ကြောက်ရွံ့ခြင်းနှင့် တောင်းဆိုမှု
Vol. 8 Ch. 79
လုချင်းသည် လူတစ်ယောက်ကို တစ်ချက်တည်းဖြင့် ခေါင်းဖြတ်သတ်ပစ်လိုက်သည်။
ပတ်ပတ်လည်တွင် ပြန့်ကျဲနေသောအလောင်းများ၊ ဦးတည်ရာမရှိ စီးဆင်းနေကြသောသွေးများနှင့် ပြန့်ကျဲနေသောဦးခေါင်းများကို ကြည့်ရင်း မာကူးနှင့်အခြားသူများမှာ အသက်တောင်မရှူနိုင်တော့။
ဤနေရာတွင် ဤသို့သောသွေးထွက်သံယိုမှုမျိုးဖြစ်ပွားလောက်သည်အထိ မည်သို့မည်ပုံတောင် ဖြစ်ပျက်ခဲ့သည်ကို သူတို့အားလုံး စဉ်းစား၍ပင်မရနိုင်ပေ။
ရှောင်ထျန်းက ပတ်ပတ်လည်ကိုကြည့်ရင်း ရုတ်တရက်အော်လိုက်သည်။ "ဆရာမာ၊ ဟိုမှာကြည့်"
မာကူးသည် သူ၏အကြည့်အတိုင်း လိုက်ကြည့်လိုက်သောအခါ၌ မြေပြင်ပေါ်တွင် လှိမ့်နေသောခေါင်းတစ်လုံးကို တွေ့လိုက်ရပြီး ၎င်း၏မျက်လုံးများသည် ကြောက်ရွံ့မှုဖြင့် ပြူးကျယ်နေကာ အလွန်ကြောက်မက်ဖွယ်ကောင်းလှပေ၏။
"နှလုံးသားလုယူသူဝံပုလွေ... သူတောင်မှ သေပြီလား။"
မာကူးသည် ဦးခေါင်းပိုင်ရှင်ကို မှတ်မိသွားသောအခါ၌ သူ၏စိတ်နှလုံးသားတောင် မတုန်လှုပ်ဘဲမနေနိုင်တော့ချေ။
လုချင်းသည် ဆူညံသံကို ကြားလိုက်ရသဖြင့် ထိုအသံလားရာနေရာသို့ သူ၏ခေါင်းကို လှည့်လိုက်ရင်း ခုမှရောက်ရှိလာသူများကို ကြည့်လိုက်သည်။
သူ၏ခံစားချက်ကင်းမဲ့ပြီး အေးစက်နေသောအကြည့်သည် ရှောင်ထျန်းနှင့် အခြားသူများကိုပင် ကြောက်ရွံ့မှုဖြင့် ခြေလှမ်းအနည်းငယ်လောက်ထိ နောက်သို့ ဆုတ်သွားမိစေ၏။
ကြွက်သားနှင့် အရိုးအဆင့်မှ မာကူးပင်လျှင် လုချင်းအကြည့်ကိုမြင်လိုက်ရသောအခါ၌ သူ၏နှလုံးသားသည် တဒိတ်ဒိတ်ခုန်လာပြီး ကိုယ်အတွင်းမှ အေးစက်မှုတစ်ခု မြင့်တက်လာသယောင်နှယ် သူ့ခန္ဓာကိုယ်သည်ပင် ထုံကျင်တတ်သွားရတော့၏။
"ညီလေးလု ငါတို့ပါ"
လုချင်းက သူတို့ကို ခုတ်သတ်မိမည်ကို စိုးရိမ်သဖြင့် မာကူးသည် သူ၏ကြောက်ရွံ့မှုကို အတင်းအကျပ်ဖိနှိပ်ပြီး အလျင်အမြန်ခေါ်လိုက်ရသည်။
သူ့တွင်လည်း ရွေးချယ်စရာမရှိပေ၊ ယခုအချိန် လုချင်းသည် အင်မတန့်ကို ကြောက်မက်ဖွယ်ကောင်းလှပေ၏။
