← Chapters

အားလုံးကို သတ်ဖြတ်ခြင်း

Vol. 8 Ch. 71

အားလုံးကို သတ်ဖြတ်ခြင်း

Vol. 8 Ch. 71

လုမိသားစု၏ ခြံဝင်းရှေ့တွင် သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေလေ၏။

မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် အသက်မဲ့နေပြီဖြစ်သောဟန်လောင်ဝူကို ကြည့်ရင်း လူတိုင်း မှင်သက်သွားကြသည်။

လုချင်းက ရုတ်တရက် လှုပ်ရှားလိုက်ပြီးနောက်၌ ဟန်လောင်ဝူကို ဒီတိုင်းချည်းသတ်ပစ်လိုက်လိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။

ကျိုးလီရွာ၏ ရွာသားများမှာ မှင်သက်နေသည့်အပြင် စိတ်ရှုပ်ထွေးနေကြပါ၏။

အစောပိုင်းလောက်ကပင် သူတို့သည် လုချင်းကို ညင်သာသောအပြုံးဖြင့် မြင်တွေ့ခဲ့ရပါ၏။ လုချင်းက ဟန်လောင်ဝူ၏တောင်းပန်မှုကို လက်ခံခဲ့သဖြင့် အတိတ်ကို အတိတ်မှာပဲ ထားခဲ့တော့မည်ဟု သူတို့အားလုံး ထင်မှတ်ခဲ့ကြတာပင်။ လုချင်းတစ်ယောက် ဟန်လောင်ဝူ၏ လှည့်ဖြားခြင်းကို ခံရပြီး ထိုလူများအားလုံးကို တကယ်ကြီးခွင့်လွှတ်လိုက်မည်ကို သူတို့တွေ စိုးရိမ်နေခဲ့ကြသည်။

သို့သော် အံ့အားသင့်စွာပင် မျက်စိတစ်မှိတ်အတွင်း လုချင်းသည် ဟန်လောင်ဝူကို တစ်ချက်တည်းဖြင့် သတ်ပစ်ခဲ့သည်။

လူတစ်ယောက်ကို သတ်ခဲ့ပြီးတာတောင် လုချင်း၏ တည်ငြိမ်နေသောအမူအရာကို မြင်လိုက်ကြရသောအခါ၌ ရွာသားများမှာ သူစိမ်းဆန်သောခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

ဒီကောင်လေးက သူတို့သိတဲ့ အားလုံးအပေါ် အမြဲတမ်း ကြင်ကြင်နာနာ ယဉ်ယဉ်ကျေးကျေးနဲ့ ဆက်ဆံတတ်တဲ့ လုချင်းကော ဟုတ်သေးရဲ့လား။

ထိုစဉ် လုချင်းကတော့ ရွာသားများ၏အကြည့်များကို အာရုံမစိုက်ခဲ့ပေ။ ဟန်လောင်ဝူကို သတ်ပြီးနောက် သူသည် ဝံပုလွေနက်ဂိုဏ်း၏ ကျန်ရှိသောအဖွဲ့ဝင်များအပေါ် ဆက်လက်အာရုံစိုက်နေခဲ့သည်။

ထိုဂိုဏ်းသားများမှာတော့ ချက်ချင်းတုန်လှုပ်ကာ ဒူးထောက်လိုက်ကြသည်။

"သူရဲကောင်းကြီး၊ သူရဲကောင်းကြီး ၊ ကျွန်တော်တို့ကို ချမ်းသာပေးပါ"

"သခင်လေး၊ ဒါက ကျွန်တော်နဲ့ တကယ်မဆိုင်ပါဘူး"

"ဆရာဝူက ကျွန်တော့်ကို အတင်းအကျပ်ခိုင်းလို့ပါဗျာ။ ကျွန်တော် ဘာအမှားမှမလုပ်ခဲ့ပါဘူးဗျ"

"ကျွန်တော် နောက်ထပ် မလုပ်ရဲတော့ပါဘူးဗျာ။ သခင်လေး၊ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို ချမ်းသာပေးပါ၊ ချမ်းသာပေးပါဗျာ သခင်လေးရယ်"

