နိုးထခြင်း ၊ မကျေနပ်မှုများဖြင့် ပြည့်နှက်နေသော မျက်လုံးများ
Vol. 7 Ch. 63
"သခင်လေး၊ သခင်လေး"
ဝေ့မိသားစု၏ အကြီးအကဲအိမ်တော်ထိန်းသည် သခင်လေး၏မျက်ခွံများ လှုပ်ခတ်သွားသည်ကို မြင်လိုက်ရသဖြင့် တိုးတိုးလေး ခေါ်လိုက်သည်။
နောက်ဆုံးတွင်တော့ သူ၏ခေါ်သံအောက်၌ သခင်လေးဝေ့သည် ဖြည်းညှင်းစွာဖြင့် မျက်လုံးများကို ဖွင့်လာခဲ့လေ၏။
ပထမတော့ သူ၏မျက်လုံးများသည် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသော်လည်း ခဏအကြာတွင်တော့ တဖြည်းဖြည်းဖြင့် ရှင်းလင်းတောက်ပလာခဲ့လေသည်။
"ငါ ဘယ်ကိုရောက်နေတာလဲ။"
"သခင်လေး၊ နောက်ဆုံးတော့ သခင်လေး နိုးလာပြီပဲ"
အကြီးအကဲအိမ်တော်ထိန်း၏မျက်နှာသည် စိတ်လှုပ်ရှားမှုဖြင့် ဝင်းလက်သွားပြီး မျက်ရည်များပင် ကျလုနီးပါး ဖြစ်သွားလေ၏။
ထိုအခါ သခင်လေးဝေ့က ခေါင်းလှည့်လိုက်ပြီး အံ့အားသင့်စွာ ပြောလိုက်သည်။ "ဦးလေးဟိုင်လား။ ခင်ဗျားက ဘာလို့ ဒီမှာ ရှိနေရတာလဲ၊ ပြီးတော့ ငါကကော ဘာလို့ ဒီမှာ လဲနေရတာလဲ။"
သခင်လေးဝေ့သည် ထရန်ကြိုးစားသော်လည်း သူလှုပ်လိုက်သည်နှင့် စူးရှသောနာကျင်မှုတစ်ခုက သူ့ခန္ဓာကိုယ်အတွင်းကနေ ထိုးတက်လာပြီး နာကျင်စွာ အော်ဟစ်မိစေကာ ချွေးစေးများပင်ပြန်လာရလေ၏။
"မလှုပ်နဲ့ဦးလေ၊ သခင်လေးရဲ့ဒဏ်ရာက အနာမကျက်သေးဘူး၊ ထပ်ပြီးပြဲမသွားအောင် သတိထားပါ သခင်လေး။"
သမားတော်ကြီးချန်သည် သူ့ကို ဖြည်းညှင်းစွာ ဖိချလိုက်ပြီး ငွေရောင်အပ်တစ်ချောင်းကို ထုတ်ယူလိုက်ကာ သူ့ပေါ်သို့ အကြိမ်အနည်းငယ်ထိုးလိုက်၏။
ထိုအကူအညီကြောင့်သာ သခင်လေးဝေ့ခံစားနေရသော ပြင်းထန်သောနာကျင်မှုသည် တော်တော်လေးကို လျော့နည်းသွားပြီး ဖြည်းညှင်းစွာဖြင့် တည်ငြိမ်မှုကို ပြန်လည်ရရှိလာခဲ့လေသည်။
"ခင်ဗျားက ဘယ်သူလဲ။ ပြီးတော့ ဦးလေးဟိုင်၊ ငါ့ခန္ဓာကိုယ်က ဘာလို့ ဒီလောက်တောင်နာကျင်နေရတာလဲ။"
