← Chapters

ဝေ့မိသားစု၏ အိမ်တော်ထိန်းအကြီးအကဲ

Vol. 7 Ch. 62

ဝေ့မိသားစု၏ အိမ်တော်ထိန်းအကြီးအကဲ

Vol. 7 Ch. 62

"ဝေ့မိသားစုက ခရိုင်မြို့တော်မှာဆို အထင်ရှားဆုံး မျိုးနွယ်စုတစ်ခုပဲ။ ဒါပေမဲ့လည်း ဒါက ခရိုင်အစိုးရထဲက ဒေသခံမိသားစုတစ်ခုသက်သက်တောင် မဟုတ်ဘူးနော်။"

"တကယ်တော့ ဝေ့မိသားစုရဲ့သြဇာလွှမ်းမိုးမှုက စီရင်စုတစ်ခုလုံးကိုတောင် ပျံ့နှံ့နေတာ။ ပြီးတော့ တော်ဝင်မြို့တော်မှာတောင် အဆက်အသွယ်တွေရှိတယ်လို့ ကောလဟာလထွက်နေသေးတာလေ။"

"သခင်လေးလု၊ ဒီလောက်ထိတောင် ကြီးကျယ်ခမ်းနားတဲ့မိသားစု၊ အားကောင်းတဲ့မျိုးနွယ်စုကို ငါ ကြောက်မိတာက မှားလို့လား။"

မာကူး၏ရှင်းပြချက်ကိုကြားပြီးနောက် လုချင်းသည် မာကူးတစ်ယောက် ဝေ့မိသားစုကို အဘယ်ကြောင့် ဤမျှလောက်အထိ တစ်လေးတစ်စားဖြင့် ရိုရိုသေသေဆက်ဆံနေရကြောင်းကို နောက်ဆုံးတွင် နားလည်သွားတော့၏။

သို့သော် သူသည် အနည်းငယ်ရှုပ်ထွေးနေဆဲဖြစ်သည်။ "ဝေ့မိသားစုက အဲ့ဒီလောက်တောင် အင်အားကြီးတယ်ဆိုရင် ဘာလို့ ခရိုင်ငယ်လေးတစ်ခုမှာ နေနေကြတာလဲဗျ။"

မာကူးက ခေါင်းခါလိုက်သည်။ "ဒါတော့ ငါလည်း မသေချာမသိဘူး။ ဖြစ်နိုင်တာကတော့ ချန်ခရိုင်က ဝေ့မိသားစုရဲ့မွေးရပ်မြေဖြစ်နေလို့နေမယ်။"

"ပြီးတော့လည်း ငါ သိရသလောက်တော့ ဝေ့မိသားစုရဲ့စက်မှုလုပ်ငန်းနဲ့ အင်အားစုအများစုက စီရင်စုနဲ့ မြို့တော်ကို ပြောင်းရွှေ့သွားကြပြီလေ။ ခရိုင်ထဲမှာတော့ ဘိုးဘွားပိုင်အိမ်တစ်လုံးနဲ့ စီးပွားရေးလုပ်ငန်းအသေးစားလောက်ပဲ ကျန်တော့တာ။"

"ဒါပေမဲ့ ဝေ့မိသားစုရဲ့အကြီးအကဲကတော့ ဘာကြောင့်မှန်းမသိရဘဲ ဘိုးဘွားပိုင်အိမ်မှာပဲ နေနေတာကြာပြီလေ။"

"ဝေ့မိသားစုရဲ့စက်မှုလုပ်ငန်းအများစု ပြောင်းရွှေ့သွားပေမဲ့လည်း ခရိုင်ထဲမှာတော့ သူတို့ရဲ့အဆင့်အတန်းက ခုထိ ဘယ်သူမှစိန်မခေါ်ရဲတဲ့အထိ ဖြစ်နေတုံးပဲလေ"

