သားရဲငယ်လေး ဝင်ရောက်လာခြင်း
Vol. 7 Ch. 64
"......"
လူတစ်ယောက်နှင့် သားရဲတစ်ကောင်တို့၏ မျက်လုံးလေးလုံး ဆုံကြသော်လည်း စကားတစ်ခွန်းမှ မပြောဖြစ်ခဲ့ကြပေ။
ညဝိညာဉ်ကြောင်မြီးတိုလေး၏ မျက်လုံးထဲမှ မကျေမနပ်ဖြစ်နေသော အကြည့်ကိုမြင်လိုက်ရသောအခါ လုချင်းတစ်ယောက် တိတ်ဆိတ်သွားတော့၏။
ထိုသတ္တဝါငယ်လေး ထိုနေရာတွင် ပုန်းအောင်းနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပေ။
ပြီးတော့ သူ့ပုံစံကိုကြည့်ရသည်မှာ တစ်ညလုံးစောင့်ဆိုင်းနေခဲ့ပုံရသည်။
"ကောင်လေး၊ မင်း ဒီမှာ တစ်ညလုံးစောင့်နေခဲ့တာလား။"
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ လုချင်းက မေးလိုက်သည်။
ညဝိညာဉ်ကြောင်မြီးတိုလေးသည် မလှုပ်ရှားသော်လည်း သူ၏မျက်လုံးများသည် ပို၍ပင် သနားစရာကောင်းနေလေ၏။
"...... တောင်းပန်ပါတယ်ကွာ၊ ငါ ညက အလုပ်နည်းနည်းရှိနေလို့ အိမ်ကို ပြန်မလာနိုင်ခဲ့တာ။"
"......"
ညဝိညာဉ်ကြောင်မြီးတိုလေးသည် မလှုပ်ရှားသေးသော်လည်း သူ၏မျက်လုံးများတွင်တော့ မျက်ရည်လေးတွေဝဲတဲတဲဖြင့်ပင်။
မျက်ရည်ကျလုနီးပါးဖြစ်နေသော ညဝိညာဉ်ကြောင်မြီးတိုလေးကို မြင်လိုက်ရသောအခါ၌ လုချင်းသည် ထူးဆန်းစွာဖြင့် ကိုယ့်ကိုကုယ် အပြစ်ရှိသလိုတောင် ခံစားလိုက်ရ၏။
သူ မှတ်မိသလောက်ဆိုလျှင် ဤသတ္တဝါငယ်လေးသည် ကလေးငယ်တစ်ဦးသာ ဖြစ်နေသေးသည်။
ထို့အပြင် ၎င်းသည် သူ၏အကြွေးရှင်လည်း ဖြစ်နေသေးပါ၏။
နောက်ဆုံးတော့လည်း သူသည် ၎င်း၏ရာစုနှစ်သက်တမ်းရှိသော ဂျင်ဆင်းကို အလကားယူခဲ့သည်လေ။
လုချင်းက တုံ့ဆိုင်းစွာ မေးလိုက်သည်။ "မင်း ငါနဲ့အတူ အထဲကို ဝင်မလား။ မီးဖိုချောင်ထဲမှာ ငါးနည်းနည်းကျန်သေးတယ်။"
ထိုစကားကြောင့် သားရဲငယ်လေး၏မျက်လုံးများမှ မျက်ရည်လေးတွေဝဲတဲတဲဖြစ်နေခြင်း အနည်းငယ်လျော့ကျသွားသည်ကို မြင်လိုက်ရသည့်အခါ၌ လုချင်းသည် တံခါးကို ဖွင့်ကာ အထဲသို့ ဝင်သွားလိုက်တော့၏။
သူ ရှောင်ယန်ကို အခန်းသို့ သယ်ဆောင်သွားပြီး ပြန်ထွက်လာသောအခါ ညဝိညာဉ်ကြောင်မြီးတိုလေးသည် ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်ကာ သူ့ကိုကြည့်နေသည်ကို တွေ့လိုက်ရ၏။
