မြို့မှလာသော မျိုးရိုးမြင့်နှင့် မာကူး၏ တုန်လှုပ်ခြင်း
Vol. 6 Ch. 55
အဝတ်အစားအကောင်းစားကိုဝတ်ဆင်ထားသော လူငယ်သည် မျက်နှာဖြူဖျော့လျက်ဖြင့် အသားဆိုင်ကို ညွှန်ပြရင်း အသံအနည်းငယ်စူးရှစွာဖြင့် ပြောလိုက်သည်။ "မာကူး၊ အဲ့ဒါဘာလဲ။ အဲ့ဒီလိုနိမ့်ကျတဲ့အသားက လူတွေစားလို့ရတဲ့ဟာလား။"
အထူးသဖြင့် ဆိုင်ပေါ်ရှိ ဝက်ကလီစာများမှ အနံ့အသက်အနည်းငယ် လွင့်ပျံလာသည်က သူ့ကို ပျို့အန်ချင်သလိုဖြစ်စေသည်။
သူ၏လက်ညှိုးအတိုင်း လိုက်ကြည့်သောအခါ မာကူးသည် သူက ဝက်သားဆိုင်ကို ညွှန်ပြနေကြောင်း တွေ့လိုက်ရသဖြင့် ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရ၏။
ဤအချိန်တွင် ဈေးကြီးတစ်ခုလုံးလည်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
အသားဆိုင်ပိုင်ရှင်မှာမူ ကြောက်လန့်တကြား တုန်ရီနေပြီး သူ၏ကြံ့ခိုင်သောခန္ဓာကိုယ်သည်ပင် တုန်ခါနေကာ ဆိုင်အောက်ထဲတွင် ပုန်းအောင်းချင်စိတ်ပေါက်နေလေ၏။
အဝတ်အစားအကောင်းစားကို ဝတ်ဆင်ထားသော လူငယ်သည် တစ်နေရာရာမှ မျိုးရိုးမြင့်တစ်ဦးဖြစ်ကြောင်း သိသာလှသည်ပင်။
ဆရာမာပင် နှိမ့်ချစွာဆက်ဆံရလျှင် သူကဲ့သို့ ရွာမှ ဝက်သားရောင်းသူတစ်ဦးက သူ့ကို စော်ကားဖို့ဆိုတာ မတတ်နိုင်ပေ။
မာကူးက အတင်းပြုံးကာ ပြောလိုက်သည်။ "သခင်လေးဝေ့၊ ဒီက ကျေးလက်ဆိုတော့ ဒီလိုဆင်းရဲတဲ့လူတွေက ကောင်းတဲ့အရာတွေကို မတတ်နိုင်ကြဘူးလေ။"
"သခင်လေးက မျိုးရိုးမြင့်သူဆိုတော့ ဒီလိုညစ်ပတ်တဲ့အရာတွေကို မခံနိုင်တာက သဘာဝပါပဲ။ သခင်လေးရဲ့မျက်လုံးတွေကို မညစ်ပတ်ရအောင်လို့ ဟိုဘက်ကို သွားလိုက်ကြမလားဗျ။"
"ကျွန်တော် အိမ်ကိုလည်း သန့်ရှင်းရေးလုပ်ခိုင်းထားပြီးပါပြီဗျ။ သခင်လေး အချိန်မရွေး ပြောင်းရွှေ့နေထိုင်လို့ရပါပြီဗျ။"
"ဒါဆိုလည်း မြန်မြန်သွားကြရအောင်ကွာ။ ငါ ဒီမှာနည်းနည်းလေးသာ ထပ်နေနေရရင် မူးတောင်လဲသွားနိုင်တယ်ကွ"
