ယစ်မူးပျော်မွေ့ ခံတပ်
Vol. 8 Ch. 73
"ဒီကနေ မိုင်ငါးဆယ်လောက်ဝေးတဲ့နေရာမှာ ယစ်မူးပျော်မွေ့ ခံတပ်လို့ခေါ်တဲ့ ခံတပ်တစ်ခုရှိတယ်။ အဲ့ဒီမှာ လောင်းကစားရုံတွေနဲ့ ပြည့်တန်ဆာအိမ်တွေ ရှိတယ်လေ။ ကျေးလက်မြေပိုင်ရှင်တွေနဲ့ အလုပ်လက်မဲ့ရွာသားတွေကို သူတို့ရဲ့ငွေတွေကို သုံးဖို့ဖြုန်းဖို့ ဆွဲဆောင်နေတဲ့နေရာလို့ပဲ ပြောရမှာပေါ့။"
"တစ်ခါတစ်လေမှာ အသစ်အဆန်းတွေကို ခံစားချင်တဲ့ မြို့က လူတချို့တောင်မှ မြို့တော်က မပေးနိုင်တဲ့ ပျော်ရွှင်မှုမျိုးကို ခံစားဖို့ လာတတ်ကြတယ်လေ။"
"အဲ့ဒီခံတပ်က တကယ်တော့ ဝံပုလွေနက်ဂိုဏ်းရဲ့ပိုင်ဆိုင်မှုတွေထဲက တစ်ခုပေါ့။ ခံတပ်သခင်က ဝံပုလွေနက်ဂိုဏ်းရဲ့ နဝမခေါင်းဆောင်လို့လည်း ပြောကြတယ်။"
"ငါ ထင်တာကတော့ သခင်လေးပြောခဲ့တဲ့ ဟန်လောင်ဝူနဲ့ ကျောက်ရှုံးက အဲ့ဒီကနေ ဖြစ်နိုင်တယ်။"
လုချင်းက မေးလိုက်သည်။ "ဆရာမာ၊ အဲ့ဒီနဝမခေါင်းဆောင်ရဲ့ သိုင်းပညာအစွမ်းက ဘယ်လောက်ရှိလဲဗျ။"
မာကူးက ပြန်ဖြေလိုက်သည်။ "ငါလည်း သိပ်ပြီးတော့မသေချာဘူး၊ ဒါပေမဲ့ ထူးထူးခြားခြားတော့ မရှိလောက်ဘူးလို့ ငါ ထင်တယ်၊ ချီနဲ့သွေးအဆင့်ထက်တော့ ပိုမြင့်မှာမဟုတ်လောက်ဘူး။"
လုချင်းက အံ့အားသင့်သွားသည်။ "ချီနဲ့သွေးအဆင့်ပဲ ဟုတ်လား။"
မာကူးက ရယ်မောလိုက်သည်။ " 'ချီနဲ့သွေးအဆင့်ပဲ' ဆိုတာက ဘာကို ဆိုလိုတာလဲဗျ ညီလေးလုရဲ့။ ညီလေးလုရေ ၊ ညီလေးမှာ ထူးခြားတဲ့သိုင်းပညာအရည်အချင်းရှိလို့ သိုင်းပညာလေ့ကျင့်တာက လွယ်ကူတဲ့အလုပ်တစ်ခုလို့ မထင်လိုက်နဲ့လေ။"
"သာမန်လူတွေအတွက်တော့ ချီနဲ့သွေးအဆင့်ကို ရောက်ဖို့က မရေမတွက်နိုင်တဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ ပင်ပန်းခက်ခဲမှုတွေ လိုတယ်၊ အဲ့ဒီနောက်မှာတောင်မှ ကံကောင်းလို့သာ အဆင့်တက်နိုင်ကြတာလေ။"
