ရက်ရောသော ကျေးဇူးတရား
Vol. 7 Ch. 66
"ပြီးခဲ့တဲ့ရက်တွေအတွင်း ခင်ဗျားရဲ့စောင့်ရှောက်မှုတွေအတွက် ကျေးဇူးတင်ပါတယ်ဗျာ သမားတော်ကြီးချန်။"
သမားတော်ကြီးအိမ်တွင် သခင်လေးဝေ့သည် သူ့မိသားစုအစေခံများ၏အကူအညီဖြင့် သမားတော်ကြီးကို အနည်းငယ်ဦးညွှတ်လိုက်ကာ ကျေးဇူးတင်စကားဆိုလိုက်သည်။
သမားတော်ကြီးက အကြံပြုလိုက်သည်။ "သခင်လေး ဒီလောက်ယဉ်ကျေးစရာမလိုပါဘူး။ ပြန်သွားရင် ကောင်းကောင်းအနားယူပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ သတိရပါ။"
သခင်လေးဝေ့က ပြန်ဖြေလိုက်သည်။ "ကျွန်တော် မှတ်ထားပါ့မယ်။"
ကျေးဇူးတင်စကားကို ပြောပြီးနောက် သခင်လေးဝေ့ကို အစေခံများက ဝေါယာဉ်တစ်စီးထဲသို့ ဂရုတစိုက်ကူညီခေါ်ဆောင်သွားသည်။ သူ၏ဒဏ်ရာများသည် အပြည့်အဝအနာမကျက်သေးပါချေ။ သူ၏ခန္ဓာကိုယ်မှာလည်း အားနည်းနေဆဲဖြစ်သဖြင့် သူသည် လေစိမ်းတိုက်ခံရခြင်းကို ရှောင်ရှားရန် လိုအပ်သည်။ အပြန်လမ်းတွင် သူသည် သူ့အခြေအနေပိုမဆိုးရွားစေရန် လေလုံသောဝေါယာဉ်ဖြင့်သာ ခရီးသွားနိုင်ပါ၏။
အနီးအနားတွင် ရပ်နေသော ဝေ့မိသားစု၏အကြီးအကဲအိမ်တော်ထိန်းသည် ထိုမြင်ကွင်းကို ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။ ဤရက်များအတွင်း ဤကဲ့သို့သောသေလုမျောပါးအဖြစ်အပျက်ဖြစ်ပြီးနောက်၌ သခင်လေးသည် ယခင်ကထက်ပင် ပို၍တည်ငြိမ်လာပြီး ဆိုးသွမ်းမှုလည်း နည်းလာသည်ကို သူ သတိပြုမိပါ၏။ ယခင်ကဆိုလျှင် သူ့သခင်လေးအား သမားတော်တစ်ဦးကို ကျေးဇူးတင်စကားပြောခိုင်းဖို့ဆိုသည်မှာ ခက်ခဲလှသည့်ကိစ္စရပ်တစ်ခုပင်။ ဤတစ်ခေါက်ကိစ္စမှာ သူ့အသက်ပင် ဆုံးရှုံးရခါနီးဖြစ်ခဲ့သော်ငြား သူ့ကို ပိုကောင်းသည့် လူတစ်ယောက်ဖြစ်အောင်ပြောင်းလဲစေနိုင်ပါက ကံဆိုးမှုကြားက ကံကောင်းခြင်းတစ်ခုဖြစ်နိုင်ပေသည်။
သခင်လေးကို ဝေါယာဉ်တွင် နေရာချပေးပြီးသည်နှင့် အကြီးအကဲအိမ်တော်ထိန်းသည် ရှေ့သို့ တိုးလိုက်သည်။