ထို့နောက်၌ အဝတ်အစားအကောင်းစားကို ဝတ်ဆင်ထားသော လူငယ်သည် နှာခေါင်းနှင့်ပါးစပ်ကို ဖုံးအုပ်လျက် စက်ဆုပ်ရွံရှာသောမျက်နှာဖြင့် ရှေ့သို့ အလျင်အမြန်လျှောက်သွားသည်။
မာကူးသည်လည်း သူ့နောက်သို့ အလျင်အမြန်လိုက်ပါသွားခဲ့ပါ၏။
အဝတ်အစားအကောင်းစားကို ဝတ်ဆင်ထားသော လူငယ်၏ အစောင့်များမှာမူ အစမှအဆုံး စကားတစ်ခွန်းမှမပြောခဲ့သည့်အပြင် သူတို့၏မျက်နှာအမူအရာလည်း သိပ်မပြောင်းလဲခဲ့ပေ။
အဝတ်အစားအကောင်းစားကို ဝတ်ဆင်ထားသော လူငယ်နှင့် သူ၏အဖွဲ့ ထွက်ခွာသွားပြီးနောက် ခဏအကြာမှသာ ဈေးကြီးထဲမှလူများမှာလည်း ပြန်လည်လှုပ်ရှားဝံ့ကြတော့၏။
လုချင်းသည်လည်း လူအုပ်ထဲမှ ထွက်ပေါ်လာသည်။
သူသည် အဝတ်အစားအကောင်းစားကို ဝတ်ဆင်ထားသော လူငယ်နှင့် သူ၏အဖွဲ့ ထွက်ခွာသွားသည့်ဘက်သို့ ကြည့်ရင်း အတွေးများထဲတွင် နစ်မြောနေသည်။
ဤအဝတ်အစားအကောင်းစားကို ဝတ်ဆင်ထားသော လူငယ်သည် မြို့မှ မျိုးရိုးမြင့်တစ်ယောက်ဖြစ်သည်မှာ သိသာထင်ရှားလှသည်ပင်။
ဤသည်မှာ လုချင်းအတွက်တော့ မြို့မှ မျိုးရိုးမြင့်တစ်ဦးနှင့် ပထမဆုံးအကြိမ်တွေ့ကြုံခြင်းဖြစ်ပါ၏။ မျိုးရိုးမြင့်ဆိုသည့်အတိုင်း အမှန်ပင် ထိုသူသည် အတော်လေးကို ဟိတ်ဟန်ရှိလေသည်။
သူ၏နောက်တွင် ထပ်ချပ်မကွာ လိုက်ပါနေသော အစောင့်အနည်းငယ်ပင်လျှင် အလွယ်တကူ ရင်ဆိုင်နိုင်မည့်သူများမဟုတ်ပေ။
လုချင်းသည် သူတို့၏နောက်ခံကို စုံစမ်းရန် သူ၏နတ်မျက်စိစွမ်းရည်ကို မသုံးခဲ့သော်လည်း ထိုအစောင့်တစ်ဦးချင်းစီသည် သူထက်များစွာ အားကောင်းကြောင်းကိုတော့ လုချင်း သိပါ၏။
သူတို့ထဲမှ မည်သူမျှ ကိုယ်တွင်းအင်္ဂါအဆင့်အောက်တွင် ရှိလိမ့်မည်မဟုတ်ပေ။
ဤမျှအားကောင်းလှသည့် အစောင့်များရှိသော ဤလူငယ်၏ နောက်ခံကို လုချင်းတစ်ယောက် တွေးတောနေမိ၏။
မူလကတော့ သူသည် မာကူးထံ ချဉ်းကပ်ချင်ခဲ့သော်လည်း ယနေ့တွင်တော့ အခွင့်အရေးမရှိတော့ပုံပင်။
ထို့ကြောင့် လုချင်းသည် ဈေးကြီးတွင် သူ၏ဈေးဝယ်ခြင်းကိုသာ ဆက်လက်လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါ၏။ သူတို့၏ဆန်၊ ဂျုံနှင့် အသားများ ကုန်ခါနီးပြီဖြစ်သောကြောင့် အိမ်အတွက် အစားအသောက်များ ပိုမိုဝယ်ယူရန် ဆုံးဖြတ်ခဲ့လေသည်။