"လူအများကြီးက သိုင်းပညာကို ဆယ်နှစ်၊ နှစ်နှစ်ဆယ်ကြာလောက် လေ့ကျင့်ခဲ့ကြတာတောင်မှ သူတို့ပြန်ရလာတာက အရင်ကထက်ပိုပြီးတော့သန်မာတဲ့ခန္ဓာကိုယ်နဲ့ ပိုပြီးတော့ ကျွမ်းကျင်လာတဲ့နည်းစနစ်တွေပဲလေ။ အဆင့်တက်တာတွေမရှိဘူး။"
"ဒါပေမဲ့ သခင်လေးလိုလူတစ်ယောက်အတွက်ကတော့ သိုင်းပညာကို စကျင့်ပြီး သိပ်မကြာခင်မှာပဲ ချီနဲ့သွေးဆက်သွယ်ခြင်းရဲ့အနှစ်သာရကို ဆုပ်ကိုင်နိုင်ခဲ့တာက တကယ့်ကို ရှားပါးတဲ့အရည်အချင်းလို့ ပြောရမှာပေါ့ဗျာ။"
"ဒါပေမဲ့ သခင်လေး သိသင့်တာက ဝံပုလွေနက်ဂိုဏ်းရဲ့ခေါင်းဆောင် ဝံပုလွေနက်ဆိုတဲ့သူတောင်မှ ကြွက်သားနဲ့အရိုးအဆင့်မှာပဲ ရှိတာ။ ဒါဆိုရင် နဝမခေါင်းဆောင်က ဘယ်လောက်အားကောင်းနိုင်မှာမို့လို့လဲ။"
"အပြင်စည်းလုပ်ငန်းတစ်ခုရဲ့ခေါင်းဆောင်လေးတစ်ယောက်က ကြွက်သားနဲ့အရိုးအဆင့်မှာသာ ရှိနေရင် ဝံပုလွေနက်ဂိုဏ်းက ခရိုင်ထဲက အဓိကဂိုဏ်းသုံးဂိုဏ်းထဲက တစ်ဂိုဏ်းတင် မဟုတ်တော့ဘူး၊ နံပါတ်တစ်တောင် တန်းဖြစ်သွားတော့မှာပေါ့။"
လုချင်းသည် ထိုအခါမှ သူသည် အခြေအနေကို အထင်သေးခဲ့မိကြောင်း သဘောပေါက်လိုက်သည်။
ဖြစ်နိုင်သည်မှာ သူသည် မကြာသေးမီတုံးက နေ့စဉ်နေ့တိုင်း ဝေ့မိသားစုနှင့် ဆက်ဆံနေခဲ့ရပြီး ဝေ့မိသားစုရှိ အစောင့်တစ်ဦးပင်လျှင် ကြွက်သားနှင့်အရိုးအဆင့်တွင် ရှိသည်ကို မြင်တွေ့ခဲ့ရသောကြောင့်ဖြစ်လောက်သည်။
ထို့ကြောင့် သူ့မှာ ကြွက်သားနှင့်အရိုးအဆင့် သိုင်းသမားများအား အလွန်အသုံးများကြောင်းကို မသိလိုက်ပါဘဲဖြင့်တောင် ခံစားလိုက်မိသည်။
သို့သော် ဝေ့မိသားစုသည် တခြားသူများနှင့် မတူကြောင်းကိုတော့ သူ မေ့လျော့သွားခဲ့သည်၊ ဝေ့မိသားစုဆိုသည်မှာည် စီရင်စုတစ်ခုလုံးရှိ ကြီးမားသောတည်ရှိမှုတစ်ခုဖြစ်ပြီး ခရိုင်ရှိဂိုဏ်းငယ်လေးတစ်ခုနှင့်တောင် နှိုင်းယှဉ်၍မရပေ။
"ခင်ဗျားရဲ့လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် ဆရာမာ။ ကျွန်တော် အခုတော့ ပြန်ပါတော့မယ်ဗျ။"
