တိုက်ပွဲဝင်ဓားတစ်လက် ဝယ်ယူရန် ကြိုးပမ်းခြင်း
Vol. 6 Ch. 56
လုချင်း၏ခန္ဓာကိုယ်အတွင်းမှ သွေးချီစွမ်းအင်မှာ အားပျော့သော်လည်းပဲ မာကူးမှာတော့ သူ၏ကမ္ဘာကြီးတစ်ခုလုံး ပြောင်းပြန်လှန်သွားသကဲ့သို့နှယ် ခံစားလိုက်ရလေ၏။
ပြီးခဲ့သည့်တစ်ခေါက် သူ လုချင်းကို ဈေးကြီးတွင် နောက်ဆုံးတွေ့ခဲ့စဉ်က ထိုကောင်လေးသည် သိုင်းပညာကျင့်ကြံခြင်းအကြောင်းကို ဘာမှပင်မသိသေးသော အားနည်းပြီး ဖြူဖတ်ဖြူရော်မျက်နှာလေးနှင့် လူငယ်လေးတစ်ဦးမျှသာ ဖြစ်ခဲ့သည်။
ဒါပေမဲ့လည်း အခုကျတော့ ဒင်းလေးက ချီနဲ့သွေးအဆင့် သိုင်းသမားတစ်ယောက်တောင် ဖြစ်နေပြီတဲ့လား။
ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။ တစ်လတောင် မပြည့်သေးဘူးလေ။
တစ်လမပြည့်မီအချိန်အတွင်းလေးမှာတင် ဒင်းလေးက အတွေ့အကြုံမရှိတဲ့ ကောင်လေးတစ်ယောက်ကနေ ချီနဲ့သွေးအဆင့် သိုင်းသမားတစ်ယောက်တောင် ဖြစ်သွားတယ်ပေါ့။
မာကူး၏ ကျင့်ကြံခြင်းအပေါ် နားလည်မှုသည် ဤအခိုက်အတန့်တွင်တော့ နက်နက်ရှိုင်းရှိုင်းပင် တုန်လှုပ်သွားခဲ့ရလေ၏။ သူသည် လုချင်း၏ လျင်မြန်သောတိုးတက်မှုကြောင့် အံ့အားသင့်မှင်သက်နေမိရှာသည်။
အရင်တစ်ခေါက်က ဈေးကြီးသို့ လာတုံးကတောင်မှ လုချင်းထံတွင် သိုင်းပညာကျင့်ကြံမှု၏ အရိပ်အယောင်တစ်စွန်းတစ်စမျှ မရှိခဲ့ပေ။ အရိုးနှင့်ကြွက်သားအဆင့် သိုင်းသမားတစ်ဦးဖြစ်သူ မာကူးအနေဖြင့် ဤအချက်ကို သေချာပေါက်သိနိုင်လေသည်။
သို့သော် ယခု သူခံစားနေရသော တုန်လှုပ်မှုသည် ပို၍ပင် ပြင်းထန်လှသည်။ ဤမျှတိုတောင်းသောအချိန်အတွင်း လုချင်းသည် စစ်မှန်သောသိုင်းသမားတစ်ဦး မည်သို့ဖြစ်လာနိုင်ခဲ့သည်ကို သူ စဉ်းစား၍ပင်မရနိုင်တော့ပေ။
သူသည် သူ၏ကိုယ်ပိုင်သိုင်းပညာလေ့ကျင့်မှုကို ၁၃နှစ်အရွယ်တွင် စတင်ခဲ့ကာ ချီနဲ့သွေးအဆင့်သို့ တက်လှမ်းနိုင်ဖို့အတွက် ငါးနှစ်တိတိတောင် အချိန်ယူခဲ့ရပါ၏။ အသက် ၁၈နှစ်တွင် ချီနှင့်သွေးအဆင့်သို့ ရောက်ခဲ့သော်လည်း ယင်းမှာ သူ၏မိသားစု၏ ထောက်ပံ့မှုကြောင့်သာ။ ထိုအချိန်ကပင် သူ၏မိသားစုသည် သူ၏ဇွဲလုံ့လနှင့် လျင်မြန်သောတိုးတက်မှုကို ချီးကျူးခဲ့ကြသည်။
