အရိပ်များ ၊ လမ်းတွင် ဓားပြတိုက်ခြင်း
Vol. 6 Ch. 57
မာကူးက မေးလိုက်သည်။ "ဒါဆို သခင်လေးလုက ဘယ်လိုတိုက်ပွဲဝင်ဓားမျိုးကို လိုချင်တာလဲဗျ။"
လုချင်းသည် ခဏစဉ်းစားပြီးမှ မေးလိုက်သည်။ "ဆရာမာ၊ တိုက်ပွဲဝင်ဓားတစ်လက်က ဘယ်လောက်လောက် ရှိတတ်လဲဗျ။"
မာကူးက အခက်အခဲအနည်းငယ်ဖြင့် ပြန်ဖြေလိုက်သည်။ "ဒါက ပြောရခက်တယ်။"
"သာမန်တိုက်ပွဲဝင်ဓားတစ်လက်ဆိုရင်တော့ ငွေနည်းနည်းလောက်ပဲ ကုန်နိုင်တယ်လေ။ အဲ့ထက် ပိုကောင်းတဲ့ သန့်စင်ထားတဲ့ဓားတစ်လက်ကောင်းကောင်းဆိုရင်တော့ ငွေဒင်္ဂါးဒါဇင်ကျော်ကနေ ဈေးအစားစား ရှိလောက်တယ်။”
“ကိုယ် လိုချင်တဲ့ အထူးပုံစံလိုမျိုးတွေ ရှိရင်၊ ဥပမာ အထူးသတ္တုတွေရောစပ်တာမျိုးဆိုရင် ဈေးနှုန်းက ငွေသားတစ်ရာအထက်မှာ ရှိနိုင်တယ်လေ။"
"ပြီးတော့ ဇိမ်ခံပစ္စည်းတွေကို ကြိုက်တဲ့သူတွေက ဓားရိုးနဲ့ ဓားအိမ်မှာ ကျောက်မျက်ရတနာတွေ မြှုပ်နှံတတ်တော့ အဲ့လိုတွေဆိုရင် ဈေးနှုန်းက ပိုပြီးတော့တောင် ခန့်မှန်းရခက်တယ်။ ငွေဒင်္ဂါးထောင်ပေါင်းများစွာအထိတောင် ဈေးပေါက်နိုင်တယ်။"
လုချင်းက ချက်ချင်းပြန်ဖြေလိုက်သည်။ " ဇိမ်ခံအလှဆင်ပစ္စည်းတွေအထိတော့ ကျွန်တော် မလိုချင်ပါဘူးဗျ။ ဆရာမာ ၊ ဒီတိုင်း ရိုးရိုးရှင်းရှင်းနဲ့ ဓားသွားထက်တဲ့ သန့်စင်ထားတဲ့ ခိုင်ခိုင်ခံ့ခံ့တိုက်ပွဲဝင်ဓားတစ်လက်ပဲ ဝယ်ခဲ့ပေးပါဗျာ။ အရမ်းကြီး ခမ်းနားနေစရာမလိုပါဘူးဗျ။"
"ဈေးနှုန်းအတွက်ကတော့ ငွေဒင်္ဂါးငါးဆယ်အတွင်းမှာ ရှိနေသရွေ့ ကျွန်တော် ဝယ်နိုင်ပါတယ်ဗျ။"
ထိုသို့ပြောရင်း လုချင်းသည် သူ၏ရင်ဘတ်ထဲကနေ ငွေထုပ်ကို ထုတ်ယူလိုက်သည်။ "ဒီမှာ စပေါ်ငွေအဖြစ် ငွေဒင်္ဂါးဆယ်ပြားပါဗျ။"
ဆရာမာသည် တောက်ပနေသောငွေငွေဒင်္ဂါးတွေကို ကြည့်ရင်း သမားတော်ကြီးသည် လုချင်းကို အမှန်တကယ်ပင် ချစ်ခင်မြတ်နိုးကြောင်း၊ ဤမျှများပြားလှသောငွေကိုပင် ပေါ့ပေါ့တန်တန်ပေးလိုက်ကြောင်းအား စိတ်ထဲတွင် တွေးနေမိလေ၏။
သူ ငယ်စဉ်အခါက မိသားစု၏ထောက်ပံ့မှုဖြင့် နေထိုင်ခဲ့ရစဉ်တုံးကပင် သူ၏ကိုယ်ပေါ်တွင် ငွေသားဆယ်ပြားရှိခြင်းမှာ ရှားပါးလှသည်။
သို့သော် သူသည် ၎င်းအား သဘာဝကျသည်ဟုသာ တွေးလိုက်သည်။
လုချင်း၏သိုင်းပညာအရည်အချင်းနှင့်ဆိုလျှင် မည်သည့်ဂုဏ်သတင်းကြီးသောမိသားစုမဆို သူတို့၏ရှိသမျှအားအကုန် သုံး၍ သေချာပေါက်ကို သူ့အား ပျိုးထောင်ပေးပေလိမ့်မည်။
