ရှောင်လီ
Vol. 7 Ch. 65
"နာမည်ပေးတာလား။"
လုချင်းသည် သူ၏လက်များကို သုတ်လိုက်သည်။
ရှောင်ယန်က အလေးအနက်ထားလျက် သူ၏လက်ချောင်းများနှင့် ရေတွက်ရင်း ပြောလိုက်သည်။ "ဟုတ်တယ်၊ သားရဲငယ်လေးက အခု ညီမလေးတို့ရဲ့သူငယ်ချင်းဖြစ်သွားပြီလေ။ ညီမလေးရဲ့သူငယ်ချင်းတွေအားလုံးမှာ နာမည်တွေရှိတယ်။ အကြီးမ၊ အလတ်မ၊ ကျားခေါင်းလေး၊ သူတို့အားလုံးမှာ ကိုယ်ပိုင်နာမည်တွေရှိကြတယ်လေ။ အဲ့ဒါကြောင့် သားရဲငယ်လေးမှာလည်း သူ့ကိုယ်ပိုင်နာမည်ရှိသင့်တယ်လေ ကိုကိုရဲ့။"
" 'သားရဲငယ်လေး' က မကောင်းဘူးလား။"
ကလေးငယ်က ခေါင်းခါလိုက်သည်။ " 'သားရဲငယ်လေး' က အသံထွက်မကောင်းဘူး၊ ပြီးတော့ တခြားတိရစ္ဆာန်အများကြီးကိုလည်း 'သားရဲငယ်လေး' လို့ခေါ်ကြတယ်။ အဲ့တာကြောင့်မို့ ညီမလေးတို့ နာမည်တစ်ခုလိုတယ်။"
လုချင်းသည် အကြီးမနှင့် အလတ်မကဲ့သို့သောနာမည်များသည်လည်း အလွန်အသုံးများကြောင်း ပြောချင်မိပါ၏။
သူသည် ခဏစဉ်းစားပြီးနောက် ညဝိညာဉ်ကြောင်မြီးတိုလေးက မီးဖိုချောင်ထဲသို့ အပြင်ဘက်ကနေ ချောင်းကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူက မေးလိုက်သည်။ "ကောင်လေး၊ မင်းလည်း နာမည်တစ်ခုလိုချင်နေတာလား။"
ထိုအခါ ညဝိညာဉ်ကြောင်မြီးတို၏မျက်လုံးများတွင် စဉ်းစားဟန်တစ်ခုပေါ်လာပြီး ခဏအကြာ၌ ခေါင်းညိတ်ပြလာလေသည်။
ရှောင်ယန်က ပျော်ရွှင်စွာ ပြောလိုက်သည်။ "ကိုကို ကြည့် ကြည့်၊ သားရဲငယ်လေးကလည်း သူ့ကိုယ်ပိုင်နာမည်လိုချင်တယ်တဲ့။"
"ဒါဆိုရင်လည်း သူ့ကို နာမည်ပေးကြတာပေါ့။"
ညဝိညာဉ်ကြောင်မြီးတိုကိုယ်တိုင်ကိုက နာမည်တစ်ခုလိုချင်သည်ကို တွေ့လိုက်ရသဖြင့် လုချင်းမှာလည်း ထပ်၍မငြင်းတော့ပေ။
သို့သော် မည်သည့်နာမည်က ကောင်းမည်နည်း။
လုချင်းသည် ခဏစဉ်းစားပြီးနောက် ရုတ်တရက် အကြံတစ်ခုရသွားသည်။
"ရှောင်လီ ဆိုရင်ရော။"
ရှောင်ယန်က ခေါင်းစောင်းလိုက်သည်။ "ရှောင်လီ ဟုတ်လား။"
ညဝိညာဉ်ကြောင်မြီးတိုသည်လည်း စိတ်ရှုပ်ထွေးနေပုံရသည်။
ရှင်းလင်းစွာပင် ကလေးငယ်နှစ်ဦးစလုံးသည် နာမည်၏အဓိပ္ပာယ်ကို နားမလည်ကြပေ။
"ဟုတ်တယ်၊ သားရဲငယ်လေးက ကြောင်မြီးတိုလို့ခေါ်တဲ့ တိရစ္ဆာန်တစ်ကောင်နဲ့ အရမ်းတူတယ်၊ ဒါကြောင့် သူ့ကို ရှောင်လီလို့ ကိုကိုတို့က ခေါ်ကြတာလေ။ ပြီးတော့ 'လီ' ဆိုတဲ့စာလုံးကို မီးဒြပ်စင်က ပိုင်စိုးတာလေ။ သူ့ရဲ့အမွေးကို ကြည့်စမ်း၊ တောက်လောင်နေတဲ့ အနက်ရောင်မီးတောက်တွေနဲ့ မတူဘူးလား။"