ဝေ့မိသားစုတွင် လျှို့ဝှက်ချက်များ ရှိပုံရသည်။

လုချင်းသည် နက်နက်ရှိုင်းရှိုင်း စဉ်းစားနေမိ၏။

သို့မဟုတ်လျှင် ဤသို့ထူးဆန်းသောအပြုအမူကို ရှင်းပြရန် ခက်ခဲလှသည်။

ကြီးကျယ်ခမ်းနားလှသောမိသားစု၏ အကြီးအကဲတစ်ဦးက ပို ၍သာယာဝပြောသော စီရင်စု သို့မဟုတ် မြို့တော်သို့ မပြောင်းရွှေ့ဘဲ ခရိုင်ငယ်လေးတစ်ခုတွင်သာ နေထိုင်ဖို့ ဆန္ဒရှိနေပါ၏။

သို့သော် လျှို့ဝှက်ချက်က မည်သို့ပင်ဖြစ်စေ သူ၏လက်ရှိအဆင့်နှင်တော့ စုံစမ်းလို့ရမည်မဟုတ်။

ထို့ကြောင့် လုချင်းသည် ထိုကိစ္စကို ပယ်ချလိုက်သည်။

ဝေ့မိသားစု၏ ကြီးမားသောအင်အားအကြောင်းကို ကြားရ၍ သူသည် အနည်းငယ်တော့ စိတ်သက်သာရာရသွားသည်။

ဝေ့မိသားစု၏အရင်းအမြစ်များနှင့်ဆိုလျှင် သူတို့ထံ၌ အဖိုးတန်ဆေးဖက်ဝင်အပင်များမှာလည်း ရှားပါးလိမ့်မည်မဟုတ်ပေ။

အစောင့်နှစ်ဦးသည် ဆေးပင်များနှင့်အတူ လျင်မြန်စွာပြန်လာပြီး သခင်လေးဝေ့ကလည်း တစ်ညလုံးခံနိုင်သရွေ့တော့ သူ၏အသက်ကို ကယ်တင်နိုင်ပေလိမ့်မည်။

အမှန်တကယ်တော့ အစောင့်နှစ်ဦးသည် လုချင်းမျှော်လင့်ထားသည်ထက်ပင် ပို၍မြန်ဆန်စွာဖြင့် ပြန်ရောက်လာခဲ့ပါ၏။

ပြင်းထန်စွာနာမကျန်းဖြစ်နေသောလူနာကြောင့် သူ၏ဆရာသည် မည်သည့်အချိန်တွင် ဆေးပြုတ်ဖို့ လိုအပ်မည်ကို မသိသောကြောင့် လုချင်းသည် ထိုညတွင်တော့ အိမ်သို့မပြန်ဘဲ ဆရာ့အိမ်တွင်သာ နေခဲ့သည်။

ထိုညတွင် လုချင်းသည် ကုလားထိုင်တစ်လုံးပေါ်တွင်ထိုင်ရင်း အိပ်ငိုက်နေသော ရှောင်ယန်ကို ပွေ့ချီ ထားပါသည်။ ကလေးငယ်လေးမှာတော့ သူ၏ရင်ခွင်ထဲတွင် နှစ်ခြိုက်စွာဖြင့် အိပ်မောကျနေခဲ့ပြီပင်။

ထိုစဥ် ရုတ်တရက်ထွက်ပေါ်လာသော အပြင်ဘက်မှ ဆူညံသံတစ်ခုက သူ့ကို နိုးထစေခဲ့သည်။

ရှောင်ယန်ကတော့ အိပ်ပျော်နေဆဲဖြစ်နေသည်ကို မြင်လိုက်ရသောအခါ လုချင်းသည် သူမကို သူ၏ဆရာ၏အခန်းသို့ သယ်ဆောင်သွားလိုက်ပြီး ဆက်လက်အိပ်စက်ခိုင်းလိုက်ကာ သူကတော့ အပြင်သို့ထွက်လာခဲ့လိုက်၏။

