← Chapters

ဓားနှင့် အဆင့်နှစ်ခုစလုံးတွင် အဆင့်ကျော်ခြင်း၊ မလိုလားသောဧည့်သည်များ ရောက်ရှိလာခြင်း

Vol. 7 Ch. 68

ဓားနှင့် အဆင့်နှစ်ခုစလုံးတွင် အဆင့်ကျော်ခြင်း၊ မလိုလားသောဧည့်သည်များ ရောက်ရှိလာခြင်း

Vol. 7 Ch. 68

အနောက်ဘက်ရှိ ဝါးတောထဲတွင် လုချင်းသည် ကျန်းမာရေးအာဟာရဖြည့်လက်သီးသိုင်း၏ ပထမပုံစံကိုးမျိုးကို လေ့ကျင့်နေသည်။

တစ်လကျော်ကြာ လေ့ကျင့်ပြီးနောက် သူ၏ကျန်းမာရေးအာဟာရဖြည့်လက်သီးသိုင်းကျွမ်းကျင်မှုသည် အကျင့်တစ်ခုလိုတောင် ဖြစ်လာခဲ့ပါ၏။

သူ၏လှုပ်ရှားမှုများသည် ညင်သာ၍ ချောမွေ့လှပြီး ထူးခြားသောစည်းချက်နှင့် အနှစ်သာရကို ဆောင်ကြဉ်းနေလေသည်။

သူ့ထံမှထွက်ပေါ်နေသော တက်ကြွသောစွမ်းအင်သည် မျက်စိပသာဒဖြစ်စေပြီး နှလုံးသားကိုပါ သက်သာရာရစေသည်။

သမားတော်ကြီးချန်သာ ဤနေရာတွင် ရှိနေပါက လုချင်း၏လက်သီးသိုင်းကို သေချာပေါက် ချီးကျူးနေပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် လုချင်းသည် ပထမပုံစံကိုးမျိုးအပေါ် သူ၏ထူးခြားသောနားလည်မှုကို တိုးတက်စေခဲ့ပြီး ၎င်းတို့အား လုံးဝကိုကျွမ်းကျင်ခဲ့သောကြောင့်ပင်။

အာရုံစူးစိုက်ကာ နစ်မြောနေလျက်သားဖြင့် လုချင်းသည် သူ၏လက်သီးသိုင်းကို လေ့ကျင့်နေသည်။

သူသည် နက်ရှိုင်းစွာဖြင့် အာရုံစိုက်လျက် ကိုယ်အတွင်းမှ သွေးနှင့်ချီစွမ်းအားစီးဆင်းမှုကို ခံစားရင်း အဆင့်တက်ဖို့ အခွင့်အရေးကို ရှာဖွေနေလေသည်။

ဤအချိန်တွင် သူ့ခန္ဓာကိုယ်အတွင်းမှ သွေးနှင့် ချီစွမ်းအားသည် သူ ပထမဆုံး ချီနှင့် သွေးအဆင့်သို့ တက်လှမ်းစဉ်ကထက်တောင် အဆပေါင်းများစွာ ပို၍တက်ကြွနေပါ၏။

လှုပ်ရှားမှုတစ်ခုချင်းစီနှင့်အတူ ကိုယ်အတွင်းတွင် ဝှက်ထားသောစွမ်းအားသည် တိုးပွားလာနေပြီး ပတ်ဝန်းကျင်လေထုကို လှည့်ပတ်စေကာ ကြေ္ကျနေသောအရွက်များကိုပင် ကခုန်စေလေသည်။

ထိုစဉ်မှာပဲ ဉာဏ်အလင်းတစ်ချက်သည် လုချင်း၏စိတ်ထဲသို့ ရုတ်တရက် ဖြတ်ပြေးသွားခဲ့၏။ နောက်ဆုံးတော့ လုချင်းမှာ သွေးနှင့်ချီစွမ်းအားစီးဆင်းမှု၏လျှို့ဝှက်ချက်ကို ဆုပ်ကိုင်နိုင်ခဲ့ပြီပင်။