ဤမျှထူးချွန်လှသောတပည့်တစ်ဦးကို သမားတော်ကြီးက အာရုံမစိုက်ဘဲနေမှသာ ပုံမှန်မဟုတ်တော့ပေ။
"ငွေဒင်္ဂါးငါးဆယ်ဆိုရင် တော်တော်လေးကို ကောင်းတဲ့ သန့်စင်ထားတဲ့တိုက်ပွဲဝင်ဓားတစ်လက်ကိုတောင် ဝယ်လို့ရလောက်တယ်။ စိတ်မပူပါနဲ့၊ ငါ မင်းအတွက် သေချာလေး ရွေးခဲ့ပေးပါ့မယ်။ နောက်ဈေးကြီးဖွင့်တဲ့နေ့ကျရင် လာယူလှည့်ပေါ့။"
ထို့နောက် မာကူးသည် ငွေကို တုံ့ဆိုင်းခြင်းမရှိဘဲ လက်ခံလိုက်သည်။
လုချင်းကလည်း လေးနက်စွာ ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် ဆရာမာ။"
မာကူးသည် သူ့ကို ကူညီရာတွင် အခြားရည်ရွယ်ချက်များရှိနေသည်ကို လုချင်း သိပါ၏။
သို့သော် သူကလည်း မာကူးကို အသုံးချနေသည်မဟုတ်လော။
ဤခေတ်အခါတွင် မည်သူက အကြောင်းပြချက်မရှိဘဲ အခြားသူများကို ကူညီမည်နည်း။
ဆန့်ကျင်ဘက်အနေဖြင့် သူ၏ဆရာကဲ့သို့ အမှန်တကယ်ကြင်နာတတ်သောသူများကတော့ အင်မတန့်ကို ရှားပါးလှပြီး ရှာဖွေရခက်ခဲလှလေသည်။
"သခင်လေးလု၊ မင်း ဈေးကြီးကို ရောက်နေမှတော့ ငါ့နေရာကို ခဏလောက်လာလည်ပါလားဗျ။ ငါ ကောင်းကောင်းဧည့်ခံပါရစေ။"
ငွေကို လက်ခံလိုက်ပြီးနောက် သူတို့အချင်းချင်း စကားပြောဆိုတာက အဆင်ပြေချောမွေ့နေသည်ကို မြင်သောအခါ မာကူးသည် အခွင့်အရေးကို လက်လွတ်မခံဘဲ လုချင်းကို ဖိတ်ခေါ်လိုက်သည်။
လုချင်းက တုံ့ဆိုင်းသွားသည်။ "အင်း... ကျွန်တော်လည်း လာချင်ပါတယ်၊ ဒါပေမဲ့ ဆရာမာ၊ ခင်ဗျားက ဟိုမျိုးရိုးမြင့်သခင်လေးကို ဧည့်ခံဖို့ မလိုတော့ဘူးလားဗျ။ သူက တော်တော်လေးကို မျိုးရိုးမြင့်တယ်ထင်တယ်။"
သေစမ်း။
လုချင်း သတိပေးကာမှ မာကူးတစ်ယောက် သူ့အိမ်တွင်ရောက်နေသော သခင်လေးကို သတိရသွားတော့သည်။
သူ အပြင်ထွက်နေသည်မှာ အချိန်အတော်ကြာနေပြီဖြစ်ပြီး ထိုသခင်လေး ဘာများလိုအပ်နေမည်ကို မသိနိုင်ပေ။
အကယ်၍ သူ့ကိုသာ ရှာမတွေ့တာကြောင့် ဒေါသထွက်သွားပါက မိုးမီးလောင်ပေတော့မည်။
ထိုသည်ကို တွေးမိလိုက်သောအခါ၌ မာကူးက အလျင်အမြန်ပြောလိုက်သည်။ "ဒါဆိုလည်း နောက်တစ်ခါမှပေါ့ဗျာ။ မင်း ငါ့ဆီကနေ ဓားလာယူတဲ့အခါကျရင် ငါတို့တွေ အတူတူသောက်ကြတာပေါ့။"
"ဆရာသာ အဆင်ပြေတယ်ဆိုရင် ကျွန်တော်လည်း ဝမ်းမြောက်မိပါတယ်ဗျာ။"
"ဒါဆို သဘောတူလိုက်ပြီနော်"
လုချင်း သဘောတူသည်ကို မြင်သောအခါ မာကူးမှာလည်း ဝမ်းသာသွားရလေ၏။ ထို့နောက်တွင်တော့ သူသည် လက်အောက်ငယ်သားတစ်ဦးကိုခေါ်ကာ ညွှန်ကြားချက်အနည်းငယ်ပေးပြီးနောက်မှ သူ၏စံအိမ်သို့ အပြေးအလွှားပြန်သွားတော့သည်။
