ဓားလက်ဆောင်
Vol. 7 Ch. 61
လုချင်းက အစားအစာအချို့ကို ယူဆောင်လာခဲ့သည်။ "ဆရာ၊ အရင်ဆုံး တစ်ခုခုစားလိုက်ပါဦး။"
သခင်လေးဝေ့၏အခြေအနေသည် စိတ်ချရသည့်အနေအထားတွင်မရှိသောကြောင့် သမားတော်ကြီးသည် သူ၏ဘေးတွင် အမြဲရှိနေရပြီး လူနာအခန်းမှ ထွက်ခွာရန် ခဲယဉ်းလှသည်။
ထို့ကြောင့် လုချင်းမှာ မီးဖိုချောင်သို့သွားကာ အစားအစာအချို့ကို ပြုလုပ်ပြီး ယူဆောင်လာခဲ့လေ၏။
"အင်း၊ ဒီမှာပဲထားလိုက်၊ ငါ နောက်မှစားလိုက်မယ်။"
သမားတော်ကြီးသည် သခင်လေးဝေ့၏ သွေးခုန်နှုန်းကို စစ်ဆေးနေစဥ် သူ၏မျက်ခုံးများသည် အနည်းငယ်တွန့်ချိုးနေလေသည်။
ဤအချိန်တွင် အစောင့်လီသည် အပြင်ဘက်တွင် ကိစ္စများကို စီစဉ်နေသဖြင့် လူနာအခန်းထဲတွင် သတိလစ်နေသော သခင်လေးဝေ့နှင့်အတူ ဆရာတပည့်နှစ်ဦးသာ ကျန်ရှိနေတော့၏။
လုချင်းသည် ခဏစဉ်းစားပြီး မေးလိုက်သည်။ "ဆရာ၊ ဒီသခင်လေးကို ကယ်နိုင်ပါ့မလားဗျ။"
သမားတော်ကြီးက သက်ပြင်းချလိုက်သည်။ "ပြောရခက်တယ်ကွ။ သူက သွေးတွေ အရမ်းဆုံးရှုံးထားတယ်လေ။ သူ့ကို ဒီခေါ်လာတုန်းက သူ့ခန္ဓာကိုယ်ထဲမှာ သွေးတောင်မကျန်တော့ဘူး။ သူ့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အစောင့်လီတို့ပေးခဲ့တဲ့ အသက်ကယ်ဆေးသာမရှိရင် သူ အခုထိ အသက်ရှင်မှာတောင် မဟုတ်ဘူး။"
လုချင်းက မေးလိုက်သည်။ "ဆရာ၊ ကျွန်တော်ကြည့်ရတာတော့ ဒီသခင်လေးက သာမန်မိသားစုက မဟုတ်ဘူးထင်တယ်။ တကယ်လို့ သူ သတိမရလာရင် ဝေ့မိသားစုက ကျွန်တော်တို့ကို အပြစ်တင်မှာလားဗျ။"
သမားတော်ကြီးသည် ခဏရပ်တန့်သွားသည်။
ထို့နောက် သူသည် လုချင်းဘက်သို့လှည့်ကာ ပြောလိုက်သည်။ "လုချင်း၊ မင်း မှတ်ထားရမယ်၊ သမားတော်တွေအနေနဲ့ အရေးအကြီးဆုံးက တုံ့ဆိုင်းတာနဲ့ သံသယဝင်တာတွေကို ရှောင်ရှားဖို့ပဲ။"
"ငါတို့ တစ်ယောက်ယောက်ကို ကယ်ဖို့ဆုံးဖြတ်လိုက်ပြီဆိုရင် ကုသမှုအပေါ် အပြည့်အဝအာရုံစိုက်ပြီး စိတ်နှစ်ထားရမယ်။ ဒါက ဆေးဘက်ဆိုင်ရာကျင့်ဝတ်ပဲ။"
"မင်း တစ်ယောက်ယောက်ကို မကုချင်ဘူးဆိုရင် မစခင်ကတည်းက ထွက်သွားသင့်တယ်။"