ဆားအတွက်မူ သူတို့တွင် အများအပြားရှိသေးသည်၊ သူ၏ဆရာသည် နောက်ဆုံးအကြိမ် မြို့သို့သွားစဉ်က အိတ်ကြီးတစ်လုံးနှင့် ဆားတို့ကို ဝယ်လာပေးခဲ့သဖြင့် နောက်နှစ်အထိတောင်မှ ဖူလုံလှပါ၏။
လုချင်းသည် ပျော်ရွှင်စွာ ဈေးဝယ်နေစဉ် အခြားတစ်ဖက်တွင်တော့ မာကူးမှာ အဝတ်အစားအကောင်းစားကို ဝတ်ဆင်ထားသော လူငယ်နှင့် သူ၏အဖွဲ့ကို နေထိုင်ရန် စီစဉ်ပေးပြီးနောက် ခါးသီးသောမျက်နှာထားဖြင့် အိမ်မှ ထွက်လာခဲ့သည်။
ဝေ့မိသားစု၏ သခင်လေးသည် သူ၏နေရာငယ်လေး၌ ရုတ်တရက်ပေါ်လာမည်ဟု သူ တစ်ခါမှမမျှော်လင့်ခဲ့ပေ။
အဓိကအချက်မှာ သူသည် ထိုသခင်လေးဆိုသူကို ဘာတွေပဲဖြစ်နေနေ ပြုံးရွှင်စွာ နှုတ်ဆက်ရမည်ပင်။
သို့မဟုတ်လျှင် သူ့မိသားစုကသာ ဝေ့မိသားစု၏ သခင်လေးကို သူ ကောင်းမွန်စွာ ဧည့်ခံခြင်းမရှိကြောင်းအား သိသွားပါက သူသည်လည အကြီးအကျယ် ဒုက္ခရောက်သွားလိမ့်မည်ဖြစ်သည်။
သို့သော် ဤဝေ့မိသားစု၏ သခင်လေးသည် မြို့တွင် မောက်မာသည့်လူဟု နာမည်ကျော်သည့်အပြင် ၎င်းအတွက် အမှုထမ်းဆောင်ပေးရသည်မှာလည်း ခက်ခဲလှသည်ဟူသော နာမည်ဆိုးဖြင့်လည်း ကျော်ကြားလေသည်။
သူသာ ရှောင်လွှဲဖို့အခွင့်အရေးရှိပါက ဤကဲ့သို့သော ဗိုလ်ကျတတ်သူလေးနှင့် ပတ်သက်ဖို့ဆိုသည်မှာ ဝေးစွ။
ကောင်းမွန်စွာ ဧည့်ခံခြင်းက သူ့အတွက် မည်သည့်ကောင်းကျိုးမှ မရစေသော်လည်းပဲ ညံ့ဖျင်းစွာ ဧည့်ခံခြင်းမှာတော့ သူ့အတွက် ဒုက္ခများစွာကို ဆောင်ကြဉ်းလာမည်သာဖြစ်သည်။
အရေးအကြီးဆုံးအချက်မှာ ထိုသခင်လေး ဤနေရာတွင် ရှိနေစဉ် တစ်ခုခုသာဖြစ်သွားခဲ့ပါက သူ၏မိသားစုတစ်ခုလုံးပင် သူ့ကို ကာကွယ်နိုင်မည်မဟုတ်။
မပတ်သက်ချင်သော်ငြား မာကူးတွင် ရွေးချယ်စရာမရှိခဲ့ပေ။
ထို့ကြောင့် ထိုသခင်လေး သူ လိုချင်သောအရာကို အမြန်ရှာတွေ့ပြီး မြန်မြန်ထွက်သွားဖို့အတွက်သာ မာကူးတစ်ယောက် ဆုတောင်းနိုင်ပါတော့၏။