လုချင်းက ပြုံးလိုက်ပြီး မီးဖိုချောင်သို့ သွားကာ ကျန်ရှိနေသောငါးအားလုံးကို သစ်သားဇလုံတစ်လုံးထဲသို့ လောင်းထည့်ပြီး သားရဲငယ်လေးရှေ့တွင် ချထားလိုက်သည်။
ငါးများဖြင့် ပြည့်လျှံနေသော ဇလုံကြီးကိုမြင်သောအခါ ညဝိညာဉ်ကြောင်မြီးတိုလေး၏မျက်လုံးများက အရောင်တောက်သွားတော့သည်။
ထို့နောက်တွင်တော့ ၎င်းသည် ချက်ချင်းပင် ခုန်ချကာ အငမ်းမရ စားသောက်တော့သည်။
ယခင်က မကျေမနပ်ဖြစ်နေခြင်းသည်ပင် ယခုတွင်တော့ အရိပ်အယောင်ပင်မကျန် ပျောက်ကွယ်သွားရှာလေပြီပင်။
ညဝိညာဉ်ကြောင်မြီးတိုလေး ပျော်ရွှင်စွာစားသောက်နေသည်ကို ကြည့်ရင်း လုချင်းမှာလည်း ပြုံးမိသည်။
စဉ်းစားကြည့်လျှင် ဤအကောင်ငယ်လေးသည် အတော်လေး ထူးခြားလှပေ၏။
တစ်ညလုံး ဗိုက်ဆာနေသော်လည်း ၎င်းသည် အိမ်ထဲသို့ ဖောက်မဝင်ဘဲ ခေါင်မိုးပေါ်တွင်သာ သူ့ကို တစ်ညလုံးစောင့်ဆိုင်းနေခဲ့သည်။
ဤလေးစားမှုသည် ၎င်းက သူ့ကို သူငယ်ချင်းတစ်ဦးအဖြစ် သတ်မှတ်ကြောင်း ဆိုလိုသည်မှာ အသိသာကြီးပင်။
သို့မဟုတ်လျှင် ၎င်း၏နှာခေါင်းဖြင့် မီးဖိုချောင်ထဲမှ ငါးကို အနံ့ခံပြီး မရှာဘဲ ဘယ်လိုလုပ်နေနိုင်မည်နည်း။
အကယ်၍ ၎င်းဖောက်ဝင်လိုပါက လွယ်ကူသောအလုပ်တစ်ခု ဖြစ်ပေလိမ့်မည်။
သားရဲငယ်လေး စိတ်တိုင်းကျ စားသောက်နေသည်ကိုမြင်သောအခါ လုချင်းသည် သူ့ကိုမနှောင့်ယှက်ဘဲ မနက်စာပြင်ဆင်ရန် မီးဖိုချောင်သို့သွားလိုက်သည်။
သူသည် ဆရာ့အိမ်တွင် သူ၏ဆရာနှင့် အခြားသူများအတွက် မနက်စာပြုလုပ်ခဲ့သော်လည်း သူကိုယ်တိုင်မှာမူ မစားရသေးပေ။
သူသည် ဆန်ပြုတ်အိုးတစ်လုံးကို တည်လိုက်ပြီး နုပ်နုပ်စဉ်းထားသောအသားအချို့ကို ထည့်ကာ ဖြည်းညှင်းစွာ တည်ထားလိုက်သည်။ ထို့နောက် လုချင်းသည် ရေချိုးရန် သွားလိုက်သည်။
လွန်ခဲ့သောနှစ်ရက်အတွင်း သူသည် ဆေးပြုတ်နေခဲ့ရပြီး ချွေးများစွာ ထွက်ခဲ့ကာ ဆေးဖော်စပ်သည့်အခန်းမှ မီးခိုးငွေ့များကြောင့် သူသည် စေးကပ်ပြီး မသက်မသာဖြစ်နေခဲ့ရသည်။