သူ၏တစ်ကိုယ်လုံးသည် သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်နေပြီး ငရဲမှထွက်ပေါ်လာသော သေမင်းတမန်ကဲ့သို့နှယ် လူတိုင်းအတွက် အလွန်ခြိမ်းခြောက်ဖွယ်ပုံရိပ်တစ်ခု ဖြစ်နေလေသည်။
လုချင်းမှာ ထိုအဖွဲ့ကို ခဏစိုက်ကြည့်လိုက်တာကြောင့် ရှောင်ထျန်းနှင့်အခြားသူများကို တုန်လှုပ်စေခဲ့မိပါ၏။ သို့သော် လုချင်း၏သတ်ဖြတ်လိုစိတ်သည် တဖြည်းဖြည်းလျော့ကျသွားပြီး သူ၏တည်ငြိမ်မှုကိုပင် ပြန်လည်ရရှိလာခဲ့သည်။
သူသည် မာကူးနှင့်အခြားသူများ ဤနေရာသို့ အဘယ်ကြောင့်ရောက်ရှိနေသည်ကိုတော့ မမေးခဲ့ပေ။
ထိုအစား သူက သွယ်ဝိုက်မနေတော့ဘဲ ပြောလိုက်သည်။ "ခင်ဗျား ဒီမှာရှိနေမှတော့ ဆရာမာ၊ ကျွန်တော် ခင်ဗျားကို အကူအညီတစ်ခုတောင်းစရာရှိတယ်။"
"ဘာများလဲ ညီလေးလု။"
လုချင်း၏သတ်ဖြတ်လိုသောအရှိန်အဝါကြီး သိသိသာသာလျော့ကျသွားသည်ကို မြင်လိုက်ရသည့်အခိုက် မာကူးတစ်ယောက် အနည်းငယ်စိတ်သက်သာရာရသွားပြီး မေးလိုက်သည်။
လုချင်းကတော့ ထပ်မံစကားမပြောတော့ပေ။ သူသည် သူ၏ဓားကိုအသုံးပြု၍ မြေပြင်ပေါ်မှငွေအိတ်တစ်အိတ်ကို ကောက်ယူလိုက်ပြီး ရှေ့သို့ လျှောက်သွားလိုက်တော့သည်။
မာကူးမှာလည်း ခဏမှင်သက်သွားပြီး လုချင်းအနောက်သို့ လိုက်ပါသွားလေ၏။ ထို့နောက်၌ အခြားသူများသည်လည်း ခဏလောက်တုံ့ဆိုင်းပြီးနောက်မှ ဖြည်းညှင်းစွာ လိုက်ပါသွားကြတော့သည်။
လုချင်း ဆက်လက်လျှောက်သွားစဉ် ရှောင်ထျန်းနှင့်အခြားသူများသည် လမ်း၏ဘေးနှစ်ဖက်တွ င်လဲလျောင်းနေသောအလောင်းများကို မြင်လိုက်ရ၍ ပို၍တောင် ကြောက်ရွံ့လာကြလေပြီပင်။
ဤအလောင်းအများစုမှာ ယစ်မူးပျော်မွေ့ ခံတပ်မှဖြစ်ကြောင်းကို သူတို့ သိပါ၏။ ထိုသူတို့မှာ လောင်းကစားသမားများ သို့မဟုတ် ပျော်ရွှင်မှုကို လာရှာဖွေကြသော ဧည့်သည်များမှန်း ရှင်းရှင်းလင်းလင်းကို သိသာသော အလောင်းအနည်းငယ်လည်း ရှိလေသည်။
လုချင်းကို ဒီလိုမျိုးအစုလိုက်အပြုံလိုက်သတ်ပစ်ဖို့အထိ ဖြစ်စေခဲ့တဲ့အကြောင်းက ဘာများလဲ။