လုချင်းရှင်းပြရင်း မီးသွေးတစ်တုံးကို ယူကာ 'လီ' ဆိုသောစာလုံးကို ရေးပြလိုက်သည်။
ဤကာလအတွင်း သေချာသင်ယူပြီးနောက် သူသည် ဤကမ္ဘာမှ စာလုံးများကို အခြေခံအားဖြင့် ကျွမ်းကျင်နေပြီဖြစ်သည်။
ရှောင်ယန်သည် နားမလည်နိုင်သော်လည်း ညဝိညာဉ်ကြောင်မြီးတိုမှာတော့ လုချင်း၏ရှင်းပြချက်ကို ကြားလိုက်သောအခါ၌ 'ရှောင်လီ' ဆိုသောနာမည်သည် အလွန်ခမ်းနားသည်ဟု ခံစားလိုက်ရသည်။
ထို့နောက်၌ ၎င်းသည် လုချင်းကို တောက်ပသောမျက်လုံးများဖြင့် စိုက်ကြည့်လာလေ၏။
လုချင်းမှာလည်း သူ၏မျက်နှာအမူအရာကိုမြင်ပြီး ချက်ချင်းနားလည်သွားသည်။ "မင်း ဒီနာမည်ကို ကြိုက်တယ်မလား။ ဒါဆိုရင် ဒီနေ့ကစပြီး မင်းကို ရှောင်လီလို့ခေါ်မယ်။ မျိုးရိုးနာမည်အတွက်ကတော့ မင်း ကြိုက်သလိုရွေးချယ်လို့ရတယ်။ မျိုးရိုးနာမည်လိုချင်ရင် ငါတို့မျိုးရိုးနာမည်ကို ယူလိုက်လေ။ အဲ့လိုဆို လုလီ ဒါမှမဟုတ် လုရှောင်လီလို့ ခေါ်လို့ရတယ်။"
ရှောင်ယန်သည် အလွန်ပျော်ရွှင်သွားသည်။ "ကောင်းလိုက်တာ၊ သားရဲငယ်လေး၊ နင့်မှာ နာမည်ရှိသွားပြီ။ နင်က ရှောင်လီ၊ ငါက ရှောင်ယန်၊ ငါတို့နာမည်တွေက အရမ်းဆင်တူတာပဲနော်။"
ညဝိညာဉ်ကြောင်မြီးတိုလေး၏မျက်လုံးများသည်လည်း စိတ်လှုပ်ရှားမှုဖြင့် အရောင်တောက်နေလေသည်။
နာမည်တစ်ခုရရှိသွားသောကြောင့် အနက်ရောင်သားရဲ၏ လုမိသားစုတွင် နေထိုင်ခြင်းမှာလည်း ပို၍ပင် သဘာဝကျလာတော့သည်။
ထို့နောက်၌ ၎င်းသည် ရှောင်ယန်နှင့်အတူ အိမ်ပတ်လည်တွင် စတင်ကစားတော့သည်။
ဟုတ်ပါ၏၊ ကစားသည်ဆိုသည်မှာ အဓိကအားဖြင့်တော့ ရှောင်လီက ရှောင်ယန်ကို စနောက်ခြင်းပင်ဖြစ်သည်။ သို့မဟုတ်လျှင် ၎င်း၏အမြန်နှုန်းဖြင့်ဆိုလျှင် ရှောင်ယန်အယောက်တစ်ရာရှိလျှင်တောင်မှ သူ့ကို ဖမ်းနိုင်မည်မဟုတ်ပေ။
"ဒါနဲ့ ရှောင်လီ၊ မင်းကို မေးခွန်းတစ်ခုမေးစရာရှိတယ်။"
ညဝိညာဉ်ကြောင်မြီးတိုလေး ပျော်ရွှင်စွာကစားနေသည်ကိုမြင်သောအခါ လုချင်းသည် ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။
ရှောင်လီသည် ရပ်တန့်ကာ လုချင်းကို ကြည့်လိုက်သည်။
"မနေ့က တောထဲမှာ တစ်ယောက်ယောက်က မင်းကို လိုက်ဖမ်းသေးလား။"
လုချင်းသည် ပြီးခဲ့သည့်ညက ဝေ့မိသားစု၏အစောင့်များထံမှ ကြားခဲ့သောစကားဝိုင်းကို ပြန်လည်သတိရသွားသည်။
