စိတ်ဓာတ်ပြောင်းလဲမှုနှင့် အမှန်တရားကို စုံစမ်းခြင်း
Vol. 8 Ch. 72
လုချင်းသည် ဈေးကြီးသို့ သွားရာလမ်းပေါ်တွင် ရှိသည်။
ဟုတ်ပါ၏ ၊ သူ ရှာဖွေနေသောလူကတော့ ဈေး၏ကြီးကြပ်သူ မာကူးမှလွဲ၍ အခြားသူမဟုတ်ပေ။
မာကူးသည် ဝေ့မိသားစုမှ လူများနှင့်ပင် ဆက်သွယ်နိုင်သောကြောင့် သူသည် ဝံပုလွေနက်ဂိုဏ်းနှင့်ပတ်သက်၍ တစ်ခုခုတော့သိပေလိမ့်မည်။
ဖြည်းညှင်းစွာလျှောက်ရင်း လုချင်း၏မျက်နှာအမူအရာသည် တည်ငြိမ်နေလေ၏။
သူ၏လက်ရှိအခြေအနေသည် အနည်းငယ်ထူးဆန်းနေသည်ဟု လုချင်း ခံစားလိုက်ရသည်။
သူသည် လူအနည်းငယ်ကို သတ်ခဲ့သော်လည်း စိတ်မကောင်းဖြစ်ခြင်းသိပ်မရှိခဲ့။
အကယ်၍ ပြောင်းလဲမှုတစ်ခုခုရှိခဲ့ပါက သူ့ကိုယ်ကနေ သံကြိုးတစ်ချောင်းပြုတ်ထွက်သွားသကဲ့သို့နှယ် သူ၏တစ်ကိုယ်လုံးမှာလည်း အနည်းငယ်ပေါ့ပါးသွားသလိုမျိုး ခံစားလိုက်ရခြင်းသာဖြစ်ပေလိမ့်မည်။
ဒါက ဘာများလဲ။ သူက သဘာဝကျကျကို လူသတ်သမားတစ်ယောက်များလား။
လူများစွာကို သတ်ပြီးတာတောင်မှ သူသည် ကြောက်ရွံ့ခြင်း သို့မဟုတ် စိုးရိမ်ပူပန်ခြင်းတို့တောင် မခံစားခဲ့ရရုံသာမက စိတ်သက်သာရာပင်ရသွားသေးသည်။
ဒါမှမဟုတ် သူသတ်ခဲ့လူတွေအားလုံးက အမှိုက်သရိုက်တွေဖြစ်နေတာကြောင့်များ သူ ဘာဝန်ထုပ်ဝန်ပိုးကိုမှ မခံစားရတာများလား။
လုချင်းသည် ထိုထူးဆန်းသောအတွေးကို စဉ်းစားနေမိသည်။
သိုင်းပညာတွင် အောင်မြင်မှုအချို့ရရှိကတည်းက သူသည် သတ်ဖြတ်ခြင်းသံသရာထဲသို့ မကျရောက်ရန် အမြဲလိုလိုရှောင်ရှားခဲ့ပြီး အကယ်၍ သူသာ စတင်လိုက်မိခဲ့ပါက မည်သို့ဖြစ်လာမည်ကို သူ မသေချာခဲ့ပေ။
ဤသည်မှာ ခေတ်သစ်ကမ္ဘာရှိ ဥပဒေကို လိုက်နာသောလူ့အဖွဲ့အစည်းမှ ကူးပြောင်းလာသူတစ်ဦး၏ ရှင်းပြမရနိုင်သော စိတ်ခံစားမှုတစ်စွန်းတစ်စ ဖြစ်နိုင်ပေသည်။
ယခုမူ သူသည် အလွန်အကျွံပင် စဉ်းစားနေခဲ့ရပါ၏။
သတ်ဖြတ်ခြင်းသည် ပျော်စရာကိစ္စတစ်ခု မဟုတ်သော်လည်း ၎င်းသည် သူ ထင်ထားသလောက်တောင် သူ့အား စိတ်မကောင်းမဖြစ်စေခဲ့ပေ။
သူ၏စစ်မှန်သောပုံစံကိုသာ ထိန်းသိမ်းထားနိုင်သရွေ့ သတ်ဖြတ်ခြင်းသည် သူ၏အတွင်းစိတ်ငြိမ်းချမ်းမှုကို မနှောင့်ယှက်နိုင်ပေ။
ဤထူးဆန်းသောအတွေးများဖြင့် လုချင်းသည် ဈေးကြီးအပြင်ဘက်သို့တောင် ရောက်ရှိလာခဲ့ပြီပင်။
ယနေ့သည် ဈေးဖွင့်သည့်နေ့ မဟုတ်သောကြောင့် ဈေးသည် ဗလာကျင်းနေလေ၏။
