← Chapters

အနည်းငယ် ဆုံးမလိုက်ခြင်း

Vol. 6 Ch. 58

အနည်းငယ် ဆုံးမလိုက်ခြင်း

Vol. 6 Ch. 58

"မင်းတို့ ခုနက ငါ့ကို ဓားပြတိုက်ချင်တယ်လို့ ပြောလိုက်တာလား။"

လုချင်းသည် ကျောပေါ်တွင် ပစ္စည်းများထမ်းပိုးလျက် ရှေ့သို့ တည်ငြိမ်စွာ ကြည့်လိုက်သည်။

သူ၏ရှေ့တွင် လူငါးယောက်၊ ခြောက်ယောက်သည် တုတ်များကို ကိုင်ဆောင်လျက်ဖြင့် လမ်းကို ပိတ်ဆို့ထားပြီး သူ့ကို မကောင်းသော အကြံအစည်များဖြင့် ကြည့်နေကြသည်။

အကယ်၍ မာကူးသာ ဤနေရာတွင် ရှိနေပါက ဤလူများမှာ သူ ယခင်က သတိပေးရင်း အပြစ်ပေးခဲ့ဖူးသော ချန်စန်းဦးဆောင်သည့် လူမိုက်များဖြစ်ကြောင်း ချက်ချင်း မှတ်မိပေလိမ့်မည်။

ဤအချိန်တွင် ချန်စန်းနှင့် သူ၏အဖွဲ့သည် လုချင်း၏ပစ္စည်းများကို တပ်မက်စွာ ကြည့်နေကြသည်။

အထူးသဖြင့် ဝါးတောင်းထဲမှ ဝက်သားသည် သူတို့အား သွားရည်တမြားမြားကျစေလေ၏။

လွန်ခဲ့သောလဝက်လောက်တုံးက သူတို့သည် ဈေးကြီးရှိ လူများ၏ ရိုက်နှက်ခြင်းကိုခံခဲ့ရသဖြင့် ရက်ပေါင်းများစွာ အနားယူပြီးမှ ပြန်လည်သက်သာလာခဲ့တာပင်သည်။

သူတို့သည် သူတို့တွင် ကျန်ရှိသောငွေအားလုံးကို ကုသမှုအတွက် သုံးစွဲခဲ့ကြသည်။

သူတို့သည် ဆယ်ရက်ကျော်လောက်အထိ အသားအရသာကို မမြည်းစမ်းရသေးပေ။

မူလကတော့ သူတို့သည် လမ်းပေါ်တွင် ကံဆိုးသူတစ်ဦးဦးကို ရှာဖွေပြီး ငွေအနည်းငယ်ညှစ်ယူရန် မျှော်လင့်နေခဲ့ကြသည်။

သို့သော် မမျှော်လင့်စွာဖြင့် သူတို့သည် ဤမျှကြီးမားပြီး ဆူဖြိုးသောသိုးတစ်ကောင်နှင့် တွေ့ကြုံခဲ့ရသည်ပင်။

လုချင်း၏တောင်းထဲမှ အသားနှင့် အခြားရိက္ခာများကိုမြင်သောအခါ ချန်စန်းနှင့်သူ၏အဖွဲ့သည် တပ်မက်မှုကြောင့် မျက်လုံးများပင် ပြူးကျယ်ထွက်မတတ် ဖြစ်သွားကြတော့၏။

လွန်ခဲ့သောရက်အနည်းငယ်အတွင်း လုချင်း၏ သိသာထင်ရှားသောပြောင်းလဲမှုများကြောင့် ဖြစ်ကောင်းဖြစ်မည်၊ ချန်စန်းနှင့်သူ၏အဖွဲ့သည် သူ့အား လွန်ခဲ့သောလဝက်လောက်က သူတို့ ဓားပြတိုက်ဖို့ရန် ကြိုးစားခဲ့သော လူငယ်လေးဖြစ်ကြောင်း မမှတ်မိခဲ့ကြပေ။

ထို့အပြင် လုချင်းသည် သူတို့တွေ ဈေးကြီးရှိ လူများ၏ ရိုက်နှက်ခြင်းကို ခံရသည့် အကြောင်းအရင်းလည်း ဖြစ်ပါ၏။