"သခင်လေး၊ သခင်လေး တစ်ခုခုမှတ်မိသေးလား။ အစောင့်လီတို့ကတော့ သခင်လေး တောထဲတောင်ထဲသွားရင်း ချောက်ကမ်းပါးတစ်ခုထဲကို မတော်တဆပြုတ်ကျသွားလို့ သခင်လေးရဲ့ဗိုက်ကို ကျောက်တုံးချွန်ချွန်က ဖောက်ထွက်သွားတယ်လို့ ကျွန်တော့်ကို ပြောတယ်။ သခင်လေးက အရေးပေါ်အခြေအနေမှာ ရှိနေခဲ့တာ၊ ဒါပေမဲ့ ဒီမှာရှိတဲ့ သမားတော်ကြီးချန်ကျေးဇူးကြောင့်သာ သခင်လေးရဲ့အသက်ကို ကယ်နိုင်ခဲ့တာလေ။"
အကြီးအကဲအိမ်တော်ထိန်းက ဖြည်းညှင်းစွာ ရှင်းပြလိုက်သည်။
သူသည် အစောင့်လီတို့ပြောခဲ့သော ဇာတ်လမ်းကို တစ်ခါလေးမျှပင် အပြည့်အဝမယုံကြည်ခဲ့ပေ။
ယခု သခင်လေးနိုးလာပြီဖြစ်သောကြောင့် သူသည် အမှန်တရားကို နောက်ဆုံးတွင် မေးနိုင်ပြီဖြစ်သည်။
သခင်လေးဝေ့က အားတင်းကာ မှတ်မိဖို့ ကြိုးစားလိုက်၏။ "တောထဲတောင်ထဲသွားရင်းနဲ့ ချောက်ကမ်းပါးထဲကို ပြုတ်ကျတာတဲ့လား..."
နောက်ဆုံးတွင်တော့ သူသည် သူ သတိလစ်မသွားမီအချိန်က ဖြစ်ပျက်ခဲ့သောအရာများကို မှတ်မိသွားတော့သည်။
"ဟုတ်တယ်၊ ငါ အစောင့်လီတို့နဲ့တူတူ တောထဲကို သွားခဲ့တယ်၊ အဖေ့အတွက် ထူးရှယ်မွေးနေ့လက်ဆောင်တစ်ခု ရှာချင်လို့လေ။"
"နောက်တော့ တောထဲမှာ အရမ်းထူးဆန်းတဲ့ အနက်ရောင်သားရဲတစ်ကောင်နဲ့ တွေ့ခဲ့တယ်လေ။ အဲ့တာနဲ့ ငါလည်း ကိုယ်တိုင်ဖမ်းချင်လို့ အစောင့်လီတို့ကို ဝင်ပြီးမစွက်ဖက်ဖို့ ပြောခဲ့တယ်။"
"အဲ့သားရဲက အဲ့ဒီလောက်ထိ မြန်လိမ့်မယ်လို့ ငါလည်း မထင်ထားခဲ့ဘူးလေ။ အဲ့တော့ ငါ မဖမ်းနိုင်ခဲ့ဘူး၊ နောက်တော့ သူ့ကို လိုက်ဖမ်းရင်းနဲ့ပဲ ချောက်ကမ်းပါးစွန်းကို ရောက်သွားတယ်လေ။ သားရဲက ခုန်ချတော့မလိုလုပ်နေတာကို တွေ့လိုက်ရတော့ ငါလည်း အမြန် လိုက်သွားတာပေါ့၊ အဲ့ဒီနောက်တော့ ငါလည်း သိပ်မမှတ်မိတော့ဘူး။"
ထိုစကားကိုကြားသောအခါ အကြီးအကဲအိမ်တော်ထိန်းသည် အတော်လေးကို တည်ငြိမ်နေသော်လည်း သမားတော်ကြီးချန်၏နှလုံးသားမှာတော့ ဘုန်းခနဲ ခုန်တက်သွားတော့၏။
သခင်လေးဝေ့ ပြောခဲ့သော အနက်ရောင်သားရဲမှာ လုချင်းထံသို့ မကြာခဏ ငါးလာတောင်းစားတတ်သော သားရဲငယ်လေးနှင့် ဆင်တူနေပါ၏။