လုချင်း၏ကျောကိုကြည့်ရင်း ရှောင်ထျန်းနှင့်အခြားသူများသည် ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းနှစ်မျိုးစလုံးကို ခံစားလိုက်ရသည်။
သူတို့သည် ပုံမှန်ယဉ်ကျေးပြီး တလေးတစားပြုမူတတ်သောလုချင်းတွင် ဤသို့သောရက်စက်ကြမ်းကြုတ်ပြီး သတ်ဖြတ်လိုသည့် အမှောင်ဘက်ခြမ်း ရှိသည်ဟု ဘယ်တုံးကမှ မတွေးဖူးခဲ့ကြပေ။
မာကူးသည်လည်း မြေပြင်ပေါ်ရှိအလောင်းများကြောင့် အံ့အားသင့်သွားရပါ၏။
ဤလူအများစုသည် ထွက်ပြေးနေစဉ်မှာပဲ တစ်ချက်တည်းသောထိုးနှက်မှုဖြင့် သတ်ဖြတ်ခံခဲ့ရကြောင်း သူ အတပ်ပြောနိုင်ပါသည်။
အချို့သည် ဒူးထောက်ပြီး ကရုဏာတောင်းခံနေစဉ် သတ်ဖြတ်ခံခဲ့ရကြောင်း တော်တော်လေးကို သိသာပေ၏။
သူတို့၏အသက်ကို ချမ်းသာပေးဖို့ တောင်းပန်နေခြင်းပင်လျှင် သူတို့ကို မကယ်တင်နိုင်ခဲ့သည်မှာ လုချင်း၏သတ်ဖြတ်လိုစိတ်သည် မည်မျှတောင်မှ ပြင်းထန်ခဲ့သည်ကို ပြသနေလေ၏။
လုချင်းသည် လမ်းတစ်လျှောက် တစ်ချက်လေးမျှပင် မရပ်တန့်ခဲ့ဘဲ အိမ်တစ်လုံးဆီသို့ တန်းတန်းမတ်မတ်သွားလိုက်သည်။
ထိုအခါ မာကူး၏မျက်လုံးများကတော့ ကျဉ်းမြောင်းသွားပြီး ဤအိမ်သည် ခံတပ်ရှိအခြားအိမ်များနှင့်မတူဘဲ ကျောက်တုံးဖြင့် ဆောက်လုပ်ထားသည်ကို သတိပြုမိလိုက်သည်။
လုချင်းတစ်ယောက် တံခါးကို တွန်းဖွင့်လိုက်သောအခါတွင်တော့ မာကူး၏မျက်လုံးများမှာ ထပ်မံ၍ လှုပ်ခတ်သွားရပြန်သည်။
အပြင်ဘက်မှ အလင်းရောင်ဖြင့် သူသည် အိမ်ထဲတွင် နောက်ထပ်အလောင်းသုံးလောင်းကို တွေ့မြင်လိုက်ရပြန်ပါ၏။
သို့သော် အပြင်ဘက်ရှိ ကြောက်မက်ဖွယ်ကောင်းသောမြင်ကွင်းများနှင့် နှိုင်းယှဉ်လျှင် ဤသုံးဦးသည် ကြည့်ပျော်ရှုပျော်ဖြင့် သေဆုံးခဲ့ရတာပင်။
အနည်းဆုံးတော့ သူတို့သည် တခြားသူများကဲ့သို့ ခေါင်းပြတ်နေတာမျိုးမဟုတ်ခဲ့ ၊ တစ်ကိုယ်လုံး ပြည့်ပြည့်စုံစုံရှိနေသေးပါ၏။
မာကူးသည် လုချင်းက သူတို့ကို ဤနေရာသို့ အဘယ်ကြောင့်ခေါ်ဆောင်လာသည်ကို တွေးရင်း စိတ်ရှုပ်ထွေးနေလေ၏။
ဒီအလောင်းသုံးလောင်းမှာ တစ်ခုခုများ ထူးခြားတာရှိလို့လား။