ချန်စန်းက ကြမ်းတမ်းစွာ ဟိန်းဟောက်လိုက်သည်။ "ဟေ့ကောင်၊ ငါတို့ပြောတာကို ရှင်းရှင်းလင်းလင်း ကြားတယ်ဆိုရင် မင်းရဲ့ပစ္စည်းတွေနဲ့ ပိုက်ဆံတွေအကုန်လုံးကို နာနာခံခံနဲ့ ပေးခဲ့စမ်း"

အခြားလူမိုက်များကလည်း အော်ဟစ်လာကြသည်။ "ဟုတ်တယ်၊ မင်း အသားမနာချင်ဘူးဆိုရင် မင်းရဲ့ပစ္စည်းတွေကို ချခဲ့ပြီး ထွက်သွားလိုက်စမ်း။"

"မဟုတ်ရင်တော့ ငါတို့ မင်းကို အသေဆော်ပစ်မယ်"

လုချင်းက ရုတ်တရက် မေးလိုက်သည်။ "တကယ်လို့ ခင်ဗျားတို့စကားအတိုင်း မလုပ်ဘူးဆိုရင်ရော။ ခင်ဗျားတို့က ကျွန်တော့်ကို သတ်ပြီးတော့ ကျွန်တော့်အလောင်းကို တောထဲမှာ ပစ်ခဲ့မှာလား။ ပြီးတာနဲ့ ကျွန်တော့်ပစ္စည်းတွေ အားလုံးကို ယူသွားမယ်ပေါ့ ဟုတ်လား။"

"မင်း ဘာပြောလိုက်တာလဲ။"

ချန်စန်းနှင့် သူ၏အဖွဲ့မှာ သူ့စကားများကြောင့် အံ့ဩမှင်သက်သွားကြသည်။

ဒီကောင်လေးတစ်ယောက် အကြောက်လွန်ပြီး ရူးများသွားပြီလားဟေ။ သူတို့က သူ့ကို ရိုက်ဖို့ပဲ ခြိမ်းခြောက်ခဲ့တာပါ၊ သတ်မယ်လို့လည်း တစ်ခွန်းမှ မပြောခဲ့ဖူးပါဘူး။

လုချင်းက တည်ငြိမ်စွာ မေးလိုက်သည်။ "မြန်မြန်ဖြေ။ ကျွန်တော် ငြင်းရင် ခင်ဗျားတို့ ကျွန်တော့်ကို သတ်မှာလား။"

လုချင်း၏ တည်ငြိမ်နေသောမျက်နှာကို ကြည့်ရင်း ချန်စန်း၏ကျောရိုးထဲတွင် အေးစက်မှုတစ်ခု ဖြတ်ပြေးသွားလေသည်။

သူသည် ဤလူငယ်နှင့်ပတ်သက်၍ ထူးဆန်းသောအရာတစ်ခုကို ခံစားလိုက်ရသည်။

မည်သူကများ ဓားပြတိုက်ခံရချိန်ကြီးမှာ သူတို့ကို သတ်မှာလားဟု တည်ငြိမ်စွာ မေးမည်နည်း။

ထိုသို့မေးမည့်အစား ကြောက်လန့်တကြားဖြင့် သနားညာတာမှုကို တောင်းခံနေသင့်သည်မဟုတ်လော။

ဒီကောင်လေး ရူးများနေတာလားနော်။

ဤမေးခွန်းသည် ချန်စန်းနှင့် သူ၏အဖွဲ့၏ စိတ်ထဲသို့ တစ်ပြိုင်နက်တည်း ပေါ်လာခဲ့သည်။

သို့သော် သူ ရူးနေလျှင်ပင် သူသည် ချမ်းသာသော အရူးတစ်ယောက်ပင်။

ချန်စန်းနှင့်သူ၏အဖွဲ့သည် လုချင်း၏ပစ္စည်းများကို တပ်မက်စွာ ကြည့်နေကြသည်။

အကယ်၍ သူတို့သာ ဤပစ္စည်းများကို ဓားပြတိုက်နိုင်ပါက သူတို့အတွက် ရက်ပေါင်းများစွာ သုံးဖြုန်းဖို့ လုံလောက်ပေလိမ့်မည်။

