← Chapters

ထိပ်တိုက်ရင်ဆိုင်ခြင်း

Vol. 7 Ch. 69

ထိပ်တိုက်ရင်ဆိုင်ခြင်း

Vol. 7 Ch. 69

ကြံ့ခိုင်သော လူခုနစ်ယောက်၊ ရှစ်ယောက်သည် ကျိုးလီရွာ၏မကျေမနပ်ဖြစ်နေသောရွာသားများကို သူတို့၏မျက်နှာအမူအရာမပြောင်းလဲဘဲ ရင်ဆိုင်နေကြပြီး အတော်လေးအေးအေးဆေးဆေးရှိနေပုံရသည်။

သူတို့ပုံစံမှာ ဤကျေးလက်မှလူများအား လုံးဝကိုအလေးမထားပုံရသည်။

အဘိုးကျန်း၏အပြစ်တင်သံတို့ကို ကြားလိုက်ရသောအခါ မျက်နှာပေါ်တွင် အနက်ရောင်မှဲ့ကြီးတစ်လုံးရှိသောလူတစ်ဦးသည် သူ့ကို စူးစိုက်ကြည့်လိုက်၏။

"ကျုပ် ခင်ဗျားကို မှတ်မိတယ် အဘိုးကြီး။ နောက်ဆုံးတစ်ခါ ကျုပ်တို့လာတုန်းက လုမိသားစုက ကလေးနှစ်ယောက်ကို ချမ်းသာပေးဖို့ တောင်းပန်ခဲ့တာ ခင်ဗျားပဲ မဟုတ်လား။"

"ဒါပေမဲ့ ကျုပ်တို့ကတော့ စေတနာတွေထားပြီး အဲ့ဒီကလေးနှစ်ယောက်ကို ချမ်းသာပေးခဲ့ပေမဲ့ ခင်ဗျားတို့လိုနိမ့်ကျတဲ့လူတွေက ဝံပုလွေနက်ဂိုဏ်းကိုများ လိမ်ရဲတယ်ပေါ့"

အဘိုးကျန်းခင်ဗျာ မှင်သက်သွားရသည်။ "ငါတို့က မင်းတို့ကို ဘယ်တုန်းကလိမ်ခဲ့လို့လဲ။"

မှဲ့နှင့် လူက လှောင်ရယ်လိုက်သည်။ "ခုထိငြင်းနေတုန်းပဲလား။ ခင်ဗျားတို့ပဲ အဲ့ဒီတုန်းက လုမိသားစုရဲ့လယ်ကွက်နဲ့ ပစ္စည်းဥစ္စာတွေအားလုံးကို လုမင်နဲ့ သူ့မိန်းမရဲ့အကြွေးတွေကို ဆပ်ဖို့ ရောင်းလိုက်ပြီလို့ ပြောခဲ့တယ်မဟုတ်လား။"

အဘိုးကျန်းက ဒေါသတကြီးပြောလိုက်သည်။ "ဟုတ်တယ်လေ၊ အဲ့ဒါကြောင့်သာမဟုတ်ရင် မင်းတို့လိုရက်စက်တဲ့ကောင်တွေက ဘယ်တော့မှထွက်သွားမှာမဟုတ်ဘူး။"

မှဲ့နှင့်လူက အသံကျယ်ကျယ်ဖြင့်အော်လိုက်သည်။ "ခုထိငြင်းနေတုန်းပဲပေါ့ ဟမ်။ လုမိသားစုရဲ့ပစ္စည်းတွေကို ရောင်းလို့ရတဲ့ပိုက်ဆံအားလုံးကို တစ်ပြားမကျန် ကျုပ်တို့ကို ပေးဖို့ ကျုပ်တို့ချင်း ရှင်းရှင်းလင်းလင်းကို သဘောတူခဲ့တယ်လေ မဟုတ်ဘူးလား။ ဒါပေမဲ့ ဘာဖြစ်သွားလဲ။ ခင်ဗျားတို့က တချို့တစ်ဝက်ကို သိမ်းထားရဲတယ်ပေါ့။ တကယ့်ကို ရဲတင်းလွန်းတဲ့လူတွေပဲ။"

"ငါတို့ မင်းတို့ဆီက ဘယ်ပိုက်ဆံမှ သိမ်းမထားခဲ့ဘူးကွ"