အပြင်ဘက်တွင် ခြံဝင်းသည် တောက်ပစွာလင်းထိန်နေပြီး လူများစွာရှိနေပါသည်။

ခြံဝင်း၏ဘေးနှစ်ဖက်တွင် သန်မာထွားကျိုင်းသောလူ တစ်ဒါဇင်ကျော်လောက်က တန်းနှစ်တန်းစီကာ ရပ်နေပြီး မီးအိမ်များကို ကိုင်ကာ နေရာကို လင်းထိန်စေလေသည်။

ထို့နောက်၌ လုချင်းသည် အစောင့်လီက တည်ကြည်သောမျက်နှာထားရှိသည့် သက်လတ်ပိုင်းအရွယ်ရှိသော လူတစ်ဦးကို ဦးညွှတ်ကာ တိုးတိုးလေးပြောနေသည်ကို တွေ့လိုက်ရ၏။

"မင်း ဆိုလိုချင်တာက သခင်လေးရဲ့ဒဏ်ရာတွေက အရမ်းပြင်းလွန်းလို့ ရွှေ့လို့တောင်မရဘူးပေါ့လေ။"

အစောင့်လီ၏သတင်းပို့ချက်ကိုကြားပြီးနောက် တည်ကြည်သော သက်လတ်ပိုင်းအရွယ်ရှိသည့်လူက မေးလိုက်သည်။

အစောင့်လီကလည်း ပြန်ဖြေလိုက်၏။ "ဟုတ်ပါတယ် အိမ်တော်ထိန်း၊ သခင်လေးရဲ့အခြေအနေက စိုးရိမ်ရတုန်းပဲလို့ သမားတော်ချန်က ပြောခဲ့ပါတယ်ဗျ။ ဒီမှာပဲ ခဏလောက်အနားယူတာ အကောင်းဆုံးပါဗျ။ သခင်လေး နိုးလာပြီး အခြေအနေကောင်းလာမှ စံအိမ်ကို ပြန်ရွှေ့တာ ပိုဘေးကင်းပါလိမ့်မယ် အိမ်တော်ထိန်း။"

"ငါ သခင်လေးကို တွေ့ချင်တယ်။"

အိမ်တော်ထိန်းဟု ခေါ်ဆိုခံရသော တည်ကြည်သောလူသည် အစောင့်လီ၏ပြောစကားအား ချက်ချင်းသဘောမတူဘဲ တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့သည်။

အစောင့်လီကလည်း ချက်ချင်းပင် သမားတော်ချန်ကို ကြည့်လိုက်၏။

သမားတော်ကြီးက ခေါင်းညိတ်လိုက်သည်။ "တစ်ယောက် ၊ နှစ်ယောက်လောက်ပဲ ဝင်လို့ရမယ်။ လူအရမ်းများရင် မကောင်းဆိုးဝါးတွေ ပါလာနိုင်တယ်လေ။ အဲ့ဒါက သခင်လေးအတွက် အန္တရာယ်ရှိလိမ့်မယ်။"

ထိုစကားကိုကြားသောအခါ တည်ကြည်သောလူက ချက်ချင်းပြောလိုက်၏။ "မင်းတို့အားလုံး အပြင်မှာစောင့်နေ။ သမားတော်ချန်နဲ့ ငါပဲ ဝင်မယ်။"

"ဟုတ်ကဲ့ အိမ်တော်ထိန်း။"

နှစ်ဦးသား အခန်းထဲသို့ ဝင်သွားသည်ကိုကြည့်ရင်း လုချင်းတစ်ယောက် တုန်လှုပ်သွားသည်။

သူ့စိတ်ထဲတွင် ရေရွတ်လိုက်မိ၏။ 'ကိုယ်တွင်းအင်္ဂါအဆင့်...'