ထို့နောက်၌ မာကူးမှာ လုချင်းတစ်ယောက် ထိုအလောင်းသုံးလောင်းကို တစ်ချက်မျှပင် မကြည့်ဘဲ ခြံစည်းရိုးတစ်ခုဆီသို့ ဆက်လက်သွားကာ တံခါးပေါ်ရှိ သံကြိုးအား ခုတ်ဖြတ်ပစ်လိုက်သည်ကို တွေ့လိုက်ခဲ့ရသည်။
မသဲမကွဲအော်ဟစ်သံအနည်းငယ်ထွက်ပေါ်လာသောအခါ၌ မာကူးသည် မှောင်မိုက်နေသောထောင့်တစ်နေရာတွင် အခြားသူများ ရှိနေသေးကြောင်းကို သဘောပေါက်လိုက်လေသည်။
သူ ခံတပ်သို့ဝင်ရောက်ကတည်းက ကြုံတွေ့ခဲ့ရသောတုန်လှုပ်မှုများကြောင့် သူတို့ကို သူ သတိမပြုမိခဲ့တာပင်။
ကြွက်သားနှင့် အရိုးအဆင့်တွင် ရှိသောသူတစ်ယောက်အနေဖြင့် သူသည် အတွင်းမှ လူများကို အစောပိုင်းကတည်းက သတိပြုမိသင့်ပါ၏။
"ဆရာမာ၊ ဒီထဲမှာ သနားစရာကောင်းတဲ့ကောင်မလေးနည်းနည်း ရှိတယ်၊ ပြီးတော့ ခံတပ်ရဲ့အလယ်က သစ်သားအဆောက်အဦးထဲမှာလည်း ကံမကောင်းတဲ့သူတချို့ ရှိတယ်။ ဖြစ်နိုင်ရင် ခင်ဗျား သူတို့ကို တစ်ခုခုစီစဉ်ပေးစေချင်ပါတယ်။"
လုချင်းက ခေတ္တရပ်တန့်ပြီးမှ ဆက်ပြောလိုက်သည်။ "ကုန်ကျစရိတ်အတွက်ကတော့... ဒီခံတပ်ထဲမှာ ဒီကလေးမလေးတွေကို စောင့်ရှောက်ဖို့ ငွေအများကြီးရှိလောက်မှာပါ။"
မာကူးသည် တံခါးဝမှ မီးအိမ်တစ်လုံးကို ယူကာ အိမ်ထဲသို့ လျှောက်ဝင်သွားလိုက်ပြီး နောက်ဆုံးတွင်တော့ မှောင်မိုက်နေသောထောင့်ရှိ မြင်ကွင်းကို တွေ့လိုက်ရတော့သည်။
ပိန်လှီပြီး ကြောက်ရွံ့နေသော မိန်းကလေးအနည်းငယ်အား သံကြိုးများဖြင့် ချည်နှောင်ထားသည်ကို မြင်လိုက်ရသောအခိုက်၌ သူသည် လုချင်းတစ်ယောက် အဘယ်ကြောင့် ထိုမျှလောက်ထိ ဒေါသထွက်ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအား ပြုလုပ်ခဲ့သည်ကို နားလည်သွားခဲ့လေပြီပင်။
သူပင်လျှင် ယခုအခါ၌ ဤမြင်ကွင်းကို ကြည့်ရင်း ဒေါသလှိုင်းတစ်ခုကို မခံစားဘဲမနေနိုင်ပေ။
မာကူးက လေးနက်စွာပြောလိုက်သည်။ "ဝံပုလွေနက်ဂိုဏ်းရဲ့လုပ်ရပ်တွေက အရမ်းလွန်လွန်းတယ်။ စိတ်မပူပါနဲ့ ညီလေးလု။ ငါ ဒီသနားစရာကလေးတွေကို စောင့်ရှောက်ဖို့ နည်းလမ်းရှာပေးပါ့မယ်။"