သူလိုအပ်သောသတင်းအချက်အလက်များကို ရရှိပြီးနောက် လုချင်းသည် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
မာကူးက သူ့ကို အလျင်အမြန်ပြန်ခေါ်လိုက်သည်။ "ခဏနေပါဦး ညီလေးလုရာ။ မဟုတ်မှလွဲရော ညီလေးလုက ယစ်မူးပျော်မွေ့ ခံတပ်ကို သွားမလို့လား။"
လုချင်းကလည်း မငြင်းဆန်ခဲ့ပေ။ "ဟုတ်တယ်ဗျ၊ သားတစ်ယောက်အနေနဲ့ ကျွန်တော့်မိဘတွေရဲ့သေဆုံးမှုမှာ တခြားအကြောင်းအရင်းတွေရှိတယ်ဆိုတာသိရတော့ ကျွန်တော်လည်း စုံစမ်းရမှာပေါ့ဗျာ။"
ဒါပေမဲ့ မင်းက စုံစမ်းဖို့သက်သက်သွားနေတာမဟုတ်ဘူးလို့ ငါတော့ မြင်တယ်နော်။
မာကူး၏မျက်လုံးများသည် လုချင်း၏ကျောပေါ်ရှိ တိုက်ပွဲဝင်ဓားကို တစ်ချက်ကြည့်ရင်း တိတ်ဆိတ်စွာ တွေးလိုက်သည်။
သို့သော် သူသည် လုချင်းကို မသွားဖို့ ဆွယ်ခြင်းမှာ မဖြစ်နိုင်ကြောင်း သိပါ၏။
မိဘတစ်ဦး၏သေဆုံးမှုသည် ခွင့်မလွှတ်နိုင်သောရန်ငြိုးဖြစ်သည်။
ထို့အပြင် သူ၏ညီငယ်သည် ယစ်မူးပျော်မွေ့ ခံတပ်မှ လူများကို သတ်တောင်သတ်ပြီးသွားပြီပင်။
ထို့ကြောင့် ရန်ငြိုးသည် ပြန်လည်သင့်မြတ်၍မရတော့ပေ။
ဝံပုလွေနက်ဂိုဏ်း၏ပုံမှန်ပုံစံကို သိသောကြောင့် မာကူးသည် လုချင်းအနေနှင့် ဦးစွာတိုက်ခိုက်ခြင်းက ပိုကောင်းကြောင်း နားလည်သည်။
သို့မဟုတ်လျှင် ဝံပုလွေနက်ဂိုဏ်းက အမှန်တကယ်လှုပ်ရှားသောအခါ၌ လုချင်းတွင် ထူးခြားသောကျွမ်းကျင်မှုများရှိလျှင်ပင် သူသည် ခံနိုင်မည်မဟုတ်ပေ။
သို့သော် လုချင်း၏သိုင်းပညာအစွမ်းကို စဉ်းစားရင်း မာကူးသည် စိုးရိမ်မိသည်။
လုချင်းသည် မည်မျှပင်အရည်အချင်းရှိသည်ဖြစ်စေ သူသည် သိုင်းပညာကို တစ်လကျော်ကြာသာ လေ့ကျင့်ရသေးပါ၏။
သူသည် ချီနှင့်သွေးအဆင့်သို့ ရောက်ရှိခဲ့လျှင်ပင် အဆင့်တူတွင် ရှိသူများကြားတွင်တော့ ခွန်အားကွာဟချက်သိသိသာသာရှိနေနိုင်သေးသည်။
အဆင့်သည် တိုက်ခိုက်ရေးစွမ်းအားနှင့် မတူညီပေ။
အဆင့်သည် သိုင်းသမား၏ရုပ်ပိုင်းဆိုင်ရာအရည်အသွေးနှင့် ခွန်အားကိုသာ ကိုယ်စားပြုသည်။