အကြီးအကဲအိမ်တော်ထိန်းက တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
ကြည့်ရတာ အစောင့်လီတို့ လိမ်ပြောခဲ့တာမဟုတ်ဘူးပဲ။
အကယ်၍ အစောင့်များသာ နည်းနည်းလေးတောင် လိမ်ညာခဲ့ပါက ၎င်းသည် မခံမရပ်နိုင်ဖြစ်ရမည့် ပြစ်ဒဏ်မျိုးနှင့် ရင်ဆိုင်ရမည်ပင်။
ယခုတွင်လည်း သူတို့တွေ ပြစ်ဒဏ်ကို မရှောင်လွှဲနိုင်သော်လည်း အနည်းဆုံးတော့ သူတို့တွေအားလုံး အသက်ချမ်းသာရာရသွားပါ၏။
"ဒါနဲ့ ဦးလေးဟိုင်၊ ငါ့ဗိုက်က ကွဲသွားတယ်လို့ ခင်ဗျား ပြောခဲ့တာမဟုတ်လား။"
ဤအချိန်တွင် သခင်လေးဝေ့သည် ရုတ်တရက် သတိပြန်ဝင်လာပြီး သူ၏ဗိုက်ကိုကြည့်ဖို့အတွက် ထိတ်လန့်ကြောက်ရွံ့နေသောမျက်နှာထားဖြင့် ထထိုင်ဖို့ရန် ကြိုးစားလိုက်သည်။
သို့သော် အကြီးအကဲအိမ်တော်ထိန်းသည် ဤတစ်ကြိမ်တွင်တော့ အဆင်သင့်ဖြစ်နေကာ သူ့ကို ဖြည်းညှင်းစွာဖြင့် ဖိချလိုက်သည်။
ထို့နောက်၌ သူက ညင်သာစွာဖြင့် နှစ်သိမ့်လိုက်သည်။ "သခင်လေး၊ စိတ်မပူပါနဲ့။ သခင်လေးရဲ့ဗိုက်ပေါ်က ဒဏ်ရာက အဲ့လောက်ကြီးမဟုတ်တော့ပါဘူး။ နည်းနည်းလောက်လေး အနားယူလိုက်တာနဲ့ လုံးဝကို အရှင်းပျောက်သွားမှာလေ သခင်လေးရဲ့။"
"ဒါပေမဲ့၊ ဒါပေမဲ့ ခင်ဗျားပဲ ငါ့ဗိုက်က ကွဲသွားတယ်လို့ ပြောခဲ့တာလေ"
သခင်လေးဝေ့၏မျက်နှာမှာ ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေဆဲပင်။
သူ့ဗိုက်ကြီး ကွဲထွက်သွားသောပုံစံကို သူ စိတ်ကူးနှင့်ပင် စဉ်းစား၍မရခဲ့။
လူတစ်ယောက်က သူတို့ရဲ့ဗိုက်ကြီး ကွဲထွက်သွားရင် အသက်ကောရှင်နိုင်သေးလို့လား။
အကြီးအကဲအိမ်တော်ထိန်းမှာတော့ သူ့သခင်လေးကို ညင်သာစွာဖြင့် ဆက်လက်နှစ်သိမ့်ရုံသာ တတ်နိုင်ပါ၏။
ကံကောင်းစွာပင် သခင်လေးဝေ့သည် အားနည်းနေသေးတာကြောင့် ခဏတာနိုးထလာပြီးနောက်၌ နှစ်နှစ်ခြိုက်ခြိုက်ဖြင့် အိပ်မောကျသွားပြန်သည်။
သခင်လေးနိုးလာပြီဟူသော သတင်းသည် အပြင်ဘက်သို့ ရောက်ရှိသွားသောအခါ၌ ဝေ့မိသားစု၏အစောင့်များက အားတက်သရော အော်ဟစ်လိုက်ကြ၏။