သို့မဟုတ်လျှင် သူ ဤနေရာမှာ နေထိုင်သည့်ကာလကြာလာလေလေ မာကူးမှာလည်း ပို၍စိုးရိမ်ရလေလေပင် ဖြစ်ပေတော့မည်။
ထို့နောက်တွင်တော့ စိတ်ညစ်ညူးမှုအပြည့်ဖြင့် မာကူးသည် ဈေးကြီးသို့ သွားလိုက်သည်။
သူသည် ထိုနေရာတွင် အချို့သောအရာများကို အမြန်ကိုင်တွယ်ရန် လိုအပ်ပါသေး၏၊ ဥပမာ ကြက်၊ ဘဲနှင့် ဝက်သားရောင်းချခြင်းကို ယာယီရပ်ဆိုင်းခြင်းကဲ့သို့ပင်၊ ၎င်းတို့မှာ သန့်ရှင်းမှုကို အလွန်အမင်းစွဲလမ်းသော သခင်လေးကို စော်ကားမိခြင်းမှ ရှောင်ရှားရန်အတွက်ဖြစ်လေ၏။
ထို့ကြောင့် ဈေးကြီးသို့ ရောက်သောအခါ၌ မာကူး ပထမဆုံးလုပ်သောအရာမှာ ဝက်သားဆိုင်သို့ သွားခြင်းဖြစ်သည်။
ဆိုင်ဖွင့်ထားသော ဝတုတ်ကြီးသည် အစဉ်သဖြင့်အားဖြင့်တော့ သူ့အပေါ် အလွန်လေးစားသောကြောင့် မာကူးသည် သူ့ကို ခဏနားခိုင်းရန် ဆုံးဖြတ်ခဲ့၏။
"ကောင်လေး ဒီမှာကြည့်ပါဦး ၊ ဒီနေ့အမဲဖြတ်လာတဲ့ ဝက်သားက အရမ်းကောင်းတယ်နော်။ ဘယ်အပိုင်းလိုချင်လဲသာ ပြောလိုက်။ မင်းအတွက်ဆို ဈေးလျှော့ပေးမယ်လေ။"
မာကူးတစ်ယောက် ဝက်သားဆိုင်သို့ မရောက်မီ ထိုစကားသံကို ကြားလိုက်ရလေ၏။
သူ စပ်စုချင်မိသွားပါသည်။ ဝတုတ်ကြီးသည် များသောအားဖြင့် အသားရောင်းလျှင် နှမြောတတ်သည့်သူပင်။ သူသည် မည်သူ့ကိုမှ လိမ်ညာပြီးမရောင်းတတ်သော်လည်း အသားတစ်ပေါင်ဆိုလျှင် ထိုထက်ပိုပြီးတော့တောင် တစ်စက်ကလေးမျှ ပိုဖြတ်မပေးတတ်ပေ။
ဒီလိုလူမျိုးက ဘယ်လိုဖြစ်ပြီး ခုကျမှ ရုတ်တရက်ကြီး ရက်ရောလာရတာလဲ။
ထို့နောက် မာကူးသည် ဆိုင်ရှေ့တွင် ရပ်ကာ အသားရွေးနေသည့် ဝါးတောင်းတစ်လုံးနှင့် လူငယ်တစ်ယောက်ကို တွေ့လိုက်ရတော့သည်။
ထိုပုံရိပ်သည် အနည်းငယ် ရင်းနှီးသလိုရှိသော်လည်း မည်သူဖြစ်ကြောင်းကိုတော့ သူ မမှတ်မိခဲ့။
မာကူးတစ်ယောက် စဉ်းစားနေသည့်အချိန်တွင်ပဲ ဝါးတောင်းနှင့် လူငယ်က မတ်တပ်ရပ်ကာ ဆိုင်တွင် ခင်းကျင်းပြသထားသော အသားများထဲမှ တစ်ခုအား ညွှန်ပြလိုက်သည်ကို တွေ့လိုက်ရသည်။