"သမားတော်ကြီးချန်၊ သမားတော်ကြီးရဲ့ဩချစရာ ကျွမ်းကျင်မှုတွေကြောင့်သာ ကျွန်တော်တို့သခင်လေး အခုလိုမျိုး သတိပြန်ရလာတာပါဗျာ။ ဘာနောက်ဆက်တွဲရောဂါမှ မရှိဘဲ ဒီလောက်ကောင်းကောင်း ပြန်သက်သာလာတာကလည်း သမားတော်ကြီးကြောင့်ပါ။ ဒီအတွက် ကျွန်တော်တို့ဝေ့မိသားစုတစ်ခုလုံးက အရမ်းကိုကျေးဇူးတင်ပါတယ်ဗျာ။"
"ပြီးခဲ့တဲ့ရက်တွေအတွင်း ကျွန်တော်တို့သခင်လေးကို စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းဖော်ပြဖို့ ကျွန်တော်တို့တွေ လက်ဆောင်သေးသေးလေးတွေ ပြင်ဆင်ထားပါတယ်ဗျ။"
ထိုသို့ပြောရင်း အကြီးအကဲအိမ်တော်ထိန်းက လက်ဝှေ့ယမ်းလိုက်ရာ အစောင့်နှစ်ဦးသည် သေတ္တာကြီးတစ်လုံးကို ယူဆောင်လာပြီး အခြားနှစ်ဦးကတော့ သေတ္တာငယ်များနှင့် ဘူးများကို သယ်ဆောင်လာကြသည်။ အကြီးအကဲအိမ်တော်ထိန်းသည် အစောင့်တစ်ဦးထံမှ ဘူးငယ်တစ်ဘူးကို ယူပြီး ဖွင့်လိုက်ရာ တောက်ပနေသောရွှေတုံးအစီအတန်းများကို တွေ့မြင်လိုက်ရသည်။ သေတ္တာကြီးကို ဖွင့်လိုက်သောအခါ၌ မျက်စိကျိန်းလောက်စရာကောင်းသည်အထိ တောက်ပနေသောငွေတုံးများကို တွေ့လိုက်ရသည်။
"သမားတော်ကြီးချန်၊ ဒီမှာ ငွေသားတစ်သောင်းနဲ့ ရွှေသားတစ်ထောင်ရှိပါတယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါ။"
သမားတော်ကြီးသည် သေတ္တာများထဲမှ ရွှေနှင့်ငွေကို ကြည့်ရင်း သူ၏မျက်နှာအမူအရာမှာ တည်ငြိမ်နေခဲ့ပါ၏။ သူက သက်ပြင်းချလိုက်သည်။ "ခင်ဗျားတို့မိသားစုက သိပ်ရက်ရောတာပဲ။ သမားတော်တစ်ယောက်အနေနဲ့ ကျွန်တော်က ကျွန်တော့်ရဲ့တာဝန်ကို လုပ်ခဲ့ရုံပါဗျာ။ ဒီလိုမျိုးလက်ဆောင်အကြီးကြီးတွေကို ကျွန်တော် လက်မခံနိုင်ပါဘူး။"
"သမားတော်ကြီးချန်၊ သမားတော်ကြီးကတော့ သိပ်နှိမ့်ချတတ်တာပဲ။ ကျွန်တော်တို့သခင်လေးက ကျွန်တော်တို့အတွက် အလွန်အရေးကြီးပါတယ်၊ အထူးသဖြင့် အိမ်တော်သခင်မအတွက်ပေါ့။ ခင်ဗျားရဲ့ကုသမှုက သခင်မရဲ့အသက်ကိုပါ ကယ်တင်ခဲ့တာပါ။ ဒီရွှေနဲ့ ငွေလက်ဆောင်သေးသေးလေးတွေက ကျွန်တော်တို့တွေရဲ့ကျေးဇူးတင်မှုရဲ့ အစိတ်အပိုင်းတစ်ခုလောက်ပဲ ရှိပါသေးတယ်။"
"ဒါတွေအပြင်ကိုမှ ကျွန်တော်တို့သခင်မက အထူးပြင်ဆင်ပေးလိုက်တဲ့ နောက်ထပ်လက်ဆောင်တစ်ခုလည်း သမားတော်ကြီးအတွက် ရှိပါသေးတယ်။"