ချက်ချင်းပင် သူ၏သွေးနှင့်ချီစွမ်းအားသည် ချောချောမွေ့မွေ့ ဆက်စပ်သွားပြီး တစ်ခုတည်းသောအရာအဖြစ် ဖွဲ့စည်းသွားကာ အားစိုက်ထုတ်စရာပင်မလိုဘဲ လည်ပတ်နေလေ၏။

ဤအခိုက်တွင်တော့ လုချင်းမှာ တုန်လှုပ်မိသွားသည်။ အကြောင်းမှာ သူ၏စိတ်နှလုံးသားထဲမှ နားလည်သဘောပေါက်မှုတို့က လှိုင်းတစ်ခုကဲ့သို့နှယ် တလိမ့်လိမ့်ဖြင့် မြင့်တက်လာခဲ့သောကြောင့်ပင်။

"သွေးနဲ့ချီစွမ်းအားက ပိုက်ကွန်လိုပဲ၊ အဆက်ပြတ်တယ်ဆိုတာ မရှိသလို ပျက်စီးတယ်ဆိုတာလည်း မရှိဘူး။ ငါ နောက်ဆုံးတော့ ချီနဲ့သွေးအဆင့်ရဲ့ အောင်မြင်မှုအသေးစားကို ရသွားပြီပဲ။"

အမှန်ပင် လုချင်းသည် ချီနှင့်သွေးအဆင့်တွင် အောင်မြင်မှုအသေးစားကို ရရှိခဲ့လေ၏။

မွေးရာပါနယ်ပယ်၏ အဆင့်သုံးဆင့် - ချီနှင့်သွေးအဆင့်၊ ကြွက်သားနှင့်အရိုးအဆင့်၊ ကိုယ်တွင်းအင်္ဂါအဆင့်။

အဆင့်တစ်ခုချင်းစီကို အဆင့်လေးဆင့်ခွဲခြားထားသည် - ဝင်ရောက်ခြင်း၊ အောင်မြင်မှုအသေးစား၊ အောင်မြင်မှုကြီးနှင့် ပြီးပြည့်စုံခြင်း။

ချီနှင့် သွေးအဆင့်တွင် အောင်မြင်မှုအသေးစား၏လက္ခဏာမှာ သွေးနှင့် ချီစွမ်းအား၏ ချောချောမွေ့မွေ့ဖြင့် ဆက်စပ်မှုဖြစ်ပြီး မမြင်ရနိုင်သောပိုက်ကွန်တစ်ခုအဖြစ် ဖွဲ့စည်းလျက်ဖြင့် အဆက်မပြတ်ဖြစ်ပေါ်ပြီး ကျိုးပဲ့ပျက်စီးမသွားခြင်းပင်။

ဤဆက်စပ်မှုဖြင့် စွမ်းအားကို အလိုအလျောက်ထုတ်လွှတ်နိုင်ပြီး ခွန်အားမစိုက်ထုတ်မီ သွေးနှင့်ချီစွမ်းအားကို စုစည်းရန်မလိုအပ်တော့ပေ။

ခံနိုင်ရည်နှင့် ပေါက်ကွဲအားနှစ်မျိုးစလုံးမှာလည်း များစွာတိုးတက်လာသည်။

လုချင်းအတွက် အောင်မြင်မှုအသေးစားသို့ ရောက်ရှိရန် အကြီးမားဆုံးအတားအဆီးမှာ သွေးနှင့်ချီစွမ်းအား၏ အဆက်မပြတ် ဖြစ်တည်မှုနှင့် မပျက်စီးသွားမှုတို့အပေါ် နားမလည်နေခြင်းမဟုတ်။

သူနားမလည်ခဲ့တာက သူ၏ခန္ဓာကိုယ်အတွင်းမှ သွေးနှင့် ချီစွမ်းအားပမာဏစုစုပေါင်းဖြစ်သည်။

