← Chapters

အသက်ကယ်ဆယ်ရေးနည်းလမ်းများ

Vol. 6 Ch. 60

အသက်ကယ်ဆယ်ရေးနည်းလမ်းများ

Vol. 6 Ch. 60

"ဘယ်လိုနည်းလမ်းလဲဗျ။ ဘယ်လိုနည်းလမ်းလဲလို့။"

အစောင့်လီသည် ပထမတော့ အံ့အားသင့်သွားကာ လျင်မြန်စွာ မေးလိုက်ရသည်။

အခြားအစောင့်များသည်လည်း လှည့်ကြည့်လာကြ၏။

"အနီးအနားက ရွာတစ်ရွာမှာ နာမည်ကြီးတဲ့ သမားတော်တစ်ယောက်ရှိတယ်..."

မာကူးပြောနေစဉ်တွင် အစောင့်လီနှင့် အခြားသူများ၏ မျက်လုံးများသည် တဖြည်းဖြည်းဖြင့် တောက်ပလာခဲ့သည်။

သူတို့သည်လည်း သမားတော်ချန်အကြောင်းကို ယခင်က ကြားဖူးခဲ့ကြသည်ပင်။ သူ၏ဆေးပညာကျွမ်းကျင်မှုသည် အတော်လေးကို ကောင်းမွန်လှသဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးအပါအဝင် မျိုးရိုးမြင့်များစွာ၏ ချီးကျူးခြင်းကို ခံခဲ့ရသည်ဟု ဆိုကြလေသည်။

ဤနာမည်ကြီးသမားတော်က မြို့တွင် မဟုတ်ဘဲ အနီးအနားက ရွာတစ်ရွာတွင် နေထိုင်သည်ကိုတော့ သူတို့ မမျှော်လင့်ထားခဲ့မိပေ။

ဤမျှကျွမ်းကျင်သောသမားတော်တစ်ဦး အနီးအနားတွင် ရှိနေသောကြောင့် အစောင့်လီနှင့် အခြားသူများသည် သခင်လေးကို မြို့သို့ စွ့န်စွ့န်စားစားဖြင့် ပြန်ခေါ်သွားမည့် အစီအစဉ်ကို ချက်ချင်းပင် စွန့်လွှတ်ပစ်ရန် ဆုံးဖြတ်လိုက်ကြတော့၏။

အစောင့်လီက စိုးရိမ်တကြီး မေးလိုက်သည်။ "အစ်ကိုမာ၊ ကျိုးလီရွာက ဘယ်မှာလဲဗျ။"

မာကူးက ပြောလိုက်သည်။ "ဒီကနေ သုံးလေးမိုင်လောက်ဝေးတယ်။ ကျွန်တော့်မှာ ဒီနယ်ကို ကောင်းကောင်းကျွမ်းတဲ့ လက်အောက်ငယ်သားတစ်ယောက်ရှိတယ်၊ သူက ခင်ဗျားတို့ကို အဲ့ဒီကို ခေါ်သွားပေးနိုင်တယ်"

သူသည် ယခင်တုံးက သူ၏လက်အောက်ငယ်သား ရှောင်ထျန်းကို ကျိုးလီရွာရှိ လုချင်းအကြောင်း စုံစမ်းရန် လွှတ်ခဲ့ဖူးပါ၏။ မမျှော်လင့်စွာဖြင့် ၎င်းမှာ ဤနေရာတွင် အသုံးဝင်လာခဲ့သည်ပင်။

မာကူးသည် ရှောင်ထျန်းကို ချက်ချင်းခေါ်လိုက်ပြီးနောက် သူ၏လမ်းညွှန်မှုအောက်တွင် သူတို့သည် ကျိုးလီရွာသို့ ထွက်ခွာခဲ့ကြသည်။

လမ်းတွင် မာကူးသည် သခင်လေးဝေ့တစ်ယောက် ချောက်ကမ်းပါးထဲသို့ မည်သို့ပြုတ်ကျခဲ့သည်ကို သိရှိခဲ့ရပါ၏။

သူသည် ထူးဆန်းသောသားရဲငယ်လေးတစ်ကောင်ကို ချောက်ကမ်းပါးစွန်းထိတိုင်အောင် လိုက်ဖမ်းနေရင်း လက်မလွှတ်လိုသောကြောင့် ခြေချော်ကာ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်းကို မာကူး သိလိုက်ရလေသည်။