လုချင်းမှာတော့ အရိုးနှင့်ကြွက်သားအဆင့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်သော မာကူးက ထိုမျိုးရိုးမြင့်လူငယ်လေးအား ဤမျှလောက်ထိ ကြောက်ရွံ့နေသည်ကို ကြည့်ရင်း ခေါင်းခါမိလိုက်၏။
ထိုမျိုးရိုးမြင့်၏နောက်ခံသည် အမှန်ပင် အားကောင်းပုံရသည်။
မာကူးထွက်သွားပြီးနောက်၌ တိုက်ပွဲဝင်ဓားကိစ္စ အဆင်ပြေသွားမှုကြောင့် လုချင်းသည် စိတ်ရွှင်လန်းနေပြီး ဈေးကြီးတွင် ဆက်လက်ကြည့်ရှုနေခဲ့သည်။
မကြာမီမှာတော့ သူလိုအပ်သောအရာအားလုံးကို ဝယ်ယူပြီးသွားပြီပင်။
သူ၏ဝါးတောင်းသည် ပစ္စည်းများနှင့် ပြည့်နေရုံသာမက သူ၏လက်နှစ်ဖက်တွင်ပါ ပစ္စည်းများစွာကို သယ်ဆောင်ထားလေသည်။
ဈေးဝယ်ပြီးနောက်၌ လုချင်းသည် ဈေးကြီးမှ ထွက်ခွာဖို့ ပြင်လိုက်တော့၏။
မထွက်ခွာမီ သူသည် မာကူး၏လူများက ကြက်၊ ဘဲနှင့် ဝက်သားရောင်းချနေသည့် ရွာသားများ၏ဆိုင်များကို သိမ်းဆည်းရာတွင် ကူညီပေးနေသည်ကို သတိပြုမိလိုက်၏။
မာကူးတစ်ယောက် ရွာသားများက ထိုမျိုးရိုးမြင့်သခင်လေးကို စော်ကားမိမည်ကို စိုးရိမ်နေသည်မှာ အသိသာကြီးပင်။
ခေါင်းခါရင်း လုချင်းသည် မြို့မှမျိုးရိုးမြင့်များနှင့် ကျေးလက်ရွာသားများကြား ကြီးမားသောကွာခြားချက်ကို တစ်ဖန်သဘောပေါက်လိုက်ပြီး ဖြည်းညှင်းစွာဖြင့် ထွက်ခွာသွားတော့သည်။
လုချင်းထွက်ခွာသွားပြီးနောက် လူနှစ်ဦးသည် ဈေးထဲမှ ထွက်ပေါ်လာလေ၏။
လုချင်း၏ထွက်ခွာသွားသောပုံရိပ်ကိုကြည့်ရင်း သူတို့သည် စိတ်ရှုပ်ထွေးနေပုံရသည်။
ထို့နောက် တည်ကြည်သောမျက်နှာထားရှိသော လူတစ်ဦးက ပြောလိုက်သည်။ "ဟေ့ကောင် မောင်ခုနစ်။ အဲ့ကောင်လေးကို ရင်းရင်းနှီးနှီး မြင်ဖူးတယ်လို့ မင်း မထင်ဘူးလား။"
"ကျွန်တော်လည်း ထင်တော့ထင်တယ်။ သူ့ကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ။"
မျက်နှာပေါ်တွင် အနက်ရောင်မှဲ့ကြီးတစ်လုံးရှိသော အခြားတစ်ယောက်သည်လည်း စိတ်ရှုပ်ထွေးနေလေ၏။
ထို့နောက် တည်ကြည်သောလူက သတိပေးလိုက်သည်။ "သူက လုမင်ရဲ့သားနဲ့ မတူဘူးလား။"
မှဲ့နှင့်လူသည် ပထမတော့ အံ့အားသင့်သွားပြီး ရုတ်တရက် သဘောပေါက်သွားသည်။ "လုမင် ဟုတ်လား။ ဟုတ်တာပေါ့။ တူတယ်တူတယ်။ ဒါပေမဲ့ အဲ့ကောင်လေးက အရင်က ပိန်ခြောက်ခြောက်မဟုတ်ဘူးလား။ အခုတော့ သူ့ကြည့်ရတာ ထောင်းထောင်းမောင်းမောင်းနဲ့ပါလား။"