တစ်ချက်လောက် အမြန်ဝေ့ဝိုက်ကြည့်ပြီးနောက် လုချင်းသည် အနီးအနားရှိအိမ်တစ်လုံးဆီသို့ လျှောက်သွားလိုက်တော့သည်။
ထိုအိမ်သို့ ရောက်သောအခါ တံခါးကို တင်းကျပ်စွာပိတ်ထားသည်ကို တွေ့လိုက်ရသဖြင့် လုချင်းမှာ အကြိမ်အနည်းငယ်လောက် တံခါးခေါက်လိုက်သည်။
မကြာမီမှာပဲ တစ်စုံတစ်ယောက်သည် တံခါးဖွင့်ရန်ထွက်လာသည်။ လုချင်းကိုမြင်သောအခါ သူတို့သည် ပထမတော့ မှင်သက်သွားကြကာ ပြီးနောက်မှ အံ့အားသင့်သွားကြသည်။
"သခင်လေးလု၊ သခင်လေးက ဘာလို့ ဒီကိုရောက်နေတာလဲဗျ။"
တံခါးဖွင့်သူသည် လုချင်း ယခင်က တွေ့ဖူးခဲ့သော မာကူး၏လက်အောက်ငယ်သား ရှောင်ထျန်းပင်။
လုချင်းက မေးလိုက်သည်။ "ကျွန်တော် ဆရာမာကို လာတွေ့တာ။ သူ အိမ်မှာရှိလား။"
ရှောင်ထျန်းက အလျင်အမြန်ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ဆရာမာက နောက်ဘက်ခြံဝင်းမှာ သောက်နေပါတယ်ဗျ။ ကျွန်တော် ဆရာ့ကို ခုပဲ သွားခေါ်လိုက်မယ်နော် သခင်လေး။"
"ကိုယ့်ကိုကိုယ် ဒုက္ခမပေးပါနဲ့ဗျာ။ ကျွန်တော့်ဘာသာကျွန်တော်ပဲ အနောက်ဘက်ခြံဝင်းမှာ သွားတွေ့လိုက်ပါ့မယ်။"
လုချင်းသည် အချိန်မဖြုန်းချင်ပေ။
ရှောင်ထျန်းသည်လည်း ခဏလောက်စဉ်းစားပြီးနောက် ဘာမှမှားယွင်းသည်ကိုမတွေ့ပေ။
ဆရာမာက သခင်လေးလုနှင့် အမြဲရင်းနှီးချင်ခဲ့ပြီး သူ့ကို တန်ဖိုးထားသောဓားတစ်လက်ပင် လက်ဆောင်ပေးခဲ့ကြောင်း ရှောင်ထျန်း သိပါ၏။
ထို့ကြောင့် ခေတ္တတုံ့ဆိုင်းပြီးနောက် သူက ခေါင်းညိတ်လိုက်သည်။ "ကျေးဇူးပြုပြီး အထဲကို လိုက်ခဲ့ပေးပါဗျ။"
လုချင်းသည် ရှောင်ထျန်းနောက်သို့ လိုက်ရင်း အိမ်ထဲသို့ ဝင်လာလိုက်ရာ တံခါးနှစ်ချပ်ကို ဖြတ်သန်းကာ လျှောက်လာပြီးနောက်တွင်တော့ ထူးဆန်းသောခြံဝင်းငယ်လေးတစ်ခုသို့ ရောက်ရှိသွားတော့သည်။
ခြံဝင်းထဲ၌ နွယ်ပင်စင်အောက်ရှိ ကျောက်စားပွဲတစ်ခုတွင် လူတစ်ယောက်သည် တစ်ယောက်တည်း သောက်နေလေ၏။
ထိုသူကတော့ မာကူးမှလွဲ၍ အခြားမည်သူဖြစ်နိုင်မည်နည်း။
"သခင်လေးလု၊ ကျေးဇူးပြုပြီး ဒီမှာစောင့်ပေးပါဦးဗျ။"
ထို့နောက် ရှောင်ထျန်းသည် လုချင်းကို ချန်ထားရစ်ခဲ့ပြီး မာကူးဆီ တိုးတိုးတိတ်တိတ် သတင်းပို့ရန် ရှေ့သို့ ပြေးသွားသည်။
မကြာမီ မာကူးမှာ အံ့အားသင့်ဝမ်းမြောက်သောအကြည့်ဖြင့် မတ်တပ်ရပ်လိုက်ပြီး သူ့ဘက်သို့ ကြည့်လာသည်ကို လုချင်းတစ်ယောက် တွေ့လိုက်ရတော့၏။