ရေချိုးပြီးနောက် လုချင်းသည် လန်းလန်းဆန်းဆန်းဖြင့် ထွက်လာခဲ့သောအခါ၌ ငါးစားပြီးတာတောင် ထိုနေရာတွင် ရှိနေဆဲဖြစ်သည့် ညဝိညာဉ်ကြောင်မြီးတိုလေးကို မြင်လိုက်ရ၍ အံ့အားသင့်သွားတော့သည်။
ချက်ချင်းထွက်ခွာမသွားဘဲ ၎င်းသည် ထိုင်ခုံပေါ်တွင်ထိုင်ကာ သူ၏လက်များကိုသုံးလျက် အေးဆေးစွာဖြင့် မျက်နှာသစ်နေလေ၏။
မြေပြင်ပေါ်ရှိ ငါးဇလုံမှာမူ အတော်အတန် ကျန်ရှိနေသေးပါသည်။
ထူးဆန်းလိုက်တာ
လုချင်းသည် အံ့ဩစွာဖြင့် ကျစ်စုတ်သတ်လိုက်မိ၏။
ဤသည်မှာ ညဝိညာဉ်ကြောင်မြီးတိုလေး ငါး ချန်ထားသည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
ယခင်က သူကျွေးသည့်အခါတိုင်း ၎င်းသည် ငါးအားလုံးကို အမြဲကုန်အောင်စားခဲ့သည်။
ဗိုက်ပြည့်လွန်းနေလျှင်ပင် ၎င်းသည် ငါးတစ်ကောင်မျှ ချန်ထားခဲ့မည်မဟုတ်ပေ။
ဤတစ်ကြိမ်တွင်တော့ သူသည် ပုံမှန်ထက် နှစ်ဆပိုများသောငါးကို ပေးခဲ့ရာ ၎င်းသည် နောက်ဆုံးတော့ ကုန်အောင်မစားနိုင်တော့ပေ။
သို့သော် ဤအချက်သည် လုချင်းကို အံ့အားသင့်စေဆဲဖြစ်သည်။
"ကောင်လေး၊ မင်း ဘယ်တော့ပြန်မှာလဲ။ ငါ ရှောင်ယန်ကို မနက်စာစားဖို့ နှိုးတော့မလို့။"
ညဝိညာဉ်ကြောင်မြီးတိုလေးမှာ သူမှလွဲ၍ အခြားသူများနှင့် အတူရှိနေရသည်ကို ကြိုက်ပုံမရကြောင်း လုချင်း သိသည်။
၎င်းသည် ရှောင်ယန်အိပ်ပျော်နေသည့် ညအချိန်တွင်သာ ငါးလာစားလေ့ရှိသည်။
သို့သော် အံ့အားသင့်စွာပင် ညဝိညာဉ်ကြောင်မြီးတိုလေးသည် သူ့စကားကို မကြားဟန်ဆောင်နေခဲ့လေ၏။
ထို့နောက်၌ ၎င်းသည် ထောင့်တစ်နေရာသို့ လျှောက်သွားပြီး ဗီရိုတစ်လုံးပေါ်သို့ ခုန်တက်ကာ ခွေခွေလေးအိပ်နေလိုက်၏။
လုချင်း - “......”
"ငါ တကယ်ပဲ ရှောင်ယန်ကို နှိုးတော့မှာနော်။"
သားရဲငယ်လေးသည် မလှုပ်ရှားသေးပေ။
ဒီကောင်လေးက ဘာလို့ ဒီနေ့ကျမှ ထူးထူးဆန်းဆန်းတွေ လုပ်နေရတာပါလိမ့်။
လုချင်းတစ်ယောက် စိတ်ရှုပ်ထွေးသွားသည်။
"...... မင်း နေချင်ရင်နေ၊ ဒါပေမဲ့ ရှောင်ယန် မင်းကို တွေ့ပြီး စိတ်လှုပ်ရှားသွားရင်တော့ မင်း သူ့ကို အနာတရရအောင် မလုပ်မိဖို့တော့ သတိထားပေး။"