သူ၏နတ်မျက်စိစွမ်းရည်နှင့်ဆိုလျှင် သူသည် လက်သီးသိုင်းနည်းစနစ်များတွင် နားမလည်စရာဘာအကြောင်းမှမရှိပေ။

သို့သော် သူ၏ခန္ဓာကိုယ်အတွင်းမှ မလုံလောက်သောသွေးနှင့် ချီစွမ်းအားသည် သူ၏အဆင့်တက်မှုကို အမြဲကန့်သတ်ထားခဲ့သည်။

ယခုမူ နေ့စဉ် သွေးအားဖြည့် ချီအားတိုးဆေးလုံးတစ်လုံးကို သောက်ခြင်းဖြင့် သူ၏သွေးနှင့် ချီစွမ်းအားသည် နောက်ဆုံးတွင် အရေးကြီးသောအမှတ်တစ်ခုသို့ ရောက်ရှိခဲ့ပြီပင်။

အောင်မြင်မှုအသေးစားသို့ အဆင့်တက်ခြင်းသည် သဘာဝကျသောအရာတစ်ခုသာ။

တစ်ခဏအတွင်း လုချင်းသည် အနီးအနားရှိ ဝါးပင်အိုကြီးတစ်ပင်ဆီသို့ ရွှေ့သွားလိုက်ပြီး တိုက်ပွဲဝင်ဓားကို ဆုပ်ကိုင်လိုက်သည်။

ဓားသည် ဓားအိမ်မှ ဆွဲထုတ်လိုက်သောအခါ၌ တဝီဝီမြည်ဟည်းသွားပြီး အေးစက်သောအလင်းတန်းတစ်ခုမှာလည်း လက်ခနဲ ဖြတ်ပြေးသွားလေ၏။

ဓားသိုင်းစလေ့ကျင့်ဖို့ ဟန်နေဟန်ထားကို ပြင်လိုက်ပြီးနောက် လုချင်းသည် သတ်ဖြတ်လိုသောအရှိန်အဝါတစ်ခုကို ထုတ်လွှတ်ပြီး လေးမျက်နှာဓားသိုင်းကို စလေ့ကျင့်တော့သည်။

ဓားအလင်းသည် စန္ဒာလမင်း၏ရောင်ဝါကဲ့သို့နှယ် တောက်ပနေပါ၏။ လှုပ်ရှားမှုတစ်ခုချင်းစီနှင့်အတူ လုချင်းသည် သွေးနှင့်ချီစွမ်းအားပေါက်ကွဲမှုနှင့် ပေါင်းစပ်ကာ သူ၏ထိုးနှက်မှုများကို အရှိန်မြှင့်တင်လိုက်သည်။

ဓားသည် လေထုကိုပင် ခွဲခြမ်းပစ်လိုက်ပြီး ပြင်းထန်သောလေလှိုင်းများ ထစေလိုက်ကာ ခြောက်သွေ့နေသောဝါးရွက်များကိုပင် နေရာအနှံ့ ပြန့်ကျဲစေခဲ့လေ၏။

လေးမျက်နှာဓားသိုင်း၏ ပုံစံကိုးမျိုးကို ပြီးဆုံးအောင် လေ့ကျင့်ပြီးနောက် လုချင်းသည် ငြိမ်သက်စွာရပ်နေလိုက်ပြီး ကိုယ်အတွင်းမှ ကျန်ရှိနေသောခွန်အားကို ခံစားရင်း သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။

ချီနှင့်သွေးအဆင့်မှ အောင်မြင်မှုအသေးစားသည် သူ့ကို စိတ်မပျက်စေခဲ့ပေ။

အဆင့်မတတ်မီတုံးက သူသည် လေးမျက်နှာဓားသိုင်း၏ သတ္တမပုံစံအထိသာ လုပ်ဆောင်နိုင်ခဲ့ပါ၏။ သူ၏သွေးနှင့်ချီစွမ်းအားသည် ဆက်လက်လုပ်ဆောင်ဖို့ မလုံလောက်ခဲ့သောကြောင့်ပင်။