ကံကောင်းစွာဖြင့် ချောက်ကမ်းပါးသည် သိပ်မနက်ဘဲ သူ၏ပြုတ်ကျမှုကို အရှိန်ထိန်းပေးနိုင်သော သစ်ပင်အချို့ပါ ရှိခဲ့သည်။ ထို့အပြင် ဝေ့မိသားစု၏ များပြားလှသောအရင်းအမြစ်များနှင့် ပျိုးထောင်မှုကြောင့် သခင်လေးဝေ့သည် ချီနှင့်သွေးအဆင့်သို့ ရောက်ရှိခဲ့သူပင်။ ၎င်းသည် သူ၏ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု ကောင်းမွန်ကြောင်းကို ဆိုလိုပါ၏။ ဤအချက်ကပဲ သူ့ကို ချက်ချင်းမသေဆုံးအောင် ထိန်းထားနိုင်ခဲ့တာပင်။

သို့မဟုတ်လျှင် အသက်ဆယ်ခုပင် လုံလောက်မည်မဟုတ်။

အစောင့်လီ၏ ဇာတ်လမ်းကို နားထောင်ရင်း မာကူးသည် စကားမဲ့သွားသည်။

တောရိုင်းတိရစ္ဆာန်တစ်ကောင်ကို ချောက်ကမ်းပါးထိတောင် လိုက်ဖမ်းရန်၊ အထူးသဖြင့် ချီနှင့်သွေးအဆင့် သိုင်းသမားတစ်ဦးအနေဖြင့် ဘယ်လောက်တောင် မိုက်ရူးရဲဆန်လိုက်သနည်း။

သူတို့သည် ကျိုးလီရွာသို့ အလျင်အမြန်သွားရောက်လိုက်ကြကာ ရှောင်ထျန်း၏လမ်းညွှန်မှုအောက်တွင် သမားတော်ချန်၏ ဆရာ့အိမ်သို့ တန်းတန်းမတ်မတ် ဦးတည်သွားကြသည်။

ထို့နောက်၌ ဝင်ပေါက်တွင် မာကူးသည် ရင်းနှီးသောပုံရိပ်တစ်ခုကို တွေ့လိုက်ရတော့သည်။

သူက အော်လိုက်သည်။ "လုချင်း၊ လုချင်း၊ ကယ်ပါဦး၊ ငါတို့ကို ကယ်ပါဦးကွာ"

ခြံဝင်းရှေ့တွင် ဆေးဖက်ဝင်အပင်များကို အခြောက်လှန်းနေသော လုချင်းခင်ဗျာ သူ့အသံကြောင့် တုန်လှုပ်သွားရလေသည်။

သူလှည့်ကြည့်လိုက်သောအခါ မာကူးဦးဆောင်သော အဖွဲ့ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားတော့၏။ သူသည် သူ့ကို နောက်ဈေးကြီးဖွင့်သည့်နေ့အထိ မတွေ့ရတော့ဟု ထင်ခဲ့သော်လည်း ဤနေရာတွင် ဤမျှလောက်ထိမြန်မြန်ဆန်ဆန်ဖြင့် ထပ်မံတွေ့ဆုံခဲ့ကြပါ၏။

လုချင်းက မေးလိုက်သည်။ "ဆရာမာ၊ ဘာဖြစ်လာတာလဲဗျ။"

မာကူးက အရေးတကြီး ပြောလိုက်သည်။ "လုချင်း၊ သမားတော်ချန် အိမ်မှာရှိလား။ ငါတို့မှာ တော်တော်လေးကို ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတဲ့ လူနာတစ်ယောက်ရှိလို့၊ သူ့အကူအညီကို အရေးပေါ်လိုအပ်နေလို့ပါကွာ"

လုချင်းသည် ထိုအခါမှ သူတို့နောက်မှ ထမ်းစင်ကို သတိပြုမိလိုက်သည်။ လုချင်းမှာ ထိုအပေါ်တွင် လဲလျောင်းနေသော အဝတ်အစားအကောင်းစားကို ဝတ်ဆင်ထားသည့် လူငယ်ကို မြင်လိုက်ရသဖြင့် တုန်လှုပ်သွားသော်လည်း အခြေအနေသည် အရေးကြီးကြောင်းသိတာကြောင့် လျင်မြန်စွာဖြင့် ဘေးသို့ရှောင်ပေးလိုက်သည်။