အထူးသဖြင့် အစောင့်လီနှင့် အခြားသူများသည် သူတို့၏ပခုံးပေါ်မှ ကြီးမားသောဝန်ထုပ်ဝန်ပိုးတစ်ခု လျော့ကျသွားသကဲ့သို့နှယ် ခံစားလိုက်ရသည်ပင်။
သခင်လေးနိုးလာခြင်းမှာ သူတို့၏အသက်တွေ အန္တရာယ်မရှိတော့ကြောင်းကိုပါ ဆိုလိုပါ၏။
သူတို့သည် ပြစ်ဒဏ်ကိုတော့ မရှောင်လွှဲနိုင်သော်ငြား အနည်းဆုံးတော့ သူတို့အားလုံး အသက်ချမ်းသာရာရသွားကြပြီပင်။
မာကူးမှာမူ ထိုသတင်းကို ကြားလိုက်ရသောအခါ၌ မျက်ရည်ပင်ကျလုနီးပါးဖြစ်သွားခဲ့၏။
သခင်လေးဝေ့ သူ့နယ်မြေကို ရောက်လာကတည်းက သူ့မှာ ခုထိ အိပ်ကောင်းခြင်းမအိပ်ရ ၊ စားကောင်းခြင်းမစားခဲ့ရပေ။
ပြီးခဲ့သည့်ညကဆိုလျှင် သူသည် ‘ဘယ်လိုအနှောင့်အယှက်တွေများ လာမလဲ ၊ ဘယ်လိုသတင်းဆိုးတွေများ လာဦးမလဲ’ ဟူ၍ စိုးရိမ်နေရသောကြောင့် အနားပင်မယူရဲခဲ့ပါချေ။
ယခုမူ အမှန်တကယ်ကောင်းမွန်သောသတင်းကို ကြားခဲ့ရပြီး သူ၏နှလုံးသားထဲမှ လေးလံသောဝန်ထုပ်ဝန်ပိုးကြီးမှာလည်း နောက်ဆုံးတော့ လျော့ကျသွားခဲ့ပြီပင်။
သူ့ခင်ဗျာ ကြွက်သားနှင့်အရိုးအဆင့် သိုင်းသမားတစ်ဦးဖြစ်နေတာတောင်မှ ယခုအခိုက်တွင်တော့ သူ၏လက်နှင့်ခြေထောက်များပင် အားနည်းသွားပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါးဖြစ်သွားရရှာလေ၏။
"သမားတော်ကြီးချန်၊ သမားတော်ကြီးရဲ့ဩချလောက်တဲ့ကျွမ်းကျင်မှုတွေကြောင့်သာ ကျွန်တော့်သခင်လေး အသက်ရှင်ခဲ့ရတာပါ။ ဒီအတွက် ဝေ့မိသားစုက အရမ်းကိုကျေးဇူးတင်ပါတယ်ဗျာ။"
"ကျွန်တော် ဒီအကြောင်းကို မိသားစုအကြီးအကဲဆီ သတင်းပို့ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ပြီးပါပြီဗျ။ ရက်အနည်းငယ်အတွင်းမှာပဲ ကျွန်တော်တို့ဝေ့မိသားစုက သမားတော်ကြီးကို လက်ဆောင်တွေအများကြီးနဲ့ ကျေးဇူးလာဆပ်ပါမယ်ဗျ။"
ထိုသို့ပြောပြီးနောက်၌ အကြီးအကဲအိမ်တော်ထိန်းသည် သမားတော်ကြီးကို နှလုံးသားထဲကပင် လေးနက်စွာဖြင့် ဦးညွှတ်လိုက်လေသည်။