ဤအတွေးဖြင့် သူတို့သည် သူတို့၏နှလုံးသားထဲမှ အေးစက်မှုကို လျစ်လျူရှုလိုက်ကြတော့၏။

"ဟုတ်တယ်၊ မင်းသာ ပိုက်ဆံမပေးရင် ငါတို့က မင်းကို အပိုင်းပိုင်းခုတ်ထစ်ပြီး မြစ်ထဲကို ပစ်ချပစ်မှာလေ"

ကံမကောင်းစွာဖြင့် လုချင်းသည် သူတို့၏ ဟန်ဆောင်ခြိမ်းခြောက်မှုကို ကြိုတင်မြင်တွေ့ပြီးဖြစ်သည်။

သူသည် ချန်စန်း၏ခေါင်းပေါ်တွင် ပေါ်နေသော သတင်းအချက်အလက်များကို ကြည့်လိုက်သည်။

[ချန်စန်း - အလုပ်လက်မဲ့၊ လူမိုက်။]

[ခိုးဝှက်မှုနှင့် အနိုင်ကျင့်ခြင်းတို့ဖြင့် နေထိုင်သည်၊ လူမိုက်အနည်းငယ်ကို ဦးဆောင်သည်၊ အနီးအနားရွာများမှ မကြာခဏခိုးယူလုယက်တတ်သည်၊ လူတိုင်းက မုန်းတီးကြသည်။]

ထို့နောက် လုချင်းသည် အခြားသူများကိုလည်း ကြည့်လိုက်ရာ သူတို့အားလုံးသည်လည်း အတူတူပင်။ သူခိုးသူဝှက်သူများနှင့် လူမိုက်များပဲဖြစ်နေပါ၏။

ထိုအခါ၌ လုချင်းမှာ စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်သည်။

အကယ်၍ ဤလူတွေသာ အမှန်တကယ် ရက်စက်ကြမ်းကြုတ်ပါက သူသည် သူတို့ကို ထိန်းချုပ်မှုမရှိဘဲ ကိုင်တွယ်လို့ရမည်ပင်။

သို့သော် ယခုမူ သူသည် ထိန်းထိန်းသိမ်းသိမ်းလုပ်ရပေတော့မည်။

မည်သို့ပင်ဖြစ်စေ သူတို့သည် သင်ခန်းစာတစ်ခုလောက်တော့ ပေးဖို့ လိုအပ်သည်ပင်။

ဒီကောင်တွေ လျှောက်ပတ်သွားနေတာက ဘာပဲဖြစ်ဖြစ် ရွာသားတွေအတွက် မကောင်ဘူးဆိုတော့လည်း။

ယနေ့ကတော့ သူဖြစ်နေလို့သာ၊ သို့သော် အကယ်၍ ဈေးသို့ သွားသော ရွာမှ အခြားသူတစ်ဦးဦးသာ ဖြစ်နေပါက သူတို့သည် အမှန်တကယ်ပဲ ဓားပြတိုက်ခံရနိုင်ပေသည်။

"လက်နဲ့ခြေထောက်တွေရှိရဲ့သားနဲ့ တခြားသူတွေဆီကနေ လုယက်ပြီး အသက်မွေးဖို့ပဲ စဉ်းစားနေတဲ့ သောက်သုံးမကျတဲ့ ဆန်ကုန်မြေလေးတစ်သိုက်ပဲ။ မင်းတို့ထက်စာရင် ပိုးလောက်တွေကတောင် ပိုတန်ဖိုးရှိသေးတယ်။"

လုချင်းသည် သူ့လက်ထဲမှ ပစ္စည်းများကို ဖြည်းညှင်းစွာ ချထားလိုက်ကာ သူ၏တောင်းကိုလည်း ချလိုက်ပြီးနောက် သူ၏လက်များကို ဆန့်တန်းလိုက်တော့သည်။

"မင်း ဘာပြောလိုက်တာလဲ ဟေ့ကောင်။ မင်း အသက်မရှင်ချင်တော့ဘူးလား။"

ချန်စန်းနှင့်သူ၏အဖွဲ့သည် ဒေါသထွက်သွားကြသည်။

သို့သော် သူတို့ မတုံ့ပြန်နိုင်မီ ပုံရိပ်တစ်ခု ဖျက်ခနဲ ဖြတ်သွားသည်ကိုသာ မြင်လိုက်ရပါ၏။ ပြီးနောက်တွင်တော့ လုချင်းသည် လေပွေကဲ့သို့နှယ် သူတို့အပေါ်သို့ ရောက်ရှိလာခဲ့တော့သည်။