လူနာအခန်းအတွင်းတွင်တော့ သမားတော်ချန်နှင့် အိမ်တော်ထိန်းတို့သည် အိပ်ရာနားသို့ သွားလိုက်သောအခါ ဖြူဖတ်ဖြူလျော်ဖြစ်နေသော သခင်လေးအား တွေ့လိုက်ရတော့သည်။ နှုတ်ခမ်းများပင် ခြောက်သွေ့နေရှာသော မျက်လုံးများကို မှိတ်ထားဆဲဖြစ်သည့် သခင်လေးကို မြင်လိုက်ရသဖြင့် ဝေ့မိသားစု၏အိမ်တော်ထိန်းမှာ စိတ်နှလုံးထဲ တင်းကြပ်သွားရရှာသည်။

သခင်လေး၏ဝမ်းဗိုက်ပေါ်ရှိ ဒဏ်ရာကို စစ်ဆေးပြီးနောက်၌ သူ၏မျက်ခုံးများသည် ပို၍ပင်တွန့်ချိုးသွားတော့၏။

ကိုယ်တိုင်ကိုယ်ကျမတွေ့ရခင်မှာတော့ သူသည် လာရောက်အကြောင်းကြားသော အစောင့်ကောင်နှစ်ကောင် ဤကိစ္စနှင့်ပတ်သက်ပြီး တာဝန်မယူချင်သဖြင့် သခင်လေး၏ဒဏ်ရာများကို ချဲ့ကားပြောသည်ဟု သူ ထင်ခဲ့တာပင်။

ယခုမူ ထိုကောင်နှစ်ကောင်သည် လိမ်ညာပြောခဲ့တာမဟုတ်ရုံတင်သာမကဘဲ သခင်လေး၏ဒဏ်ရာပြင်းထန်မှုကိုပင် လျှော့ပြောခဲ့သည်ဟုတောင် သူ ထင်လိုက်မိသည်။

အသက်ကို အချိန်မီကယ်လိုက်နိုင်လို့ ခုတော့ အခြေအနေတည်ငြိမ်သွားပါပြီဆိုတဲ့ စကားတွေက အဓိပ္ပာယ်မရှိလိုက်တာကွာ။

ဆေးပညာအသိအမြင်အချို့ရှိသူတစ်ဦးအနေဖြင့် အိမ်တော်ထိန်းသည် သခင်လေး၏လက်ရှိအခြေအနေမှာ ချည်မျှင်တစ်မျှင်ဖြင့် အသက်အား ဆွဲတင်ထားသကဲ့သို့နှယ် ဖြစ်နေသဖြင့် သေဆုံးခြင်းသည် မည်သည့်အချိန်တွင်မဆို ဖြစ်ပေါ်လာနိုင်သည်ကို သိပါ၏။

ဤအခြေအနေကတောင် သမားတော်၏ ကုသမှုပြီးသွားသော အခြေအနေပင်။ ဒီမတိုင်ခင်တုံးက သခင်လေး၏အခြေအနေမှာ ဘယ်လိုတွေတောင်ဖြစ်ခဲ့သလဲဆိုတာကိုတော့ သူ စဉ်းပင်မစဉ်းနိုင်တော့။

ထို့နောက် မိသားစုအကြီးအကဲ၏ညွှန်ကြားချက်များကို ပြန်လည်သတိရရင်း ဝေ့မိသားစုအိမ်တော်ထိန်းသည် တစ်ဖက်သို့ လှည့်ကာ သမားတော်ချန်ကို လေးစားစွာဖြင့် ဦးညွှတ်လိုက်သည်။

"ကျွန်တော့်သခင်လေးရဲ့အသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သမားတော်ချန်။ ဝေ့မိသားစုက ဒီကြီးမားတဲ့ကျေးဇူးကို မှတ်ထားပါ့မယ်။"