"သူဌေး၊ ကျွန်တော် ဒီအပိုင်းလိုချင်တယ်၊ အကြီးဆုံးအပိုင်းနော်။"
နောက်ဆုံးတွင်တော့ မာကူးသည် ထိုလူငယ်၏ ဘေးတိုက်ပုံကို မြင်ပြီး သူ မည်သူဖြစ်ကြောင်း မှတ်မိသွားတော့၏။
ထိုကောင်လေးမှာ လွန်ခဲ့သည့်လတုံးက သမားတော်ချန်၏ တပည့်ဟုသော လူငယ်လေးပင်။
လုချင်းကို မြင်သောအခါ မာကူးသည် အချို့သောအရာများကို ပြန်လည်သတိရသွား၏။
လွန်ခဲ့သောလဝက်ကျော်က လုချင်းသည် ဈေးကြီးသို့ လာပြီး သမားတော်ချန်၏ တပည့်ဖြစ်သည်ဟု ဆိုကာ ပစ္စည်းများစွာ ဝယ်ယူခဲ့သည်။
နောက်ပိုင်းတွင်တော့ မာကူးသည် သူ၏လူများကို ကျိုးလီရွာသို့ စုံစမ်းရန် လွှတ်ခဲ့သည်။
ထိုအခါ၌ ထိုလူငယ်လေး၏စကားတို့မှာ အလိမ်အညာမဟုတ်ကြောင်း ထွက်ပေါ်လာခဲ့၏၊ သူသည် အမှန်တကယ်ကိုပဲ သမားတော်ချန်ထံတွင် ပညာသင်ယူနေခဲ့သူပင်။
ဤအချက်သည် မာကူးကို သိချင်လိုစိတ်များတိုးလာစေခဲ့သဖြင့် လုချင်းနှင့် ပိုမိုရင်းနှီးဖို့အတွက် နည်းလမ်းများကိုတောင် စဉ်းစားနေခဲ့သည်ပင်။
သို့သော် ထိုဈေးလာဝယ်သည့်အခေါက်ပြီးကတည်းက လုချင်းသည် ဈေးကြီးတွင် ထပ်မံပေါ်မလာခဲ့ပေ။
ဤအချက်သည် မာကူး၏ ပြင်ဆင်မှုအားလုံးကို အလဟဿဖြစ်စေခဲ့ပါ၏။
သူ၏အဆင့်အတန်းအရ သူသည် ကျိုးလီရွာသို့ တက်တက်ကြွကြွဖြင့် သွားရောက်ပြီး လုချင်းထံ ချဉ်းကပ်၍မဖြစ်ပေ၊ ထိုသို့သာ လုပ်မိပါက ဘယ်သူ့မဆို သူ့တွင် မသမာသောရည်ရွယ်ချက်များရှိနေကြောင်းကို ပြောကြပေလိမ့်မည်။
မာကူးတစ်ယောက် အခွင့်အရေးတွေ ဆုံးရှုံးသွားပြီဟု ထင်ခဲ့သော်လည်း ယခုမူ လုချင်းမှာ ထပ်မံပေါ်ထွက်လာခဲ့လေပြီပင်။
ထို့ကြောင့် မာကူးမှာ အရမ်းကိုပဲ ဝမ်းသာသွားရပြီး ဝေ့မိသားစု၏ သခင်လေးက သယ်လာသည့် ဒုက္ခများကိုပင် ခဏတာလောက်မေ့လျော့သွားခဲ့လေ၏။
သူသည် ထိုသို့ လျှောက်သွားပြီး ပြောလိုက်သည်။ "ညီလေးလု၊ မတွေ့ရတာတောင် ကြာပြီနော်။"
သူ ရွေးလိုက်သောအသားကို ခုတ်ထစ်ပေးနေသည့် သူဌေးကို ကြည့်နေလေသော လုချင်းမှာ ထိုစကားကို ကြားလိုက်သောအခါ၌ အသံလားရာဆီသို့ ခေါင်းလှည့်လိုက်ရာ မာကူးကို မြင်လိုက်ရသဖြင့် လုချင်းတစ်ယောက် အံ့အားသင့်သွားရတော့၏။