သူတို့၏သခင်လေးသည် တောထဲတွင် ထူးဆန်းသောအနက်ရောင်သားရဲတစ်ကောင်ကို လိုက်ဖမ်းရင်း ချောက်ကမ်းပါးထဲသို့ ပြုတ်ကျသွားသည်ဟု အစောင့်များက ပြောခဲ့သည်။
လုချင်းမှာ ထိုအချိန်တုံးက ယင်းသားရဲသည် ရှောင်လီဖြစ်နိုင်သည်ဟု သံသယဝင်ခဲ့မိပါ၏။ ယခုသည် ထိုအကြောင်းအား မေးဖို့ရန်အတွက် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။
ရှောင်လီသည် ခေါင်းစောင်းကာ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။
"မင်းကို လူခြောက်ယောက်၊ ခုနစ်ယောက်လောက် လိုက်ဖမ်းနေခဲ့တာလား၊ သူတို့ထဲကတစ်ယောက်က ငါ့အရွယ်လောက် ရှိလား။"
ရှောင်လီသည် ထပ်မံ၍ခေါင်းညိတ်လိုက်ပြန်သည်။
လုချင်းသည် ချွေးများပင်ပြန်လာတော့၏။
ဒီတော့ တကယ်ကြီး အဲ့ကောင်ပေါ့။
သူ၏မျက်နှာအမူအရာသည် ရုတ်ချည်းပင် တည်ကြည်သွားသည်။ "ရှောင်လီ၊ လောလောဆယ် အိမ်ထဲမှာပဲ နေ၊ အပြင်မထွက်နဲ့။ တစ်ယောက်ယောက်လာရင် ပုန်းစရာနေရာရှာ။ ဘယ်သူမှ မင်းကို မမြင်စေနဲ့၊ နားလည်လား။"
ရှောင်လီကလည်း ခေါင်းညိတ်လိုက်သည်။
သူကိုယ်တိုင်ကလည်း အခြားသူများတွေနဲ့ တွေ့ရတာကို ကြိုက်မှမကြိုက်ဘဲ။
ထို့နောက် လုချင်းသည် သူ၏ညီမဘက်သို့လှည့်ကာ သတိပေးလိုက်သည်။ "ရှောင်ယန်၊ အပြင်မှာ ရှောင်လီ ကိုကိုတို့အိမ်မှာရှိတဲ့အကြောင်းကို မပြောရဘူးနော်။ ညီမလေးရဲ့သူငယ်ချင်းတွေကိုတောင် မပြောရဘူး ဟုတ်ပြီလား။ မဟုတ်ရင် ရှောင်လီ အဖမ်းခံရလိမ့်မယ်။ အဲ့လိုဆို ညီမလေး သူ့ကို ပြန်တွေ့ရတော့မှာမဟုတ်ဘူးနော်၊ နားလည်လား။"
ကလေးငယ်လေးသည် ရှောင်လီကို နောက်တစ်ခါမတွေ့ရတော့မည်ကို တွေးမိ၍ မျက်နှာတင်းမာသွားပြီး အလေးအနက်ထားကာ ပြန်ဖြေလိုက်သည်။ "ရှောင်ယန် သိပါတယ် ကိုကို။ ညီမလေး ဘယ်သူ့ကိုမှ ရှောင်လီအကြောင်း မပြောပါဘူး"
သူမသည် ရှောင်လီနှင့် သူငယ်ချင်းဖြစ်ခါစသာရှိသေးပြီး သူမသူငယ်ချင်းအသစ်လေးကို မဆုံးရှုံးချင်ပေ။
ရှောင်ယန် ကတိပေးလာသည်ကို မြင်သောအခါ လုချင်းသည် အနည်းငယ်တော့ စိတ်အေးသွားသည်။
သူသည် သူ့ညီမ၏ အပြောအဆိုနှင့်အပြုအမူတို့အား ဆင်ခြင်စွာလုပ်တတ်ပုံကို ယုံကြည်သည်။ ကုန်ကုန်ပြောရလျှင် သူမသည် သူညွှန်ကြားခဲ့သည့်အတိုင်း မိသားစု၏ငွေအကြောင်းကို မည်သူ့ကိုမျှ မပြောခဲ့ဖူးပေ။
လုချင်းသည် အလွန်အမင်းသတိထားနေခြင်းမဟုတ်။
သခင်လေးဝေ့သည် ချောက်ကမ်းပါးထဲသို့ ကိုယ်တိုင်ပြုတ်ကျခဲ့သော်လည်း ၎င်းသည် ရှောင်လီနှင့် ဆက်စပ်နေဆဲဖြစ်သည်။