လုချင်းက ခံစားချက်ကင်းမဲ့စွာ မေးလိုက်သည်။ "ငါ မင်းတို့ကို မေးမယ်၊ ငါ့မိဘတွေက ဘယ်လိုသေခဲ့ရတာလဲ။"

"ကျွန်တော်တို့မသိပါဘူး သခင်လေး။ အဲ့ဒီကိစ္စအားလုံးကို ဆရာဝူနဲ့ ဆရာချီတို့က စီစဉ်ခဲ့တာပါဗျ။ ကျွန်တော်တို့ အသေးစိတ်မသိပါဘူး။"

"ကျွန်တော်သိတာက ဆရာဝူတို့က သခင်လေးရဲ့အမေကို ပြည့်တန်ဆာ လုပ်ခိုင်းဖို့ အတင်းကြိုးစားခဲ့တယ်လေ။ အဲ့ဒါကြောင့်နဲ့ပဲ သခင်လေးအမေက ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့တာပါဗျ။"

"ဒါကလွဲလို့ ကျွန်တော်တို့ တကယ်ပဲ ဘာမှမသိပါဘူးဗျာ။ ကျေးဇူးပြုပြီး သခင်လေး၊ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ပြောင်းလဲဖို့ အခွင့်အရေးတစ်ခုလောက် ပေးပါဗျာ"

သူ၏ရှေ့မှ ငိုကြွေးကာ ကရုဏာတောင်းခံနေသောလူများကိုကြည့်ရင်း လုချင်း၏မျက်နှာအမူအရာသည် မပြောင်းလဲခဲ့ပေ။

ဟန်လောင်ဝူကဲ့သို့သောလူတစ်ဦးအောက်တွင် အလုပ်လုပ်နိုင်သူတိုင်းသည် လူကောင်းတစ်ယောက်ဖြစ်နိုင်မည်မဟုတ်ပေ။

ထို့အပြင် သူ၏ယခင်စုံစမ်းစစ်ဆေးမှုမှရရှိသော သတင်းအချက်အလက်များက ဤလူအားလုံးသည် အမှိုက်သရိုက်များဖြစ်ပြီး မည်သူမျှအပြစ်ကင်းစင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

သူ ခေါင်းခါလိုက်သည်။ နောက်ထပ်သတင်းအချက်အလက်များမရနိုင်တော့သောကြောင့် ဤအမှိုက်သရိုက်များကို အသက်ရှင်လျက် ထားရန် မလိုအပ်တော့ပေ။

ထို့နောက်တွင်တော့ တုံ့ဆိုင်းခြင်းမရှိဘဲ လုချင်း၏သွေးချီစွမ်းအားသည် သူ၏ကိုယ်အတွင်း၌ တိုးပွားလာပြီးနောက်၌ လုချင်းမှာ ရုတ်တရက်ကန်ထုတ်လိုက်တော့သည်။

တစ်ခဏအတွင်း ဝံပုလွေနက်ဂိုဏ်း၏အဖွဲ့ဝင်တစ်ဦးချင်းစီ၏ လည်ချောင်းနှင့် နားထင်တို့ အကန်ခံလိုက်ရသည်။

အရိုးများကျိုးကြေသွားသောအသံများနှင့်အတူ ကျန်ရှိသောငါးဦးသည် တုံ့ပြန်နိုင်ခြင်းမရှိမီ သူတို့၏မျက်လုံးများသည် နီရဲသွားကြပြီး သူတို့၏လည်ချောင်းများကို ဆုပ်ကိုင်ကာ ဆန့်ငင်ဆန့်ငင်ဖြစ်လျက် မြေပြင်ပေါ်သို့ လဲကျသွားပြီး သိပ်မကြာမီတွင်တော့ အသက်မဲ့သွားကြတော့၏။

အစမှ အဆုံးထိတိုင်အောင် လုချင်းသည် နောက်ထပ်စကားတစ်ခွန်းမျှ မပြောခဲ့ပေ။

သူတို့အားလုံးသေဆုံးသွားကြောင်း အတည်ပြုပြီးနောက်မှသာ လုချင်းသည် ကျိုးလီရွာ၏ရွာသားများဘက်သို့ လှည့်လိုက်သည်။