သခင်လေး နိုးမလာမီ သခင်လေး၏မရဏကမ္ဘာကို ခြေတစ်လှမ်းလှမ်းနေသောအခြေအနေကို တွေ့မြင်ခဲ့ရသော အကြီးအကဲအိမ်တော်ထိန်းမှာ သခင်လေး ဤကဲ့သို့ နိုးလာခြင်းသည် သခင်လေး၏အသက်ကို ကယ်တင်ခဲ့သော သမားတော်ကြီး၏ကြိုးစားအားထုတ်မှုများကြောင့်သာ ဖြစ်ကြောင်း သိလိုက်ပါ၏။
အကယ်၍ ထိုအသုံးမကျသောအစောင့်များသာ သခင်လေးကို မြို့သို့ ပြန်ခေါ်ဆောင်ရန် ကြိုးစားခဲ့ပါက သခင်လေးသည် လမ်းခရီးတွင်ပင် အသက်ရှင်နိုင်မည်မဟုတ်တော့။
သမားတော်ကြီးက လျစ်လျူရှုစွာ လက်ဝှေ့ယမ်းလိုက်သည်။ "အဲ့ဒီလိုမျိုးတွေ မလိုပါဘူးဗျာ။ ကျွန်တော်က သမားတော်တစ်ယောက်ရဲ့တာဝန်ကို လုပ်ခဲ့ရုံပါပဲ။"
အကြီးအကဲအိမ်တော်ထိန်းက ချီးကျူးလိုက်သည်။ "သမားတော်ကြီးချန်က တကယ်ပဲ သမားတော်တစ်ယောက်ရဲ့နှလုံးသားရှိတာပဲ။"
ဤသို့ဆိုမှတော့ ခရိုင်အုပ်ချုပ်ရေးမှူးပင်လျှင် ဤသမားတော်ကြီးကို အလွန်လေးစားစွာဖြင့် ပြောဆိုခဲ့သည်မှာ အံ့ဩစရာမရှိတော့ချေ။ သူ၏အမူအကျင့်များသည် စီရင်စုနှင့် မြို့တော်ရှိ နာမည်ကြီးသမားတော်များစွာထက်ပင် သာလွန်လှပါ၏။
"သမားတော်ကြီးချန်၊ အခု ကျွန်တော့်သခင်လေးနိုးလာပြီဆိုတော့ သူ ဘယ်တော့လောက် အိမ်ပြန်လို့ရနိုင်မလဲဗျ။"
သမားတော်ကြီးက ခဏစဉ်းစားလိုက်သည်။ "ခုတော့ မရသေးဘူး။ သခင်လေးက အားနည်းနေတုန်းပဲ၊ ပြီးတော့ သူ့ရဲ့ဗိုက်ပေါ်က ဒဏ်ရာကလည်း အနာမကျက်သေးဘူးလေ။ ဘယ်လိုလှုပ်ခါမှုမျိုးဖြစ်ဖြစ် ဒဏ်ရာက ပြန်ပွင့်ဦးမှာပဲ ၊ အဲ့ကျ သွေးတွေအများကြီးထပ်ဆုံးရှုံးရဦးမှာလေ။"
"သူ ပြန်ဖို့အတွက်ဆို အားနည်းနည်း ရှိဖို့နဲ့ ဒဏ်ရာက အနာဖေးတက်ဖို့ ရက်နည်းနည်းလောက် ထပ်အနားယူဖို့ လိုဦးမယ်။"
အကြီးအကဲအိမ်တော်ထိန်းသည် သမားတော်ကြီး၏ဆုံးဖြတ်ချက်ကို သဘာဝကျကျ ယုံကြည်ပါ၏။
ထို့နောက် သူက ချက်ချင်းပြောလိုက်သည်။ "ဒါဆိုရင် ကျွန်တော်တို့ သမားတော်ကြီးကို နောက်ထပ်ရက်နည်းနည်းလောက်ထိ ထပ်ဒုက္ခပေးရတော့မှာပဲ။"
"ဒါက ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော့်နေရာက ကျဉ်းတယ်၊ လူအများကြီး နေဖို့ နေရာမပေးနိုင်မှာတော့ စိုးတယ်။"
