိတ်ထားပြီး ဤအချက်အလက်များကို တိတ်ဆိတ်စွာ လက်ခံနေလိုက်သည်။ အချိန်အတော်ကြာပြီးမှ သူသည် မျက်လုံးများကိုဖွင့်လိုက်ရာ သူ၏မျက်ဝန်းများတွင် တုန်လှုပ်မှုအရိပ်အယောင်များ ပေါ်နေသည်။

"ဒီလေးမျက်နှာဓားသိုင်းက တကယ့်ကို ထူးခြားတာပဲ။"

ယခုအချိန်တွင် လုချင်းသည် သူ၏စိတ်ထဲမှ ထိုးထွင်းသိမြင်မှုအားလုံးကို စုပ်ယူပြီးဖြစ်ကာ ထိုပညာရပ်ကို ပြည့်စုံစွာနားလည်သွားပြီဖြစ်သည်။ လေးမျက်နှာဓားသိုင်းပညာတွင် စုစုပေါင်း လှုပ်ရှားမှု ကိုးကွက်သာရှိသည်။ လှုပ်ရှားမှုတစ်ခုချင်းစီသည် ရန်သူတိုင်းကို ခုတ်လှဲနိုင်ရန်နှင့် အားအကောင်းဆုံးနှင့် အရှိန်အဟုန်အပြင်းဆုံးကို ထုတ်လွှတ်ရန် တစ်ကိုယ်လုံး၏ ခွန်အားကို စုစည်းခြင်းအပေါ် အဓိကထားသည်။

"လေးမျက်နှာ" ဟုဆိုရာတွင် အခြေခံလေးမျက်နှာကိုသာ ရည်ညွှန်းခြင်းမဟုတ်ဘဲ မျက်စိနှင့်မြင်နိုင်သမျှ ကမ္ဘာလောကတစ်ခုလုံးကို ရည်ညွှန်းခြင်းဖြစ်သည်။ ဤပညာရပ်ကို ဖန်တီးခဲ့သော သိုင်းပညာရှင်၏ ရည်မှန်းချက်သည် အမှန်ပင် ကြီးမားလှပါ၏။ လုချင်းသည် ကျမ်းစာအုပ်တွင် ဤဓားသိုင်းပညာကို ဖန်တီးသူမှာ ၎င်းကိုအသုံးပြု၍ ကိုယ်တွင်းအင်္ဂါအဆင့် ကျွမ်းကျင်သူများကို တန်ပြန်တိုက်ခိုက်အနိုင်ယူရန် ရည်ရွယ်ခဲ့ကြောင်း သိမြင်ခဲ့ရလေသည်။

ကျမ်းစာအုပ်ကိုပိတ်လိုက်ပြီးနောက် လုချင်းသည် နေ့လည်က သူကိုယ်တိုင်ပြုလုပ်ထားသော သစ်သားဓားတစ်ချောင်းကို လှမ်းယူလိုက်သည်။ ၎င်းသည် သိပ်ပြီးရုပ်ထွက်မလှသော်လည်း လုံလောက်အောင်ထိတော့ ခိုင်ခံ့လှပါသည်။ ဤကျေးလက်ဒေသတွင် တကယ့်တိုက်ပွဲဝင်ဓားတစ်ချောင်းကို ဘယ်မှာရှာနိုင်မည်နည်း။ သူသည် လောလောဆယ်တော့ ဤအရာဖြင့်သာ အဆင်ပြေအောင်လုပ်ရပေမည်။ မည်သို့ပင်ဆိုစေ ၊ ဤသည်မှာ သူ လေ့ကျင့်ဖို့အတွက်သာဖြစ်ပြီး မည်သူ့ကိုမှ သတ်ရန် သွားနေခြင်းမဟုတ်ပေ။

ထို့နောက်၌ သစ်သားဓားကိုကိုင်လျက် လုချင်းသည် တိတ်ဆိတ်စွာရပ်နေပြီး လေးမျက်နှာဓားသိုင်းပညာနှင့်ပတ်သက်သော ထိုးထွင်းသိမြင်မှုများကို သူ၏စိတ်ထဲတွင် စီးဆင်းစေလိုက်သည်။ ဤထိုးထွင်းသိမြင်မှုများဖြင့် သူသည် ကျမ်းစာအုပ်တွင် မှတ်တမ်းတင်ထားသော လှုပ်ရှားမှုများကို စတင်လေ့ကျင့်တော့သည်။ ချီနှင့်သွေးအဆင့်သို့ တက်လှမ်းပြီးနောက် သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းသည်လည်း များစွာတိုးတက်လာခဲ့သည်ပင်။ ဓားသိုင်းပညာကို ပထမဆုံးအကြိမ်လေ့ကျင့်ခြင်းဖြစ်သော်လည်း ပထမအကြိမ်တွင်ပင် သူသည် အတော်လေးကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ပါ၏။ ၎င်းသည် လေးမျက်နှာဓားသိုင်းပညာ၏ လှုပ်ရှားမှုများ ရိုးရှင်းခြင်းကြောင့်ဟုလည်း ပြောနိုင်ပါသေးသည်။