သို့သော် ယခုမူ ပုံစံအကုန်လုပ်ပြီးသွားတာတောင်မှ သူ့တွင် ခွန်အားတွေ ကျန်ရှိနေသေးပြီး သူသာ လုပ်ချင်ပါက နောက်တစ်ကျော့လောက် ဆက်လုပ်လို့ရသေးသည်ပင်။

တစ်ကျော့တည်းတွင် ပုံစံကိုးမျိုးလုံး လုပ်နိုင်ခဲ့ပြီး ၊ တစ်မျိုးချင်းစီတိုင်းကိုလည်း အားအပြည့်ဖြင့် လုပ်ဆောင်နိုင်ခဲ့ပါသည်။

လေးမျက်နှာဓားသိုင်း၏မှတ်တမ်းများအရ သူသည် ဤဓားသိုင်းနည်းစနစ်တွင်ပါ အောင်မြင်မှုအသေးစားကို ရရှိခဲ့သည်။

ဓားကို ဓားအိမ်ထဲသို့ ထည့်လိုက်ပြီးနောက်၌ လုချင်းသည် အိမ်ပြန်ရန် ပြင်ဆင်လိုက်တော့၏။

နည်းစနစ်နှစ်ခုတွင် အဆင့်တက်နိုင်ခဲ့တာကြောင့် လုချင်းတစ်ယောက် အလွန်ကောင်းမွန်သောစိတ်အခြေအနေတွင် ရှိနေလေသည်။

ထို့ကြောင့် သူသည် အစားကောင်းကောင်းစားခြင်းဖြင့် အောင်ပွဲခံဖို့ ဆုံးဖြတ်လိုက်တော့၏။

အိမ်သို့ ပြန်ရင်း လုချင်းမှာ သူ၏နောက်လေ့ကျင့်မှုအစီအစဉ်ကို စဉ်းစားနေခဲ့သည်။

သူသည် ယခုလေးတင်ပဲ ချီနှင့်သွေးအဆင့်တွင် အောင်မြင်မှုအသေးစားသို့ ရောက်ရှိခဲ့သည်။ သူ၏သွေးနှင့်ချီစွမ်းအားကို ဆက်တိုက်မြှင့်တင်ခြင်းဖြင့် အောင်မြင်မှုကြီး သို့မဟုတ် ပြီးပြည့်စုံခြင်းကို ရောက်ရှိဖို့ဆိုတာ သိပ်မဝေးတော့ပေ။

သို့သော် သူ့တွင် ရှိသော သွေးအားဖြည့် ချီအားတိုးဆေးလုံးများမှာ နည်းလာပြီဖြစ်ကာ သူ့ဆရာကို ဆေးထပ်ဖော်စပ်ပေးရန် တောင်းဆိုရမည့်အချိန်ရောက်လာခဲ့ပြီဖြစ်၏။

ဆေးဖက်ဝင်အပင်များစုဆောင်းခြင်းနှင့် ဆေးရည်ပြုတ်ခြင်းတွင် ကျွမ်းကျင်ခဲ့ပြီဖြစ်သော်လည်း သူသည် ဆေးလုံးများဖော်စပ်ခြင်းကိုတော့ မကြိုးစားဖူးသေးတာကြောင့် အတွေ့အကြုံမရှိပေ။

သို့မဟုတ်လျှင် သူသည် ထိုဆေးတို့ကို ကိုယ်တိုင်ပင် လုပ်လို့ရလောက်သည်ပင်။

နောက်ဆုံးတွင် သူသည် ယခု၌ ဂျင်ဆင်းရှားပါးမနေပေ။

သူတို့အိမ်တွင် ရှောင်လီ ပြောင်းလာနေသောအခါ၌ လုချင်းသည် ၎င်းနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ သူသည် တောတောင်များထဲတွင် ဂျင်ဆင်းအပင်တစ်ပင်ထက်တောင် ပိုပြီးရှာတွေ့ရှိခဲ့ကြောင်း လုချင်း သိခဲ့ရပါ၏။