သခင်လေးသည် သေလုနီးပါးဖြစ်ခဲ့သည်။ သူ ပြန်ကောင်းလာလျှင်ပင် ကျန်းမာရေး ပြန်လည်ကောင်းဖို့အတွက် အဖိုးတန်ဆေးများစွာ လိုအပ်ပေလိမ့်ဦးမည်ပင်။
ဤသို့သောဘေးအန္တရာယ်တစ်ခုကြုံပြီးနောက်၌ သူသည် ရှောင်လီကို အပြစ်မတင်ဖူးဆိုတာ မည်သူကများ ပြောနိုင်မည်နည်း။
အကယ်၍ သူသာ ရှောင်လီကို မြင်ပါက လက်စားချေလိုစိတ်ဖြင့် သူ့ကို ဖမ်းရန် အတင်းအကျပ် လုပ်ပေလိမ့်မည်။
လုချင်းသည် ထိုကောင်လေး၏စရိုက်က သိပ်မကောင်းကြောင်း အမှတ်ရလိုက်၏။
ရှောင်လီသည် ဝိညာဉ်သားရဲတစ်ကောင်ဖြစ်တာကြောင့် ကိုယ်တွင်းအင်္ဂါအဆင့်နှင့် ယှဉ်တိုက်နိုင်သော်လည်း ဝေ့မိသားစု၏အစောင့်များကိုတော့ ယှဉ်နိုင်လိမ့်မည်ဟု လုချင်း မထင်ပေ။
လူသားတို့၏တိုက်ခိုက်ရေးနည်းဗျူဟာများသည် အလွန်များပြားလှသည့်အပြင် ကောက်ကျစ်စဉ်းလဲလွန်းလှသဖြင့် ရိုးရှင်းသောသားရဲတစ်ကောင် နားလည်နိုင်သည့်အရာမဟုတ်နေပေ။
ပြောစရာမလိုအောင်ပင် ဝေ့မိသားစု၏အကြီးအကဲအိမ်တော်ထိန်းသည်လည်း ကိုယ်တွင်းအင်္ဂါအဆင့်ရှိသော သန်မာသည့်သိုင်းသမားတစ်ဦးဖြစ်သည်။
သေချာစဉ်းစားကြည့်လျှင် ရှောင်လီသည် လောလောဆယ်တော့ ပုန်းအောင်းနေပြီး ဝေ့မိသားစုကို ရှောင်ရှားနေသင့်သည်။
လုချင်းမှာ ရှောင်လီအား ဝေ့မိသားစုထွက်ခွာသွားသည်အထိ တောနက်ကြီးထဲတွင် ပုန်းအောင်းနေစေချင်တာပင်။
သို့သော် ရှောင်လီက ငါးတစ်ကောင်အတွက်နှင့် တစ်ညလုံး အိမ်ခေါင်မိုးအောက်တွင် နေခဲ့သည်ကို လုချင်း မြင်ခဲ့ရသဖြင့် ဤနေရာကို သူ၏နယ်မြေအဖြစ် သတ်မှတ်ပြီးဖြစ်ကြောင်း လုချင်း သိလိုက်ပါ၏။
ထို့ကြောင့် ၎င်းကို ထွက်ခွာဖို့ တောင်းဆိုခြင်းမှာ လွယ်ကူမည်တော့မဟုတ်ပေ။
အကယ်၍ ၎င်းသည် ငါး၏သွေးဆောင်မှုကို မတွန်းလှန်နိုင်ဘဲ ပြန်၍ခိုးဝင်လာပါက အန္တရာယ်က ပို၍ပင် ကြီးမားလာပေလိမ့်မည်။
၎င်းကို အိမ်တွင် ပုန်းအောင်းစေပြီး ဤကာလကို ကျော်လွှားစေခြင်းက ပိုကောင်းပေသည်။
နောက်ရက်များတွင်တော့ လုချင်းသည် ရှောင်လီတွင် မိဘများမရှိကြောင်း သိရှိခဲ့ရသည်။
၎င်းသည် တောတောင်များထဲတွင် တစ်ကောင်တည်းသော ညဝိညာဉ်ကြောင်မြီးတိုပင်ဖြစ်သည်။
၎င်းသည် တောင်တောင်များထဲသို့ မည်သို့ရောက်ရှိလာသည်ကိုပင် မသိ၊ ၎င်း သတိရလာသောအခါ၌ တောတောင်ထဲရှိတခြားနေရာဒေသတွင် နေထိုင်ခဲ့ဖူးကြောင်းကိုသာ အမှတ်ရပါ၏။ ၎င်းမှာ ယခုလက်ရှိ သူနေသောနေရာတွင် မနေခဲ့ဖူးကြောင်းကိုတော့ သိသည်။