လုချင်းက ခေါင်းခါလိုက်သည်။ "ဒီလောက်နဲ့တင် မဟုတ်ဘူး။ သစ်သားအဆောက်အဦးထဲမှာလည်း ကောင်မလေးတချို့ရှိသေးတယ်။ အများစုကတော့ သူတို့ရဲ့ဆန္ဒမပါဘဲ ခံတပ်ထဲကို ရောင်းစားခံလိုက်ရတာ။ သူတို့အတွက်လည်း စီစဉ်ပေးဖို့ ကူညီပေးပါ။ သူတို့အတွက် အများကြီးလည်း မလိုပါဘူး၊ ထမင်းတစ်နပ်နဲ့ နေစရာနေရာတစ်ခုပဲ လိုတာပါ။"
လုချင်းသည် သူ ဤမိန်းကလေးများကို ကောင်းမွန်စွာမစောင့်ရှောက်နိုင်လောက်ကြောင်း သိပါသည်။
သူတွင် အချိန်လည်း မရှိသလို စွမ်းအင်လည်း မရှိပေ။
မာကူးကဲ့သို့သော မိသားစုသြဇာလွှမ်းမိုးမှုနှင့် အရင်းအမြစ်များရှိသောသူတစ်ဦးသာလျှင် ဤသို့သောအလုပ်ကို ကိုင်တွယ်နိုင်ပေ၏။
ခဏစဉ်းစားပြီးနောက် မာကူးက ခေါင်းညိတ်လိုက်သည်။ "စိတ်မပူပါနဲ့၊ ငါ အကောင်းဆုံးစီစဉ်ပေးပါ့မယ်။"
"ကျေးဇူးတင်ပါတယ်။"
ထို့နောက် လုချင်းသည် ခြံစည်းရိုးတံခါးကို တွန်းဖွင့်ပြီး ဝင်သွားလိုက်သည်။
မိန်းကလေးများ၏ကြောက်ရွံ့သောအကြည့်များအောက်တွင် သူသည် သူ၏ဓားကို လွှဲလိုက်ပြီး သူတို့၏လက်နှင့်ခြေထောက်များပေါ်ရှိ သံကြိုးများကို ဖြတ်တောက်လိုက်၏။
မာကူး၏မျက်လုံးများမှာ ကြည့်နေရင်းဖြင့် ထပ်မံလှုပ်ခတ်သွားရပြန်သည်။
ဤသို့မှောင်မိုက်နေသောပတ်ဝန်းကျင်တွင်တောင်မှ လုချင်းသည် မိန်းကလေးများကို မထိခိုက်စေဘဲ သံကြိုးများကို တိကျစွာ ဖြတ်တောက်ပစ်နိုင်လေ၏။
ဤဓားထိန်းချုပ်မှုအဆင့်သည် မာကူးပင်လျှင် အလွယ်တကူမလုပ်ဆောင်နိုင်သောအရာပင်။
ဤသို့ဆိုမှတော့ လုချင်းတစ်ယောက်တည်း ယစ်မူးပျော်မွေ့ ခံတပ်ကို ရှင်းလင်းခဲ့သည်မှာ အံ့ဩစရာမရှိတော့ပေ။
ဝံပုလွေနက်ဂိုဏ်း၏နှလုံးသားလုယူသူဝံပုလွေပင်လျှင် သူ့လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။
ဤသို့သောဓားကျွမ်းကျင်မှုများနှင့်ဆိုလျှင် ယစ်မူးပျော်မွေ့ ခံတပ်တွင် မည်သူကများ သူ့ကို ရင်ဆိုင်နိုင်မည်နည်း။