ထိုပညာရပ်တွင် လှုပ်ရှားမှု ကိုးကွက်ပါဝင်ပြီး တစ်ခုချင်းစီသည် ရှုပ်ထွေးမှုထက် အရှိန်အဟုန်ကိုသာ အဓိကထားသည်။ ၎င်းကိုလေ့ကျင့်ခြင်းသည် မခက်ခဲလှပေ။ တကယ့်စိန်ခေါ်မှုမှာ ဓားကို ကိုင်နေစဉ် တစ်ကိုယ်လုံး၏ ခွန်အားကို စုစည်း၍ တစ်ချက်ချင်းစီတွင် အမြင့်ဆုံးစွမ်းအားကို ထုတ်လွှတ်နိုင်ရန်ဖြစ်သည်။ ၎င်းတွင် ခန္ဓာကိုယ်လှုပ်ရှားမှုများ၊ ခြေလှမ်းများ၊ ရှုထောင့်များနှင့် ထိုးနှက်သည့်နည်းလမ်းများအပြင် ချီနှင့်သွေးနှင့် အရိုးများ၏ ပူးပေါင်းဆောင်ရွက်မှုတို့ကဲ့သို့ အလွန်ရှုပ်ထွေးသော အားထုတ်လုပ်နည်းများလည်း ပါဝင်သည်။ ကျွမ်းကျင်မှုသည် မိမိကိုယ်ကို အလွန်အမင်းထိန်းချုပ်နိုင်ဖို့အတွက် လိုအပ်သည်။

အကြိမ်အနည်းငယ်လေ့ကျင့်ပြီးနောက် လုချင်းသည် သူ၏စိတ်ပိုင်းဆိုင်ရာ ထိုးထွင်းသိမြင်မှုများ၏ အကူအညီဖြင့် အခြေခံဓားလှုပ်ရှားမှုများကို မကြာမီမှာပဲ ကျွမ်းကျင်သွားတော့သည်။ သို့သော် သူသည် ထိုပညာရပ်၏ ထူးခြားသော အားထုတ်လုပ်နည်းကိုမူ အခက်တွေ့နေဆဲပင်။ သူသည် တည်ငြိမ်စွာဖြင့် ဓားလှုပ်ရှားမှုများကို အကြိမ်ကြိမ်အခါခါ လေ့ကျင့်နေခဲ့သည်။ ‘လေ့ကျင့်လေ ကျွမ်းကျင်လေ’ ဟူသော ဆိုရိုးစကားအတိုင်းပင်။ သူသည် သူ၏ထိုးထွင်းသိမြင်မှုများ၏ အကူအညီဖြင့် လှုပ်ရှားမှုများကို အတိုင်းအတာတစ်ခုအထိ ကျွမ်းကျင်အောင်လေ့ကျင့်ပြီးသည်နှင့် အရာအားလုံးသည်လည်း အလိုအလျောက် အဆင်ပြေသွားလိမ့်မည်ဟု လုချင်း ယုံကြည်ပါ၏။

အမှန်ပင် သူ ဆက်လက်လေ့ကျင့်နေသည်နှင့်အမျှ သူ၏ဓားလှုပ်ရှားမှုများအပေါ် ကျွမ်းကျင်မှုသည်လည်း ပိုမိုရှင်းလင်းလာခဲ့သည်။ လှုပ်ရှားမှုများကြား တစ်ကွက်နှင့်တစ်ကွက်ဆက်သွယ်မှုများမှာလည်း ပိုမိုချောမွေ့လာပြီး ပညာရပ်တစ်ခုလုံးမှာ ရေစီးအလားနှယ် ချောမွေ့နေခဲ့လေ၏။ လေးမျက်နှာဓားသိုင်းပညာ၏ လှုပ်ရှားမှု ကိုးကွက်သည် ရိုးရှင်းသော်လည်း အချင်းချင်းဆက်စပ်နေပြီး ‘အားလုံးပေါင်းမှ တစ်ခု’ဟူသောပုံစံအဖြစ် ဖွဲ့စည်းထားသည်။ ၎င်းတို့သည် ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးကို ဖုံးလွှမ်းနိုင်သည်ဖြစ်ရာ ဟာကွက်တစ်ခုပင် မကျန်ရစ်စေသည်အထိပင်ဖြစ်၏။

လုချင်းသည် အဆက်မပြတ်လေ့ကျင့်နေစဉ် ဓားလှုပ်ရှားမှုများကြား ဆက်သွယ်မှုတွင် ရှိနေသော ဟာကွက်များကို အတတ်နိုင်ဆုံး နည်းသထက်နည်းအောင် လျှော့ချခဲ့သည်။ နောက်ဆုံးတွင်တော့ သူသည် နောက်ဆုံးချို့ယွင်းချက်ကို ဖယ်ရှားလိုက်သောအခါ၌ သူ့တွင် ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။ နောက်တစ်ခဏတွင်တော့ သူသည် ခြေတစ်လှမ်းရှေ့တိုးလိုက်ပြီး သူ၏ချီနှင့်သွေးကို တစ်ကိုယ်လုံးသို့ ဆက်သွယ်ကာ ချက်ချင်းပေါက်ကွဲထွက်စေလိုက်ပြီးနောက် ဓားဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်တော့သည်။