ထို့နောက် အကြီးအကဲအိမ်တော်ထိန်းသည် အခြားဘူးတစ်ဘူးကို ဖွင့်ကာ စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။
"ဒါက ကျွန်တော်တို့သခင်မက သမားတော်ကြီးအတွက် အထူးမှာကြားပြီး ယူသွားခိုင်းလိုက်တဲ့ 'ဆေးဖက်ဝင်ပစ္စည်းများစွယ်စုံကျမ်း' ပါပဲ။"
သမားတော်ကြီးသည် ထပ်မံငြင်းဆန်ရန်အပြုတွင် ရုတ်တရက် အံ့အားသင့်သွားသည်။ "ဘာ။ 'ဆေးဖက်ဝင်ပစ္စည်းများစွယ်စုံကျမ်း' ဟုတ်လား။"
"ဒဏ္ဍာရီလာ ဆေးပညာသူတော်စင်ကြီး ရေးခဲ့တဲ့ စာအုပ်လား။"
အကြီးအကဲအိမ်တော်ထိန်းက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါတယ်၊ ဆေးပညာသူတော်စင်ရဲ့ တစ်သက်တာလုပ်ဆောင်ချက်တွေပါဝင်တဲ့ စာအုပ်ပါဗျ။"
ဤတစ်ကြိမ်တွင်တော့ သမားတော်ကြီး၏ငြင်းဆန်မှုသည် သူ၏လည်ချောင်းထဲတွင် ဆို့နင့်သွားတော့၏။ 'ဆေးဖက်ဝင်ပစ္စည်းများစွယ်စုံကျမ်း' သည် ဆေးပညာနယ်ပယ်တွင် ကိုယ့်ကိုကိုယ် နစ်မြုတ်ထားသည့် မည်သည့်သမားတော်အတွက်မဆို မတွန်းလှန်နိုင်သော ဆွဲဆောင်မှုတစ်ခုဖြစ်သည်။ သူသည် ဤစာအုပ်ကို အချိန်အကြာကြီး သဘောကျနှစ်ခြိုက်နေခဲ့သော်လည်း တစ်ခါမှမြင်ဖူးခွင့်မရခဲ့ပေ။ ၎င်းကို ပိုင်ဆိုင်သောမိသားစုများသည် ၎င်းအား အမြတ်တနိုးတန်ဖိုးထားရသည့် ဘိုးဘွားပိုင်ပစ္စည်းအဖြစ် သတ်မှတ်ကြကာ အပြင်လူများကိုတောင် ထုတ်ပြတာ ရှားပါ၏။ ယခုတွင်တော့ ဝေ့မိသားစုက ၎င်းကို သူ့အား ပေးနေသည်ကို ကြားလိုက်ရသဖြင့် သမားတော်ကြီး၏နှလုံးသားသည် လှုပ်ခတ်သွားရတော့လေသည်။
သမားတော်ကြီး၏တုံ့ဆိုင်းနေပုံကို မြင်ရ၍ အကြီးအကဲအိမ်တော်ထိန်းက နွေးထွေးစွာပြုံးလိုက်သည်။ "သမားတော်ကြီးချန်၊ ဒီလောက်စိုးရိမ်စရာမလိုပါဘူး။ ဒီ 'ဆေးဖက်ဝင်ပစ္စည်းများစွယ်စုံကျမ်း' က သမားတော်ကြီးလို ကြင်နာတတ်တဲ့သမားတော်တစ်ယောက်ရဲ့လက်ထဲမှာ ရှိမှ သူ့ရဲ့တန်ဖိုးအစစ်အမှန်ကလည်း တကယ်အသုံးဝင်လာမှာပေါ့။”