သို့သော် အဆင့်ကို တိုက်ခိုက်ရေးစွမ်းအားအဖြစ် ပြောင်းလဲနိုင်ခြင်း ရှိ ၊ မရှိ သည် သိုင်းသမား၏နည်းစနစ်များအသုံးချမှုအပေါ် မူတည်သည်။
ဤကိစ္စတွင် မာကူးသည် လုချင်းအပေါ် သိပ်အကောင်းမြင်မနေပေ။
လုချင်းသည် သိုင်းပညာကို အလွန်တိုတောင်းသောအချိန်ကာလအတွင်း လေ့ကျင့်ခဲ့သည်။
သိုင်းပညာနည်းစနစ်များသည် ဇွဲလုံ့လဖြင့် လေ့ကျင့်ရန်နှင့် လက်တွေ့တိုက်ခိုက်မှုတို့ကို ဓားသွေးသလို သွေးဖို့ရန် အချိန်အား လိုအပ်သည်။
လုချင်းသည် သူ၏နေ့ရက်များကို ကျိုးလီရွာတွင် ဆေးပညာလေ့လာခြင်း သို့မဟုတ် ငါးဖမ်းခြင်းနှင့် လယ်ယာစိုက်ပျိုးခြင်းဖြင့် ကုန်ဆုံးလေ့ရှိသည်။ သူသည် သူ၏နည်းစနစ်များကို ပိုကောင်းအောင်လုပ်ဖို့ အခွင့်အရေးကို ဘယ်မှာများ ရနိုင်မည်နည်း။
အကယ်၍ သူသည် ယစ်မူးပျော်မွေ့ ခံတပ်သို့ တကယ်ကြီး အလျင်အမြန်ဝင်ရောက်သွားပါက သူသည် သိသာသောဆုံးရှုံးမှုတစ်ခုကို ခံစားရနိုင်သည်။
သေချာစဉ်းစားပြီးနောက်၌ မာကူးက နောက်ဆုံးတွင် ပြောလိုက်တော့သည်။ "ဒါဆိုရင် ငါလည်း ညီလေးလုနဲ့အတူတူ ယစ်မူးပျော်မွေ့ ခံတပ်ကို လိုက်ခဲ့မယ်ဆိုရင်ရော။"
ကြွက်သားနှင့်အရိုးအဆင့် သိုင်းသမားတစ်ဦးအနေဖြင့် မာကူးသည် သူ၏ခွန်အားကို ယုံကြည်သည်။
ယစ်မူးပျော်မွေ့ ခံတပ်ငယ်လေးတစ်ခုကတော့ သူ့ကို မတားဆီးနိုင်ပေ။
သို့သော် လုချင်းက ခေါင်းခါလိုက်သည်။ "ခင်ဗျားရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် ဆရာမာ၊ ဒါပေမဲ့ ဒါက ကျွန်တော်နဲ့ ဝံပုလွေနက်ဂိုဏ်းကြားက ကိစ္စပါ။ ဆရာ ဝင်ပါစရာမလိုပါဘူးဗျာ။"
မာကူးသည် သူ့ကို ထပ်မံပြောချင်သေးပါ၏။ ယစ်မူးပျော်မွေ့ ခံတပ်တွင် လူအများအပြားရှိပြီး ခံတပ်သခင်သည်လည်း သိုင်းသမားတစ်ဦးဖြစ်ကြောင်း သိသောကြောင့်ပင်။
လုချင်းတစ်ယောက်တည်းသွားရန် အလွန်အန္တရာယ်များလှပါသည်။