မှဲ့နှင့်လူမှာမူ လှည့်ကြည့်ဖို့ပင် မလိုပေ၊ သူသည်လည်း သေဆုံးနေပြီဖြစ်သည်။

လုချင်းလှည့်လာသောအခါ၌ ရွာသားများမှာ အလိုလိုပင် ခြေတစ်လှမ်းနောက်သို့ ဆုတ်လိုက်မိကြ၏။

သူတို့လည်း နောက်မဆုတ်ဘဲမနေနိုင်ခဲ့ပေ။ လုချင်း၏ခုနကလုပ်ဆောင်ချက်သည် အလွန်ကြောက်မက်ဖွယ်ကောင်းလှပါ၏။

ရက်စက်ကြမ်းကြုတ်လှပေသော ဝံပုလွေနက်ဂိုဏ်း၏အဖွဲ့ဝင်များအားလုံးမှာ သူ့လက်ချက်ဖြင့် တစ်ခဏအတွင်း သေဆုံးသွားကြပြီပင်။

အဓိကအချက်မှာ လူများစွာကို သတ်ခဲ့ပြီးတာတောင်မှ သူ၏မျက်နှာအမူအရာသည် သိပ်မပြောင်းလဲခဲ့ပေ။

ဤကဲ့သို့ရက်စက်ကြမ်းကြုတ်သော လုချင်းကို ရွာသားများသည် တစ်ခါမှမမြင်ဖူးခဲ့ကြပေ။

တစ်ခဏမျှ သူတို့၏နှလုံးသားထဲတွင် ကြောက်ရွံ့မှုတစ်ခု ပေါ်ပေါက်လာသည်။

ရွာသားများ၏တုံ့ပြန်မှုကို မြင်ရ၍ လုချင်းသည် ခေတ္တရပ်တန့်ပြီး ပေါ့ပေါ့တန်တန်မေးလိုက်သည်။ "အဘိုးကျန်း၊ ဒီအလောင်းတွေကို ဘယ်လိုလုပ်လိုက်ရမလဲဗျ။"

ရှောင်ယန်ကို မကြောက်လန့်မိစေရန်အတွက် သူမ၏မျက်လုံးများကို ဖုံးအုပ်ထားခဲ့သော အဘိုးကျန်းသည် လုချင်းကို ခဏကြည့်နေလိုက်သည်။ ဤသူသည် သူတို့သိသော လုချင်းပင်ဖြစ်ကြောင်း သေချာသွားမှသာ သူ သက်ပြင်းချလိုက်သည်။

"ဘာလုပ်ရဦးမှာလဲ။ ချိုင့်ဝှမ်းတစ်ခုလောက် ရှာပြီး မြှုပ်လိုက်ရုံပေါ့။ ဒီလူဆိုးတွေအတွက် အုတ်ဂူတစ်ခုလောက်ရတာတောင် သူတို့အတွက် ဘုရားပေးတဲ့ဆုလာဘ်လို့ ပြောလို့ရနေပြီ။"

လုချင်း - "..."

များသောအားဖြင့် ကြင်နာတတ်ပုံရသော အဘိုးကျန်းသည် ဤမျှရဲတင်းနိုင်သည်ဟု သူ မမျှော်လင့်ခဲ့ပေ။

လုအဘိုးကျန်းအတွက် အလောင်းအနည်းငယ်သည် ဘာမှမဟုတ်ကြောင်းကို လုချင်း မသိခဲ့ပေ။ သူသည် သူငယ်စဉ်ကဆိုလျှင် ဤထက်ဆိုးရွားသောအရာများကို မြင်တွေ့ခဲ့ဖူးသည်။

အမှန်တကယ်တော့ ကျိုးလီရွာရှိ အကြီးအကဲများထဲမှ မည်သူမျှ အလောင်းများကို မကြောက်ကြပေ။

ဘေးအန္တရာယ်မှ ထွက်ပြေးတိမ်းရှောင်ရသောနှစ်များအတွင်း သူတို့သည် ဤထက်များစွာ ပို၍ကြောက်မက်ဖွယ်ကောင်းသောအရာများကို မြင်တွေ့ခဲ့ကြပြီးပြီပင်။