ပံ့ပို့ပေးနိုင်မှုနည်းသည့် မိသားစုကနေ ဆင်းသက်လာသူ မာကူးအတွက် ဆယ့်ရှစ်နှစ်အရွယ်တွင် သိုင်းသမားတစ်ဦးဖြစ်လာခြင်းသည် သူ၏အရည်အချင်းကို ဖော်ပြနေသည့် ထူးခြားသောအောင်မြင်မှုတစ်ခု ဖြစ်ခဲ့သည်။
သို့သော် ယခုမူ လုချင်း၏ရှေ့တွင်တော့ သူ၏ယခင်ထားရှိထားသော မာန်မာနအားလုံးသည် လုံးဝကိုမှ အရေးမပါတော့သကဲ့သို့ ဖြစ်သွားခဲ့ချေပြီပင်။
တစ်လတောင် မပြည့်သေးဘဲနဲ့ ချီနဲ့သွေးအဆင့်ကို ရောက်သွားတယ်တဲ့လား။
ဤသို့သော တိုးတက်မှုအရှိန်အဟုန်သည် မြို့မှ နာမည်ကြီးလှသည်ဟု ဆိုကြသော မိသားစုကြီးများက သေသေချာချာနှင့် ပျိုးထောင်ပေးထားသော သိုင်းပညာပါရမီရှင်ဟု ခေါ်ဆိုသူများကိုပင် ကျော်လွန်သွားပေလိမ့်မည်။
မာကူးခင်ဗျာ လုချင်း၏ပြောင်းလဲမှုကြောင့် မှင်တက်မိနေရှာသည်။
မာကူး၏ မှင်သက်နေသော မျက်နှာအမူအရာကိုမြင်သောအခါ လုချင်းက မမေးဘဲမနေနိုင်တော့ပေ။ "ဆရာမာ၊ ခင်ဗျား အဆင်ပြေရဲ့လား။"
ထိုအခါမှ မာကူးတစ်ယောက် သတိပြန်ဝင်လာပြီး အတင်းပြုံးလိုက်ကာ သူ့ကိုယ်သူ ထိန်းချုပ်ဖို့ ကြိုးစားလိုက်ရသည်။ "အဆင်ပြေပါတယ်ဗျာ။ ဒီကသခင်လေးလုရဲ့ ပြောင်းလဲမှုတွေက ငါ့ကို တော်တော်လေး အံ့အားသင့်သွားစေလို့လေ။"
လုချင်းက နှိမ့်ချစွာ ပြောလိုက်သည်။ "ဪ၊ ကျွန်တော်က ဒီရက်ပိုင်း ဆရာနဲ့တူတူ ကျင့်ကြံနေတာလေ။ ဒီတိုင်း ခန္ဓာကိုယ်သန်မာအောင်လို့ လေ့ကျင့်နေတာလေးတင်ပါ။ အချိန်နည်းနည်းကြာတော့ နည်းနည်းလောက်လေးပဲ တိုးတက်လာတာပါဗျာ၊ ကျွန်တော့်ရဲ့ မဖြစ်စလောက်ကြိုးစားမှုလေးက ခင်ဗျားအတွက် ဟာသတစ်ခုလို ဖြစ်သွားစေမိပြီဗျာ။"
ဤစကားသည် မာကူးကို စကားမဲ့သွားစေခဲ့ပါ၏။ အကယ်၍ ထိုသည်ကသာ "နည်းနည်းလောက်လေးပဲ တိုးတက်လာတာ" ဆိုလျှင် အရိုးနှင့်ကြွက်သားအဆင့်သို့ တက်လှမ်းဖို့အတွက် သူ၏နှစ်ပေါင်းနှစ်ဆယ်ကြာ ကြိုးစားအားထုတ်မှုကြီးက ဘာဖြစ်သွားမည်နည်း။