၎င်းမှာ မကြာသေးမီကမှ ကျိုးလီရွာနောက်ဘက်ရှိ တောင်များသို့ ရောက်ရှိလာခဲ့သည်။
ထိုသည်ကို သိလိုက်ရသောအခါ လုချင်းသည် စိတ်သက်သာရာရသွားသည်။ သူသည် တရားမျှတမှုကို ရှာဖွေရန် ရောက်ရှိလာမည့် ညဝိညာဉ်ကြောင်မြီးတိုလေး၏ မိဘနှစ်ပါးကို စိုးရိမ်စရာမလိုတော့ပေ။
ဤသို့ဖြင့် ရှောင်လီသည် လုချင်း၏အိမ်သို့ တရားဝင်ပြောင်းရွှေ့လာခဲ့တော့သည်။
သခင်လေးဝေ့၏အခြေအနေ တည်ငြိမ်သွားသောကြောင့် လုချင်းသည် ဆရာ့အိမ်တွင် အမြဲနေထိုင်ရန် မလိုအပ်တော့ပေ။
ထို့ကြောင့် သူ၏ဘဝသည်လည်း ယခင်ကလုပ်ခဲ့သည့် ပုံမှန်လုပ်ငန်းစဉ်ဆီက်သို့ ပြန်လည်ရောက်ရှိသွားတော့သည်။
နံနက်တိုင်း သူသည် ဆရာ့အိမ်သို့ သွားကာ သူ၏ဆရာကို နှုတ်ဆက်လိုက်ပြီးနောက်၌ ဆေးပညာလေ့လာသည်။ နံနက်ခင်းပြီးနောက် ကျန်အချိန်များကိုတော့ သူ့အတွက်သူ အသုံးပြုနိုင်ပါ၏။
ထိုအချိန်များတွင် သူသည် ငါးဖမ်းလို့လည်း ရသလို ၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးတာလည်း လုပ်လို့ရပါ၏။ သိုင်းပညာပါ လေ့ကျင့်လို့ရသေးသည်ပင်။
ရှောင်လီအတွက်မူ ဤရက်များသည် သံသယဖြစ်စရာတောင်မလို ၊ ပျော်ရွှင်စရာအတိပင်။
၎င်းသည် လုချင်းဖမ်းမိသော အလတ်ဆတ်ဆုံးငါးကို နေ့စဉ် ရရှိနေကာ စားရသည့်အရသာမှာလည်း နှိုင်းယှဉ်၍ပင်မရနိုင်သော အရသာကောင်းတစ်ခုပင် ဖြစ်သည်။
စားပြီးနောက် ရှောင်ယန်က သူ့ကို နှိပ်နယ်ပေးပြီး ကုတ်ပေးသည်။
ဤဘဝသည် တောတောင်များထဲတွင် နေထိုင်ခဲ့သောနေ့ရက်များထက်တောင်မှ များစွာပို၍သက်တောင့်သက်သာရှိလှပါ၏။
ရှောင်လီသည် ထွက်ခွာသွားချင်စိတ်မရှိတော့ဘဲ ဤအိမ်တွင်သာ ထာဝရနေထိုင်ချင်သွားလေသည်။
ရက်များစွာကုန်လွန်သွားပြီးနောက်၌ လုချင်း၏ ရှောင်လီ ဖော်ထုတ်ခံရမည်ကို စိုးရိမ်မှုမှာလည်း ဘယ်တော့မှ အမှန်တကယ်ဖြစ်မလာခဲ့ပေ။
သခင်လေးဝေ့၏အခြေအနေကတော့ သမားတော်ကြီး၏စောင့်ရှောက်မှုအောက်တွင် သိသိသာသာကို တိုးတက်လာခဲ့ပါ၏။
နောက်ဆုံးတွင် သခင်လေးဝေ့ နိုးထလာခဲ့ကာ ခုနစ်ရက်မြောက်နေ့တွင်တော့ သူသည် အိပ်ရာမှပင် ထကာ လမ်းပင်လျှောက်နိုင်ခဲ့နေခဲ့ပြီပင်ဖြစ်သည်။
ယင်းမှာ သူသည် ခရီးဒဏ်ကို ခံနိုင်ပြီဖြစ်သဖြင့် ဝေ့မိသားစုသို့ ပြန်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဆိုလိုပါ၏။