သမားတော်ကြီးက လက်ဝှေ့ယမ်းလိုက်သည်။ "ဒါတွေမလိုပါဘူး။ ကျွန်တော်က သမားတော်တစ်ယောက်ရဲ့တာဝန်ကို လုပ်နေတာပါပဲ။ ပြီးတော့လည်း သခင်လေးက ခုထိ ဘေးကင်းသေးတာမဟုတ်ဘူးလေ။ ဒီလိုစကားတွေပြောဖို့က စောလွန်းပါသေးတယ်။"

ဝေ့မိသားစု၏အိမ်တော်ထိန်းက လျင်မြန်စွာ ပြန်ပြောလိုက်သည်။ "သမားတော်ချန်က ဂျင်ဆင်းနဲ့ ထျန်းချီ လိုနေတယ်လို့ ကျွန်တော် ကြားခဲ့တယ်။ အဲ့တာကြောင့်မို့ ဒီကိုမလာခင် မိသားစုအကြီးအကဲက ကျွန်တော့်ကို ဆေးဖက်ဝင်အပင်အများကြီး ယူသွားခိုင်းလိုက်ပါတယ်ဗျ။ ကျေးဇူးပြုပြီး ဆေးဖက်ဝင်အပင်တွေကို ရွေးဖို့ အပြင်ကို လိုက်ခဲ့ပေးပါ သမားတော်ချန်။"

(ဘာသာပြန်သူ၏ ရှင်းလင်းချက် - ထျန်းချီ ကို စန်းချီလို့လည်း ခေါ်ပါတယ်ဗျ။ စန်းချီ ဆိုတာက တရုတ်လို စန်းက သုံး ၊ ချီက ခုနစ်။ အမြစ်ထွက်ဖို့ သုံးနှစ် ၊ သစ်ရွက်တွေထွက်ဖို့ ခုနစ်နှစ်ကြာလို့ စန်းချီဆိုတဲ့ နာမည်တွင်လာတာပါဗျ။ တရုတ်တိုင်းရင်းဆေးပညာမှာဆို အရမ်းကို တန်ဖိုးကြီးတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးပါ။ သူ့ကို သွေးထွက်လွန်ခြင်းကို ရပ်ဖို့ ၊ ရောင်ရမ်းခြင်းကို လျှော့ချဖို့နဲ့ နာကျင်မှုကို သက်သာစေဖို့ မကြာခဏ အသုံးပြုလေ့ရှိပါတယ်ဗျ။ ပြီးတော့လည်း ထျန်းချီက သွေးလည်ပတ်မှုကို မြှင့်တင်ပေးနိုင်စွမ်းကြောင့် လူသိများပါသေးတယ်။)

"ဪ၊ မင်း ဂျင်ဆင်းယူလာခဲ့တာလား။"

ထိုအခါမှ သမားတော်ကြီးမျက်နှာမှာ ဝင်းပသွားတော့သည်။

သူ၏ဆေးပညာကျွမ်းကျင်မှုသည် အလွန်ကောင်းမွန်သော်လည်း အကောင်းဆုံးသမားတော်ပင်လျှင် ကောင်းမွန်သောဆေးဖက်ဝင်အပင်များမရှိဘဲ အလုပ်လုပ်၍မရပေ။

ထို့နောက်၌ နှစ်ဦးသား ခြံဝင်းသို့ ပြန်သွားလိုက်ကြသည်။

"သေတ္တာကို ယူလာခဲ့။"

အိမ်တော်ထိန်း၏အမိန့်အရ လူနှစ်ဦးသည် ချက်ချင်းပင် သေတ္တာတစ်လုံးကို ယူဆောင်လာခဲ့လေ၏။

သေတ္တာကိုဖွင့်လိုက်သောအခါ အတွင်းတွင် ရှည်လျားသောသေတ္တာဗူးများကို တွေ့ရပါ၏။

အိမ်တော်ထိန်းသည် ရှေ့သို့ တိုးလိုက်ရင်း ထိုသေတ္တာများကို ဖွင့်လိုက်ရာ သေတ္တာအတွင်းတွင် ထိပ်တန်းအဆင့်ဆေးဖက်ဝင်အပင်များရှိနေလေပြီး အားလုံးမှာ အခြောက်ခံထားပြီးသားဖြစ်ကာ ဆေးကုရာတွင် သုံးဖို့ အသင့်ပင်။