သို့သော် အတွေးတစ်ခုသည် မာကူး၏စိတ်ထဲသို့ ဖြတ်ပြေးသွားသည်။ အမှန်ပင်၊ လုချင်း၏ဆရာသည် နာမည်ကျော်သမားတော်ကြီး၊ သမားတော်ကြီးချန် ဖြစ်သည်။ ခရိုင်အုပ်ချုပ်ရေးမှူးပင်လျှင် ဤလျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်ကို ချီးကျူးခဲ့တာပင်။ ထိုသို့ဆိုလျှင် လုချင်း၏ လျင်မြန်သောတိုးတက်မှုသည် သူ၏ဆရာ၏ လမ်းညွှန်မှုနှင့် ဆက်စပ်နေပေလိမ့်မည်။
ဤအတွေးများ သူ၏စိတ်ထဲတွင် ပြေးလွှားနေစဉ် မာကူး၏အပြုံးကတော့ တစ်ချက်လေးပင် မပြောင်းလဲသွားခဲ့ပေ။ "သခင်လေးလု၊ မင်းကတော့ ကိုယ့်ကိုကိုယ် အရမ်းကိုနှိမ့်ချနေတာပဲဗျာ။ မင်းရဲ့အသက်အရွယ်နဲ့ ချီနဲ့သွေးအဆင့်ကို ရောက်တာက မြို့မှာဆိုရင် ပါရမီရှင်တစ်ယောက်လို့တောင် မင်းကို ခေါ်ကြမှာလေ။"
လုချင်းက စပ်စုစွာဖြင့် မေးလိုက်သည်။ "ဆရာမာက မြို့အကြောင်းကို တော်တော်သိတဲ့ပုံပဲနော်။"
လုချင်းအတွက်တော့ သူ ချီနှင့်သွေးအဆင့်သို့ ရောက်သွားသည်ကို မာကူး သိနေခြင်းအပေါ်၌ အံ့အားသင့်မနေပေ။ သိသာထင်ရှားသော ကျင့်ကြံမှုရှိသည့် သိုင်းသမားတစ်ဦးသည် ထူးခြားသော ဖုံးကွယ်ခြင်းနည်းပညာတစ်ခုခုကို လေ့ကျင့်ထားခြင်း သို့မဟုတ် သူတို့၏စိတ်ဝိညာဉ်ကို ထိန်းချုပ်နိုင်သည့်အစွမ်းဖြင့် သိုင်းပညာရှင်အထောက်အထားကို ဖုံးကွယ်ထားခြင်းမရှိပါက သဘာဝအတိုင်း တက်ကြွသော သွေးချီစွမ်းအင်နှင့် အားပြင်းသောစိတ်ဝိညာဉ်စွမ်းအင်တို့ကို ထုတ်လွှတ်နေတတ်သည်ပင်။
မာကူးက မရှင်းမလင်းဖြင့် ပြန်ဖြေလိုက်သည်။ "အများကြီးသိတယ်ရယ်တော့ ဘယ်ဟုတ်မလဲ၊ ဒီတိုင်း အဲ့ဒီမှာ နှစ်နည်းနည်းလောက် နေခဲ့ဖူးရုံလေးတင်ပါဗျာ။"
လုချင်းက ခေါင်းညိတ်လိုက်သည်။ "သြော်၊ ဒီလိုကိုး။"
ထို့နောက် လုချင်းမှာ တစ်ချိန်က မြို့တွင် နေထိုင်ခဲ့သော မာကူးတစ်ယောက် ခုကျမှ ဈေးကြီးလိုမျိုး နေရာသေးသေးလေးတွင် အဘယ်ကြောင့် နေထိုင်နေရသည်ကိုတော့ ထပ်၍မစပ်စုတော့ပေ။
"ဆရာမာက မြို့မှာ နေခဲ့ဖူးတယ်ဆိုတော့ အဲ့ကသတင်းတွေကိုတော့ ကောင်းကောင်းသိမှာပဲနော်။ ကျွန်တော့်မှာ အခက်အခဲတစ်ခုရှိနေလို့ ခင်ဗျားကူညီပေးနိုင်မလားလို့ပါ။"