"ကျေးဇူးပြုပြီး အထဲကို ဝင်ကြပါဗျ။ ဆရာက အထဲမှာ အနားယူနေပါတယ်။ ကျွန်တော် ချက်ချင်းသွားခေါ်လိုက်ပါမယ်ဗျ"

ထိုသို့ပြောပြီးနောက် သူသည် ခြံဝင်းထဲသို့ ပြေးဝင်သွားသည်။

မာကူးနှင့် အခြားသူများသည်လည်း လျင်မြန်စွာ လိုက်ပါသွားကြ၏။

သမားတော်ချန်သည် အထဲတွင် မှေးရုံလောက်သာ အိပ်နေတာကြောင့် အပြင်ဘက်မှ ဆူညံသံကို ကြားလိုက်သည်နှင့် နိုးနေပြီပင်ဖြစ်သည်။

မာကူးနှင့်သူ၏အဖွဲ့ ခြံဝင်းထဲသို့ ဝင်ရောက်လာချိန်တွင် သူသည် အိမ်ထဲမှတောင် ထွက်လာခဲ့ပြီပင်။

ထမ်းစင်ပေါ်ရှိ ဖြူဖျော့နေသောမျက်နှာထားဖြင့် သခင်လေးဝေ့ကိုမြင်လိုက်ရသောအခါ သူသည် အခြေအနေ၏ပြင်းထန်မှုကို ချက်ချင်းသဘောပေါက်လိုက်တော့၏။

ထို့နောက် သူသည် သွေးခုန်နှုန်းကို စစ်ဆေးကြည့်လိုက်ရာ သူ၏မျက်နှာအမူအရာမှာ ချက်ချင်းပင် တည်ကြည်လေးနက်သွားတော့လေသည်။

"မြန်မြန်၊ သူ့ကို အထဲကို သယ်လာခဲ့။"

သူက လုချင်းကို ညွှန်ကြားလိုက်သည်။ "အားချင်း၊ သွေးအားဖြည့်ဆေးတစ်ခွက်လောက် မြန်မြန်ပြင်လိုက်။ ပိုင်ကျူးနဲ့ တန်ကွေ့ကိုရောပဲ ပြီးတော့…………..။ ပြီးတာနဲ့ ရေသုံးပန်းကန်ကို မီးပြင်းပြင်းနဲ့ အပူပေး တည်ထားလိုက်။ မြန်မြန်လုပ် လုချင်း"

(ဘာသာပြန်သူ၏ ရှင်းလင်းချက် ။ ပိုင်ကျူးနဲ့ တန်ကွေ့ဆိုတာက ပြင်းထန်တဲ့ဒဏ်ရာရထားရင် ကိုယ်ခံအားစနစ်ကျဆင်းတတ်လို့ ချီစွမ်းအင်ကို အားဖြည့်ရင်း ခန္ဓာကိုယ်ရဲ့ခုခံမှုကို တိုးမြှင့်ပေးနိုင်ခြင်း ၊ ရောင်ရမ်းခြင်းတို့ကို သက်သာစေခြင်း ၊ သွေးတိတ်စေခြင်း ၊ သွေးလည်ပတ်မှုကို ပုံမှန်ဖြစ်စေခြင်း၊ သွေးခဲများကို ဖယ်ရှားခြင်းနဲ့ နာကျင်မှုကို သက်သာစေခြင်းစတဲ့အကျိုးကျေးဇူးတွေပေးနိုင်တာမလို့ ဆေးဖော်စပ်တဲ့နေရာမှာ သမားတော်တွေက သုံးတာပါဗျ။ ကျွန်တော်လည်း googleကနေ ရှာဖတ်ပြီးမှ ရေးထားတာမို့ လွှဲမှားမှုများ ရှိခဲ့ရင် တောင်းပန်ပါတယ်ဗျ။)

"ဟုတ်ကဲ့ ဆရာ"

လုချင်းသည် ဆေးဖက်ဝင်အပင်များကို စုဆောင်းရန် ဆေးဗီရိုဆီသို့ ချက်ချင်းပြေးသွားလိုက်သည်။