"ဒါပေမဲ့ ကုသမှုကို စတင်လိုက်ပြီဆိုရင်တော့ အကောင်းဆုံး လုပ်ရမယ်၊ ဒါမှ မင်းလည်း ကိုယ်ကိုကိုယ် စိတ်သန့်မှာပေါ့။"
လုချင်းက စိတ်ရင်းမှန်ဖြင့် ပြန်ဖြေလိုက်သည်။ "တပည့် နားလည်ပါတယ် ဆရာ။"
သမားတော်ကြီးသည် ခဏတုံ့ဆိုင်းပြီးမှ ပြောလိုက်သည်။ "မင်းရဲ့စိုးရိမ်မှုအတွက်ကတော့... စိတ်မပူပါနဲ့၊ ဝေ့မိသားစုက မိသားစုကြီးကဆိုပေမဲ့ ဝေ့မိသားစုရဲ့အကြီးအကဲက အကျိုးသင့်အကြောင်းသင့်လုပ်တတ်တဲ့သူတစ်ယောက်ပါ။ ငါတို့က အသက်ကယ်တင်တဲ့အလုပ်ကို လုပ်နေတာပဲ။ ဒီသခင်လေးမှာ ကံမကောင်းအကြောင်းမလှတာတစ်ခုခုဖြစ်သွားရင်တောင် သူတို့က ငါတို့ကို အပြစ်တင်မှာမဟုတ်ဘူး။"
လုချင်းသည် အတွေးနွံထဲနစ်နေပုံရ၏။
လူနာအခန်းမှ ထွက်ခွာပြီးနောက် လုချင်းသည် သူ၏ဆရာ၏စကားများကို စဉ်းစားနေဆဲဖြစ်သည်။
သူသည် သူ့ဆရာ၏စကားအပေါ် လုံးဝသဘောမတူခဲ့ပေ။
သူ၏ဆရာသည် ကြင်နာသောနှလုံးသားရှိပြီး အခြားသူများဒုက္ခရောက်နေသည်ကို မကြည့်ရက်နိုင်သောကြောင့် သူသည် လူနာအားလုံးကို ဆိုးသွမ်းသူများမဟုတ်သရွေ့ တန်းတူညီမျှဆက်ဆံလေသည်။
သို့သော် လုချင်းတွင်တော့ ထိုသို့သော စိတ်ထားမြင့်မြတ်သောခံစားချက်များ မရှိပေ။
သူသည် သူ၏ကိုယ်ပိုင်နှစ်သက်မှုများအတိုင်း လူများကို ကူညီလိုသည်။
သို့သော် သူသည် သူ၏ဆရာပြောသည့်အရာတစ်ခုကိုမူ သဘောတူလေ၏။
အကယ်၍ သင်သည် တစ်ယောက်ယောက်ကို ကုသတော့မည်ဆိုလျှင် နောင်တမရစေရန် သင်တတ်စွမ်းသမျှနှင့် အကောင်းဆုံး လုပ်ဆောင်သင့်သည်။
"သခင်လေးလု၊ သခင်လေးလု။"
လုချင်းတစ်ယောက် အတွေးနယ်လွန်နေစဥ် တစ်စုံတစ်ယောက်က သူ့ကိုခေါ်လိုက်သည်။
မော့ကြည့်လိုက်သောအခါ မာကူးသည် ခြံဝင်းအပြင်ဘက်မှ သူ့ကို လက်ယပ်ခေါ်နေသည်ကို တွေ့မြင်ခဲ့လေ၏။
"ဆရာမာ၊ ဘာကိစ္စလဲဗျ။"
လုချင်းသည် ထိုသို့ လျှောက်သွားလိုက်သည်။
ခြံဝင်းထဲတွင် ရပ်နေသော ဝေ့မိသားစု၏အစောင့်များသည် တစ်ချက်မျှသာလှမ်းကြည့်ပြီး သူတို့ကို လျစ်လျူရှုလိုက်ကြသည်။
သူတို့အတွက်မူ ဤအချိန်တွင် သူတို့သခင်လေး၏ဘေးကင်းမှုထက် ပိုအရေးကြီးသောအရာမရှိပေ။