အချို့သည် သူ ယခင်က ယူဆောင်လာခဲ့သော နှစ်ပင်၏အရွယ်အစားနှင့်ပင် တူညီသည်။

ထိုသတင်းကောင်းကို ကြားရ၍ လုချင်းသည် ဂျင်ဆင်းကို စုဆောင်းရန် ရှောင်လီအား ချက်ချင်းမလွှတ်ခဲ့ပေ။

ထိုအစား သူသည် ထိုအပင်တို့ကို တောတောင်များထဲတွင်ပဲ ဆက်လက်ကြီးထွားစေခဲ့သည်။

သူသည် လိုအပ်သည့်အခါမှသာ ၎င်းတို့ကို ကိုယ်တိုင်တူးဖော်ဖို့ စီစဉ်ခဲ့ပါ၏။

ရှောင်လီ ဂျင်ဆင်းတူးသည့်အခါတိုင်း ၎င်းတို့မှာ အနည်းငယ်လောက်တော့ ပျက်စီးသွားတတ်သဖြင့် ဆေးအာနိသင်ကိုလည်း ထိခိုက်စေခဲ့သည်ပင်။

ထို့အပြင် သူသည် တောတောင်များထဲမှ ထိုဆေးဖက်ဝင်အပင်များ၏ အမှန်တကယ်ကြီးထွားမှုပတ်ဝန်းကျင်ကို အမြဲတမ်းလိုလို မြင်လိုခဲ့တာပင်။

ဆေးဖက်ဝင်အပင်တစ်ရာကျမ်းကို စေ့စေ့စပ်စပ်လေ့လာခဲ့သော်လည်း စာအုပ်အသိပညာနှင့် လက်တွေ့အတွေ့အကြုံသည် ကွဲပြားလှပါ၏။ သမားတော်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက်ဆိုလျှင် အသိပညာကို လက်တွေ့နှင့် ပေါင်းစပ်ရမည်ဖြစ်သည်။

ထို့ကြောင့် လုချင်းသည် သူ၏ဆရာ ချင်းနန်ဆေးကျမ်းကို လေ့လာပြီးနောက် သွေးအားဖြည့် ချီအားတိုးဆေးလုံးများဖော်စပ်ခြင်းကို သူ့ဆရာအား သင်ခိုင်းဖို့ ဆုံးဖြတ်ခဲ့သည်။

ထိုဂျင်ဆင်းအပင်များနှင့်ဆိုလျှင် လုချင်း၏ချီနှင့်သွေးအဆင့်ရှိ ကျင့်ကြံမှုမှာလည်း အတားအဆီးမရှိလောက်တော့။

သိုင်းပညာနည်းစနစ်များအရ သူသည် လေ့ကျင့်ဖို့အတွက် အသစ်အသစ်များကို ရှာဖွေရန်လိုအပ်သည်။

လေးမျက်နှာဓားသိုင်းတွင် အောင်မြင်မှုအသေးစားသို့ရောက်ရှိခဲ့ပြီးဖြစ်သောကြောင့် နောက်ထပ်တိုးတက်မှုသည် ကြွက်သားနှင့်အရိုးအဆင့်၏ခန္ဓာကိုယ်ကို လိုအပ်သည်။

ကြွက်သားနှင့်အရိုးအဆင့်သို့ မရောက်ခင်အထိ သူသည် ဤဓားသိုင်းနည်းစနစ်တွင် အဆင့်တက်နိုင်တော့မည်မဟုတ်တော့။

ထို့ကြောင့် သူသည် လေ့ကျင့်ရန် နောက်ထပ်သိုင်းပညာနည်းစနစ်တစ်မျိုး သို့မဟုတ် နှစ်မျိုးကို ရှာဖွေရန်လိုအပ်သည်။

မနက်ဖြန်ကျရင် ဆရာမှာ ငါ လေ့ကျင့်ဖို့ သင့်တော်မဲ့သိုင်းပညာတွေရှိဦးမလားလို့ မေးကြည့်ရမယ်။