လုချင်းက သူ့ကို သတိပေးပြီးနောက်၌ ရှောင်ယန်ကို နှိုးရန်သွားလိုက်သည်။
အိပ်ငိုက်နေသော ကလေးငယ်ကို မျက်နှာသစ်၊သွားတိုက်ရန် တိုက်တွန်းပြီးနောက် လုချင်းသည် သူပြင်ဆင်ထားသော ဆန်ပြုတ်ကို ယူဆောင်လာခဲ့သည်။
ရှောင်ယန်လေးမှာ အပြည့်အဝနိုးသေးခြင်းမရှိပေ။
သူမသည် ဆန်ပြုတ်ကို စိတ်မပါ့တပါဖြင့် သောက်နေပြီး သူမ၏မျက်လုံးများမှာလည်း အာရုံစူးစိုက်မှုမရှိဘဲ ရှေ့သို့ ငေးကြည့်နေသည်။
ထိုစ် တဖြည်းဖြည်းနှင့် သူမ၏မျက်လုံးများသည် အာရုံစူးစိုက်လာပြီး ပိုမိုကျယ်ပြန့်လာခဲ့လေ၏။
"ကိုကို၊ အဲ့ဒါဘာလဲဟင်။"
ရှောင်ယန်သည် ဗီရိုပေါ်ရှိ အနက်ရောင်ပုံရိပ်ကို ညွှန်ပြကာ လျင်မြန်စွာမေးလိုက်သည်။
"အဲ့ဒါလား။" လုချင်း မော့ကြည့်လိုက်ရာ သားရဲငယ်လေးသည် မလှုပ်မယှက်ရှိနေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။ "အဲ့ဒါက ညီမလေး အမြဲတွေ့ချင်ပေမဲ့ တစ်ခါမှမမြင်ဖူးတဲ့ ညဝိညာဉ်ကြောင်မြီးတိုလေးပဲ။"
"အဲ့ဒါ သားရဲငယ်လေးလား"
ဤအခိုက်တွင် ကလေးငယ်သည် သူမ၏ဆန်ပြုတ်ကိုတောင် ဆက်မသောက်နိုင်တော့ပေ။
သူမသည် ထိုင်ခုံပေါ်မှ ခုန်ချကာ ဗီရိုဆီသို့ ပြေးသွားပြီး မော့ကြည့်လိုက်သည်။
သို့သော် သူမသည် အရပ်ပုလွန်းသဖြင့် ဗီရိုထိပ်ရှိ ညဝိညာဉ်ကြောင်မြီးတိုလေးကို မမြင်နိုင်ခဲ့ပေ။
ဤအချက်သည် ရှောင်ယန်ကို စိတ်ညစ်သွားစေခဲ့သည်။
သူမသည် ခဏစဉ်းစားပြီးနောက် စားပွဲဆီသို့ပြန်ပြေးကာ ထိုင်ခုံတစ်လုံးကိုယူလာပြီး သားရဲငယ်လေးကိုကြည့်ရန် ၎င်းပေါ်တွင် ရပ်ဖို့ လုပ်လိုက်၏။
ထိုသည်ကို မြင်သောအခါ လုချင်းက သူမကို လျင်မြန်စွာတားလိုက်သည်။
"သူ့ကို မနှောင့်ယှက်နဲ့။ သတိထား၊ သူ ညီမလေးကို ကုတ်လိမ့်မယ်။"
ညဝိညာဉ်ကြောင်မြီးတိုလေးသည် ထိုစကားကို မနှစ်မြို့ပေ။
၎င်းသည် မတ်တပ်ရပ်ကာ ပျင်းရိစွာဖြင့် အကြောဆန့်လိုက်ပြီးနောက်၌ ရှောင်ယန်ကို ညင်သာစွာ ခေါ်လိုက်သည်။
ရှောင်ယန်ကလည်း ချက်ချင်းပင် ရွှင်လန်းသွားတော့၏။ "ကိုကို ကြည့် ကြည့်၊ သားရဲငယ်လေးက ညီမလေးကို မကုတ်ဘူးလို့ ပြောနေတယ်"
လုချင်း - “......”