သို့သော် လုချင်း၏မျက်လုံးများထဲတွင် တည်ငြိမ်ပြီး ပြတ်သားသည့် အကြည့်ကို မြင်လိုက်ရ၍ မာကူးမှာ သူ ထပ်၍ဆွယ်လည်း အသုံးမဝင်လောက်ကြောင်းကို သိလိုက်သည်။
ထို့ကြောင့် သူ ဤသည်သာ ပြောနိုင်တော့၏။ "ညီလေးလု၊ မင်း သတိထားရမယ်နော်။ တစ်ခုခုမှားနေတာကို တွေ့ရင် ချက်ချင်းသာ ပြေး။ ထိပ်တိုက်တွေ့ပြီး မချနဲ့။"
လုချင်း၏သိုင်းပညာအစွမ်းနှင့်ဆိုလျှင် အကယ်၍ သူသည် ထွက်ပြေးရန်အာရုံစိုက်ပါက ထောင်ချောက်တစ်ခုထဲသို့ ကျရောက်ခြင်း သို့မဟုတ် ဝံပုလွေနက်ဂိုဏ်း၏နဝမခေါင်းဆောင်က ကိုယ်တိုင်လှုပ်ရှားခြင်းသာ မရှိလျှင် သာမန်ဂိုဏ်းသားများကတော့ သူ့ကို မတားဆီးနိုင်ပေ။
မာကူးသည် လုချင်းတစ်ယောက် သူ၏လူငယ်ဇွဲဖြင့် ခံတပ်တစ်ခုလုံးကို စိတ်တိုတိုနှင့် တိုက်ခိုက်မည်ကို စိုးရိမ်နေမိလေသည်။
"စိတ်မပူပါနဲ့ ဆရာမာ။ ကျွန်တော့်ရဲ့ကန့်သတ်ချက်ကို ကျွန်တော် သိပါတယ်။"
လုချင်းသည် သူ၏တိုက်ပွဲဝင်ဓားဖြင့် ထွက်ခွာသွားပြီးနောက် မာကူးသည် ထိုနေရာတွင် ထိုင်ကာ နက်နက်ရှိုင်းရှိုင်းစဉ်းစားနေသည်။
ခဏအကြာတွင် သူက ရှောင်ထျန်းကို ခေါ်လိုက်သည်။ "မြင်းတွေပြင်ဆင်လိုက်။ ပြီးတော့ ငါ့ဓားကို ယူခဲ့။"
ရှောင်ထျန်းက မေးလိုက်သည်။ "ဆရာမာ၊ သခင်လေးလုက ကျွန်တော်တို့ကို မလိုက်စေချင်ဘူးလို့ ပြောခဲ့တယ်မဟုတ်လား။"
မာကူးက စူးစိုက်ကြည့်လိုက်သည်။ "မင်းက ငါ့ကို ထိုင်ကြည့်နေစေချင်တာလား။ ဝေ့မိသားစုက ငါ့ကို ညီလေးလုကို စောင့်ရှောက်ဖို့ မှာထားတယ်လေ။ သူသာ တစ်ခုခုဖြစ်သွားရင် ဝေ့မိသားစုကို ငါ ဘယ်လိုရှင်းပြရမလဲ။"
"ပြီးတော့လည်း ငါ ညီလေးလုနောက်ကို လိုက်မယ်လို့ ဘယ်သူပြောလဲ။ ငါက ဒီတိုင်း ရုတ်တရက်ကြီး အမဲလိုက်ချင်စိတ်ပေါက်လာလို့ ယစ်မူးပျော်မွေ့ ခံတပ်ကို ဖြတ်သွားမှာလေ။"
ရှောင်ထျန်းခင်ဗျာ ပြောစရာစကားပင်မဲ့သွားရတော့သည်။
ကောင်းပြီလေ၊ မင်းက သူဌေးပဲ၊ မင်းပြောသမျှ အကုန်မှန်တယ်။
သို့သော်...