"ကျွန်တော် သမားတော်ကြီးကို ဒုက္ခမပေးဝံ့ပါဘူးဗျ။ ကျွန်တော် တခြားသူတွေကို သူတို့ဘာသာတည်းဖို့ တည်းခိုစရာနေရာ ရှာခိုင်းလိုက်ပါမယ်ဗျ။ ကျွန်တော်တစ်ယောက်တည်းပဲ ဒီမှာနေပါ့မယ်။"
"ဒါဆိုလည်း အဆင်ပြေသားပဲ။ ကျွန်တော် ဧည့်သည်ခန်းတစ်ခန်း၊ နှစ်ခန်းလောက်တော့ ပြင်ဆင်ပေးနိုင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော့်နေရာက စံအိမ်တွေလိုမျိုး တခမ်းတနားမဟုတ်တော့ အကြီးအကဲအိမ်တော်ထိန်း စိတ်မရှိဖို့ မျှော်လင့်တယ်ဗျာ။"
"စိတ်မရှိပါဘူးဗျ"
"ဒါဆို ကျွန်တော် ကျွန်တော့်တပည့်ကို ခင်ဗျားအတွက် အခန်းတစ်ခန်းပြင်ဆင်ခိုင်းလိုက်ပါ့မယ်။"
ထို့နောက်တွင်တော့ အကြီးအကဲအိမ်တော်ထိန်းသည် အပြင်သို့ သွားကာ အစောင့်များကို ညွှန်ကြားခဲ့ပြီး သခင်လေးသည် ရက်အနည်းငယ်လောက် ထပ်အနားယူဖို့ လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အချို့ကတော့ ပင်မအိမ်တော်သို့ ပြန်၍ သတင်းပို့ရမှာဖြစ်ပြီး အခြားသူများမှာတော့ မာကူးနှင့် အတူနေရမည်ပင်။ သူတို့ကတော့ မည်သည့်အချိန်တွင်မဆို လှုပ်ရှားဖို့ အသင့်ဖြစ်နေရန်အတွက် ဤတွင် နေခဲ့ရခြင်းဖြစ်သည်။
သူကိုယ်တိုင်မှာမူ သခင်လေးကိုပြုစုစောင့်ရှောက်ရန် သမားတော်ကြီးအိမ်တွင်သာ နေထိုင်ခဲ့ပါ၏။
မည်သူမျှ အကြီးအကဲအိမ်တော်ထိန်း၏စကားကို မေးခွန်းမထုတ်ဝံ့သောကြောင့် ဝေ့မိသားစု၏အစောင့်များသည် လျင်မြန်စွာဖြင့် အုပ်စုခွဲလိုက်ကြပြီး သမားတော်ကြီးအိမ်မှာလည်း တဖြည်းဖြည်းဖြင့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြန်သည်။
မာကူးတစ်ယောက်သာ စိတ်အနှောင့်အယှက်ဖြစ်နေရှာ၏၊ ဝေ့မိသားစု၏အစောင့်များသည် သူ့နေရာတွင် နေထိုင်ရမည်ဖြစ်သောကြောင့် မာကူးတစ်ယောက် ထပ်မံ၍ စိတ်လှုပ်ရှားရပြန်ပြီပင်။
သို့သော် သူသည် မငြင်းဆန်ဝံ့ဘဲ နေရာထိုင်ခင်းများစီစဉ်ဖို့အတွက် ပြန်သွားခဲ့ရသည်။
"ဆရာ၊ ဧည့်သည်ခန်း အဆင်သင့်ဖြစ်ပါပြီဗျ။"