သူ၏အားလပ်ချိန်အများစုကို သိုင်းပညာလေ့ကျင့်မှုတွင် သုံးစွဲသော်လည်း လုချင်းသည် ဆရာ့အိမ်တွင် သူ၏ဆရာထံမှ ဆေးပညာအသိပညာများကိုလည်း သင်ယူနေခဲ့သည်။

သူ၏နတ်မျက်စိစွမ်းရည်ဖြင့် လုချင်းသည် လျင်မြန်စွာဖြင့် သင်ယူနိုင်ခဲ့သည်ပင်။ ရက်အနည်းငယ်အတွင်းမှာပဲ သူသည် ဆေးဖက်ဝင်အပင်များစုဆောင်းခြင်းကိုပါ ကျွမ်းကျင်ခဲ့ပြီး ရိုးရှင်းသော ဆေးပြုတ်နည်းများကိုပင် သင်ယူနိုင်ခဲ့ပါ၏။

ဆေးဖက်ဝင်အပင်များကို စုဆောင်းပြီးနောက် လုချင်းသည် ညွှန်ကြားချက်အတိုင်း ဆေးကို စတင်ပြုတ်တော့သည်။

ဆေးပြုတ်သည့် မီးဖိုသည် မီးအရှိန်ကို လွတ်လပ်စွာချိန်ညှိနိုင်ဖို့အတွက် အထူးဒီဇိုင်းရေးဆွဲထားတာပင်။

လုချင်းသည် မီးပြင်းပြင်းကို အသုံးပြုခဲ့သဖြင့် မကြာမီမှာပင် ပြုတ်ထားသည့်ဆေးမှာလည်း အဆင်သင့်ဖြစ်သွားတော့သည်။

ထို့နောက် သူသည် ဆေးရည်ကို ပန်းကန်တစ်လုံးထဲသို့ လောင်းထည့်ပြီး အာရုံစိုက်ကာ ကြည့်လိုက်၏။

လျင်မြန်စွာပင် ဆေးရည်သည် မှိန်ပျပျဖြစ်နေသော အဖြူရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လာခဲ့လေသည်။

[သွေးအားဖြည့်ဆေးရည် - သွေးအားဖြည့်ခြင်း၊ သွေးသစ်ထုတ်လုပ်ခြင်းနှင့် နှလုံးသွေးကြောကို ကာကွယ်ခြင်းအတွက် အကျိုးရှိသော ဆေးဖက်ဝင်အပင်အမျိုးမျိုးဖြင့် ပြုလုပ်ထားသော ဟင်းရည်။]

[ပြင်းထန်စွာပြုတ်ထားခြင်းကြောင့် ဆေးအာနိသင်များသည် အနည်းငယ်ပျက်စီးခဲ့ရပြီး ၎င်းဆေးရည်၏ပုံမှန်ထိရောက်မှု၏ ခုနစ်ဆယ်ရာခိုင်နှုန်းခန့်သာ ရရှိနိုင်ခဲ့သည်။]

သူ၏အထူးစွမ်းအင်မှ သတင်းအချက်အလက်ကိုမြင်သောအခါ လုချင်းသည် စိတ်သက်သာရာရသွားသည်။

ဆေးရည် မမှားသရွေ့တော့ ၎င်း၏အာနိသင်များ အနည်းငယ်ပျက်စီးခြင်းကို သူ သည်းခံနိုင်ပေသည်။ အရေးပေါ်အခြေအနေအရ ခုနစ်ဆယ်ရာခိုင်နှုန်းထိရောက်မှုကပင် အတော်လေးကောင်းမွန်နေပြီဖြစ်သည်။

ဆေးတွင် ပြဿနာမရှိကြောင်း အတည်ပြုပြီးနောက် လုချင်းသည် ၎င်းကို လူနာထံသို့ လျင်မြန်စွာ သယ်ဆောင်သွားလိုက်တော့၏။

ဤအချိန်တွင် သခင်လေးဝေ့ကို လူနာအခန်းသို့ ရွှေ့ပြောင်းထားပြီးပြီပင်။ အစောင့်လီမှလွဲ၍ အခြားသူများကို သမားတော်ချန်က အပြင်ဘက်တွင် စောင့်ဆိုင်းရန် ပြောကြားခဲ့သည်။