လုချင်းသည် မာကူးနောက်သို့ လိုက်ရင်း လျှို့ဝှက်သောနေရာတစ်ခုသို့ လိုက်သွားလိုက်သည်။
ထိုနေရာတွင် အခြားတစ်ယောက်ကလည်း စောင့်ဆိုင်းနေပြီး လုချင်းမှယလည်း ထိုသူ့ကို မာကူး၏နောက်လိုက်အဖြစ် မှတ်မိလိုက်လေ၏။
လုချင်းက မေးလိုက်သည်။ "ဆရာမာ၊ ဒါက ဘာကိစ္စလဲဗျ။"
မာကူးက အနည်းငယ်သက်သာရာရစွာဖြင့် ပြောလိုက်သည်။ "သခင်လေးလု၊ မင်းနဲ့ သမားတော်ချန်တို့ကျေးဇူးကြောင့် သခင်လေးဝေ့ရဲ့အသက်ကို ကယ်နိုင်ခဲ့တယ်လေ။ သူ့မှာသာ တစ်ခုခုဖြစ်သွားရင် မင်းလည်း ငါ့ကို ဒီမှာတောင် တွေ့ရတော့မှာမဟုတ်ဘူး။"
လုချင်းက ပြန်ဖြေလိုက်သည်။ "ဆရာမာ၊ ခင်ဗျားက သိပ်ကြင်နာတတ်တာပဲ။ ခုကိစ္စက အဓိကအားဖြင့်တော့ ကျွန်တော့်ဆရာရဲ့ကျွမ်းကျင်မှုကြောင့်ပါဗျာ။ ကျွန်တော်က နည်းနည်းလေးပဲ ကူညီခဲ့တာ။"
"သခင်လေးလု၊ မင်းကတော့လေ ကိုယ်ကိုကိုယ်ဆို အရမ်းနှိမ့်ချတတ်တာပဲ။ ဆေးရည်ပြုတ်နေတုံးက မင်းရဲ့ကျွမ်းကျင်မှုက ထူးခြားတယ်လေ။ မင်းလည်း ရှေ့လျှောက် မင်းရဲ့ဆရာလိုပဲ လူတိုင်း ရိုသေလေးစားကြတဲ့ သမားတော်ကောင်းတစ်ယောက်ဖြစ်လာမှာ သေချာတယ်။"
မာကူးသည် မသိနားမလည်သူတစ်ဦးမဟုတ်ပေ။
ဤမျှအရေးပေါ်အခြေအနေတွင် လုချင်းသည် သမားတော်ချန်လိုအပ်သည့် အသက်ကယ်ဆေးကို ပြီးပြည့်စုံစွာ ပြင်ဆင်နိုင်ခဲ့သည်။
၎င်းအား ခိုင်မာသောဆေးပညာအခြေခံနှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမရှိဘဲ မလုပ်ဆောင်နိုင်ပေ။
သူ၏လက်အောက်ငယ်သား ရှောင်ထျန်း၏စုံစမ်းချက်အရ လုချင်းသည် သမားတော်ချန်၏တပည့်ဖြစ်သည်မှာ မကြာသေးပေ။
ဤမျှတိုတောင်းသောအချိန်အတွင်း ဤမျှတိုးတက်လာသည်မှာ လုချင်း၏ဆေးပညာအရည်အချင်းသည် သူ၏သိုင်းပညာအရည်အချင်းထက် မနိမ့်ကျကြောင်းကို သိသိသာသာပင် ပြသနေပါ၏။
သိုင်းပညာနှင့် ဆေးပညာနှစ်မျိုးစလုံးတွင် ထူးချွန်သောအရည်အချင်းရှိသည့် လူငယ်တစ်ဦးဖြစ်သော လုချင်း၏အရေးပါမှုသည် မာကူး၏မျက်လုံးထဲတွင်တော့ ပို၍ပင် တိုးပွားလာခဲ့တော့သည်။