"လူနာတွေကို ဆေးကုပြီး အသက်တွေကို ကယ်ဖို့က သမားတော်တွေအားလုံးရဲ့ရည်မှန်းချက်ပဲ။ မရေမတွက်နိုင်တဲ့အသက်တွေကို ကယ်ဖို့အတွက် သမားတော်တွေရဲ့ကျွမ်းကျင်မှုကို တိုးတက်စေဖို့ မျှော်လင့်ချက်နဲ့ ဆေးပညာသူတော်စင်က ဒီစာအုပ်ကို ရေးခဲ့တယ်ဆိုတာ သေချာပါတယ်။"
"သမားတော်ကြီးရဲ့ဆေးပညာကျွမ်းကျင်မှုနဲ့ဆိုရင် ဒီစာအုပ်က သမားတော်ကြီးကို ပိုပြီး တိုးတက်အောင်လို့ ကူညီပေးနိုင်မှာပါ။ ဒီလိုဆို လူနာတွေအတွက်လည်း အများကြီး ပိုပြီး အကျိုးရှိလိမ့်မယ်လေ။"
ထိုစကားကိုကြားလိုက်သောအခါ၌ သမားတော်ကြီးချန်၏စိတ်သည် ရှင်းလင်းသွားတော့သည်။ သူက ပြုံးလျက် စာအုပ်ကို လက်ခံလိုက်သည်။ "ခင်ဗျားပြောတာမှန်တယ်။ ကြည့်ရတာ ကျွန်တော်အတွေးတိမ်သွားတယ်ထင်ပါရဲ့။"
အနီးအနားတွင်ရပ်နေသော လုချင်းကတော့ ထိုမြင်ကွင်းကို လေးစားစွာကြည့်နေသည်။ ဝေ့မိသားစု၏အကြီးအကဲအိမ်တော်ထိန်းသည် အမှန်ပင် အထင်ကြီးစရာကောင်းလှပေ၏။ စကားအနည်းငယ်ဖြင့်ပင် အကြီးအကဲအိမ်တော်ထိန်းသည် သူ့ဆရာကို လက်ဆောင်အား လက်ခံရန် စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။
'ဆေးဖက်ဝင်ပစ္စည်းများစွယ်စုံကျမ်း' ကို ပေးပြီးနောက်၌ အကြီးအကဲအိမ်တော်ထိန်းသည် သူ၏အာရုံကို လုချင်းဘက်သို့ လှည့်လာတော့၏။
"သခင်လေးလုနဲ့ မမလေးရှောင်ယန်အတွက်လည်း ကျွန်တော်တို့သခင်မက လက်ဆောင်သေးသေးလေးတစ်ခု ပြင်ဆင်ပေးလိုက်ပါတယ်ဗျ။"
လုချင်းက အံ့အားသင့်သွားသည်။ "ကျွန်တော်တို့အတွက်လည်း လက်ဆောင်ရှိတယ်တဲ့လား။"
"ဒါပေါ့။ ကျွန်တော်တို့သခင်လေးကို ဒီကိုစစခေါ်လာတုန်းက သခင်လေးလုကပဲ ဆေးဖော်စပ်တဲ့အခန်းထဲမှာ နေ့ရောညရော မမောနိုင်မပန်းနိုင် ဆေးတွေပြုတ်ပေးနေခဲ့တယ်လို့ ကျွန်တော်ကြားပါတယ်။ ဒီကျေးဇူးကို ကျွန်တော်တို့ဝေ့မိသားစုက မျက်ကွယ်မပြုနိုင်ပါဘူးဗျ။"
ထို့နောက် အကြီးအကဲအိမ်တော်ထိန်းက အခြားဘူးတစ်ဘူးကိုဖွင့်လိုက်သည်။
"သခင်လေးလုက ဆေးဝါးဗေဒမှာ ကျွမ်းကျင်ရုံတင်မကဘူး၊ သိုင်းပညာမှာလည်း အရည်အချင်းကောင်းကောင်းရှိတယ်ဆိုတာ ကျွန်တော်သတိပြုမိပါတယ်။ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့တင် ချီနဲ့သွေးအဆင့် သိုင်းသမားတစ်ယောက်ဖြစ်နေပြီလေ။ ဒီတော့ ရှေ့လျှောက် ကြွက်သားနဲ့အရိုးအဆင့်နဲ့ ကိုယ်တွင်းအင်္ဂါအဆင့်ကိုတောင် ရောက်ဖို့ဆိုတာက သခင်လေးအတွက် မခက်ခဲလောက်ပါဘူး။"