လောကအတွေ့အကြုံများစွာမရှိသေးသော လူငယ်များသာလျှင် လက်ရှိမြင်ကွင်းကြောင့် ကြောက်လန့်နေကြပါ၏။

အဘိုးကျန်းသည် အလောင်းများကြောင့် မတုန်လှုပ်ခဲ့ပေ။ ထိုအစား သူသည် လုချင်း၏အစောပိုင်းက လုပ်ဆောင်ချက်ကြောင့် အံ့အားသင့်နေခဲ့ပါသည်။

"လုချင်း၊ မင်း သိုင်းပညာကို ဘယ်တုန်းက သင်လိုက်တာလဲ။ ဒီဝံပုလွေနက်ဂိုဏ်းသားတွေအားလုံးက ရက်စက်ကြမ်းကြုတ်ကြတယ်ကွ။ အတိုက်အခိုက်မှာလည်း အရမ်းကို ကျွမ်းကျင်ကြတဲ့သူတွေ။ အဲ့ဒါတောင် သူတို့က မင်းရဲ့တစ်ကွက်လေးကိုတောင် မခံနိုင်ခဲ့ဘူးလား။"

အခြားရွာသားများသည်လည်း အလွန်သိချင်နေကြလေ၏။

သူတို့သည် လုချင်းကြီးပြင်းလာသည်ကို ကြည့်ရှုလာခဲ့ကြသူများပင်။ သို့ပေမဲ့ လုချင်းတစ်ယောက် သိုင်းပညာကို ဘယ်အချိန်ကများ သင်ယူလိုက်လို့များ ဤမျှထိ အားကောင်းလာသည်ကိုတော့ သူတို့မသိခဲ့ကြပေ။

လုချင်းက ပြန်ဖြေလိုက်သည်။ "ကျွန်တော့်ဆရာဆီကနေ သင်ခဲ့တာပါဗျ။ နည်းနည်းတော့ကြာပြီပြောရမယ်။"

"သမားတော်ကြီးက သိုင်းပညာကိုလည်း သိတယ်ပေါ့ ၊ ဟုတ်လား။"

ဤအချက်သည် ရွာသားအားလုံးကို အမှန်တကယ်ပင် မှင်သက်သွားစေခဲ့ပါ၏။

ဤမျှလောက်ထိ နှစ်ပေါင်းများစွာ အတူတကွနေထိုင်ခဲ့ပြီးနောက် သူတို့သည် ကြင်နာတတ်သောသမားတော်ကြီးမှာ သိုင်းပညာကိုလည်း တတ်ကြောင်းအား မသိခဲ့ကြပေ။

လုချင်းက ပြောလိုက်သည်။ "အခုတော့ အဲ့ဒီအကြောင်းတွေ မပြောကြရအောင်။ အဘိုးကျန်း၊ ကျွန်တော် ဒီလူတွေကို သတ်လိုက်မိပြီဆိုတော့ ပြဿနာတစ်ခုခုဖြစ်လာနိုင်လားဗျ။"

အဘိုးကျန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "ငါလည်း အဲ့ဒါကိုစိုးရိမ်နေတာပဲ။ ဒီဝံပုလွေနက်ဂိုဏ်းသားတွေက သေသင့်ပေမဲ့ သူတို့မှာ လူအများကြီးရှိတယ်။ ဒီလူတွေသေသွားပြီဆိုတာကိုသာ သူတို့တွေ သိသွားရင် ဒီအတိုင်းလွှတ်ထားမှာမဟုတ်ဘူး။"

လုချင်းက မေးလိုက်သည်။ "အဘိုးကျန်း၊ ဒီဝံပုလွေနက်ဂိုဏ်းရဲ့နောက်ခံက ဘာလဲ။ သူတို့က ဘာလို့ ဒီလောက်တောင် ဆိုးသွမ်းနေရတာလဲဗျ။ ဘာလို့ ဘယ်သူကမှလည်း မတားကြတာလဲဗျာ။"