"သခင်လေးလု၊ မင်း တိုက်ပွဲဝင်ဓားတစ်လက်လောက် လိုချင်တယ်လို့ ပြောခဲ့တယ်မဟုတ်လား။ ငါ မင်းအတွက် ယူလာခဲ့တယ်။"
လုချင်းက နှိမ့်ချစွာဆက်မပြောမီ မာကူးက ထပ်မံပြောလိုက်သည်။
ထိုအခါ လုချင်းမှာ အံ့အားသင့်သွားရ၏။ "ဒီလောက် မြန်မြန်ရတာလား။ နောက်ဈေးကြီးဖွင့်တဲ့နေ့မှ ပေးမယ်လို့ ဆရာ ပြောခဲ့တယ်မဟုတ်လား။"
မာကူးက သူ၏နောက်မှ ရှောင်ထျန်းကို အချက်ပြရင်း ပြောလိုက်သည်။ "သခင်လေးလုရဲ့ကိစ္စက ကျွန်တော့်အတွက်တော့ အရမ်းအရးကြီးတဲ့ကိစ္စတစ်ခုပဲလေ။ ရှောင်ထျန်း၊ ဓားကိုယူခဲ့။"
ထိုအခါ၌ ရှောင်ထျန်းကလည်း သူကိုင်ထားသောဓားရှည်ကို ချက်ချင်းပေးလိုက်သည်။
မာကူးမှာလည်း ၎င်းကိုယူကာ လုချင်းထံသို့ ပေးလိုက်၏။
"ဒီတိုက်ပွဲဝင်ဓားကို မြို့က ထိပ်တန်းပန်းပဲဆရာတစ်ယောက်က လုပ်ထားတာလေ။ သံမဏိကိုတောင်မှ ရွှံ့လိုမျိုး အေးဆေး ဖြတ်ပစ်နိုင်တယ်၊ တော်တော်လေးလည်းခိုင်ခံ့တယ်ဗျ။ ပြီးတော့လည်း မင်း လိုချင်တာတွေနဲ့ ကိုက်ညီတယ်နော်။ ဒီဓားမှာ ရိုးရှင်းတဲ့ဒီဇိုင်းပုံစံရှိတယ်လေ။"
လုချင်းသည် ဓားကိုယူလိုက်ပြီးနောက် ဓားအိမ်မှဆွဲထုတ်လိုက်ရာ သာယာသောမြည်သံတစ်ခုကို ကြားလိုက်ရလေ၏။
ထို့နောက် လုချင်းတစ်ယောက် သူ၏လက်ထဲမှဓားကို ကြည့်လိုက်ရာ ဓားမျက်နှာပြင်သည် သိမ်မွေ့စွာဖွဲ့စည်းထားပြီး ဓားသွားမှာလည်း အလွန်ထက်ရှလှပါ၏။ ထို့ပြင် ဤဓားမှာ သူ့ကိုတောင် ကြက်သီးမွှေးညင်းထစေလောက်သည်အထိ အေးစက်သောအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်အား လုချင်း ခံစားနေမိပါသည်။
ဓားကို ဓားအိမ်ထဲသို့ပြန်ထည့်ပြီးနောက် လုချင်းက ပြောလိုက်သည်။ "ဆရာမာ၊ ဒီဓားက အရမ်းတန်ဖိုးကြီးမှာပဲဗျာ။ ကျွန်တော် မတတ်နိုင်လောက်ဘူးဗျ။"
လုချင်းသည် ဓားများနှင့်ပတ်သက်၍ များစွာမသိသော်လည်း ဤဓားသည် ငွေဒင်္ဂါးဒါဇင်ခန့်လောက်ထက်ပင် များစွာပိုတန်ဖိုးရှိကြောင်းကိုတော့ သူ ပြောနိုင်သည်။
မာကူးက ပြောလိုက်သည်။ " ပေးစရာမလိုပါဘူးဗျာ သခင်လေးလုကလည်း။ ဒါကို ငါ့ဆီက လက်ဆောင်တစ်ခုလို့ပဲ သဘောထားလိုက်ပါ။"