လုချင်း လာသည်ကိုမြင်သောအခါ လူတိုင်းသည် လမ်းဖယ်ပေးလိုက်ကြပါ၏။ သူ့ကို အနည်းငယ်မျှပင် မဟန့်တားဝံ့ကြပေ။

လုချင်းသည် အခန်းထဲသို့ ဝင်သွားသောအခါ၌ အင်္ကျီဗလာနှင့် သခင်လေးဝေ့၏ခန္ဓာကိုယ်တွင် ငွေရောင်အပ်များစွာ စိုက်ထားသည်ကို တွေ့လိုက်ရ၏။

သူ၏ဝမ်းဗိုက်ပေါ်ရှိ ကြောက်မက်ဖွယ်ကောင်းသောဒဏ်ရာသည် လုချင်းအား ရင်ထိတ်သွားစေခဲ့၏။

"ဆရာ၊ ဆေးရည် အဆင်သင့်ဖြစ်ပါပြီဗျ။"

ထိုသို့ပြောရင်း လုချင်းသည် ဆေးကို ကမ်းပေးလိုက်သည်။

သမားတော်ချန်မှာလည်း ပန်းကန်ကို ယူလိုက်ကာ အနံ့ခံကြည့်လိုက်ရင်း ပြဿနာမရှိကြောင်း အတည်ပြုပြီးနောက် ခေါင်းညိတ်လိုက်သည်။

ထို့နောက် သမားတော်ချန်က ညွှန်ကြားလိုက်သည်။ "မင်း သူ့ကို ဆေးတိုက်လိုက်။"

"ဟုတ်ကဲ့ ဆရာ။"

လုချင်းသည် ဇွန်းကို ယူကာ ဆေးရည်တစ်ဇွန်းလောက် ခပ်ပြီး သခင်လေးဝေ့ကို ဂရုတစိုက် တိုက်လိုက်သည်။

သို့သော် သခင်လေးဝေ့မှာ သတိလစ်မေ့မြောနေသဖြင့် ဆေးကို မမျိုချနိုင်ခဲ့ပေ။

သို့သော် ဤအရာသည် သမားတော်ချန်ကို မတားဆီးနိုင်ခဲ့။

သူသည် သခင်လေးဝေ့၏လည်ချောင်းပေါ်ရှိ အကြောမှတ်တချို့ကို ဖိနှိပ်လိုက်ရာ အံ့ဩဖွယ်ကောင်းစွာပင် သူ၏လည်ချောင်းသည် လှုပ်ရှားလာပြီး ဆေးကို အလိုလိုမျိုချလိုက်တော့၏။

သူတို့၏ပူးပေါင်းကြိုးပမ်းမှုဖြင့် သခင်လေးဝေ့သည် ဆေးပြုတ်တစ်ပန်းကန်လုံးကို တဖြည်းဖြည်းချင်း သောက်သုံးခဲ့လေသည်။

ထိုစဉ် သမားတော်ချန်မှာ ဆေးအာနိသင်ကို စုပ်ယူနိုင်ဖို့အတွက် သခင်လေးဝေ့အပေါ် အပ်စိုက်ကုထုံးကိုလည်း ဆက်လက်အသုံးပြုခဲ့လေသည်။

ခဏအကြာတွင်တော့ ဆေးအာနိသင်များနှင့် အပ်စိုက်ကုထုံးကြောင့် သခင်လေးဝေ့၏မျက်နှာသည် နောက်ဆုံးတွင်တော့ ဖြူဖျော့နေရာမှ အရောင်အနည်းငယ် ပြန်လည်ရရှိလာပြီး သူ၏ရင်ဘတ်မှာလည်း အနည်းငယ် မြင့်လိုက် နိမ့်လိုက် ဖြစ်လာခဲ့ချေပြီပင်။

စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့သော အစောင့်လီခင်ဗျာ ထိုသည်ကို မြင်လိုက်ရသည့်အခါ၌ နောက်ဆုံးတွင်တော့ စိတ်သက်သာရာရသွားရှာပြီပင်ဖြစ်သည်။

ထိုအခိုက်၌ သခင်လေးနှင့် အစောင့်များ၏အသက်ကို သေမင်းတမန်ချောက်ကမ်းပါးအစွန်းမှ ပြန်လည်ဆွဲထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း သူ သိလိုက်ပါ၏။