အဘိုးကျန်းသည် အလွန်ဒေါသထွက်နေလေ၏။

သူတို့သည် မည်သည့်ပိုက်ဆံကိုမှ သိမ်းမထားရုံသာမက ဤလူဆိုးများသည် ပိုက်ဆံနည်းလွန်းသည်ဟု ထင်ပြီး လုချင်းနှင့်သူ့ညီမကို ချမ်းသာမပေးမည်စိုးသောကြောင့် အိမ်ထောင်စုတိုင်းသည် ပိုက်ဆံအချို့ကိုတောင် စုပေါင်းပြီး သူတို့ကို ပေးခဲ့ကြသည်။

ယခုမူ ဤလူများသည် အဖြစ်အပျက်ကို ပြောင်းပြန်လှန်ပြီး သူတို့ကို စွပ်စွဲလာသည်အား ကြားလိုက်ရသဖြင့် အဘိုးကျန်းသည် ဒေါသထွက်လွန်းသွားကာ သူ၏အဆုတ်များသည်ပင် ပေါက်ကွဲထွက်တော့မည့်အလားဖြစ်နေရလေ၏။

"ငါ ထင်တာကတော့ မင်းတို့က ပိုက်ဆံအကုန်သုံးပြီးလို့ အခုမှ ပြန်လာပြီး ပိုက်ဆံညှစ်ယူချင်နေတာပဲ"

ဝမ်တာ့အန်းသည် မျက်နှာနီရဲလျက် ပေါက်တူးတစ်လက်ကိုကိုင်ကာ အော်ဟစ်လိုက်သည်။ "အဘိုးကျန်း၊ သူတို့နဲ့ ဘာလို့ စကားတွေအများကြီးပြောနေရတာလဲ။ အဆိုးဆုံးကတော့ သူတို့နဲ့ သေတဲ့အထိ တိုက်လိုက်ရုံပဲပေါ့။ ကျွန်တော်တို့တွေ ရှောင်ယန်လေးကို သူတို့တွေကို ခေါ်သွားခွင့်မပြုနိုင်ဘူး"

ဤအော်ဟစ်သံသည် အခြားလူငယ်ရွာသားများကိုပါ လှုံ့ဆော်ပေးလိုက်သည်။ "ဟုတ်တယ်၊ တိုက်ကြ ငါတို့က အများကြီး။ သူတို့က နည်းနည်းလေးဟာ။ ငါတို့ မနိုင်ဘူးဆိုတာ ငါတော့ မယုံဘူး"

ဒါဇင်ပေါင်းများစွာသောရွာသားများသည် သူတို့၏တုတ်များနှင့် ပေါက်တူးများကို ဝှေ့ယမ်းပြီး တိုက်ခိုက်တော့မည့်အလား ကြည့်နေသည်ကို မြင်လိုက်ရ၍ ဆန့်ကျင်ဘက်ရှိ ဝံပုလွေနက်ဂိုဏ်းဟု ခေါ်ဆိုသူများမှာ အနည်းငယ်ပင် မျက်နှာများဖြူဖျော့လာကြလေ၏။

သူတို့သည် သန်မာပြီး သိုင်းပညာအချို့ကို သိသော်လည်း ဤမျှများပြားလှသောရွာသားများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကိုတော့ ခံနိုင်မည်ဟု သေချာပေါက်မပြောနိုင်ပေ။

စိတ်သိပ်မကြံ့ခိုင်သည့်သူများကတော့ အနည်းငယ်ထိတ်လန့်နေကြပြီဖြစ်သည်။

အော်ဟစ်အသံအကျယ်ဆုံးဖြစ်ခဲ့သော မှဲ့နှင့်လူပင်လျှင် ယခုတွင်တော့ တခြားအတွေးများဝင်နေပြီပင်။

များသောအားဖြင့် သူသည် ဝံပုလွေနက်ဂိုဏ်း၏အင်အားကို မှီခိုပြီး ရမ်းကားနေကျဖြစ်သည်။ သူ သွားသည့်နေရာတိုင်းတွင် မည်သူမျှ သူ့ကို အကြည့်ချင်းဆုံပြီး မကြည့်ဝံ့ကြပေ။