"သမားတော်ကြီးချန်ရဲ့ဆေးပညာလမ်းညွှန်မှုနဲ့ဆိုရင် သခင်လေးလုက သမားတော်ကောင်းတစ်ယောက်ဖြစ်လာဖို့က အချိန်ကာလတစ်ခုပဲလိုတော့တာ။ အဲ့ဒီဘက်မှာတော့ ကျွန်တော်တို့ ဝင်စွက်ဖက်စရာမလိုပါဘူး။"
"ဒါပေမဲ့ သိုင်းပညာလမ်းမှာတော့ အရည်အချင်းတစ်ခုတည်းနဲ့ မလုံလောက်ဘူး။ ကျင့်ကြံခြင်းအတွက် အရင်းအမြစ်တွေကလည်း အရေးကြီးတယ်။ ဒါကြောင့် ကျွန်တော်တို့သခင်မက သခင်လေးအတွက် လက်ဆောင်နှစ်ခုပြင်ဆင်ပေးလိုက်ပါတယ်ဗျ။"
"ဒီစာအုပ်မှာ ကြွက်သားနဲ့အရိုးအဆင့်အတွက် လျှို့ဝှက်နည်းစနစ်တစ်ခုပါပါတယ်ဗျ။ ဒီပုလင်းထဲမှာတော့ အရိုးကို သန်မာစေတဲ့ဆေးလုံးတစ်လုံးပါပါတယ်။ ဒါတွေက ကြွက်သားနဲ့အရိုးအဆင့်ကို ရောက်ပြီဆို အရမ်းကို အကျိုးရှိမှာပါဗျ။"
"ဒါတွေက သခင်လေးရဲ့သိုင်းပညာလမ်းမှာ အကူအညီသေးသေးလေးတစ်ခုလောက်အဖြစ် အထောက်အကူပြုနိုင်ဖို့ ကျွန်တော် မျှော်လင့်မိပါတယ်ဗျာ။"
လုချင်းအတွက် လက်ဆောင်များကတော့ သိုင်းပညာလျှို့ဝှက်နည်းစနစ်တစ်ခုနှင့် ဆေးလုံးတစ်ပုလင်းဖြစ်ပြီး နှစ်ခုစလုံးသည် ကြွက်သားနှင့်အရိုးအဆင့်ရှိသူတစ်ဦးအတွက် မရှိမဖြစ် လိုအပ်သည်ပင်။
သမားတော်ကြီးချန်မှာလည်း အနည်းငယ်အံ့အားသင့်သွားသည်။ "အရိုးကို သန်မာစေတဲ့ဆေးလုံး ဟုတ်လား။ ကြွက်သားနဲ့အရိုးအဆင့် သိုင်းသမားတစ်ယောက်ရဲ့ ကြွက်သားနဲ့အရိုးတွေကို သုံးဆယ်ရာခိုင်နှုန်းလောက်ထိ မြှင့်တင်ပေးနိုင်တဲ့ ဆေးလုံးလား။"
"ဟုတ်ပါတယ်ဗျ။ ကြွက်သားနဲ့အရိုးအဆင့် သိုင်းသမားအများစုက သူတို့ရဲ့အထွတ်အထိပ်ကို ရောက်ပြီးရင် သူတို့ရဲ့တိုးတက်မှုကန့်သတ်ချက်ကို ရောက်သွားကြလို့ သူတို့ရဲ့ကိုယ်တွင်းအင်္ဂါတွေထဲမှာပဲ ချိုးဖောက်ကျော်လွှားမှုတွေကို ရှာရတော့တယ်လေ။ ဒီအရိုးကို သန်မာစေတဲ့ဆေးလုံးက အဲ့ဒီကန့်သတ်ချက်ကို ချိုးဖျက်ပေးနိုင်တဲ့အပြင်ကိုမှ အဆင့်ရဲ့အထွတ်အထိပ်မှာရှိနေတဲ့သူတွေကိုတောင် သူတို့ရဲ့ကြွက်သားနဲ့အရိုးတွေကို သုံးဆယ်ရာခိုင်နှုန်းလောက်ထိ ပိုပြီးတော့တောင်သန်မာစေနိုင်သေးတယ်။"