"သခင်လေးလု၊ သခင်လေးက ဘာလို့ ဒီကို ရောက်လာရတာလဲဗျ။"
လုချင်းက ပြုံးလျက် ရှေ့သို့ လျှောက်သွားလိုက်သည်။ "ဆရာမာ ဒီလောက်တောင် စောစောစီးစီးသောက်နေပုံထောက်ရင် အရမ်းတွေပျော်နေတယ်ထင်ပါ့။"
မာကူးက ရွှင်လန်းစွာပြောလိုက်သည်။ "ဒီတိုင်း အချိန်ဖြုန်းဖို့ ပေါ့ပေါ့ပါးပါးသောက်တာပါဗျာ။ ဘယ်လိုလဲ သခင်လေးလု။ ငါနဲ့အတူ သောက်မလား။"
ဟုတ်ပါ၏ ၊ သူ့စိတ်အခြေအနေကောင်းနေသည်ပင်။
မကြာသေးမီက သခင်လေးဝေ့နှင့် ဖြစ်ပွားခဲ့သောကိစ္စကိုလည်း ပြီးပြည့်စုံစွာ ဖြေရှင်းနိုင်ခဲ့သည်။ သူသည် ဝေ့မိသားစု၏အပြစ်ဒဏ်ကို မခံရရုံသာမက ဝေ့မိသားစု၏အကြီးအကဲအိမ်တော်ထိန်းက ရက်ရောစွာဖြင့်တောင် ဆုချခဲ့သောကြောင့် သူသည် တော်တော်လေးကိုမှ ပျော်ရွှင်နေခဲ့မိပါ၏။
လုချင်းက ငြင်းဆန်လိုက်သည်။ "နောက်တစ်ခါမှပေါ့ဗျာ။ ဒီနေ့ကတော့ ကျွန်တော် ဆရာမာကို မေးစရာတစ်ခုရှိလို့ လာတာဗျ။"
ထိုအခါမှ မာကူးသည် လုချင်း၏ကျောပေါ်ရှိ တိုက်ပွဲဝင်ဓားကို သတိပြုမိသွားတော့သည်။
ထိုအခိုက်တွင်တော့ သူ၏နှလုံးသားသည် ခုန်တက်သွားပြီး သူ၏မျက်နှာအမူအရာမှာလည်း အနည်းငယ်ပင် တည်ကြည်သွားခဲ့လေ၏။
"ရှောင်ထျန်း၊ အပြင်မှာစောင့်ကြည့်နေ။ ဘယ်သူကိုမှလည်း အနားမကပ်ခိုင်းနဲ့။"
"ဟုတ်ကဲ့ ဆရာ။"
ရှောင်ထျန်းထွက်သွားပြီးနောက် မာကူးသည် လုချင်းကို ထိုင်ရန်ဖိတ်ခေါ်လိုက်သည်။
"သခင်လေးလု၊ ဘာဖြစ်ခဲ့တာလဲဗျ။"
လုချင်းက ပြန်မဖြေဘဲ မေးသာမေးလိုက်သည်။ "ဆရာမာ၊ ဟန်လောင်ဝူဆိုတဲ့လူတစ်ယောက်ကို သိလားဗျ။"
"ဟန်လောင်ဝူလား" မာကူးသည် ခဏလောက်စဉ်းစားပြီးမှ ခေါင်းခါလိုက်သည်။ "အဲ့ဒီနာမည်ကို တစ်ခါမှတော့ မကြားဖူးဘူး။"
"သူက ဝံပုလွေနက်ဂိုဏ်းရဲ့တပည့်လို့တော့ ပြောတယ်။ သူ့မှာ ကျောက်ရှုံးဆိုတဲ့ သွေးသောက်ညီအစ်ကိုတစ်ယောက် ရှိတယ်၊ သူကလည်း ဝံပုလွေနက်ဂိုဏ်းရဲ့တပည့်ပဲ။"
ကျောက်ရှုံးကတော့ လုချင်း ကန်သတ်ခဲ့သော မျက်နှာပေါ်တွင် မှဲ့နှင့်လူဖြစ်သည်။ ထိုနာမည်ကို သူ၏နတ်မျက်စိစွမ်းရည်မှတစ်ဆင့် သိခဲ့ရတာပင်။
မာကူးက တုန်လှုပ်သွားသည်။ "ဝံပုလွေနက်ဂိုဏ်းလား။ သခင်လေးက အဲ့ဒီဂိုဏ်းနဲ့ ဘယ်လိုလုပ်ပြီး ပတ်သက်သွားတာလဲဗျ။"
လုချင်းက မေးလိုက်သည်။ "ဝံပုလွေနက်ဂိုဏ်းက အရမ်းအားကောင်းလို့လားဗျ။"