လုချင်းသည် ဧည့်သည်ခန်းတစ်ခန်းပြင်ဆင်ပြီးနောက် သူ၏ဆရာကို အသိပေးရန် လာခဲ့သည်။
"ကျေးဇူးတင်ပါတယ် သခင်လေး။"
အကြီးအကဲအိမ်တော်ထိန်းသည် လုချင်းကိုကြည့်လိုက်ပြီးနောက် သူ၏အကြည့်တွင် အံ့ဩမှုအချို့ဖြင့် ပြည့်နှက်နေသည်။
ယခင်က သူသည် သခင်လေးအတွက် အလွန်စိုးရိမ်နေသောကြောင့် အခြားမည်သည့်အရာကိုမျှ အာရုံမစိုက်နိုင်ခဲ့ပေ။
ယခုမှပဲ သမားတော်ကြီး၏တပည့်က ဤမျှလောက်ထိ ငယ်ရွယ်သော်ငြား ချီနှင့်သွေးအဆင့် သိုင်းသမားတစ်ဦးဖြစ်နေပြီဖြစ်ကြောင်း သူ သတိပြုမိလိုက်သည်။
ဤသို့သောအရည်အချင်းမျိုးကို စီရင်စုမြို့တော်တွင်ပင် ပါရမီရှင်ဟု ခေါ်ဆိုနိုင်ပေ၏။
"အိမ်တော်ထိန်း။"
သမားတော်ကြီးသည် အကြီးအကဲအိမ်တော်ထိန်း၏အကြည့်ကို သတိပြုမိပြီး ခေါ်လိုက်သည်။
အကြီးအကဲအိမ်တော်ထိန်းမှာ ထိုအခါမှပဲ သတိပြန်ဝင်လာပြီး ချီးကျူးလိုက်သည်။ "ဆရာကောင်းက တပည့်ကောင်းကို မွေးထုတ်တယ်တဲ့။ သမားတော်ကြီးရဲ့တပည့်က တယ်လည်းထူးခြားတာကို။ ဒီလောက်အသက်ငယ်ငယ်လေးနဲ့တင် သိုင်းပညာမှာ အောင်မြင်နေပြီပဲ။"
"ကျွန်တော့်တပည့်မှာ ဒီတိုင်းကံကြမ္မာကောင်းတွေရှိလို့ အဲ့အဆင့်ကို ရောက်နိုင်ခဲ့တာပါဗျာ။ ခင်ဗျားရဲ့ချီးကျူးမှုကိုတောင် ရတာ ၊ သူ တကယ်ကံကောင်းတာပဲ။"
သမားတော်ကြီးက နှိမ့်ချစွာပြောသော်လည်း သူ၏ကျေနပ်မှုကတော့ သူ၏မျက်နှာပေါ်တွင် အထင်းသားပင်။
"ဟားဟား၊ သမားတော်ကြီးကတော့လေ အရမ်းကိုနှိမ့်ချတတ်တာပဲ။"
အကြီးအကဲအိမ်တော်ထိန်းက ရယ်မောလိုက်ပြီး သမားတော်ကြီး၏တပည့်အတွက်လည်း ကျေးဇူးတင်လက်ဆောင်များ ယူလာသင့်ကြောင်း တိတ်တဆိတ် တွေးလိုက်လေ၏။
လုချင်းကတော့ တိတ်ဆိတ်စွာဖြင့် ရပ်နေပြီး တပည့်တစ်ဦး၏အခန်းကဏ္ဍကို လိုက်နာခဲ့သည်။
နှစ်ဦးသား စကားပြောပြီးနောက် သူက လေးစားစွာပြောလိုက်သည်။ "ဆရာ၊ ကျွန်တော် မနက်စာပြင်ပြီးသွားပါပြီဗျ။ မီးဖိုချောင်ထဲမှာ ထားထားပါတယ်။ ပြီးတော့လေ ကျွန်တော် အိမ်ကို ခဏလောက် ပြန်ချင်လို့ပါဗျ။"