"သမားတော်ချန်၊ ကျွန်တော့်သခင်လေး ဘယ်လိုနေသေးလဲဗျ။"

သမားတော်ချန်သည် ခဏလောက်စဉ်းစားပြီးမှ ပြန်ပြောလိုက်သည်။ "ဒီကောင်လေးက တော်တော်လေးကံကောင်းတယ်လို့ ပြောရမယ်။ သူ့ရဲ့ဗိုက်မှာ ဒီလောက်ဒဏ်ရာအကြီးကြီး ရတာတောင် သူ့ရဲ့ကိုယ်တွင်းအင်္ဂါတွေနဲ့ အူတွေကို မထိခိုက်ခဲ့ဘူးလေ၊ ဒါက ကံဆိုးမှုကြားက ကံကောင်းခြင်းလို့ပဲ ပြောရမှာပေါ့။"

"ဒါပေမဲ့ သူက သွေးအများကြီးဆုံးရှုံးထားတယ်၊ ပြီးတော့ သူ့ရဲ့ခေါင်းကလည်း ဒဏ်ရာရထားသေးတယ်၊ သူ့ရဲ့လက်နဲ့ခြေထောက်တွေမှာလည်း ပွန်းရာပဲ့ရာတွေ အများကြီးပဲ။ ခုထိတော့ သူ့ရဲ့အခြေအနေက စိုးရိမ်ရတုန်းပဲ။"

"လောလောဆယ်တော့ ငါက ဆေးရည်နဲ့ အပ်စိုက်ကုထုံးကိုသုံးပြီး သူ့ရဲ့အသက်ကို ခဏလောက် ထိန်းထားနိုင်ရုံလေးတင်ပဲ လုပ်နိုင်တယ်။ သူ ဘယ်တော့နိုးလာမလဲဆိုတာကတော့ ပြောရခက်တယ်။"

သခင်လေး၏အသက်ကို ယာယီကယ်တင်နိုင်ခဲ့ကြောင်း ကြားလိုက်ရသောအခါ အစောင့်လီခင်ဗျာ နောက်ဆုံးတော့ အနည်းငယ်စိတ်အေးသွားရှာခဲ့သည်။

သူ အသက်ရှင်နေသရွေ့ မျှော်လင့်ချက်ရှိသေးသည်ပင်။ အကယ်၍ သခင်လေးသာ သေဆုံးသွားခဲ့ပါက သူတို့ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့လျှင်ပင် သူတို့၏မိသားစုများကတော့ ထွက်ပြေးလွတ်မြောက်နိုင်မည်မဟုတ်ပေ။

အစောင့်လီက မေးလိုက်သည်။ "သမားတော်ချန်၊ ကျွန်တော်တို့ အခု ဘာလုပ်လို့ရနိုင်မလဲဗျ။"

သမားတော်ချန်က ခဏလောက် စဉ်းစားပြီးမှ ပြန်ပြောလိုက်၏။ "အခု အကြီးမားဆုံးပြဿနာက သူ သွေးဆုံးရှုံးမှုအရမ်းများထားတဲ့ပြဿနာပဲ ရှိတော့မယ်။ ဗိုက်ဒဏ်ရာက ပြင်ပဒဏ်ရာတစ်ခုပဲ ၊ အတွင်းဘက်က အူတွေမှာ ထိခိုက်ခဲ့တာမရှိဘူး။ ငါတို့မှာ သက်တမ်းရင့်တဲ့ ဂျင်ဆင်း၊ ဟဲရှို့ဝူ နဲ့ စန်းချီတွေသာ လုံလုံလောက်လောက်ရှိရင် သူ့အသက်ကို ကယ်နိုင်ဖို့ ရာခိုင်နှုန်းက ပိုပြီးတော့တောင် များဦးမှာ။"

(ဘာသာပြန်သူ၏ရှင်းလင်းချက် ။ ဟဲရှို့ဝူ နဲ့ စန်းချီကလည်း သွေးခဲတာတွေ ၊ သွေးထွက်လွန်တာကို တိတ်အောင်လုပ်ဖို့အတွက် သုံးပါတယ်။ သွေးဆုံးရှုံးမှုအရမ်းများထားတာကနေ ပြန်ပြီးနာလန်ထူနိုင်ဖို့ ခန္ဓာကိုယ်ကို အားပြန်ဖြည့်တဲ့နေရာမှာ အဓိကသုံးပါတယ်ဗျ။ ကျွန်တော်လည်း googleကနေ ရှာဖတ်ပြီးမှ ရေးထားတာမို့ လွှဲမှားမှုများ ရှိခဲ့ရင် တောင်းပန်ပါတယ်ဗျ။)