မမျှော်လင့်စွာဖြင့် ဤကျိုးလီရွာငယ်လေးတွင်တော့ ထိုလှည့်ကွက်က အလုပ်မဖြစ်ခဲ့ပေ။

ကြီးမားသောပဋိပက္ခတစ်ခု မလွဲမသွေဖြစ်တော့မည်ကိုမြင်ရ၍ တိတ်ဆိတ်နေခဲ့သော ဝံပုလွေနက်ဂိုဏ်း၏ခေါင်းဆောင်သည် နောက်ဆုံးတွင် ဖြည်းညှင်းပြီး စိတ်သုန်မှုန်နေသောအသံဖြင့် ပြောလိုက်သည်။ "အဘိုးကြီး၊ ခင်ဗျားက လုမိသားစုရဲ့ပစ္စည်းတွေကို ရောင်းလို့ရတဲ့ပိုက်ဆံအားလုံးကို ပေးလိုက်ပြီးပြီလို့ ပြောတယ်နော် ၊ ဒါပေမဲ့ ခင်ဗျား ကျုပ်မေးတာကို နည်းနည်းလောက် ဖြေပေးမလား။"

"မေး"

အဘိုးကျန်းသည်လည်း လူတိုင်း တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်ကြသည်ကို မလိုလားပေ။

ဝံပုလွေနက်ဂိုဏ်းသည် နာမည်ဆိုးဖြင့်ကျော် ကြားသည်။ ဤတစ်ကြိမ်တွင် သူတို့ကို မောင်းထုတ်နိုင်လျှင်တောင်မှ မနက်ဖြန်တွင် လူအများကြီးနှင့် ပြန်မလာဖူးဆိုတာကို အာမမခံနိုင်ပေ။

သူတို့သည် သာမန်ရွာသားများသာဖြစ်သည်။ ဤရက်စက်ကြမ်းကြုတ်သောလူဆိုးများနှင့် အမှန်တကယ် မည်သို့တိုက်ခိုက်နိုင်မည်နည်း။

"ကျုပ်မေးခွန်းက ရှင်းပါတယ်။ လုမိသားစုရဲ့ပစ္စည်းတွေကို ရောင်းလို့ရတဲ့ပိုက်ဆံအားလုံးကို ပေးလိုက်ပြီးပြီလို့ ခင်ဗျား ပြောခဲ့တာမလား ၊ ဒါဆို လုမင်ရဲ့ကလေးနှစ်ယောက်ဆီမှာ ဘာလို့ပိုက်ဆံအများကြီးရှိနေသေးတာလဲ။"

"တလောကပဲ ကျုပ်မျက်စိနဲ့ ကိုယ်တိုင်မြင်ခဲ့တာ။ လုမင်ရဲ့အကြီးဆုံးသားက ဈေးကြီးမှာ ငွေကို ရေလို သုံးနေတာလေ။ ပစ္စည်းတွေကို ဘယ်လက်ကော ညာလက်ကော ပြည့်တဲ့အထိကို ဝယ်နေတာ။ သူ့ရဲ့ ငွေကို ဖောဖောသီသီသုံးနေတဲ့ပုံစံက ကျုပ်ကိုတောင် မနာလိုဖြစ်စေတယ်လေ။"

"ပြီးတော့ ခင်ဗျားနောက်က ကလေးမလေး၊ သူဆို အဝတ်အစားအသစ်တွေတောင် ဝတ်ထားတယ်မဟုတ်လား။ အဲ့ဒါကိုကော ဘယ်လိုရှင်းပြမလဲ။"

"အင်း..." အဘိုးကျန်းသည် ပထမတော့ စကားမဲ့သွားပြီး လျင်မြန်စွာပြန်ဖြေလိုက်သည်။ "ဒါက လုချင်းကို သူ့ဆရာက ပေးတဲ့ပိုက်ဆံတွေပဲ။"

ညိုမှိုင်းနေသောမျက်လုံးများနှင့် လူ၏မျက်နှာသည် ချက်ချင်းပင် အေးစက်သွားသည်။ "ခင်ဗျားက ကျုပ်ကို အရူးလို့ ထင်နေတာလား။ ကျုပ်ကတော့ တပည့်တွေကပဲ သူတို့ဆရာတွေကို ပိုက်ဆံပေးတာပဲ ကြားဖူးတယ်၊ ဆရာတွေက ပေးတယ်လို့ တစ်ခါမှမကြားဖူးပါဘူး။ ကျုပ် ထင်တာတော့ အဲ့ပိုက်ဆံတွေက ခင်ဗျားတို့ အဲ့ဒီတုန်းက သိမ်းထားပြီး နောက်တော့မှ ဒီကလေးနှစ်ယောက်ကို ပေးလိုက်တာပဲ"