ရှေ့ဆုံးတွင်ရှိသော ချန်စန်းက လုချင်းကို ရိုက်ဖို့ သူ၏တုတ်ကို အလိုလိုမြှောက်လိုက်မိသော်လည်း သူ မလွှဲနိုင်မီမှာတင် သူ၏လက်ကောက်ဝတ်တွင် စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရသဖြင့် တုတ်မှာလည်း လွတ်ကျသွားတော့သည်။

ထို့နောက် သူ၏ရင်ဘတ်၌ ပြင်းထန်သောနာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သူ၏ပါးစပ်ထဲတွင်လည်း သွေးများပြည့်လျှံလာကာ သူ၏အမြင်အာရုံသည်ပင် မည်းမှောင်သွားတော့လေ၏။ ပြီးနောက်တွင်တော့ ချန်စန်းတစ်ယောက် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

ချန်စန်းသည် နာကျင်မှုမှ သက်သာလာရုံရှိသေးစဉ် သူ့မျက်လုံးများကို ဖွင့်လိုက်သောအခါ၌ သူ၏လက်အောက်ငယ်သားများအားလုံးသည် မြေပြင်ပေါ်တွင် အတုံးတုံးအလဲလဲဖြင့် လဲလျောင်းနေကြပြီးပြီပင်။ သူတို့၏လက်များ သို့မဟုတ် ခြေထောက်များကို ဆုပ်ကိုင်ရင်း နာကျင်စွာဖြင့် အော်ဟစ်ကာ ညည်းညူနေသည်ကို တွေ့မြင်ခဲ့သည်။

"ချန်စန်း၊ မင်း ကျေးဇူးတင်သင့်တယ်။"

ချန်စန်းသည် ဘာဖြစ်သွားသည်ကို မသိလိုက်ခင်မှာပဲ အရိပ်တစ်ခုသည် သူ့အပေါ်သို့ အုပ်မိုးလာခဲ့၏။

သူ မော့ကြည့်လိုက်သောအခါ၌ လုချင်းသည် သူ့ရှေ့တွင်ရပ်နေခဲ့ပြီပင်။ ချန်စန်းမှာ နေရောင်ခြည်ကြောင့် လုချင်း၏မျက်နှာကို သဲသဲကွဲကွဲ မမြင်ရပေ။

ထို့ကြောင့် အေးစက်ပြီး ခံစားချက်ကင်းမဲ့နေသော အသံသာလျှင် ရှင်းလင်းစွာဖြင့် ကြားနေရပါ၏။

"မင်း မကောင်းတဲ့ကိစ္စကြီးကြီးမားမားတွေ မလုပ်ခဲ့တာကိုပဲ ငါ ခံစားမိလို့ မင်း ကျေးဇူးတင်သင့်တယ်။"

"မဟုတ်ရင်တော့လား ၊ မင်းတို့တွေ အခုလောက်ဆို မြစ်ထဲမှာ မျောနေတဲ့အလောင်းတွေတောင် ဖြစ်နေလောက်ပြီ။"

"ခုတော့ နည်းနည်းလောက်လေး ဆုံးမတဲ့အနေနဲ့ မင်းတို့တစ်ယောက်ချင်းစီရဲ့ လက်တစ်ဖက်နဲ့ ခြေထောက်တစ်ဖက်ကိုပဲ ငါ ချိုးလိုက်တာနော်။ မင်းတို့သာ ရွာသားတွေဆီကနေ ဆက်ပြီးခိုးယူလုယက်တာတွေတို့၊ နှိပ်စက်နေတာတွေကို ငါ ကြားခဲ့ရရင်တော့ ခုလိုမျိုး ခြေကျိုးလက်ကျိုးနဲ့တင် ကိစ္စက ပြီးသွားတော့မှာမဟုတ်ဘူးနော်။”

ချန်စန်းသည် လုချင်းကိုကြည့်ရင်း ကြောက်ရွံ့မှုဖြင့် ပြည့်နှက်သွားသည်။

ထိုအခိုက်တွင်တော့ ချန်စန်းတစ်ယောက် လုချင်းမှာ သူတို့စိတ်ကူးထားသကဲ့သို့ လွယ်ကူသောပစ်မှတ်မဟုတ်ကြောင်း သဘောပေါက်သွားတော့၏။