ထိုအခါ၌ မာကူး၏ စိတ်ဝင်စားမှုသည် မြင့်တက်လာတော့သည်။ သူသည် လုချင်းနှင့် ပိုမိုရင်းနှီးရန် နည်းလမ်းရှာနေခဲ့သည်ဖြစ်ရာ ယခုတွင်တော့ အခွင့်အရေးကြီးက သူ့ရှေ့မှောက်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်ရှိလာခဲ့လေပြီပင်။
"ဘာများ အခက်တွေ့နေလို့လဲဗျ ၊ သခင်လေးလုရဲ့။"
"ကျွန်တော် တိုက်ပွဲဝင်ဓားတစ်လက် ဝယ်ချင်လို့ပါ၊ ဒါပေမဲ့ ဒီဈေးကြီးမှာက တစ်လက်မှမရှိနေဘူးလေ။ ဘယ်နေရာမှာ ရှာလို့ရမလဲဆိုတာ ခင်ဗျားသိလား။"
"တိုက်ပွဲဝင်ဓား ဟုတ်လား။" မာကူးသည် အံ့အားသင့်သွားသည်။
လုချင်းက ရှင်းပြလိုက်သည်။ "ဟုတ်တယ်ဗျ၊ ကျွန်တော်က ဒီရက်ပိုင်းထဲမှာ ဓားသိုင်းပညာကို စိတ်ဝင်စားလာတယ်လေ၊ ဒါပေမဲ့ သင့်တော်တဲ့လက်နက်ရှိမနေတော့ အခက်တွေ့နေတာ။"
မာကူးက သူ၏သိုင်းပညာအဆင့်ကို သိနေပြီးသားဖြစ်တာကြောင့် ရှက်ကိုးရှက်ကန်းဖြစ်နေစရာမလိုလောက်တော့ဟု လုချင်း တွေးမိလိုက်သည်။
မာကူးသည် လုချင်း၏ လက်နက်လိုချင်စိတ်ကို အထူးအဆန်းဟု မထင်ပေ။ သိုင်းသမားတစ်ဦးအတွက် သင့်တော်သောလက်နက်တစ်ခုကို ရှာဖွေခြင်းသည် လုံးဝကိုမှ ပုံမှန်ပင် ဖြစ်သည်။
မာကူးက စဉ်းစားလိုက်သည်။ "တိုက်ပွဲဝင်ဓားတစ်လက်ကောင်းကောင်းလိုချင်ရင်တော့... မြို့မှာပဲ ရှာတွေ့နိုင်လောက်တယ်။ အဲ့ဒီမှာဆို နာမည်ကောင်းရှိတဲ့ ဆိုင်နည်းနည်းရှိတယ်လေ။"
"မြို့မှာပဲလားဗျ။" လုချင်းသည် တုံ့ဆိုင်းသွားသည်။
မာကူးက ရှင်းပြလိုက်သည်။ "ဟုတ်တယ်။ ကျွမ်းကျင်တဲ့ ပန်းပဲဆရာအများစုက မြို့မှာပဲ ရှိကြတာများတယ်လေ။ ကျေးလက်ဒေသတွေမှာလည်း ပန်းပဲဆရာတွေ ရှိတော့ရှိပေမဲ့ သူတို့တွေကကျ လယ်ယာသုံးကိရိယာတွေကိုပဲ လုပ်ကြတာများတယ်လေ။ တိုက်ပွဲဝင်ဓားတစ်လက်ကို လုပ်ဖို့ဆိုတာကျတော့ ကျေးလက်ပန်းပဲဆရာတွေမှာ ပုံမှန်အားဖြင့် မရှိတတ်တဲ့ အဆင့်မြင့် ပန်းပဲပညာကျွမ်းကျင်မှုတွေ လိုအပ်တယ်လေ။"
လုချင်း၏ တုံ့ဆိုင်းနေပုံကိုမြင်သောအခါ မာကူး၏စိတ်သည် အပြေးအလွှားကို လှုပ်ရှားသွားလေ၏။
ထို့နောက် မာကူးက မေးလိုက်သည်။ "သခင်လေးလုက မြို့ကို တစ်ခါမှမရောက်ဖူးဘူးလား။"