သူ အဲ့ဒါကို မကြားလိုက်ဘူးလေ။
သို့သော် သူသည် သားရဲငယ်လေး၏ ရှောင်ယန်အပေါ်ထားရှိသော ရင်းနှီးမှုကို ခံစားနိုင်သည်။
စဉ်းစားကြည့်ပြီးနောက် သူသည် ရှောင်ယန်နှင့်၎င်းတို့၏ဆက်ဆံရေးကို မတားဆီးရန် ဆုံးဖြတ်လိုက်တော့သည်။
အချိန်ကြာလာသည်နှင့်အမျှ ညဝိညာဉ်ကြောင်မြီးတိုလေးမှာ အလွန်အသိဉာဏ်မြင့်မားပြီး လူကဲ့သို့ပင် ဖြစ်ကြောင်း လုချင်း သိရှိလာခဲ့သည်။
၎င်းသည် ရင်းနှီးစွာဆက်ဆံနေသောကြောင့် ရှောင်ယန်ကို စိတ်မဆိုးလောက်ပေ။
လုချင်းက ပြောလိုက်သည်။ "ကောင်းပြီလေ၊ ဒါဆိုရင်လည်း ညီမလေး သူ့နဲ့ သူငယ်ချင်းလုပ်လို့ရတယ်။"
သူသည် ထို့နောက် သားရဲငယ်လေးဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ကောင်လေး၊ ငါ့ညီမလေးကို အနိုင်မကျင့်နဲ့နော်။"
ထိုအခါ ညဝိညာဉ်ကြောင်မြီးတိုလေးသည် လုချင်းကို မထီမဲ့မြင်ကြည့်လိုက်ပြီး ဗီရိုပေါ်မှ ခုန်ချကာ ရှောင်ယန်ထံသို့ လျှောက်သွားလိုက်ပြီး သူမ၏လက်ကို သူ၏ခေါင်းဖြင့် ပွတ်သပ်လိုက်လေသည်။
ထို့နောက် ၎င်းက လုချင်းကို စိန်ခေါ်သကဲ့သို့ ကြည့်လိုက်သည်။
ရှောင်ယန်မှာတော့ အလွန်ဝမ်းမြောက်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။ "ကိုကို၊ သားရဲငယ်လေးက ညီမလေးနဲ့ သူငယ်ချင်းလုပ်ချင်တယ်တဲ့"
လုချင်းသည် ညဝိညာဉ်ကြောင်မြီးတိုလေး၏ ကြွားဝါသောမျက်နှာအမူအရာကို တွေ့မြင်ခဲ့ရသည်။
ကောင်းပြီလေ၊ ဒီကောင်လေးက ကြွားချင်နေတာပဲ။ ရှင်းရှင်းလင်းလင်းကြီးကိုပေါ့။
သို့သော် ကလေးငယ်နှစ်ဦး အဆင်ပြေနေသည်ကိုမြင်ရ၍ သူသည် စိတ်သက်သာရာရသွားသည်။
သူသည် စိတ်အေးလက်အေးဖြစ်သွားသဖြင့် ရှောင်ယန်ကို ပြုံးပြလိုက်သည်။ "ဒါဆိုရင် ညီမလေး သူ့ကို သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်အောင် လုပ်ရမယ်နော်။ သူက အရမ်းအားကောင်းတယ်၊ အဲ့ဒါကြောင့်မို့ သူ့ကို စိတ်မဆိုးအောင် မလုပ်နဲ့နော်။"
ရှောင်ယန်ကလည်း ပျော်ရွှင်စွာ ပြန်ဖြေလိုက်သည်။ "စိတ်မပူပါနဲ့ ကိုကို၊ ညီမလေး မလုပ်ပါဘူး"
ညဝိညာဉ်ကြောင်မြီးတိုလေးမှာတော့ လုချင်းက သူ့ကို ချီးကျူးနေသည်ကို ကြားလိုက်ရ၍ ကျေနပ်နေပုံရသည်။
ဒီခြေထောက်နှစ်ချောင်းသတ္တဝါက အမြင်ရှိသား ၊ သူ့ရဲ့ခွန်အားကို သတိထားမိသားပဲ။
"သားရဲငယ်လေး၊ သားရဲငယ်လေး၊ နင့်ကို ကိုင်ကြည့်လို့ရမလားဟင်......"
ထိုအချိန်မှစ၍ ကလေးငယ်နှစ်ဦး ရင်းနှီးဖို့ဖြစ်လာတော့သည်။
သူတို့အဆင်ပြေနေသည်ကို မြင်သောအခါ လုချင်းမှာလည်း ဝင်မစွက်ဖက်တော့ပေ။
ရှောင်ယန်သည် သူမ၏ဆန်ပြုတ်ကို ကုန်ခါနီးထိ သောက်ပြီးသွားသည်ကို သတိပြုမိသောအခါ သူသည် သန့်ရှင်းရေးလုပ်လိုက်ကာ မီးဖိုချောင်သို့ သွားလိုက်သည်။
သူ ပန်းကန်များဆေးပြီးသည်နှင့် ရှောင်ယန်လေးမှာ စိတ်လှုပ်ရှားစွာဖြင့် ပြေးဝင်လာခဲ့လေ၏။
"ကိုကို၊ ကိုကို၊ သားရဲငယ်လေးကို နာမည်ပေးကြရအောင်နော်။"