သူသည် သူတို့တွေ သွားမရှုပ်သင့်သောလူတစ်ယောက်ပင်။

အခြားလူမိုက်များသည်လည်း အသံတစ်သံမျှ မထွက်ဝံ့ခဲ့ကြချေ။ သူတို့၏မျက်လုံးများမှာ လုချင်းကိုသာ ကြောက်ရွံ့မှုအပြည့်ဖြင့် ကြည့်နေကြလေ၏။

သူ ဟန်ဆောင်ခြိမ်းခြောက်နေခြင်းမဟုတ်ကြောင်း သူတို့ ပြောနိုင်ပါ၏။

အကယ်၍ သူတို့သာ သူပြောသည့်အတိုင်း မလုပ်ပါက သူသည် အမှန်တကယ်ပဲ သူတို့အား ကိစ္စတုံးပေးလိမ့်မည်ပင်။

ထို့နောက်၌ လုချင်းသည် သူ၏တောင်းဆီသို့ ပြန်သွားလိုက်ပြီး သူ၏ပစ္စည်းများကို ကောက်ယူလိုက်ကာ ချန်စန်းနှင့် သူ၏အဖွဲ့ကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ ရွာဘက်သို့ ဆက်လက်လျှောက်သွားလိုက်တော့သည်။

သူ့အတွက်မူ သူတို့သည် အမှိုက်သရိုက်မျှသာ ဖြစ်ပြီး သူ၏အာရုံစိုက်မှုကိုပင် မထိုက်တန်ပေ။

"မှတ်ထား၊ ငါနဲ့ နောက်တစ်ခါမတွေ့စေနဲ့၊ မဟုတ်ရင်တော့ မင်းတို့ရဲ့ တခြားလက်နဲ့ခြေထောက်တွေကိုပါ ငါ ချိုးပစ်မယ်။"

လုချင်း၏ပုံရိပ် ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ချန်စန်းနှင့် သူ၏အဖွဲ့သည် နောက်ဆုံးတွင်တော့ ချုပ်တည်းထားရသည့် အော်ဟစ်သံများအား နာကျင်စွာဖြင့် ထုတ်လွှတ်လိုက်ကြတော့သည်။

လူမိုက်တစ်ဦးက ငိုကြွေးလိုက်၏။ "သူဌေး၊ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။"

"ဘာလုပ်ရဦးမှာလဲ။ ထပြီး ထွက်သွားကြတာပေါ့။ အဲ့ဒီနတ်ဆိုးကောင်က ငါတို့ကို နောက်တစ်ခါတွေ့ရင် တခြားလက်နဲ့ခြေထောက်တွေကိုပါ ချိုးပစ်မယ်လို့ ပြောတာ မကြားလိုက်ဘူးလား။"

လူမိုက်က ငိုကြွေးလိုက်သည်။ "ဒါပေမဲ့ ကျွန်တော်တို့ ဘယ်လိုလုပ်ပြီးထွက်သွားနိုင်မှာလဲ။" သူ၏ခြေထောက်သည် လိမ်ကောက်နေသည်အထိ ကျိုးသွားခဲ့ပြီပင်။

"မင်း လမ်းမလျှောက်နိုင်ရင်တောင် တွားသွားလိုက်ပေါ့ဟ။ သောက်ချီးလိုပဲ။ ခြေထောက်ကောင်းသေးတဲ့ကောင်တွေ ထကြစမ်း"

ချန်စန်း၏အမိန့်အောက်တွင် ခြေထောက်မကျိုးသော လူမိုက်များသည် ရုန်းကန်ရင်း ထရပ်လိုက်ကြသည်။

လုချင်းသည် သူတို့ ပြန်သွားနိုင်ဖို့အတွက် တမင်တကာကိုပဲ သူတို့ထဲမှ လူတစ်ဝက်၏ ခြေထောက်များကို အကောင်းအတိုင်း ချန်ထားခဲ့သည့်ပုံပင်။

နောက်ဆုံးတွင်တော့ အဖွဲ့သည် အချင်းချင်းဝိုင်းကူလျက် နာကျင်စွာ အော်ဟစ်ရင်းဖြင့်သာ သနားစရာကောင်းလှစွာ ထော့နဲ့ထော့နဲ့နှင့် ထွက်သွားကြတော့လေ၏။

All Chapters