"အားကောင်းတယ်လို့တော့ အတိအကျကြီး မဟုတ်ဘူးပေါ့၊ ဒါပေမဲ့ သူတို့က မသမာတဲ့နည်းလမ်းတွေတို့ ၊ ရက်စက်ကြမ်းကြုတ်တဲ့နည်းလမ်းတွေတို့ကြောင့် လူသိများတယ်လေ။ သူတို့ရဲ့ပုံမှန်စီးပွားရေးလုပ်ငန်းတွေဆိုရင် မနှစ်မြို့စရာတွေ၊ ပြည့်တန်ဆာအိမ်တွေနဲ့ လောင်းကစားရုံတွေ ပါတယ်၊ အဲ့ဒါကြောင့် သူတို့က ခရိုင်ထဲမှာ သိသိသာသာကို သြဇာလွှမ်းမိုးမှုရှိတယ်လေ။ အဓိကဂိုဏ်းသုံးဂိုဏ်းထဲက တစ်ဂိုဏ်းလို့ ပြောရမှာပေါ့ဗျာ။"
လုချင်းက စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ "သြော်၊ ဒီလိုကိုး။"
မာကူးက မေးလိုက်သည်။ "ဘာဖြစ်လို့လဲ၊ သခင်လေးက ဝံပုလွေနက်ဂိုဏ်းနဲ့ ပဋိပက္ခဖြစ်ခဲ့တာလား။"
လုချင်းကလည်း ခေါင်းညိတ်လိုက်သည်။ "အဲ့လိုမျိုးပေါ့။ ကျွန်တော်မိဘတွေက သူတို့ကြောင့် သေခဲ့ရတယ်လို့ ကျွန်တော် ယုံကြည်လို့ပါ။"
မာကူး - "..."
ဒါက ပဋိပက္ခတစ်ခုတောင် မဟုတ်တော့ဘူးလေ၊ ဒါက နက်နက်ရှိုင်းရှိုင်းကို အမြစ်တွယ်နေတဲ့ သွေးကြွေးတစ်ခုတောင် ဖြစ်နေပြီလို့။
သို့သော် သူသည် ဤကိစ္စကို မသိခဲ့ပေ။ ယခင်က ရှောင်ထျန်း၏ကျိုးလီရွာရှိ စုံစမ်းစစ်ဆေးချက်အရတော့ လုချင်း၏မိဘများသည် မတော်တဆဖြင့် ရေနစ်သေဆုံးခဲ့သည်။
ထိုဇာတ်လမ်းတွင် နောက်ကွယ်ကအကြောင်းအရာများ ရှိပုံရသည်။
မာကူးက မေးလိုက်သည်။ "သခင်လေးလု၊ ဒီသတင်းအချက်အလက်ကို သခင်လေး အတည်ပြုပြီးပြီလားဗျ။"
"ကျွန်တော် စုံတော့စုံစမ်းနေတုန်းပဲဗျ။ ဒါပေမဲ့ ဒါက ကျွန်တော့်ရွာက အကြီးအကဲတွေပြောပြတာဆိုတော့ ဟုတ်လောက်ပါတယ်။"
"ပြီးတော့ သခင်လေး ခုနကပြောခဲ့တဲ့ ဟန်လောင်ဝူနဲ့ ကျောက်ရှုံးကရော။"
လုချင်းက ရှင်းပြလိုက်သည်။ "ဒီမနက်မှာ ဝံပုလွေနက်ဂိုဏ်းရဲ့အဖွဲ့ဝင်တွေဆိုပြီး အဖွဲ့တစ်ဖွဲ့က ကျွန်တော်တို့ရွာကို ဝင်လာတယ်လေ။ ပြီးတော့ ရှောင်ယန်နဲ့ ကျွန်တော့်ကို ခေါ်သွားဖို့ ကြိုးစားခဲ့ကြတယ်။ ကျွန်တော့်မိဘတွေက ဝံပုလွေနက်ဂိုဏ်းဆီမှာ အကြွေးတင်ခဲ့တာမလို့ ကျွန်တော်တို့က ပြန်ဆပ်ဖို့လိုတယ်ဆိုပြီးတော့ပေါ့။ အဲ့အဖွဲ့ထဲမှာ ဟန်လောင်ဝူနဲ့ ကျောက်ရှုံးတို့လည်း ပါတယ်လေ။"
"နောက်ပိုင်းမှာ သူတို့ကို ရွာသားတွေက တားကြရင်းနဲ့ ကျွန်တော့်မိဘတွေရဲ့သေဆုံးမှုက ဝံပုလွေနက်ဂိုဏ်းနဲ့ဆက်စပ်နေတယ်ဆိုတာကို ကျွန်တော်လည်း သိလိုက်ရတာပဲ။"
"ပြီးတော့ ဝံပုလွေနက်ဂိုဏ်းရဲ့အဖွဲ့ဝင်တွေကရောဟင်။"
"သူတို့အားလုံးကို ကျွန်တော် သတ်လိုက်ပြီ။"
"..."