"မင်းတို့တွေ ၊ အပြင်ဘက်က လူဆိုးတွေအားလုံးကို ငါ သတ်ပစ်လိုက်ပြီနော်။ မကြာခင် မင်းတို့အားလုံး ဒီဦးလေးနောက်ကို လိုက်သွားရမယ်။ သူက မင်းတို့ရဲ့အနာဂတ်ကို စီစဉ်ပေးလိမ့်မယ်။ စိတ်မပူနဲ့၊ မင်းတို့ ခုကစပြီး အငတ်နေရတော့မှာမဟုတ်ဘူး။" လုချင်းသည် ထောင့်ရှိ မိန်းကလေးများကို ပြောလိုက်သည်။
နောက်ဆုံးခေါ်ဆောင်လာသောမိန်းကလေးကို မြင်လိုက်ရချိန်၌ လုချင်းသည် ခေတ္တရပ်တန့်သွားသည်။
ထို့နောက် သူက သူ၏ရင်ဘတ်ထဲမှ ငွေအိတ်တစ်အိတ်ကို ထုတ်ယူလိုက်၏။
"ဒါက မင်းရဲ့အဖေ မင်းကို ရောင်းလို့ ရလာတဲ့ ပိုက်ဆံပဲ။ မင်းအမေအတွက် ဆေးဝယ်ဖို့ သုံးလိုက်။ သူ့ရောဂါကို အမြန်ဆုံးကုပေးလိုက် ဟုတ်ပြီလား။ မင်းရဲ့အဖေအတွက်ကတော့….." လုချင်းက ခေတ္တရပ်တန့်သွားသည်။ "ငါ သူ့ကိုသတ်ပစ်လိုက်ပြီ။"
မိန်းကလေး၏မျက်လုံးများသည် တုန်လှုပ်မှုဖြင့် ပြူးကျယ်သွားပြီး လုချင်းကို ဗလာကျင်းစွာဖြင့် စိုက်ကြည့်နေသည်။
လုချင်းကတော့ သူမ၏တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ ငွေအိတ်ကို သူမ၏လက်ထဲတွင် ထည့်ပေးလိုက်ပြီးနောက် ထွက်သွားတော့သည်။
မာကူးသည်လည်း သူ့နောက်သို့ လိုက်ပါသွားပြီး ရှောင်ထျန်းနှင့် အခြားသူများကို မိန်းကလေးများအား နှစ်သိမ့်ဖို့ရန်နှင့် နောက်ဆက်တွဲအခြေအနေများကို ရှင်းလင်းရန် ညွှန်ကြားချက်များ ပေးလိုက်၏။
ထို့နောက် သူသည် လုချင်းက ခံတပ်မှထွက်ခွာသွားသည်ကို မြင်ရ၍ အလျင်အမြန်လိုက်မီရန် ကြိုးစားလိုက်ရလေ၏။ "ညီလေးလု၊ မင်း ဘယ်သွားမလို့လဲ။"
"ကျွန်တော် တစ်ယောက်တည်း စဉ်းစားစရာကိစ္စတချို့ရှိလို့ပါ။ ကျွန်တော် နောက်ရက်ကျမှ ခင်ဗျားကို ကျေးဇူးတင်ဖို့ လာလည်ပါ့မယ်ဗျ ဆရာမာ။"
ထိုစကားကို ကြားလိုက်ရသဖြင့် မာကူးသည် သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်တော့သည်။
သူသည် ပတ်ပတ်လည်တွင် ပြန့်ကျဲနေသောအလောင်းများကို ကြည့်လိုက်ပြီးနောက် လုချင်းနောက်ကို ထပ်မလိုက်ဖို့ ဆုံးဖြတ်လိုက်တော့၏။
ထို့နောက်တွင်တော့ သူသည် လုချင်းတစ်ယောက် သူ၏တိုက်ပွဲဝင်ဓားကို သယ်ဆောင်ရင်း ခံတပ်မှ ဖြည်းညှင်းစွာ ထွက်ခွာသွားသည်ကို ကြည့်သာကြည့်နေလိုက်တော့လေ၏။