"မင်းတို့က အဓိပ္ပာယ်မရှိတာတွေပြောနေတာပဲ။ အဲ့လိုမျိုးမဟုတ်ဘူးကွ"

သို့သော် ညိုမှိုင်းနေသောမျက်လုံးများနှင့်လူကတော့ အဘိုးကျန်းနှင့် အခြားသူများအား စကားအများကြီးမပြောချင်တော့ပေ။

သူက တိုက်ရိုက်အမိန့်ပေးလိုက်သည်။ "ချီကြီး၊ အဲ့ကလေးမလေးကို သွားဖမ်းလိုက်၊ ပြီးတော့ သူ့အစ်ကိုကိုလည်း ရှာ"

"ဟုတ်ကဲ့ အစ်ကိုကြီးငါး"

မှဲ့နှင့်လူသည် ရှေ့သို့ တိုးကာ သူတို့ဘက်သို့ လျှောက်လာသည်။

"မင်းတို့ ဘာလုပ်နေကြတာလဲ"

အဘိုးကျန်းသည် ရှောင်ယန်ကို လျင်မြန်စွာ ကာကွယ်လိုက်ပြီး နောက်သို့ဆုတ်လိုက်သည်။ ဝမ်တာ့အန်းသည် သူ၏ပေါက်တူးကိုကိုင်ကာ အသံကျယ်ကျယ်ဖြင့်အော်လိုက်သည်။

မှဲ့နှင့်လူက လှောင်ရယ်လိုက်၏။ "ကျုပ်တို့ ဘာလုပ်နေကြတာလဲဟုတ်လား။ လုမင်နဲ့သူ့မိန်းမက ကျုပ်တို့ဆီကအကြွေးကို မဆပ်ရသေးဘူးလေ။ ဒီကလေးနှစ်ယောက်မှာ ပိုက်ဆံရှိသေးတော့ သူတို့က အကြွေးတွေအတွက် အဲ့ပိုက်ဆံတွေကို ပေးရမယ်လေ"

"သူတို့မှာ ပိုက်ဆံမရှိရင်တော့ ဒီကလေးမလေးက တော်တော်ချောတာပဲဟာ။ လူကုန်ကူးသူတစ်ယောက်ကိုသာ ရောင်းလိုက်ရင် ဈေးကောင်းကောင်းရလောက်တယ်လေ။ အဲ့လောက်ဆို သူ့မိဘတွေရဲ့အကြွေးနည်းနည်းလောက်ကိုတော့ ဆပ်ဖို့ လုံလောက်သားပဲ။"

"မင်းတို့ကများ ၊ ရဲတင်းလိုက်တာ"

ဝမ်တာ့အန်း၏မျက်လုံးများသည် ပြူးကျယ်သွားပြီး သူ၏လက်ထဲမှပေါက်တူးသည် မှဲ့နှင့်လူကို တန်းတန်းမတ်မတ်ညွှန်ထားသည်။

ညိုမှိုင်းနေသောမျက်လုံးများနှင့်လူကတော့ အေးစက်စွာပြောလိုက်သည်။ "ခင်ဗျားတို့ သေချာစဉ်းစားတာကောင်းမယ်နော်။ ကလေးမလေးကို ကျုပ်တို့ဆီ မလွှဲပေးလို့ရှိရင်………။ ကျုပ်တို့ဝံပုလွေနက်ဂိုဏ်းက ကိုင်တွယ်ရလွယ်တယ်လို့ တကယ်ထင်နေကြတာလား။"

"ပြီးကာမှ ကျုပ် သတိမပေးဘူးလို့ အပြစ်မတင်နဲ့နော်။ ဝံပုလွေနက်ဂိုဏ်းနဲ့ ပြဿနာဖြစ်ပြီး ကောင်းကောင်းကန်းကန်း ထွက်သွားရတဲ့သူဆိုလို့ တစ်ယောက်မှမရှိဘူး။ ကျုပ်တို့ကို တားရဲတဲ့သူ ဘယ်သူမဆို မိသားစုတစ်ခုလုံးပါ ပျက်စီးသွားစေရမယ်"