လုချင်းက ခေါင်းခါကာ ဓားကိုပြန်ပေးရန် ကြိုးစားလိုက်သည်။ "ဒီလောက်ဈေးကြီးတဲ့လက်ဆောင်ကို ကျွန်တော် လက်မခံနိုင်ပါဘူးဗျ။"
မာကူးက ပြောလိုက်သည်။ "သခင်လေးလု၊ ကျေးဇူးပြုပြီး မငြင်းပါနဲ့ဗျာ။ မင်းနဲ့ မင်းရဲ့ဆရာက သခင်လေးဝေ့ရဲ့အသက်ကို ကယ်ခဲ့တယ်လေ။ ဆိုလိုတာက မင်းက ငါ့အသက်ကိုပါ ကယ်ခဲ့တာပဲ။ အသက်ကယ်ပေးခဲ့တဲ့ကျေးဇူးကို တိုက်ပွဲဝင်ဓားတစ်လက်နဲ့တောင် ပြန်ဆပ်လို့မကုန်ပါဘူးဗျာ၊ ဒါကြောင့် ကျေးဇူးပြုပြီး လက်ခံပေးပါဗျ။"
အပြန်အလှန်ပြောဆိုပြီးနောက် လုချင်းက နောက်ဆုံးတွင် ပြောလိုက်သည်။ "ကောင်းပြီလေ၊ လောလောဆယ်တော့ ဓကို ကျွန်တော် ယူထားလိုက်ပါမယ်။ သခင်လေးဝေ့ သတိရလာမှပဲ ဒါကို လက်ဆောင်တစ်ခုအနေနဲ့ လက်ခံလိုက်ပါ့မယ်ဗျ။"
အကယ်၍ သခင်လေးဝေ့မှာသာ တစ်ခုခုဖြစ်ခဲ့ပါက သူသည် သူ့မိသားစု၏ ရာစုနှစ်သက်တမ်းရှိသော ဂျင်ဆင်းကို အမြဲ ထုတ်သုံးပစ်လို့ရသည်ပင်။
မာကူးက ပြောလိုက်သည်။ "ဒါဆိုလည်း ကောင်းပါပြီဗျာ။ မင်းပြောတဲ့အတိုင်း လုပ်ကြတာပေါ့။ လောလောဆယ်တော့ ဓားက မင်းဟာပဲ။ သခင်လေးဝေ့ သတိရလာရင်တော့ ဒါက မင်းအပိုင်ဖြစ်သွားပြီနော်။"
လုချင်းသည် မာကူး၏ ဇွဲကြီးသောသဘောထားကို ဘာပြောရမည်မှန်းမသိတော့ပေ။
နောက်ဆုံးတွင်တော့ ဓားသည် လောလောဆယ်အတွက်တော့ လုချင်းနှင့်အတူ ရှိနေခဲ့သည်။
သို့သော် ဤအချက်သည် လုချင်းအား ဝေ့မိသားစုအပေါ် စပ်စုမှုကိုလည်း ဖြစ်ပေါ်စေခဲ့၏။
မည်သို့သောမိသားစုက မာကူးကဲ့သို့ ကြွက်သားနှင့်အရိုးအဆင့် ကျွမ်းကျင်သူတစ်ဦးကိုပင် ဤမျှလောက်အထိ ကြောက်ရွံ့စေနိုင်မည်နည်း။
ပြီးတော့ ဝေ့မိသားစု၏အစောင့်များ၊ သူတို့၏စကားနှင့်အပြုအမူများသည် သူတို့၏သခင်အပေါ် အလွန်လေးစားမှုကို ပြသနေလေသည်။
လုချင်းက မမေးဘဲမနေနိုင်တော့ပေ။ "ဆရာမာ၊ ခင်ဗျား ဝေ့မိသားစုကို ဒီလောက်တောင် တလေးတစားဆက်ဆံနေတာ ၊ သူတို့က ဘယ်လိုမိသားစုမျိုးလဲဗျ။"
ထိုအခါ၌ မာကူး၏မျက်နှာတွင် ရှုပ်ထွေးသောမျက်နှာအမူအရာတစ်ခု ပေါ်လာတော့၏။ "ဝေ့မိသားစု ဟုတ်လား။ ဝေ့မိသားစုဆိုတာက တော်တော်လေးကို အဆင့်အတန်းမြင့်တဲ့မိသားစုတစ်ခုလေ။"