ထိုစကားကို ကြားလိုက်ရသောအခါ၌ လုချင်းသည် ဤလက်ဆောင်များ၏တန်ဖိုးကို သဘောပေါက်သွားတော့၏။ လျှို့ဝှက်နည်းစနစ်စာအုပ်တစ်အုပ်တည်းနှင့်တင် တော်တော်လည်းထူးခြားနေပြီဖြစ်သော်လည်း အရိုးကို သန်မာစေသောဆေးလုံးကပါ ထူးခြားစွာဖြင့် အဖိုးထိုက်တန်လွန်းလှပါသည်။
ဤလက်ဆောင်များ၏တန်ဖိုးကြီးမှုတို့ကို ခံစားလိုက်ရ၍ လုချင်းသည် သူ၏ဆရာကိုသာ လှမ်းကြည့်လိုက်သည်။ သမားတော်ကြီးချန်မှာလည်း လက်ဆောင်များကသည် အလွန်တန်ဖိုးကြီးသည်ဟု ခံစားရသော်ငြား သူ စဉ်းစားမိသည်။ သူသည် တန်ဖိုးကြီးလှသော 'ဆေးဖက်ဝင်ပစ္စည်းများစွယ်စုံကျမ်း' ကိုတောင် လက်ခံခဲ့ပြီးပြီဖြစ်သောကြောင့် ထပ်မံနှိမ့်ချစရာမလိုတော့ပေ။
သူက လုချင်းကို ခေါင်းညိတ်ပြလိုက်၏။ "ဒါက ဝေ့မိသားစုရဲ့ ကြင်နာမှုဆိုတော့လည်း မင်း လက်ခံသင့်တယ် လုချင်း။"
ထိုအခါမှပဲ လုချင်းမှာ ထိုဘူးကို ယူလိုက်သည်။
လုချင်းက လက်ဆောင်များကို လက်ခံလိုက်သည်အား မြင်လိုက်ရ၍ အကြီးအကဲအိမ်တော်ထိန်းမှာ ပြုံးလိုက်လေသည်။
သူကပဲ ဤလက်ဆောင်များအား အိမ်တော်သခင်မကို အကြံပြုခဲ့ခြင်းဖြစ်ကြောင်းကိုတော့ မည်သူမျှမသိပေ။ သူ သမားတော်ကြီးအိမ်တွင် နေထိုင်ခဲ့စဉ်က လုချင်း၏ထူးခြားသောသိုင်းပညာအရည်အချင်းကို သူ သတိပြုမိခဲ့သည်။ လုချင်းသည် သူ၏ရှေ့တွင် တစ်ခါမှမလေ့ကျင့်ခဲ့ဖူးသော်လည်း ထိုလူငယ်လေး၏ချီနှင့်သွေးစွမ်းအားသည် နေ့စဉ်နှင့်အမျှ ပို၍ပင်သန်မာလာသည်ကို သူ ခံစားမိပါ၏။
ဤရှာဖွေတွေ့ရှိမှုနှင့်အတူ ရွာသားများထံမှ လုချင်းသည် သမားတော်ကြီးချန်၏တပည့်ဖြစ်လာကတည်းက လျင်မြန်သောတိုးတက်မှုများရှိခဲ့ကြောင်း ကြားသိခဲ့ရခြင်းတို့ကြောင့် လုချင်း၏အရည်အချင်းသည် ထူးခြားကြောင်းကို သူ့အား ပိုလို့တောင် ယုံကြည်စေခဲ့သည်။