ထိုစကားကို ပြောရင်းဖြင့် သမားတော်ချန်သည် နောင်တအနည်းငယ်ရသွား၏။ လွန်ခဲ့သောရက်အနည်းငယ်က လုချင်းယူဆောင်လာသော ဂျင်ဆင်းသာ ခုချိန်ထိ ရှိနေသေးပါက သူသည် သခင်လေး၏အသက်ကို ထိန်းနိုင်ဖို့အတွက် ပိုကောင်းသည့်အခွင့်အရေးတွေ ရှိပေဦးမည်။

လက်ရှိအခြေအနေအရတော့ ဤကောင်လေး အသက်ရှင်လျှင်ပင် သူသည် ပြင်းထန်စွာ အားနည်းသွားနိုင်သည်ပင်။

"ဂျင်ဆင်း၊ ဟဲရှို့ဝူနဲ့ စန်းချီ ဟုတ်လား။ သမားတော်ချန်၊ စိတ်မပူပါနဲ့။ ကျွန်တော် တစ်ယောက်ယောက်ကို ချက်ချင်း မြို့ကို ပြန်လွှတ်ပြီး ယူခိုင်းလိုက်ပါမယ်ဗျ"

အစောင့်လီသည် အပြင်သို့ ထွက်သွားရင်း ပြောလိုက်သည်။

အပြင်ဘက်တွင် မာကူးနှင့် အခြားသူများမှာ စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။ အစောင့်လီထွက်လာသည်ကိုမြင်သောအခါ သူတို့သည် သူ့ဆီသို့ အပြေးအလွှားသွားကြ၏။

"သခင်လေး ဘယ်လိုနေသေးလဲ။"

"သခင်လေးက ခဏလောက်တော့ အသက်ဘေးကနေလွတ်သွားပါပြီဗျ။"

အစောင့်လီ၏စကားမှာ လူတိုင်းကို ချက်ချင်းပင်သက်သာရာရသွားစေခဲ့၏၊ အထူးသဖြင့် အစောင့်များသည် ဘေးအန္တရာယ်မှ လွတ်မြောက်လာသကဲ့သို့သော အကြည့်များဖြင့်ပင်။

"ဒါပေမဲ့ သခင်လေးက အခြေအနေမကောင်းသေးဘူးဗျ။ ကျောက်ကြီးနဲ့ ရှောင်ကူး၊ မင်းတို့နှစ်ယောက် မြို့ကို ပြန်ပြီး ဒီအကြောင်းကို သခင်မကို သတင်းပို့လိုက်။ ပြီးတော့ ဆေးသိုလှောင်ခန်းကနေ ဂျင်ဆင်း၊ ဟဲရှို့ဝူနဲ့ စန်းချီနည်းနည်းလောက် ယူခိုင်းလိုက်။ ဒီဆေးဖက်ဝင်အပင်တွေက သခင်လေးရဲ့အသက်ရှင်နိုင်မဲ့ရာခိုင်နှုန်းကို အများကြီးတိုးစေလိမ့်မယ်လို့ သမားတော်ချန်က ပြောတယ်..."

အစောင့်လီ၏အမိန့်အတိုင်း နာမည်ခေါ်ခံရသောအစောင့်နှစ်ဦးသည် လေးနက်စွာဖြင့် လိုက်နာလိုက်လျက် လျင်မြန်စွာ ထွက်ခွာသွားကြတော့သည်။

ကြားဖြတ်နားထောင်နေသော မာကူး၏မျက်လုံးများမှာတော့ အရောင်တစ်ချက်လက်သွားလေ၏။

ထို့နောက် သူသည် ရှောင်ထျန်းကို ဘေးသို့ ဆွဲခေါ်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။

"ပြန်သွားပြီး ငါ့စာကြည့်ခန်းထဲမှာ ချိတ်ထားတဲ့ တိုက်ပွဲဝင်ဓားကို ယူခဲ့။"

All Chapters