ဝှစ်

အားကောင်းသောခွန်အားအောက်တွင် ဓားခုတ်လိုက်သည့်အားကြောင့် လေသည် ပြန့်ကျဲသွားပြီး သူ၏ခြေအောက်ရှိ မြက်ပင်များကိုပင် မြေကြီးပေါ်သို့ ပြားကပ်သွားစေသည်။

ဤတစ်ချက်ခုတ်ပြီးနောက် လုချင်းသည် ငြိမ်သက်စွာရပ်နေလိုက်ရာ သူ၏မျက်နှာပေါ်တွင် ပျော်ရွှင်သောအရိပ်အယောင်များ ပေါ်နေလေသည်။

"ဒါက ချီနဲ့သွေးကို ဆက်သွယ်ပြီး ချက်ချင်းပေါက်ကွဲထွက်စေတဲ့ ခံစားချက်ကိုး။"

ခုနကပင် လုချင်းသည် သူ၏စွမ်းအားကို အမြင့်ဆုံးဖြစ်စေရန် ချီနှင့်သွေး၏ ပေါက်ကွဲမှုကို ဓားချက်နှင့် မည်သို့ပေါင်းစပ်ရမည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့ပါ၏။ "လေးမျက်နှာဓားသိုင်း" ကျမ်းပါ ဖော်ပြချက်အရ ဤသို့ပြုလုပ်နိုင်မှသာလျှင် ပညာရပ်ထဲသို့ အမှန်တကယ်ဝင်ရောက်သည်ဟု သတ်မှတ်ထားလေသည်။ အကယ်၍ သူသည် ဓားလှုပ်ရှားမှုအစုံတစ်စုံလုံးကို လုပ်ဆောင်နိုင်ပြီး တစ်ချက်ချင်းစီတွင် ချီနှင့်သွေးပေါက်ကွဲမှုဖြင့် လိုက်ပါနိုင်ပါက သူသည် ဓားသိုင်းပညာတွင် အောင်မြင်မှုအသေးစားတစ်ခု ရရှိပြီးသွားတာဖြစ်ပေလိမ့်မည်။

"လွယ်တော့မလွယ်ဘူးပဲ။ ငါ့မှာသာ နတ်မျက်စိစွမ်းရည်မရှိရင် လေးမျက်နှာဓားသိုင်းရဲ့ အခြေခံကို ကျွမ်းကျင်ဖို့ နောက်တစ်လလောက်တောင် အချိန်ယူရလောက်တယ်။"

လုချင်းသည် နာရီအနည်းငယ်အတွင်း ပညာရပ်၏ အစပြုခြင်းကို အလွယ်တကူ အမိအရဖမ်းနိုင်ခဲ့ပုံရသော်လည်း မည်မျှခက်ခဲသည်ကို သူတစ်ယောက်တည်းသာ သိသည်။ သူသည် သူ၏စွမ်းအင်များ၏ အကူအညီဖြင့် ဉာဏ်အလင်းပွင့်နေသည့် အခြေအနေတွင် ရှိနေခဲ့သည်။ သို့တိုင်အောင် အခြေခံကို ကျွမ်းကျင်ဖို့အတွက်တော့ အချိန်အတော်အတန် ယူခဲ့ရသည်ပင်။

ဟုတ်ပါသည်၊ ၎င်းမှာ သူ ဓားသိုင်းပညာကို တစ်ခါမှမလေ့ကျင့်ဖူးသောကြောင့်လည်း ပါပါ၏။ သာမန်သိုင်းသမားများသည် ဉာဏ်အလင်းပွင့်ခြင်းကို ရှားရှားပါးပါးသာ ကြုံတွေ့ရပြီး သူတို့အတွက် လေးမျက်နှာဓားသိုင်းကို ကျွမ်းကျင်ရန် တစ်နှစ် သို့မဟုတ် ထိုထက်ပို၍ အချိန်ယူရပေမည်။

ထို့နောက်တွင်တော့ သစ်သားဓားကို ဆုပ်ကိုင်လျက် လုချင်းသည် ‘သံပူတုန်းကို ထုရိုက်ရန်’ ရည်ရွယ်ထားကာ ဆက်လက်လေ့ကျင့်ဖို့ ကြံလိုက်လေသည်။ ထိုစဉ် ရုတ်တရက် ဓားမှ ကွဲအက်သံတစ်ခုကို သူ ကြားလိုက်ရသည်။ နောက်ဆုံးလှုပ်ရှားမှုတွင် သူ အင်အားအလွန်အကျွံသုံးခဲ့မိသောကြောင့် သစ်သားဓားခင်ဗျာ ကွဲပင်အက်သွားရတော့၏။

ဒီလိုပုံဆိုရင် တကယ့်ဓားအစစ်တစ်ချောင်းရဖို့ နည်းလမ်းရှာရတော့မယ်တူပါရဲ့။

All Chapters