ဂျင်ဆင်းအမြစ်ဆိုလျှင် တစ်ဒါဇင်ကျော်လောက်ထိ ရှိပါ၏။

ဂျင်ဆင်းအမြစ်အချို့မှာ ညဝိညာဉ်ကြောင်မြီးတိုလေးယူဆောင်လာသော ဂျင်ဆင်းပင်နှစ်ပင်ထက်တောင် ပိုကြီးနေသည်ကို လုချင်း တွေ့လိုက်ရသည်။

လုချင်းတစ်ယောက် မအံ့ဩဘဲ မနေနိုင်တော့။

မျှော်လင့်ထားသည့်အတိုင်းပင် ကြီးကျယ်ခမ်းနားသောမိသားစုတစ်စု၏ အခြေခံအုတ်မြစ်သည် နက်ရှိုင်းလှသည်။ ထိုသူတို့မှာ ပေါ့ပေါ့တန်တန်ဖြင့်ပင် ရာစုနှစ်သက်တမ်းရှိသော ဂျင်ဆင်းများစွာကို ထုတ်ယူလာခဲ့ပါ၏။

အိမ်တော်ထိန်းက လေးစားစွာ ပြောလိုက်သည်။ "သမားတော်ချန်၊ ဒီဆေးဖက်ဝင်အပင်တွေကို ကြိုက်သလိုသာ ယူသုံးပါဗျ။ ဒါနဲ့တောင် မလုံလောက်သေးဘူးဆိုရင် စံအိမ်ကနေ ထပ်သွားယူပေးပါ့မယ်။"

"ရပါတယ်ဗျာ။ ဒါတောင်မှ လုံလောက်တာထက်တောင် ပိုနေပါပြီဗျ။"

သမားတော်ကြီးက ရယ်မောလိုက်ပြီးနောက် ဂျင်ဆင်း၊ ဟဲရှို့ဝူ နှင့် ထျန်းချီ ပါဝင်သော သေတ္တာအနည်းငယ်ကိုသာ ယူလိုက်သည်။

"ကျွန်တော် ဆေးပြင်ဆင်ဖို့ ဆေးဖော်စပ်တဲ့အခန်းကို သွားလိုက်ပါဦးမယ်ဗျ။ ခင်ဗျားတို့အားလုံးလည်း ပင်ပန်းနေကြပြီပေါ့။ အနားယူလိုက်ကြပါဦး။ တစ်ခုခုလိုအပ်ရင် ကျွန်တော့်တပည့်ကိုသာ မေးလိုက်ပါ။"

ပြောရင်းဖြင့် သမားတော်ကြီးသည် လုချင်းကို ညွှန်ပြလိုက်သည်။

ဝေ့မိသားစု၏အိမ်တော်ထိန်းကလည်း ချက်ချင်းပင် လုချင်းကို ဦးညွှတ်လိုက်သည်။ "ကျေးဇူးတင်ပါတယ် သခင်လေး။"

လုချင်းမှာလည်း အလျင်အမြန် ပြန်၍ဦးညွှတ်လိုက်ရ၏။ "တစ်ခုခုလိုအပ်တာရှိတာနဲ့ ကျွန်တော့်ကို ခေါ်လိုက်ပါဗျ။"

ထိုသို့ပြောရင်း တစ်ချိန်တည်းတွင်ပဲ သူသည် အံ့အားသင့်မိပါ၏။

မျှော်လင့်ထားသည့်အတိုင်း ကြီးကျယ်ခမ်းနားလှသောမိသားစုတစ်စု၏ အိမ်တော်ထိန်းသည် ဝေ့မိသားစုတွင် အလွန်လေးစားခံရပြီး သြဇာအာဏာရှိသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်မှာ အသိသာကြီးပင်။