လုချင်း တွေးလိုက်သည်။

သူ့ဆရာ သူ့အား ပြသခဲ့သော ကြွက်သားနှင့်အရိုးအဆင့် နည်းစနစ်သုံးခုမှ အပ အခြားသော သာမန် ချီနှင့်သွေးအဆင့်နည်းစနစ်များလည်း ရှိသေးကြောင်း ပြောဆိုခဲ့သည်ကို လုချင်း မှတ်မိပါသေး၏။

သူ့တွင် အခြားလုပ်စရာလည်းမရှိသောကြောင့် လုချင်းသည် ထိုနည်းစနစ်များ၏အဆင့်နိမ့်ကျမှုအပေါ် စိတ်မပူခဲ့ပေ။ နောက်ဆုံးတွင် သူသည်လည်း ချီနှင့်သွေးအဆင့်တွင်သာ ရှိနေသေးသည်။

သူ၏စိတ်ကို ဆုံးဖြတ်ပြီးနောက် လုချင်းသည် သူ၏ခြေလှမ်းများကို အရှိန်မြှင့်တင်လိုက်တော့၏။

သူ၏အဆင့်တက်နိုင်မှုကို အောင်ပွဲခံဖို့ရန် သူသည် အိမ်ပြန်ပြီး အစားကောင်းကောင်းစားဖို့ အသားအချို့ကို ချက်ပြုတ်ရန် စီစဉ်ခဲ့သည်။

သို့သော် သူ့အိမ်သို့ ချဉ်းကပ်လာသောအခါ၌ လုချင်းသည် ဆူညံသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရ၏။ ယင်းမှာ ဒေါသတကြီးအော်ဟစ်သံများနှင့် ရောနှောနေလေကာ ရှေ့တွင် အငြင်းပွားမှုတစ်ခုရှိနေသကဲ့သို့နှယ် ဖြစ်နေလေသည်။

ဘာဖြစ်နေတာလဲ။

လုချင်းသည် ခေတ္တရပ်တန့်ကာ သေချာထုပ်ပိုးပြီး သိမ်းဆည်းထားသော တိုက်ပွဲဝင်ဓားကို သူ့အိမ်၏ အနောက်ဘက်ပြတင်းပေါက်မှတစ်ဆင့် အိမ်ထဲသို့ ထည့်လိုက်ကာ ရှေ့ခြံဝင်းသို့ လျှောက်လာလိုက်တော့၏။

ရှေ့သို့ ရောက်သောအခါ သူသည် လူအုပ်ကြီးတစ်စု စုရုံးနေသည်ကို တွေ့မြင်ခဲ့ရပြီး ထိုလူအုပ်ကြီးအား ဆန့်ကျင်ဘက်နှစ်ဖက်အဖြစ် ခွဲခြားထားပါ၏။

တစ်ဖက်တွင် ကျိုးလီရွာ၏ရွာသားများဖြစ်သည်။

အဘိုးကျန်းသည် ရှောင်ယန်ကို သူ၏နောက်တွင် ကာကွယ်ထားပြီး အခြားရွာသားများဖြစ်သည့် ဝမ်တာ့အန်းကဲ့သို့သောသူများသည် လယ်ယာသုံးကိရိယာများကို ကိုင်ကာ စိတ်လှုပ်ရှားနေပုံရသည်။

သူတို့၏ဆန့်ကျင်ဘက်တွင်တော့ ကြံ့ခိုင်သောလူခုနစ်ယောက်၊ ရှစ်ယောက်သည် အေးအေးဆေးဆေးဖြင့် စောင့်ဆိုင်းနေကြသည်။

အဘိုးကျန်းသည် ရှောင်ယန်ကို ကာကွယ်ရင်း ဒေါသတကြီးအော်ဟစ်လိုက်သည်။ "လုမင်ရဲ့အကြွေးတွေ ကျေသွားပြီလို့ မင်းတို့ပဲ ပြောခဲ့တယ်မဟုတ်ဘူးလား။ ဘာလို့ ခုကျမှ ဒီကို ထပ်ရောက်လာရတာလဲ။"

All Chapters