ထိုသည်ကို သိလိုက်ရသဖြင့် အကြီးအကဲအိမ်တော်ထိန်းမှာ ဤရှားပါးလှသောသိုင်းပညာပါရမီရှင်နှင့် ကောင်းမွန်သောဆက်ဆံရေးတစ်ခု တည်ဆောက်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ဝေ့မိသားစု၏ရက်ရောသောလက်ဆောင်များသည် သမားတော်ကြီးချန်ကို ကျေးဇူးတင်ကြောင်းပြသဖို့အတွက်သာမက ဤဆရာတပည့်နှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ရန်အတွက်လည်းဖြစ်သည်။
ရှောင်ယန်အတွက် လက်ဆောင်များကတော့ ပို၍ရိုးရှင်းပါ၏။ လူငယ်မိန်းကလေးများကြိုက်နှစ်သက်သော လက်ဝတ်ရတနာများနှင့် အဝတ်အစားများသာပင်။ ဈေးမပေါလှသော်လည်း လုချင်း၏လက်ဆောင်များထက်တော့ များစွာတန်ဖိုးနည်းလှပါသည်။
ထို့နောက် အကြီးအကဲအိမ်တော်ထိန်းက ဦးညွှတ်ကာ ပြောလိုက်သည်။ "သမားတော်ကြီးချန်၊ သခင်လေးလု၊ ကျွန်တော်တို့ အခု ကျွန်တော်တို့သခင်လေးကို အိမ်ပြန်ခေါ်သွားပါတော့မယ်။ နောင်ကျ ခရိုင်ကို အလည်အပတ်လာတဲ့အခါကျရင် ကျွန်တော်တို့ဝေ့စံအိမ်ကို သေချာပေါက်လာခဲ့ပေးဖို့ ဖိတ်ပါရစေ။ ဒါမှ ကျွန်တော်တို့ ကောင်းကောင်းဧည့်ခံနိုင်မှာမို့ပါဗျာ။"
သမားတော်ကြီးချန်က ပြန်ဖြေလိုက်သည်။ "ကျွန်တော်တို့ ခရိုင်ကို အလည်အပတ်ရင် သေချာပေါက် လာလည်ပါ့မယ်။ ခုတော့ ဘေးကင်းကင်းနဲ့ ပြန်ကြပါ။"
"သမားတော်ကြီးရဲ့ကြင်နာတဲ့စကားတွေအတွက် ကျေးဇူးတင်ပါတယ်ဗျာ။"
အကြီးအကဲအိမ်တော်ထိန်းသည် သမားတော်ကြီးချန်နှင့် လုချင်းကို ထပ်မံဦးညွှတ်လိုက်ပြီးနောက်၌ အစောင့်များဘက်သို့ လှည့်လိုက်တော့သည်။ "ပြန်ကြရအောင်"
သူ၏အမိန့်ကို ရသည်နှင့် အစောင့်များကလည်း လျင်မြန်စွာလှုပ်ရှားကြသည်။ ကြံ့ခိုင်သောကြွက်သားနှင့်အရိုးအဆင့် အစောင့်များသည် ဝေါယာဉ်ကို ညင်သာစွာဖြင့် မတင်လိုက်ကြရင်း တောင်လမ်းအတိုင်း ဆင်းသက်လိုက်ကြတော့၏ည်။ မညီညာသောမြေပြင်ပေါ်တွင် သွားနေရတာတောင်မှ ဝေါယာဉ်သည် တည်ငြိမ်နေပြီး သိသာသောလှုပ်ခါမှုမျိုးမရှိပေ။
လူတိုင်း တောင်ပေါ်မှ စဆင်းကြချိန် သူတို့နောက်မှလိုက်ပါလာသော အကြီးအကဲအိမ်တော်ထိန်းသည် သမားတော်ကြီးချန်နှင့် လုချင်းကို နောက်တစ်ကြိမ်ဦးညွှတ်ပြီးမှ နောက်ဆုံးတွင် တောင်အောက်သို့ ဆင်းသက်သွားတော့လေ၏။