မာကူးသည် သူ၏ညီငယ်လေးက လူအချို့ကို သတ်ခဲ့သည်ဟု မမျှော်လင့်ခဲ့ပေ။
သို့သော် လုချင်းက သိုင်းသမားတစ်ဦးဖြစ်နေပြီဆိုတာကို ထည့်သွင်းစဉ်းစားကြည့်လိုက်သောအခါ၌ သူ နားလည်ခဲ့သည်။
ဒီခေတ်ကြီးထဲမှာ ဘယ်သိုင်းသမားတွေကများ သူတို့လက်တွေသွေးမစွန်းဘဲနဲ့ ရှိမှာတုံး၊
သာမန်ပြည်သူများကို သတ်ဖြတ်ခြင်းမပါဝင်သရွေ့ ခရိုင်အုပ်ချုပ်ရေးမှူးပင်လျှင် သိုင်းသမားများအချင်းချင်းတိုက်ခိုက်သတ်ဖြတ်ခြင်းကို ဂရုမစိုက်ပေ။
ခဏတာစဉ်းစားပြီးနောက် သူ ဆက်လက်မေးလိုက်သည်။ "ဒါဆိုရင် သခင်လေးက ဟန်လောင်ဝူနဲ့ ကျောက်ရှုံးဆီကနေ သခင်လေးရဲ့မိဘတွေသေဆုံးမှုနောက်ကွယ်က အမှန်တရားကို မမေးနိုင်ခဲ့ဘူးလားဗျ။"
လုချင်းက ခေါင်းခါလိုက်သည်။ "ကျွန်တော်လည်း စိတ်တိုနေတော့ လက်လွန်သွားတယ်လေ။ သူတို့ကို မမေးခင်မှာပဲ သတ်လိုက်မိတယ်။"
မာကူး - "..."
သူ့ညီငယ်လေးက သတ်ဖြတ်တဲ့နေရာမှာဆို လက်မတွန့်တတ်ပုံပဲ။
"ဒါဆိုရင် သခင်လေးက ဝံပုလွေနက်ဂိုဏ်းရဲ့အဖွဲ့ဝင်တချို့ကို သတ်ခဲ့ပေမဲ့ သခင်လေးရဲ့မိဘတွေသေဆုံးမှုရဲ့အခြေအနေကို အတိအကျ မသိသေးဘူးပေါ့နော်။"
လုချင်းကလည်း ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ ဒါပေမဲ့ ဟန်လောင်ဝူနဲ့ ကျောက်ရှုံးက ဝံပုလွေနက်ဂိုဏ်းရဲ့အပြင်စည်းအဖွဲ့ဝင်တွေထင်တယ်၊ ပြီးတော့ သူတို့မှာ ကျွန်တော့်မိဘတွေရဲ့သေဆုံးမှုမှာ ပါခဲ့တဲ့ ညီအစ်ကိုနည်းနည်းလောက် ရှိသေးတယ်ဆိုတာ ကျွန်တော်သိတယ်။"
"အပြင်စည်းအဖွဲ့ဝင်တွေလား။"
မာကူးသည် အံ့အားသင့်သွားပြီးနောက်၌ တစ်ခုခုကို ပြန်လည်သတိရသွားသကဲ့သို့နှယ် သူ၏မျက်လုံးများသည် ရုတ်ချည်း တောက်ပလာခဲ့လေ၏။
"ငါ သခင်လေးရှာနေတဲ့သူကို သိလောက်တယ်ထင်တယ်။"