သူသည် ဆရာ့အိမ်တွင် တစ်နေ့နှင့် တစ်ညလုံးလုံး အလုပ်များနေခဲ့ပြီး အိမ်တွင် အခြေအနေမည်သို့ရှိသည်ကိုပင် မသိရပေ။
အရေးအကြီးဆုံးမှာ သူသည် လွန်ခဲ့သည့်ညက ညဝိညာဉ်ကြောင်မြီးတိုကို အစာမကျွေးခဲ့ရသဖြင့် ထိုကောင်လေး ဘယ်လိုတွေတောင်ဖြစ်ကုန်ပြီလဲ ဆိုတာ သူ သိချင်နေမိပါ၏။
အကယ်၍သာ ထိုကောင်လေး ဒေါသထွက်ပြီး အိမ်ကို ဖျက်ဆီးလိုက်ပါက လုချင်းတော့ ဒုက္ခလှလှတွေ့တော့ပေမည်။
သမားတော်ကြီးက ခေါင်းညိတ်လိုက်သည်။ "သွားလေ။ မင်း ဒီမှာ အကြာကြီး အလုပ်တွေအများကြီးလုပ်ခဲ့တာပဲ။ ကောင်းကောင်းအနားယူလိုက်တော့။ အခုဆို သခင်လေးရဲ့အခြေအနေကလည်း တည်ငြိမ်နေပြီလေ၊ ဆက်တိုက်စောင့်ကြည့်နေစရာ မလိုတော့ဘူး။"
လုချင်းကလည်း ဦးညွှတ်ကာ အရိုအသေပေးလိုက်ပြီးနောက်၌ သမားတော်ကြီး၏အခန်းသို့ သွားကာ အိပ်ပျော်နေဆဲဖြစ်သော ရှောင်ယန်လေးကို ကောက်ပွေ့လိုက်လေသည်။
ကျောက်ငါးပြာ၏အမြုတေအစွမ်းအကြောင်းကို ပြောရဦးမည်။
ပြီးခဲ့သည့်ညက ခြံဝင်းထဲတွင် လူများစွာနှင့် ဆူညံပက်လောရိုက်နေတာတောင်မှ ရှောင်ယန်ကတော့ တစ်ကြိမ်လေးမျှပင် နိုးထမလာခဲ့ဘဲ အခန်းထဲတွင်သာ နှစ်ခြိုက်စွာဖြင့် အိပ်ပျော်နေခဲ့တာပင်။
လုချင်းသည် သူမကို မနှိုးဘဲ သူမကို ပွေ့ချီရင်း တောင်အောက်သို့ ဆင်းလာခဲ့၏။
သူ အိမ်သို့ရောက်သောအခါ လုချင်းသည် ချက်ချင်းပင် အိမ်ရှေ့တံခါးကို စစ်ဆေးလိုက်သည်။
၎င်းသည် အကောင်းအတိုင်း ရှိနေသည်ကိုမြင်လိုက်ရသောအခါမှသာ လုချင်းတစ်ယောက် သက်ပြင်းချနိုင်တော့၏။
ကြည့်ရတာတော့ ညဝိညာဉ်ကြောင်မြီးတိုလေး ဒေါသထွက်ထွက်နဲ့ သူ့အိမ်ကို မဖျက်ဆီးခဲ့တဲ့ပုံပဲ။
စိတ်အေးလက်အေးဖြစ်သွားသော လုချင်းသည် တံခါးကိုဖွင့်ပြီး ဝင်ဖို့လုပ်နေစဉ်မှာပဲ ရုတ်တရက် သူ တစ်ခုခုမှားနေသည်ကို ခံစားလိုက်ရသည်။
ထို့နောက်တွင်တော့ သူသည် အလိုလိုပင် မော့ကြည့်လိုက်မိတော့၏။
ထိုအခိုက်အတန့်၌ သူ မြင်လိုက်ရသည်မှာ အပေါ်ဘက်ရှိ အိမ်ခေါင်မိုးထောင့်တွင် တောက်ပသောမျက်လုံးတစ်စုံက သူ့ကို မကျေမနပ်ဖြစ်စွာဖြင့် ကြည့်နေခြင်းကိုပင်။