ဤစကားများသည် ကျိုးလီရွာ၏ရွာသားများကို တုန်လှုပ်သွားစေသည်။

ဟန်လောင်ဝူနှင့် သူ၏ဂိုဏ်းသည် ဤဒေသတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည်။

ဝံပုလွေနက်ဂိုဏ်းတွင် အဖွဲ့ဝင်ဖြစ်ခြင်းကို မှီခိုပြီး သူတို့သည် ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်ကြပေ။

မည်သူမျှ သူ၏ခြိမ်းခြောက်မှုကို သံသယမဝင်ပေ။

အဘယ်ကြောင့်ဆိုသော် အနီးအနားရွာများတွင် အချို့သည် သူ့ကို စော်ကားမိသောကြောင့် ထိုသို့သောကံကြမ္မာကို အမှန်တကယ်ကြုံတွေ့ခဲ့ရပြီး သူတို့၏မိသားစုများမှာလည်း ပျက်စီးသွားခဲ့ရပါ၏။

ရွာသားများသည် သူ၏စကားကြောင့် ကြောက်ရွံ့သွားသည်ကို မြင်လိုက်ရ၍ မှဲ့နှင့်လူသည် ကြမ်းတမ်းစွာ ပြုံးလိုက်သည်။

သူသည် ရှေ့သို့ တိုးလိုက်ရာ ဤတစ်ကြိမ်တွင်တော့ ရွာသားများသည် သူ့ကို မတားဆီးဝံ့ကြပေ။

ဝမ်တာ့အန်းတစ်ယောက်သာ သူ၏နေရာတွင် ရပ်နေပြီး မလှုပ်မယှက်ဖြင့် သူတို့အမိန့်ကို ငြင်းဆန်နေဆဲပင်။

“သောက်ချီးမလို့လား။ ငါက ဒါကို သည်းခံမယ်လို့များ မင်းက တကယ်ထင်နေတာလား"

မှဲ့နှင့်လူသည် ရုတ်တရက် ဝမ်တာ့အန်း၏လက်ထဲမှပေါက်တူးကို လုယူလိုက်ပြီးနောက် ရှေ့သို့ တိုးလိုက်ရာ ဝမ်တာ့အန်းနှင့် နီးကပ်သွားသောအခါ၌ သူ၏လက်မောင်းကို မြှောက်ကာ သူ၏လက်ချောင်းများကိုပင် ဖြန့်လိုက်ပြီး ဝမ်တာ့အန်း၏မျက်နှာကို ရိုက်ဖို့ ရွယ်လိုက်သည်။

ထိုရိုက်ချက်တွင် မှဲ့နှင့်လူ၏ခွန်အားအကုန်ပါဝင်လေသည်။ ဝမ်တာ့အန်းမှာတော့ သိုင်းမတတ်တာကြောင့် မည်သို့ရှောင်တိမ်းရမည်ကိုမသိပေ။

အကယ်၍ ထိုရိုက်ချက်သာ သူ့အပေါ်ကျရောက်လာပါက သူ့မျက်နှာသည် အညိုအမည်းပင်စွဲလျက် သွားများပင် ကျိုးမည်ဖြစ်ကာ သူ၏မျက်နှာတစ်ခြမ်းသည်လည်း ပျက်စီးသွားပေလိမ့်မည်။

ရိုက်ချက်သည် ဝမ်တာ့အန်း၏မျက်နှာပေါ်သို့ ကျရောက်တော့မည့်အချိန်တွင် အချို့ရွာသားများသည် မျက်လုံးပင် မှိတ်လိုက်မိကြသည်။

သို့သော် နောက်တစ်ခဏတွင်တော့ မှဲ့နှင့်လူ၏လက်မောင်းကို အခြားလက်တစ်ဖက်က ဖမ်းဆီးလိုက်၏။

"ဒီအစ်ကိုက တော်တော်ဒေါသကြီးတဲ့ပုံပဲနော်။"

တစ်ချိန်တည်းတွင် အသံတစ်ခုပါ ထွက်ပေါ်လာခဲ့လေသည်။

ရှောင်ယန်ကလည်း ချက်ချင်းအော်လိုက်သည်။ "ကိုကို"

"အားချင်း"

ရွာသားများသည် ထိုလူကို ရှင်းရှင်းလင်းလင်းမြင်သောအခါ အံ့အားသင့်စွာဖြင့် အော်ဟစ်မိကြသည်။

All Chapters