အစောင့်လီနှင့် အခြားသူများ၏ သူ့အပေါ် ထားရှိသောသဘောထားကို ကြည့်ခြင်းဖြင့် ၎င်းသည် နှလုံးသားထဲကနေတောင် လာသော လေးစားမှုတစ်ခု ဖြစ်သည်။

ထို့အပြင် လုချင်း၏နတ်မျက်စိစွမ်းရည်က အိမ်တော်ထိန်းသည် ကိုယ်တွင်းအင်္ဂါအဆင့် သိုင်းပညာကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း ဖော်ထုတ်ခဲ့ပါ၏။

သို့သော် သူ၏အဆင့်အတန်းနှင့် မောက်မာနေလို့ရတာတောင် အကူအညီတောင်းခံသောအခါတွင် သူသည် တစ်ဖက်သားအား နှိမ့်ချစွာဖြင့် တလေးတစား ဆက်ဆံပါ၏။ အခြားသူများကို မျက်နှာသာများစွာပေးကာ မောက်မာခြင်း သို့မဟုတ် အနိုင်ကျင့်ခြင်း အလျဉ်းမရှိ။

ဤသို့သော အမူအကျင့်ရှိသော အိမ်တော်ထိန်းတစ်ဦး ရှိမှတော့ ဝေ့မိသားစုသည် ခရိုင်မျိုးနွယ်စုအဆင့်မှ သြဇာလွှမ်းမိုးမှုရှိသော ကြီးကျယ်ခမ်းနားလှသောမိသားစုတစ်စုအဖြစ် အများကြီးတိုးတက်လာခဲ့ခြင်းက အံ့ဩစရာမရှိတော့ချေ။

သမားတော်ကြီး၏ ဆေးပြင်ဆင်မှုသည် လျင်မြန်လှသည်။ ထိုညတွင်ပင် သူသည် ဆေးပြင်ဆင်လို့ပြီးသွားခဲ့ပါ၏။

ထို့နောက် ဝေ့မိသားစု၏အိမ်တော်ထိန်းရှေ့မှောက်တွင်ပဲ သူသည် အသက်ကယ်ဆေးရည်ကို သခင်လေးအား တိုက်ကျွေးခဲ့လေသည်။

ဆေးရည်ကို သောက်ပြီးနောက် သမားတော်ကြီးချန်မှာ ဆေးအာနိသင်များကို ပိုမိုရရှိစေနိုင်ဖို့ အပ်စိုက်ကုထုံးကို ဆက်လုပ်ခဲ့လေ၏။

မကြာမီမှာပဲ အိမ်တော်ထိန်းသည် သခင်လေး၏ဖြူဖျော့သောမျက်နှာတွင် အရောင်အနည်းငယ်ပြန်လည်ရရှိလာသည်ကို တွေ့လိုက်ရတော့၏။

သူ၏အသက်ရှူခြင်းသည်လည်း ပို၍ပင်တည်ငြိမ်လာပြီး အငွေ့အသက်အမျှင်တန်းလေးတစ်ခုကဲ့သို့နှယ် အားနည်းမနေတော့ပေ။

ထိုပြောင်းလဲမှုသည် အိမ်တော်ထိန်း၏စိတ်ခွန်အားကို မြှင့်တင်ပေးခဲ့ပြီး သမားတော်ကြီးအပေါ် သူ၏ယုံကြည်မှုကိုလည်း ပို၍ပင် ခိုင်မာစေခဲ့လေ၏။

နောက်တစ်နေ့နံနက်၊ အရုဏ်တက်ချိန်တွင်။

အိမ်တော်ထိန်းသည် သခင်လေး၏မျက်ခွံများ လှုပ်ခတ်သွားသည်ကို တွေ့လိုက်ရတော့၏။

All Chapters