"ငါလည်း မသိဘူး။ ဝံပုလွေနက်ဂိုဏ်းက မြို့က ဂိုဏ်းကြီးတစ်ခုပေါ့။ သူ့မှာ အဖွဲ့ဝင်တွေအများကြီးလည်း ရှိတယ်။ ငါ ကြားဖူးတာကတော့ လူတော်တော်များများက သူတို့ကို မထိရဲကြဘူးတဲ့။"

အဘိုးကျန်းသည် ကန့်သတ်ထားသောအသိပညာရှိသည့် သာမန်လယ်သမားအဘိုးကြီးတစ်ယောက်သာ ဖြစ်ပြီး ဝံပုလွေနက်ဂိုဏ်း၏အသေးစိတ်အချက်အလက်များကို မသိပေ။

လုချင်းသည် ခဏတိတ်ဆိတ်သွားပြီးနောက်၌ ရုတ်တရက် တစ်စုံတစ်ယောက်ကို သတိရသွားသည်။

ထိုလူကတော့ ဝံပုလွေနက်ဂိုဏ်း၏အသေးစိတ်အချက်အလက်များကို သိပေလိမ့်မည်။

သူက အဘိုးကျန်းကို ပြောလိုက်သည်။ "အဘိုးကျန်း၊ ကျွန်တော် ခဏလောက် အပြင်သွားဖို့လိုလို့ပါ။ ကျေးဇူးပြုပြီး လူတိုင်းကို ဒီအလောင်းတွေနဲ့ပတ်သက်ပြီး ကိစ္စရှင်းခိုင်းလိုက်ပါဗျာ။ ပြီးတော့လည်း ရှောင်ယန်လေးကို ကျွန်တော့်ဆရာရဲ့အိမ်ဆီ ခေါ်သွားပေးပါဗျ။"

အဘိုးကျန်းက အံ့အားသင့်သွားသည်။ "မင်း အပြင်သွားမလို့လား။ ဘယ်ကိုလဲ။"

"ကျွန်တော် ဝံပုလွေနက်ဂိုဏ်းအကြောင်းမေးဖို့ တစ်ယောက်ယောက်ကို ရှာဖို့လိုလို့ပါဗျ။ ကျွန်တော် သိပ်မကြာပါဘူးဗျ။"

ထို့နောက်တွင်တော့ လုချင်းသည် အိမ်သို့ ပြန်သွားလိုက်ပြီး သူ၏တိုက်ပွဲဝင်ဓားကို သူ့ကျော၌ လွယ်လိုက်သည်။

ထိုအချိန်တွင်ပဲ အနက်ရောင်ပုံရိပ်တစ်ခုက သူ့ဘေးတွင် တိတ်တဆိတ် ပေါ်လာခဲ့၏။

"ရှောင်လီ၊ မင်း ခုနက ဘယ်မှာလဲ။"

ရှောင်လီသည် အသံတစ်ခုပြုလုပ်ပြီးနောက် သူ၏လက်ကို တံခါးအပြင်ဘက်သို့ ညွှန်ပြလိုက်သည်။

သူ ညွှန်ပြသည်မှာ တံခါးအနီးရှိ ချုံပုတ်တစ်ခုဖြစ်ပြီး ရှောင်ယန်ရှိခဲ့သောနေရာနှင့် မဝေးကြောင်းကို လုချင်း တွေ့လိုက်ရသည်။ ရှောင်လီ၏အမြန်နှုန်းဖြင့်ဆိုလျှင် ထိုနေရာသို့ တစ်ခဏအတွင်း ရောက်နိုင်သည်ပင်။

သူသည် အစောပိုင်းက အနီးအနားတွင် အန္တရာယ်အနည်းငယ်ခံစားခဲ့ရသည်မှာ အံ့ဩစရာမရှိပေ၊ ရှောင်လီသည် ထိုနေရာတွင် ပုန်းအောင်းနေခဲ့ခြင်းဖြစ်သည်။

အကယ်၍ သူသာ နောက်ဆုံးအခိုက်အတန့်ထိ မပေါ်လာခဲ့ပါက ရှောင်လီတစ်ယောက် ရှေ့ထွက်လာလောက်မည်ဖြစ်ကြောင်းကို လုချင်း သဘောပေါက်လိုက်သည်။