"ဆရာမာ၊ ကျွန်တော်တို့တွေ ဝံပုလွေနက်ဂိုဏ်းနဲ့ တကယ်ရင်ဆိုင်ကြတော့မလို့လားဗျ။ သူတို့က ကိုင်တွယ်ရလွယ်တဲ့အမျိုးအစားတွေ မဟုတ်ဘူးနော်။ ပြီးတော့ မိသားစုအကြီးအကဲက သဘောတူချင်မှတူမှာ။"
မာကူးက သူ့ကို စိတ်ပျက်စွာကြည့်လိုက်သည်။ "မင်း အရူးလား။ ညီလေးလုကို ဝေ့မိသားစုက မျက်နှာသာပေးထားတယ်လေ။ ပြီးတော့ သူ့ဆရာ သမားတော်ကြီးချန်ကလည်း ကိုယ်တွင်းအင်္ဂါအဆင့် သိုင်းသမားတစ်ယောက်လေ။ ဝေ့မိသားစုနဲ့ သမားတော်ကြီးချန်ရှေ့မှာဆို ဝံပုလွေနက်ဂိုဏ်းက မြေမှုန်လောက်တောင်မရှိဘူးကွ။"
ရုတ်တရက် မာကူးသည် တောင့်တင်းသွားသည်။ "ဒါနဲ့၊ သမားတော်ကြီးချန်ကကော ဒီအကြောင်းကို သိရဲ့လား။"
သူ၏ဆရာသည် ယနေ့ဖြစ်ရပ်များအား သိ ၊ မသိကိုတော့ လုချင်းသည်လည်း မသေချာပေ။
သို့သော် သူသည် သူ၏ဆရာမှာ ကြင်နာသောနှလုံးသားရှိပြီး အခြားသူများဒုက္ခရောက်နေသည်ကို မကြည့်ရက်နိုင်ကြောင်း သိသည်။ ထို့ပြင် သူ့ဆရာသည် လူများအား ထိခိုက်စေခြင်းကိုလည်း မကြိုက်ပေ။
ထို့ကြောင့် သူသည် ဝံပုလွေနက်ဂိုဏ်းကို ကိုင်တွယ်ရန် သူ၏ဆရာကို အကူအညီတောင်းဖို့ ဘယ်တုံးကမှ မစဉ်းစားခဲ့ပေ။
သူသည် ဤကိစ္စကို သူ၏ကိုယ်ပိုင်နည်းလမ်းဖြင့်သာ ကိုင်တွယ်လိုသည်။
မာကူးထံမှ ဝံပုလွေနက်ဂိုဏ်း၏လက်စားချေတတ်သော သဘာဝအကြောင်းကို ကြားပြီးနောက် လုချင်းသည် သူနှင့် ဂိုဏ်းကြားတွင် တစ်ဦးသာ အသက်ရှင်နိုင်ကြောင်း နားလည်လိုက်ပါ၏။
လက်ရှိအချိန်၌ သူ့တွင် ခရိုင်မြို့တော်ထိ သွားရောက်ပြီး တိုက်ခိုက်နိုင်စွမ်းမရှိသေးပေ။
သို့သော် ယစ်မူးပျော်မွေ့ ခံတပ်သည် သူ လက်လှမ်းမီသည့်အတွင်းတွင် ရှိနေသေးသည်။
သူသည် ဈေးကြီးမှထွက်ခွာပြီး လမ်းငယ်တစ်ခုအတိုင်း လျှောက်သွားသောအခါ အနက်ရောင်ပုံရိပ်တစ်ခုသည် သစ်ပင်တစ်ပင်မှ ရုတ်တရက်ခုန်ချလာပြီး သူ၏ပခုံးပေါ်သို့ ဆင်းသက်လာခဲ့လေသည်။
၎င်းကတော့ ရှောင်လီလေးပင်။
ဤသည်မှာ လုချင်း မာကူးကို ယစ်မူးပျော်မွေ့ ခံတပ်သို့ လိုက်ပါရန် ငြင်းဆန်ခဲ့သောအကြောင်းအရင်းဖြစ်သည်။
ရှုပ်ထွေးသည့်စိတ်ထားရှိသော မာကူးနှင့်နှိုင်းယှဉ်လျှင် သူသည် မိသားစုကဲ့သို့ ဖြစ်နေသော ရှောင်လီကို ပိုယုံကြည်ပါ၏။
ထို့အပြင် ရှောင်လီ၏အစွမ်းသည် မာကူးထက်တောင် ပိုပြီးသာလွန်ပါသေးသည်။
"သွားကြရအောင် ရှောင်လီ။ ဒီနေ့ကစပြီး ငါ့ရဲ့လုံခြုံရေးက မင်းအပေါ်မှာပဲ မူတည်သွားပြီနော်။"
လုချင်းသည် ရှောင်လီ၏ခေါင်းကို ပုတ်လိုက်ပြီးနောက် အရှေ့ဘက်သို့ စိုက်ကြည့်လိုက်တော့သည်။