သူက မြို့ကနေလာတဲ့ မျိုးရိုးမြင့်နောက်ကို လိုက်သွားတာမဟုတ်လား။ ခုကျ ဘယ်လိုလုပ် ဒီနေရာမှာ ရှိနေရတာလဲ။
သို့သော် လုချင်းသည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ပြုံးလိုက်သည်။ "ဪ ၊ ဆရာမာပါလား။ မတွေ့ရတာတောင် ကြာပြီနော်ဗျ။"
ဤအချိန်တွင် မာကူးသည် လုချင်း၏ လက်ရှိအသွင်အပြင်ကို ကောင်းစွာမြင်တွေ့လိုက်ရသဖြင့် မှင်သက်သွားရလေသည်။
လွန်ခဲ့သောလဝက်ကျော်ကနှင့် နှိုင်းယှဉ်လျှင် လုချင်းသည် သိသိသာသာကို ပြောင်းလဲသွားခဲ့သည်ပင်။
ဈေးကြီးသို့ နောက်ဆုံးအကြိမ်လာစဉ်က လုချင်းမှာ ပိန်လှီပြီး ဖြူဖတ်ဖြူရော်ဖြစ်နေလေကာ သူ၏အဝတ်အစားများမှာလည်း အပေါက်အပြဲများကို ဖာထေးထားရပါ၏။
ကြည့်လိုက်သည်နှင့် သူ့အား ဆင်းရဲသည့် သာမန်ရွာသားကောင်လေးတစ်ယောက်ဟုပဲ ထင်မြင်ကြသည်ပင်။
ဤသည်မှာ မာကူးက သူ၏လူများကို ကျိုးလီရွာသို့ စုံစမ်းရန် လွှတ်ခဲ့သော အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။
သူ၏အမြင်တွင် အကယ်၍ လုချင်းသာ အမှန်တကယ်ကိုပဲ သမားတော်ချန်၏ တပည့်ဖြစ်ပါက သူသည် ဤမျှလောက်ထိ ဆင်းဆင်းရဲရဲနှင့် နေရလောက်မည်မဟုတ်။
သို့သော် ယခုမူ လုချင်း၏အဝတ်အစားများသည် သိပ်မပြောင်းလဲသော်လည်း သူ၏ရုပ်ပိုင်းဆိုင်ရာအခြေအနေမှာတော့ တော်တော်လေးကို တိုးတက်လာခဲ့လေ၏။
သူသည် ဝါးခြမ်းပြာလိုမျိုး ပိန်လှီခြောက်ကပ်ခြင်းမရှိတော့ဘဲ အရပ်ထောင်ထောင်မောင်းမောင်းဖြင့်ပင် မတ်တပ်ရပ်နေပါ၏။ ထို့ပြင် သူ့ထံ၌ ကျန်းမာသောအသားအရေနှင့် တောက်ပသောမျက်လုံးများပင် ရှိလာခဲ့ပြီပင်။
ထိုထက် ပိုပြီးတော့တောင်အရေးကြီးတာကတော့ မာကူးသည် လုချင်းကိုယ်အတွင်းမှ ရုတ်ချည်း တိုးပွားလာသောစွမ်းအင်တို့ကို မသဲမကွဲဖြင့် ခံစားလိုက်မိခြင်းပင်။
ချီနဲ့သွေးအဆင့် သိုင်းသမားတဲ့လား?
ထိုအခိုက်၌ မာကူး၏နှလုံးသားမှာ တုန်လှုပ်မှုဖြင့် ပြည့်နှက်သွားတော့လေ၏။