အကယ်၍ ရှောင်လီသာ ထွက်လာခဲ့ပါက ထိုကောင်များသည် ဒီထက်ပိုပြီးတော့တောင် ဆိုးဆိုးရွားရွားဖြင့် သေရတော့မှာပင်။

လုချင်းသည် မကြာသေးမီကမှ ရှောင်လီ၏လက်သည်းများ လှုပ်ရှားပုံကို မြင်တွေ့ခဲ့ရတာကြောင့် ၎င်းတို့တွေ ဘယ်လောက်ထိတောင် သေစေနိုင်ကြောင်း သိသည်။

သူသည် ယခု ချီနှင့် သွေးအဆင့်တွင် ရှိနေပြီး လေးမျက်နှာဓားသိုင်းကျွမ်းကျင်မှုကို ပို၍ တိုးတက်စေခဲ့သော်လည်း ရှောင်လီ၏လက်သည်းများကိုတော့ တားဆီးနိုင်လိမ့်မည်ဟု ယုံကြည်မှုမရှိသေးပေ။

လုချင်းက ရှောင်လီ၏ခေါင်းကို ပုတ်လိုက်သည်။ "တော်တယ်ကွာ။"

သူသည် သားရဲငယ်လေး၏စိတ်ရှည်မှုကို ကျေနပ်သွားပါ၏။ ချက်ချင်းမလှုပ်ရှားခဲ့သည့်အတွက် သူ့ကို အပြစ်မတင်ခဲ့ပေ။

ရှောင်လီသည် သူ၏အကြီးမားဆုံး ဝှက်ဖဲဖြစ်သည်။ ထို့ကြောင့် အရမ်းကိုလိုအပ်မှသာလျှင် ၎င်းကို ဖော်ထုတ်လိုသည်။

သားရဲငယ်လေးကို အနည်းငယ်ညွှန်ကြားပြီးနောက် လုချင်းသည် သူ၏ဓားဖြင့် အိမ်မှ ထွက်သွားတော့၏။

သူသည် ရှောင်ယန်ထံ သွားလိုက်ပြီး သူမ၏ဆံပင်ကို ဖွလိုက်သည်။ "လိမ္မာတယ်နော် ညီမလေး။ အဘိုးချန်နဲ့ ခဏလောက်သွားနေလိုက်ဦးနော်။ ကိုကို တစ်အောင့်နေကျ ပြန်လာမယ် ဟုတ်ပြီလား။ မကြောက်နဲ့နော်။ ကိုကိုက လူဆိုးတွေကို ရှင်းပစ်လိုက်ပြီသိလား။ သူတို့တွေ ညီမလေးဆီကို ထပ်လာမှာမဟုတ်တော့ဘူးနော်။"

ရှောင်ယန်ကလည်း ခေါင်းညိတ်လိုက်သည်။ "ဟုတ် ကိုကို၊ မြန်မြန်ပြန်လာနော်။"

လုချင်းက သူမ၏ဆံပင်ကို ထပ်ဖွရင်း ပြောလိုက်သည်။ "ပြန်လာမှာပေါ့ ညီမလေးရဲ့။"

ထို့နောက် သူက အဘိုးကျန်းကို ခေါင်းညိတ်ပြလိုက်သည်။ "အဘိုးကျန်း၊ ကျေးဇူးပြုပြီး ညီမလေးကို ဂရုစိုက်ပေးပါဦးဗျာ။"

ထိုသို့ပြောပြီးနောက် လုချင်းသည် သူ၏ဓားဖြင့် ထွက်ခွာသွားတော့သည်။

ရွာသားအားလုံးသည် လုချင်း၏ ရင်းနှီးသလိုလို မရင်းနှီးသလိုလို ပုံရိပ်ကို ကြည့်ရင်း သူတို့ရှေ့မှာပဲ ကြီးပြင်းလာခဲ့သည့် ကလေးလေးက အရင်ကထက် ပိုပြီးတော့တောင် အရပ်ရှည်လာကြောင်းကို ရုတ်တရက် သတိထားမိသွားကြသည်။

သူသည် သူတို့တစ်ချိန်ကသိခဲ့သော ပိန်လှီနေသောကောင်လေးမဟုတ်တော့ပေ။

All Chapters