တည်ကြည်သောလူက လှောင်ရယ်လိုက်သည်။ "ကောင်းကောင်းစားနေရလို့နေမှာပေါ့။ ကျိုးလီရွာက အဘိုးကြီးတွေကတော့ လုမိသားစုက သူတို့မြေကိုတောင် ရောင်းလိုက်ရလို့ ငါတို့ကို ပေးစရာပိုက်ဆံမရှိတော့ဘူးလို့ ပြောခဲ့တယ်မလား။ အခုကြည့်ရတာတော့ ငါတို့တွေ အလိမ်ခံလိုက်ရတဲ့ပုံပဲ။"
"သူတို့က ပိုက်ဆံအများကြီးရှိတာတောင် လုမင်ရဲ့အကြွေးကို တမင်မဆပ်တာဖြစ်ရမယ်။"
ထိုအခါ မှဲ့နှင့်လူ၏ မျက်လုံးများက ပြူးကျယ်သွားသည်။ "အစ်ကိုကြီး ငါး၊ အစ်ကိုကြီး ပြောချင်တာက ကျိုးလီရွာက ရွာသားတွေက ကျွန်တော်တို့ကို လိမ်သွားတာလား။"
"ဟုတ်တာပေါ့၊ မဟုတ်ရင် အဲ့ကောင်လေးက ဒီမှာ ပစ္စည်းတွေအများကြီးဝယ်ဖို့ ပိုက်ဆံကို ဘယ်ကရမှာလဲ။"
ထိုအခါ၌ မှဲ့နှင့်လူသည် ဒေါသထွက်သွားသည်။ "အဲ့အဘိုးကြီးတွေက အသက်မရှင်ချင်တော့ဘူးထင်တယ်၊ ငါတို့ကိုများ လိမ်ရဲတယ်ပေါ့လေ။ ကျွန်တော် အခုပဲ အဲ့ကောင်လေးကို သွားဖမ်းလိုက်မယ်"
ထို့နောက် သူသည် လုချင်းဘက်သို့ စတင်ခြေလှမ်းလိုက်သည်။
တည်ကြည်သောလူက သူ့ကို တားလိုက်ကာ "အလျင်မလိုနဲ့ဦး။ အဲ့ကောင်လေးတစ်ယောက်တည်းကို ဖမ်းလို့မဖြစ်ဘူး။ ငါတို့ ဒီကိစ္စကို ကြီးအောင်လုပ်ရမယ်။ မဟုတ်ရင် တခြားသူတွေကပါ ငါတို့ကို လိမ်ရင် ဘာမှမဖြစ်ဘူးလို့ ထင်သွားလိမ့်မယ်လေ။ အဲ့လိုဆို ငါတို့ရဲ့ဂုဏ်သတင်းကို ဘယ်လိုလုပ်ပြီး ထိန်းနိုင်တော့မှာလဲ။"
ထိုအခါ မှဲ့နှင့်လူ၏ မျက်လုံးများက အရောင်တောက်သွားသည်။ "အစ်ကိုကြီးငါး၊ ခင်ဗျားဆိုလိုတာက..."
"အရင်ပြန်ကြရအောင်။ ဒီမှာပြောဖို့မသင့်တော်ဘူး၊ အထူးသဖြင့် မာကူးရဲ့နယ်မြေမှာလေ။"
ထို့နောက် သူတို့သည် ဈေးပတ်လည်ကို ကြောက်ရွံ့မှုအရိပ်အယောင်ဖြင့် တစ်ချက်ကြည့်လိုက်သည်။
မာကူးသည် သာမန်လူတစ်ယောက်မဟုတ်ပေ။ သူတို့၏သူဌေးပင်လျှင် အတတ်နိုင်ဆုံး သူ့ကို ရန်မစမိစေဖို့ သူတို့အား မှာထားလေသည်။
အကယ်၍ သူသာ ဒေါသထွက်သွားပါက သူတို့၏သူဌေးပင်လျှင် သူ့ကို မတားနိုင်ပေ။
သူတို့၏သူဌေးမှာလည်း အဆင့်မြင့်သိုင်းသမားတစ်ဦးဖြစ်ရာ သူတောင်မှ သတိထားနေရလျှင် သူတို့အတွက်ကတော့ မာကူးဆိုသူမှာ သူတို့ထိပါးစော်ကားနိုင်သည့်သူတစ်ယောက်မဟုတ်ပေ။
ထို့နောက်တွင်တော့ နှစ်ယောက်သား အလျင်အမြန်ဖြင့် ဈေးမှထွက်ခွာသွားကြသည်။
တစ်ချိန်တည်းတွင်ပဲ လုချင်းမှာတော့ သူ ပစ်မှတ်ထားခံနေရသည်ကို မသိရှိသေးပေ။
ထိုအချိန်တွင် သူသည် အခြားအဖွဲ့တစ်ဖွဲ့၏ တားဆီးခြင်းကို ခံနေရပါ၏။
"မင်းတို့က ငါ့ကို ဓားပြတိုက်ချင်တယ်လို့ ပြောလိုက်တာလား။"