လုချင်းက သက်ပြင်းချလိုက်သည်။ "ရိုးရိုးသားသားပြောရရင် ဆရာမာ၊ ကျွန်တော် မရောက်ဖူးပါဘူးဗျ။ ပြီးတော့လည်း ဆရာက ကျွန်တော့်ရဲ့လေ့ကျင့်မှုမပြီးသေးခင်မှာ တစ်ယောက်တည်း မြို့ကို သွားခွင့်မပြုဘူးလေ။"
သမားတော်ကြီးချန်သည် ထိုသို့သောစကားကို တစ်ခါမှမပြောခဲ့ဖူးသော်လည်း လုချင်းသည် မာကူးကို ကိုင်တွယ်ရန် သူ၏ဆရာ၏ သြဇာအာဏာကို အသုံးပြုခြင်းက အသုံးဝင်ကြောင်းကို ကောင်းကောင်းသိပါ၏။
မာကူးက စာနာစွာဖြင့် ပြန်ပြောလိုက်သည်။ "အင်းပေါ့။ ဆရာ့အမိန့်ကို မလွန်ဆန်သင့်ဘူးလေ။ ဒါက နည်းနည်းတော့ ခက်သားပဲနော်။"
လုချင်း၏ မလိုလားသော မျက်နှာအမူအရာကို သတိပြုမိသောအခါ မာကူးသည် အချိန်အခါသင့်ပြီဖြစ်ကြောင်း သိလိုက်သည်။
ခဏမျှ တုံ့ဆိုင်းဟန်ဆောင်ပြီးနောက် သူက ကမ်းလှမ်းလိုက်၏။ "တကယ်လို့ သခင်လေးလုသာ ငါ့ကို ယုံကြည်တယ်ဆိုရင် ငါ မင်းကိုယ်စား မြို့ကနေ တိုက်ပွဲဝင်ဓားတစ်လက် ဝယ်ပေးလို့ရပါတယ်ဗျ။"
လုချင်း၏ မျက်လုံးများက အရောင်တောက်သွားသော်လည်း သံသယဖြင့် လျင်မြန်စွာ မှိန်ကျသွားပြန်သည်။ "ဒါက ဆရာမာအတွက် အရမ်းကို အလုပ်ရှုပ်စေမိမှာမဟုတ်ဘူးလားဗျ။"
လုချင်း၏ စိတ်အားထက်သန်သော်လည်း တုံ့ဆိုင်းနေသော အကြည့်ကိုမြင်သောအခါ မာကူးသည် ရယ်စရာကောင်းသည်ဟု တွေ့ရှိခဲ့သည်။ လူငယ်များသည် အလွန်ပွင့်လင်းလှပေသည်။
သူက ရယ်မောလိုက်သည်။ "ဘာမှအလုပ်မရှုပ်ပါဘူးဗျာ။ ငါတို့ချင်း အဆင်ပြေကြတာပဲကိစ္စ၊ ပြီးတော့ ဒါက ထွေထွေထူးထူးကိစ္စကြီးမှ မဟုတ်တာ။ ဒီလောက်ကတော့ ငါ့ကို အနှောင့်အယှက်မဖြစ်စေပါဘူးကွာ။"
ထိုအခါ လုချင်း၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားပြီး အတွင်းစိတ်ထဲ၌ အတွေးပေါင်းစုံဖြင့် ရုန်းကန်နေရသည့်ဟန်ပေါ်လာခဲ့၏။
နောက်ဆုံးတွင်တော့ အရေးကြီးသောဆုံးဖြတ်ချက်တစ်ခု ချလိုက်သကဲ့သို့ သူက ပြောလာခဲ့သည်။ "ဒါဆိုရင်တော့ ဆရာမာ့ကိုပဲ အလုပ်ရှုပ်စေရတော့မှာပဲဗျာ။"
အောင်မြင်ပြီဟေ့။
မာကူးတစ်ယောက် အကြီးအကျယ်ကို ဝမ်းသာသွားတော့လေ၏။
ထို့နောက် ပြုံးချင်စိတ်ကိုပင် မနည်းထိန်းချုပ်ရင်း သူက မေးလိုက်သည်။ "ဒါဆို သခင်လေးလုက ဘယ်လိုတိုက်ပွဲဝင်ဓားမျိုးကို လိုချင်တာလဲဗျ။"